တလောက မြန်မာပြည်မှမိတ်ဆွေတဦး အလည်လာသဖြင့်သွားတွေ့နှုတ်ဆက်ရင်း အလ္လပသလ္လပပြောဖြစ်၏။ သူက လက်တွေ့နိုင်ငံရေးနှင့် မိုင်သိန်းချီဝေးသူ။ ခေတ်ပညာတတ်၊ လူလတ်တန်းစား၊ စီးပွားရေသမားပေါက်စ။ “ဘယ်အစိုးရတက်တက်.. ငါ့အစိုးရ”ဆိုသည့် ဆောင်ပုဒ်အတိုင်းနေသူဖြစ်သော်လည်း အမှား/အမှန်ကိုမြင်တတ်သူ။ ခက်နေသည်က သူ့အတွေးအခေါ်က လက်ခံထားသည့် အမှား/အမှန်သည် သူ့အကျိုးစီးပွားနှင့်ယှဉ်လျှင် အမှန်/အမှားပြောင်းပြန် ဖြစ်ဖြစ်သွား၏။ ၉ဝ တုန်းက အန်င်အယ်လ်ဒီ၊ ၂ဝ၁ဝ ကျတော့ ကြံ့ဖွံ့။
သူက ဒီဘက်ခေတ်မြန်မာပြည်တွင် “အာဏာပိုင်” ဆိုသည့်ဝေါဟာရ ဖောင်းပွခေတ်စားနေခြင်းကို နားကလော နေဟန်တူ၏။ “မင်း ..စဉ်းစားကြည့်ကွာ..ငါးတန်းတောင်မအောင်၊ ဘယ်ခေတ်မှာမှ လူရာအသွင်းမခံရဖူးတဲ့ ကလေကချေတွေက ရပ်ကွက်လူကြီးတက်လုပ်။ ထစ် ကနဲရှိ ကျနော်တို့ရပ်ကွက်အာဏာပိုင်များက..ဆိုပြီးအော်နေတာကွ” ဟုဆိုတော့ ကျနော်က “ဒါဆိုရင်ကွာ ငါးတန်းလည်းအောင်မယ်.. ခေတ် တခေတ်ခေတ်မှာလည်းလူရာဝင်ခဲ့သူက အဲသလိုအော်ရင်ရော” လို့ မေးမိသည်။ သူကချက်ခြင်းပင် “နည်းနည်းတော်သေးတာပေါ့ကွာ.. လူကြားတော့ကောင်းသေးတာပေါ့” ဟုပြန်ဖြေ၏။ “ဒါဆို..အဲဒီကောင်တွေနေရာမှာ မင်းတို့ဝင်လုပ်ရင်ရော” လို့ ကျနော်က အထွန့်ထပ်တက်ကြည့်မိသည်။ “ငါ့အနေနဲ့ကတော့ သေတောင်မလုပ်ဘူး..အဲသလိုကောင်တွေနဲ့တွဲပြီး.. မင်း..စဉ်းစားကြည့်လေကွာ သူတို့နဲ့သွားတွဲလိုက်တာ နဲ့ရပ်ကွက်ကပါ ငါ့ကိုစောက်မြင်ကပ်မှာပေါ့ကွ” ဟုပြော၏။ ကျနော်က “ဒါဆိုမင်းက အဲဒီကောင်တွေ တွင်ကျယ်နေတာကို လည်းမကြိုက် အဲဒီ ကောင်တွေနဲ့လည်း တွဲမလုပ်နိုင်ဆိုတော့..မင်းက ဘယ်လိုဖြစ်ချင်တာလဲ” ဟု ထပ်မေးမိ၏။ သူက “ဟေ့ကောင်..မင်းက နိုင်ငံရေးတွေပါလာပြီ” ဟုဆိုပြီး ဘေးဘီကို မလုံမလဲလှမ်းကြည့်သည်ကို သတိထားလိုက်မိသည်။ သူ အမေရိကားမှာ ကျနော်နှင့်စကားပြောနေခြင်းကို မေ့သွားဟန်တူသည်။ စကားလမ်းကြောင်းက သိသိသာသာပြောင်းသွားပြီး စကားစပြတ်သွား၏။
ကျနော်က သူ့စကားများထဲမှ “အာဏာပိုင်” ဆိုသည့်ဝေါဟာရကို အတွေးပွားနေမိသည်။ အာဏာကိုမည်သူပိုင်သနည်းဟု ဆိုလိုက်သည်နှင့် “ပြည်သူ” သို့မဟုတ် “လူထု” ဆိုသည်များကို တန်းကနဲပြေးမြင်မိကြမည်။ မှန်၏။ နိုင်ငံရေးကျမ်းကြီးကျမ်းခိုင် များနှင့်နိုင်ငံ ရေးသမားများ၏နှုတ်ဖျားမှ ဆီသည်မလက်သုတ်ဖြစ်မတတ် မြင်ရကြားဖန်များလှသည့်ဝေါဟာရ။ အာဏာသည် လူထုဆီကလာလာ ဘယ်သူ့ဆီကလာလာ၊ နိုင်ငံရေးသမားအတွက် မိမိတည်ဆောက်ချင်သည့် နိုင်ငံတော်ပုံစံကိုဖေါ်ရန် အာဏာ လိုအပ်၏။ အာဏာမရှိလျှင် ဘာမှလုပ်မရ။ နိုင်ငံရေးလုပ်ပြီး “အာဏာလိုချင်လို့လုပ်တာမဟုတ်” ဆိုလျှင် အာဏာလည်း ဘယ်တော့မှမရတတ်။ ဘာမှလည်းလုပ်မရ။ အာဏာယူရေး သဘောထားရှိသော်လည်း အခြေအနေနှင့်“လမ်းစဉ်” မကိုက်သဖြင့် လမ်းခွပ်လတ်တွင် “လျှောမွေး” ဖြစ်သွားကြရသည်များလည်းရှိသေး၏။
