Sunday, March 27, 2011

စစ်သချိင်္ုင်း၊သခင်အုန်းမြင့်နှင့်ဆောက်လက်စအတွေးများ (မျိုးမြင့်ချို)

0 comments
“လူထုကနေရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရ တရပ်ရပ်ပေါ်လာပြီဆိုပါတော့ဗျာ၊ အဲဒီအစိုးရကနေ ခင်ဗျားတို့မြို့ကလေးအတွက် အရင်ဆုံးလုပ်ပေးစေချင်တာက ဘာများလဲဗျ” တဲ့။ အခွံချွတ်ပြီးသားမြေပဲဆန်လှော်များအား ပလပ်စတစ်အိပ်များတွင်ထည့်ကာ ကျောက်တုံးငယ်တတုံးဖြင့် တဒိုင်းဒိုင်းထုချေနေရင်းက အခန်းတွင်းမှ လှမ်းမေးလိုက်သည့် သူ့အမေးကို ရုတ်တရက်ကျနော်ပြန်မဖြေနိုင်ခဲ့။ အပြင်ဘက်ကနေသံတိုင်များကို ခပ်လျော့လျော့ကိုင်မတ်တပ်ရပ်ရင်း သူလုပ်နေပုံကိုသာ ကြည့်နေမိသည်။ “အဘ..မြေပဲဆန်တွေက များလှချည်လား..၊ ဘာလုပ်ဖို့လဲ” ဟုသာ မေးလိုက်ဖြစ်သည်.၊ သူ့အခန်းဖေါ်က “ထောင်ဝင်စာ အားနည်းတဲ့အခန်းတွေကို ဝေဖို့လေ…လို့ ပြန်ဖြေပြီး၊ ထောင်ဝင်စာအိပ်ထဲက ပုဇွန်ခြောက်ထောင်းကြော်နှင့် ငါးခြောက်ထောင်းကြော်ထုတ်များ ချပေးလိုက်သည်ကိုမြင်၏။ သူက အထုတ်သေးသေးထဲကအကြော်များကို အထုတ်ကြီးကြီးတထုတ်ထဲ ပေါင်းလိုက်သည်။ ဒီ့နောက် အခုနထောင်းထားပြီးသား မြေပဲဆန်ရှစ်စိတ်ကွဲများနှင့် သမအောင်အထုတ်ကို ဟိုလှည့်သည်လှည့် မွှေနေတော့သည်။ “ဒီအတိုင်းဆိုရင်မဝေလောက်ဖူးလေဗျာ..နောက်ပြီး ကျနော်က အငံအစပ်ကလည်းရှောင်တော့ သူများတွေကြိုက်မှာလည်းမဟုတ်ဘူးဗျ.. ဆိုတော့ ကိုအေးငွေပါတဲ့ ငါးပိကျော်လေးက အငံလည်းလေးတယ်..အစပ်လည်းပြင်းတယ်ဗျ..၊ သူ့ငါးပိကျော်လေးရယ်..ကျနော်ပါတဲ့ အကြော်တွေရယ်အပြင် မြေပဲဆန်ရယ်ပါရောသမလိုက်တော့ ပွားလည်းပွား၊ အရသာလည်းရှိ.. များများလည်းဝေနိုင်တာပေါ့ဗျာ။
“အခန်း သုံး တက်ထားမယ်” အစောင့်ဝါဒါ၏ သတိပေးသံကြောင့် အခန်းပြန်တက်ခဲ့ရသည်။ ထိုနေ့က သူ့အမေးကိုမဖြေဖြစ်ခဲ့။
ကိုထင်အောင်က ဗာဒံရွက်ပေါ် တံမြက်စည်းတံချောင်းဖြင့် တခုခုရေးခြစ်နေသည်။ အဘဦးမောင်ကြီးက ရင်ကျပ်ပန်းနာထသဖြင့် သူ့ရှူဆေးဗူးကလေးထုတ်ပြီး ရှူနေ၏။ ကျနော်နှင့် ကိုမိုးဝင်းက ခြေရင်းဘက်နားမှာထိုင်ရင်း စကားပြောနေချိန်။ အခန်းပေါက်ဝတွင်ထိုင်ကာ လက်ဖဝါးနှင့်လက်ချောင်းကြွက်သားများ သန်မာစေရန်ဆိုပြီး သံပုရာသီးခန့် သစ်သားလုံးလေး ၂ လုံးကိုလက်ထဲတွင် ဟိုပြောင်းသည်ရွှေ့ လှုပ်ကာလှုပ်ကာ လေ့ကျင့်ခန်းလုပ်နေသည့် အဘ ဦးစိုးဝင်း(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ ညီအငယ်ဆုံး) က “ပြောပါဦးကိုမျိုးမြင့်ရဲ့” ဟု ကျနော်ပြောလက်စ စကားဆက်ကိုပြန်ကောက်ရင်း ထောက်ပေးလိုက်သည်။ “ရေချိုးချတုန်းက အဘဦးအုန်းမြင့်တောင် ကျနော့်ကိုမေးနေသေးတယ်..အဘရဲ့” “ခင်ဗျားက ဘာပြန်ဖြေလိုက်လဲ” “ဘာမှတောင်မဖြေလိုက်ရပါဘူး အဘရာ” “ခင်ဗျားကရော ဘာလုပ်ပေးစေချင်တုန်းဗျ..၊ ခင်ဗျားတို့မြို့ကလေးမှာ” “ကျနော်လား..အဘ..၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ ကျဆုံးသွားကြတဲ့ တပ်မတော်သားတွေအတွက် စစ်သင်္ဂျီုင်းတခုလောက်တော့ သတ်သတ်ဆောက်ပေးစေချင်တယ်” အဘဦးမောင်ကြီးက မသိမသာတချက်လှမ်းကြည့်သည်။ ဘာမှဝင်မပြောသေး။ ကိုထင်အောင်နှင့် ကိုမိုးဝင်းကငြိမ်နေသည်။ နောက်တော့ အဘဦးမောင်ကြီးက “တပ်မတော်သားတွေအတွက်ပဲလား ကျန်တဲ့ တပ်မတော်သားမဟုတ်တဲ့ အသက်ပေးခဲ့ကြသူတွေအတွက်ရော…” တဲ့။ “အဲဒါကတော့ အဘရာ လုပ်ပေးနိုင်ရင်ပိုကောင်းသလို လုပ်လည်းလုပ်ပေးသင့်ပါတယ် ကျနော်အခုပြောတာက ကျနော်ကိုယ်တိုင်လည်း စစ်သားဖြစ်ခဲ့ဖူးတာရယ်.. နောက်ပြီး ကျနော့်စိတ်အခံက ပေါ်လာတဲ့အတွေးရယ်ကြောင့် တပ်မတော်သားတွေအတွက် သတ်သတ်လို့ပြောမိတာပါ…။ တကယ်တမ်းကျတော့ အားလုံးအတွက်လုပ်ပေးရမှာပါ…။ ဒါပေမယ့် ကျနော်ကတော့ တပ်မတော်သားတွေအတွက် သတ်သတ်ကိုလုပ်ပေးစေချင်ပါတယ်” အခန်းတွင်းမှာ တိတ်ဆိတ်နေသည်။ ဘယ်သူမှ ဘာမှဆက်မပြောကြတော့။ ကျနော့်အတွေးများကသာ ကျနော့်ဇာတိမြို့ကလေးသို့ ရွက်လွှင့်နေတော့သည်။