ဤနေရာတွင် အာဏာဟုဆိုလျှင် “နိုင်ငံရေးအာဏာ” ကိုဆိုလိုပြီး၊ နိုင်ငံရေးဟုဆိုက “အာဏာနိုင်ငံရေး” ကိုဆိုခြင်း ပင်ဖြစ်သည်။ သူ တော်ကောင်းတရား ပွားများအားထုတ်နေသည့်သူတော်စင်နှင့် နိုင်ငံရေးသမားအကြား “စည်း” အလွန် “ထူ” ပါသည်။ အာဏာရယူရေးအတွက် ယေဘုယျအားဖြင့် နည်းလမ်း ၂ သွယ်ရှိ၏။ လက်နက်ကိုင်တော်လှန်ရေးနှင့်လူထုတိုက်ပွဲ။ ဤ ၂ ခု သည် နည်းနာအရသာ ၂ ခု ဖြစ် ရ၏။ လက်တွေ့တွင် လက်နက်ကိုင်တော်လှန်ရေးက လူထုတိုက်ပွဲနှင့်ဆက်စပ်ယူမှရသည်။ ကျနော်က လက်နက်ကိုင်တော်လှန်ရေးကို အားသန်သူမဟုတ်။ ထို့ကြောင့် ဤအကြောင်းမပြောလို။ မပြောတတ်။ မပြောနိုင်။ ပြောနိုင်စွမ်းလည်းမရှိ။
လူထုတိုက်ပွဲဟု ကျနော်တို့နှုတ်ကျိုးလာကြသည့် (Mass Movement) နေရာတွင် အကြမ်းမဖက်ရေးလှုပ်ရှားမှု (Non-Violence) ဆိုသည့်ဝေါဟာရက တစတစနေရာယူလာသည်ကိုတွေ့ရ၏။ စကားလုံးတိုင်း၏နောက်ကွယ်တွင် အဘိဓမ္မာ ရှိကြသည်ချည်းဖြစ်၏။ အချို့စကားလုံးများသည် သူချည်းသက်သက်တွေးကြည့်သည်ထက် ဆန့်ကျင်ဖက်နှင့်တွဲကြည့်မှ ပိုထင်းလာသည်လည်းရှိ၏။ (ဥပမာ- အစိုးရ..ဆိုသည်ကို အစိုး မရ…ဆိုသည်နှင့်တွဲကြည့်သည့်သဘော) လူထုတိုက်ပွဲဟူသည့် စကားလုံးတွင် “တိုက်ပွဲ” ဆိုသည်မှာ “လူထု” ဆိုသည်နှင့် တသားတည်းတထပ်တည်းဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုက်ပွဲရှိသည့်လူထုနှင့် လူထုပါသည့်တိုက်ပွဲ။
ကျနော်က (Violence) ကို အကြမ်းဖက်ခြင်း၊ (Non-Violence) ကို အကြမ်းမဖက်ခြင်းဟု ဘာသာပြန်ခြင်းကို ဘဝင်မကျ။ (Non-Violence)ကို “လက်နက်မကိုင်သည့်တော်လှန်ရေး” ဟု နားလည်ထား၏။ တချို့က (Non-Violence) ဟုဆိုလိုက်သည်နှင့် “လုပ်သမျှခံရေး.. ပြန်မလုပ်ရေး” ဟုထင်တတ်သည်မှာလည်း မဟုတ်သေး။ “လက်နက်မကိုင်သည့်တော်လှန်ရေး”သည် အာဏာ ဖီဆန်ရေးနှင့်တွဲမှ တစ်စုံပြည့်၏။ ထိုသို့မဟုတ်က တခြမ်းပဲ့။ “လက်နက်မကိုင်သည့်တော်လှန်ရေး” သည် “လုပ်သမျှခံရေး” မဟုတ်။
ရှေ့နေဘဝ တောင်အာဖရိကမှစ၍ အရိုက်အနှက်ခံခဲ့ပြီး သူတပါးလက်ချက်ဖြင့် အသက်ထွက်သွားခဲ့ရရှာသည့်ဂန္ဓီကြီး၏ တသက်တာတွင် “မတရားသည့်အမိန့်အာဏာမှန်သမျှ” ကို “ဖီဆန်” ခဲ့သည်သာဖြစ်၏။ မာတင်လူသာကင်းနှင့်ဂန္ဓီကြီး၏ “ရန်ကိုရန်ခြင်းမတုန့်နှင်း” အတွေးအခေါ်နှင့်လုပ်ဟန်မှာ “အာဏာဖီဆန်ခြင်း” နှင့်တွဲထား၏။ အာဏာဖီဆန်ရေးမပါသည့် (Non-Violence) သည် တစ်စုံမပြည့်။
ထို့ကြောင့် (Mass Movement) “လူထုတိုက်ပွဲ” ဟုဆိုဆို (Non-Violence) “လက်နက်မကိုင်တော်လှန်ရေး” ဟုပြောပြော “အာဏာဖီဆန်ရေး” မပါလျှင် လိုရာမပေါက်။ ခရီးမရောက်။ မပြီးမြောက်။
မျိုးမြင့်ချို
0 comments:
Post a Comment