ဘယ်သူက စခေါ်လို့သည်နေရာ စစ်သဂျိုံင်းလို့တွင်ခဲ့သလဲတော့မသိပါ။ ကျနော်လူလားမြောက်ချိန်မှစပြီး အများနည်းတူသာခေါ်၏။ တကယ်က ဗြိတိသျှဓနသဟာယစစ်သည်များ၏ အောက်မေ့ဖွယ်ဂူဗိမန်။ သည်မြေကိုမြန်မာပြည်က မပိုင်၊ သည်မြေအတွက်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားကို ဗြိတိသျှဓနသဟာယအဖွဲ့က လစာငွေအထောက်အပံ့ပေးထား၏။ "ကျနော်တို့ပြည်က သူတို့မြေ" ဖြစ်၏။ စုစုပေါင်းမြေဧကအကျယ်က ၂၀ လောက်ရှိမည်ထင်သည်။ တဝင်းလုံးကို အနက်ရောင်ပလပ်စတစ်အုပ် သံဇကာအပျော့ အကွက်စိတ်ကလေးများဖြင့် စည်းရိုးကာထား၏။ စည်းရိုးအတွင်းမှ စည်းရိုးနှင့်အညီ ပုဏ္ဏရိတ်ပန်းရောင်စုံတို့ စိုက်ပေးထားပြီး ပန်းများကလည်းအမြဲလိုလို ပွင့်နေတတ်သည်။ အသီးသီးချိန်ကျတော့ ကျနော်တို့က ပန်းသီးဟုခေါ်သည့် ပုဏ္ဏရိတ်သီးလေးများ နီနီဝါဝါ။ ကျနော်တို့ကလေးများက ထိုအသီးလေးများ ခူးစားရသည်ကိုကြိုက်၏။
ဝင်ဝင်ချင်း အရင်ဆုံးတွေ့ရမည်ကတော့ လူ၂ရပ်ခန့်မြင့်သည့် ကျောက်သားဂူကြီး၊ အပေါ်ဘက်တွင် အရာရှိချပ်ဝတ်တန်ဆာများနှင့် ဓါးရှည်ကြီးမြှောက်ကာ စစ်ချီရန်အမိန့်ပေးနေဟန် ကြေးဝါမြင်းစီးရုပ်တု၊ အောက်မှာထိုသူ၏ အမည်နှင့်ရာထူးအဆင့်အပါအဝင် အချက်အလက်တချို့ထွင်းထားသည့် ကြေးဝါပြားကြီးကပ်လျက်။ ထိုနေရာလွန်သည်နှင့် ဝင်းကြီးတဝင်းလုံးအမြဲတမ်းလိုလို အလိုအလျှောက်ပန်းပေးသည့် ရေပန်းများ၊ တယုတယမွေးကာ၊ မြက်ရိတ်စက်ဖြင့် တိတိကျကျ သပ်သပ် ရပ်ရပ်ဖြတ်ထား ရိတ်ထားသည့် အမြဲစိမ်းမြက်ခင်း၊ မြက်ခင်းများအကြားမှ ကျောက်ပြားခင်း လူသွားလမ်းကလေးများ။ လမ်းဘေးဝဲယာတွင် ရောင်စုံပန်းပင်ငယ်ကလေးများ။ မြန်မာပြည်တွင်ရှိသမျှ ရွက်လှပန်းနှင့်ပန်းပေါင်းစုံ သည်နေရာမှာရှိသည်ဟု ထင်ရလောက်အောင်ပန်းမျိုးစုံသည်။ ထို လူသွားလမ်းလေးများ ထိုရောင်စုံပန်းခင်းများ၊ ထို မြက်ခင်းစိမ်းများကြားတွင် တထွာခန့်မြင့်ပြီး တပေ တပေခွဲပတ်လည် ကျောက်တုံးကလေးများ အစီအရီ။ ဘယ်ထောင့်ကနေကြည့်ကြည့် အတန်းတန်းလိုက်အတန်းလိုက် ဒေါင်လိုက်အလျှားလိုက် အားလုံးကွက်တိ။ စုစုပေါင်းဘယ်လောက်ရှိသလဲတော့မမှတ်မိတော့ပါ၊ များတော့တော်တော်များသည်ဟုပဲ ပြောနိုင်တော့သည်။ ထိုကျောက်တုံး လေးတတုံးချင်းစီ၏ အပေါ်ဘက်မျက်နှာတွင် လက်မဝက်ခန့်ထူသည့်ကြေးဝါပြားများကို မူလီနှင့်စုပ်ထား၏။ ကျောက်တုံးတတုံးသည် လူတယောက်ချင်းစီ၏ အထိမ်းအမှတ်ဂူငယ်လေးများဖြစ်သည်။ ကြေးဝါပြားများအပေါ်မှာ အမည်၊ အသက်၊ ရာထူးအဆင့်၊ တပ်အမှတ်၊ တပ်ဆံဆိပ်၊ ကျဆုံးသည့်နေ့ (တချို့ကျောက်တုံးလေးများဆိုလျှင် ကျဆုံးသည့်တိုက်ပွဲနှင့် နေရာကိုပါရေးထွင်းထားသည်)။ ထိုအရာများကိုကြည့်ကာ သူက ဘာလူမျိုး၊ ဘယ်တိုင်းပြည်က စသဖြင့်သိခွင့်ရသည်။ ကျနော် မှတ်မိသလောက်ကတော့ တပ်သားအများစုမှာ အိန္ဒိယတိုက်သားများ၊ (ပန်ချာပီဟု ကျနော်တို့ခေါ်သည့် ပန်ဂျပ်ဘ်နယ်သားများ) နီပေါလ်လူမျိုးများနှင့် အာဖရိကတိုက်သားများဖြစ်သည်။ အရာရှိနှင့်အကြပ်များမှာ ဗြိတိသျှများဖြစ်သည်ကိုတွေ့ရမည်။ အဆောက်အဦး ဗိသုကာပုံစံများကလည်း မြန်မာမဆန်၊ အမိုးမရှိ အကာမရှိ၊ ပကတိဟင်းလင်းပြင်ထဲတွင် ကျောက်သားကျောက်တိုင်ချည်းသက်သက်။ ရောမခေတ်ကလိုလို။ ဝိတိုရိယခေတ်ကလက်ရာတွေလိုလို ဘာမှန်းတော့သေသေချာချာမသိ။ ကြည့်ရသည်မှာ အမြင်ဆန်းနေသည်။ လှသည်။ စနေတနင်္ဂနွေရက်များတွင် နိုင်ငံခြားသားများ တော်တော်လေးလာတတ်သည်။ သူတို့နှင့်သက်ဆိုင်ရာ အုတ်ဂူများကို ကက်တလောက်တွင်ရှာပြီး ပန်းခြင်းပန်းခွေတွေချမည်။ ဖယောင်းတိုင်တုတ်တုတ်ကြီးတွေကို ဂူလေးတွေပေါ်တွင်ထွန်းမည်။ ပြီးတော့ ဂူလေးတွေရှေ့တွင် ဒူးတုတ်ထိုင်ပြီး ငြိမ်သက် တိတ်ဆိတ်စွာ ဆုတောင်းပဋ္ဌနာပြုမည်။ ကျနော်တို့က ယင်းသို့အချိန်မျိုးများတွင် ထိုနေရာသို့ ရောက်အောင်သွားသည်။ ဘေးကနေပြုံးပြနှုတ်ဆက်ရင် အင်္ဂလိပ်ကြီးတွေက ချောကလက်တို့ သကြားလုံးတို့ ပေးတတ်သည်။ ကံကောင်းလျှင်စာအုပ်လှလ၊ှ ပို့စကဒ်လှလှ၊ ရောင်စုံခဲတန်များ ပေးပေးသွားတတ်သည်ကိုး။ ကျနော်တို့က မြို့ကလေးသို့ တခါတလေရောက်လာတတ်သည့် ဧည့်သည်ဆောင်သည်များကို ထိုနေရာသို့ ခေါ်ခေါ်ပြီးပြရသည်မှာအမော။ လှလည်းလှသည်ကိုး။ ထိုအချိန်က မြန်မာပြည်တွင် အလှဆုံးဆိုသည့်ပန်းခြံတွေထက် လှသည့်နေရာဖြစ်မည်ဟု ကျနော်တို့ကထင်သည်။ တချို့ကဆို ကျနော်တို့မြို့သားတွေက “ဧည့်သည်လာရင် သင်္ဂျီုင်းကုန်းကို လိုက်ပို့တတ်သူတွေ” ဟု ရယ်စရာအဖြစ်တောင် ပြောစမှတ်တွင်သည်။
ခဏတဖြုတ်ထိုင်ရန် လုပ်ပေးထားသည့် နေရာလေးတချို့မှာသာ ကျောက်မျက်နှာကျက်အမိုးကိုတွေ့ရမည်။ ထိုင်ခုံကလေးတွေရော အမိုးကိုထောက်ထား သည့်တိုင်လုံးကြီးတွေရောက ကျောက်သားအစစ်၊ အင်္ဂတေလောင်းထားသည်မဟုတ်။ ထိုအတိုင်းဆက်သွားလျှင် တဝင်းလုံး၏အလည်တည့်တည့်နေရာ ရောက်မည်။ ပင်မအဆောက်အဦးကြီးကိုရောက်မည်။ လူ့ရင်စို့သာသာခန့်မြင့်ပြီး၊ အလျားပေ ၉၀၀ ခန့်ရှိမည့် ကျောက်သားကြမ်းခင်းခုံကြီးပေါ်တွင် လူ ၂ ဖက်စာခန့် လုံးပတ်ရှိပြီး ပေ ၈၀-၉၀ ခန့်မြင့်သည့် ကျောက်သားအစစ် ကျောက်တိုင်လုံးကြီးများ ထူထားသည်။ အလယ်ဗဟိုက ကျောက်သားတိုင်လုံးကြီးများက ပိုလည်းကြီးပြီး ပိုလည်းမြင့်သည်။ ဝင်းတခုလုံး ရှိသမျှကျောက်သားကျောက်ဆိုင်တို့၏ မူလအရောင်ကို အခြားဘာမှ မစွန်းထင်းရအောင်လည်း ချွတ်ဆေးများဖြင့် မပြတ်တိုက်ချွတ်ထားပုံရသည်။ အလယ်ဗဟိုချက်နေရက ကျောက်သားတိုင်လုံးကြီးများရှိရာ ပင်မအဆောက်အဦး၏ အလယ်တည့်တည့်ရောက်လျှင် လူတိုင်း အလိုလိုရပ်မိလျှက်သားဖြစ်ဖြစ်သွားပြီး၊ ဘာကြောင့်အပေါ်တည့်တည့်ကို မော့ကြည့်ဖြစ်သွားတာလဲ မပြောတတ်ပါ။ တစုံတခုကညှို့လိုက်ဖမ်းစားလိုက်သလိုလို။ ဘာ့ကြောင့်လဲ။ လူတိုင်းရပ်မိသည်။ ကျောက်တိုင်ကြီးများ၏အောက်ခြေမှစပြီး တဖြည်းဖြည်းချင်း မော့မော့ပြီးကြည့်သွားလိုက်သည်မှာ ဇက်လန်သွားသည်အထိပင်ဖြစ်သည်။ ကျောက်တိုင်လုံးကြီးများအဆုံး တိုင်တွေထိပ်မှာ တင်ထားသည်ကတော့ ကျောက်လက်ကောက်ကြီးလို့ပဲ ပြောရမည်ထင်သည်။ ကျောက်သားကွင်းကြီး။ အလယ်မှာဘာမှမရှိ ကောင်းကင်ကြီးတခုလုံး ဟာလာဟင်းလင်း။ လူက လေထဲရောက်သွား လွင့်ပါသွားတာလိုလို။ ကောင်းကင်ကြီးတခုလုံးက ကိုယ့်အပေါ်ပြိုကျလာတာလိုလို ထူးထူးဆန်းဆန်းခံစားမှုကို လူတိုင်းရတတ်သည်။ ထိုကျောက်သား လက်ကောက်ကွင်းကြီး၏အတွင်းဘက်တွင် ကျောက်သားကိုထွင်းပြီး ဘာသာစကား ၆ မျိုးဖြင့်(အင်္ဂလိပ်လို၊ အာရဗီလို၊ ဟိန္ဒီလို၊ ဟီဘရူးလို၊ တမီလ်လို၊ မြန်မာလို) ၃ ကြောင်းပါ စာပိုဒ်တပိုဒ်ကို တွေ့ရမည်။ လူတိုင်းဖတ်ဖြစ်အောင် ဖတ်ခိုင်းခံထားရသလို ဖတ်ကြည့်ကြ၏။ မြန်မာလိုတော့ “သူတို့သည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လှူသွားကြသောသူရဲကောင်းများဖြစ်၏” တဲ့။
ထိုစာသားများကိုဖတ်ရတိုင်း ကျနော် အလွန်သဘောကျ၏။ သေသွားသည့်တိုင်အောင် တန်ဖိုးထား ဂုဏ်ပြုထိုက်သူအား တန်ဖိုးထားဂုဏ်ပြုတတ်သည့်အလေ့ကိုလည်း ထာမနာပြု၏။ သို့ရာတွင်ထိုနေရာတွင် ယခု သူတို့၏ သူရဲကောင်းများအဖြစ် တန်ဖိုးထားဂုဏ်ပြုခံများမှာ ကျနော်တို့၏သူရဲကောင်းများ မဟုတ်ကြ။ အတိတ်က ကျနော်မြေကိုလု၊ ကျနော်တို့အားဗိုလ်ကျအနိုင်ကျင့် ကျွန်ဇာတ်သွင်းခဲ့သည့် နယ်ချဲ့သမားတို့၏ လက်ပါးစေများ။ ကျနော်တို့တိုင်းပြည်၏ မျိုးချစ်ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများ၊ အညတရ သူရဲကောင်းများကိုသတ်ခဲ့သည့် လူသတ်သမားများ။ ယခုတော့သူတို့က ကျနော်တို့မြေပေါ်တွင် သူတို့ပြည်အတွက် သူရဲကောင်းများအဖြစ် ထည်ထည်ဝါဝါ။ ခန့်ခန့်ငြားငြား။ ကျနော်တို့သူရဲကောင်းတွေအတွက် ကျနော်တို့ပြည်က ကျနော်တို့မြေမှာ ဘာမှမရှိ။
သူက ကျနော့်စကားဆုံအောင် စိတ်ရှည်လက်ရှည် နားထောင်ပေး၏။ စကားဆုံးတော့မှ..“တချို့ကတော့ အစိုးရကို ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ ဒေသဖွံ့ဖြိုးရေးတွေလုပ်ပေးဖို့ အရင်တောင်းမယ် ထင်တယ်..။ အဲဒါတွေကလည်း တကယ့်လက်ငင်း လိုအပ်ချက်တွေလေ..။ တောင်းလည်းတောင်းရမှာပါပဲ..။ ခင်ဗျားက စစ်သားတွေအတွက် စစ်သင်္ဂျီုင်းဆောက်ပေးဖို့ အရင်ဆုံးတောင်းမယ်ဆိုတော့ ..“ကျနော်က ရုတ်တရက် ခင်ဗျားကို လူထူးလူဆန်းလို့ထင်လိုက်တာ..” ဟုဆိုပြီး
“လွတ်လပ်ရေးရပြီး သိတ်မကြာပါဘူး။ အခု ခင်ဗျားရတဲ့စိတ်ကူးမျိုးရှိခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေကနေပြီး အဲဒီတုန်းက အာဏာရ ဖဆပလ အစိုးရကို တဦးချင်းအနေနဲ့ရော စုပေါင်းပြီးတော့ရော ဗမာပြည်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာ အသက်ပေးလှူသွားခဲ့ကြရသူ မျိုးချစ်ပုဂ္ဂိုလ်တွေအတွက် အထိမ်းအမှတ်အဖြစ် ဂူဗိမန်တခုဆောက်ချင်ကြောင်း တင်ပြအသိပေးခဲ့ကြတယ်။ အစိုးရက ဘယ်လိုအကြောင်း နောက်ခံရှိလို့လဲတော့ မသိဘူးပေါ့လေ။ အင်းမလုပ်အဲမလုပ် လုပ်နေတယ်.။ ဒါနဲ့ပဲ ဒီအတိုင်းတော့မဖြစ်ချေဘူး။ တခုခုတော့လုပ်ကြမှဖြစ်မယ်ဆိုပြီး တိုင်ပင်ကြတာပေါ့ဗျာ။ အကြံရတာက လူထုကို တိုင်းပြည်အဝှမ်းချပြမယ်။ လူထုက လက်ခံလို့ ငွေကြေးလုပ်အား ဝိုင်းဝန်းထည့်ဝင်လာရင် အဲဒါနဲ့ဖြစ်အောင် လုပ်ကြမယ်ပေါ့လေ။ တိုင်းပြည်အခြေအနေကလည်း သိတဲ့အတိုင်းဗျာ။ အမျိုးသားညီညွတ်ရေး အစည်းပြေစအချိန်။ နေရာတိုင်းမှာ သေနတ်သံတွေက တညံညံနဲ့။ ကျနော်တို့ရည်မှန်းချက်ကို ပေါက်အောင်ဆောင်ဖို့ တော်တော်လေး အခက်အခဲတွေရှိနေတယ်။ နောက်ပိုင်းကျတော့ အခုဘောင်ဒရီလမ်းက စစ်ကြောရေးနဲ့တည်းခိုရေးစခန်းဆိုပြီး စစ်ထောက်လှမ်းရေးစခန်း လုပ်ထားတဲ့နေရာမှာ မြေပေးမယ်ဆိုပြီးဖြစ်လာတယ်။ အဲဒီမှာ ဆက်လုပ်သူတွေတော့ ဆက်လုပ်ကြတယ်ဗျ။ ကျနော်က နည်းနည်းဝေးသွားတယ်။ အခု ခင်ဗျားနဲ့တခန်းတည်းနေတဲ့ ကိုစိုးဝင်းတို့က အဲဒီကိစ္စမှာကျနော့်ထက်ပိုပြီး ထဲထဲဝင်ဝင် လုပ်ခဲ့ကိုင်ခဲ့တာဗျ။ သူပိုသိတယ်။ ခင်ဗျားသူ့ကိုမေးကြည့်ရင် တော်တော်လေးပြည့်ပြည့်စုံစုံ သိရနိုင်တယ်”
နောက်နေ့ကျမှ အဘဦးစိုးဝင်းကိုမေးမည်ဟု အားခဲပြီးအခန်းပြန်တက်ခဲ့သည်။ ထောင်တွင်း အခြေအနေများကလည်း မငြိမ်မသက်။ ပြင်ပနိုင်ငံရေးကလည်း ရွေးကောက်ပွဲအသံကြောင့်လှုပ်လှုပ်ရွရွ။ သတင်းတွေကလည်း တနေ့တမျိုးဆိုသလိုဖြစ်နေ၏။ ထောင်အုပ်ချုပ်ရေးအား စစ်ထောက်လှမ်းရေးက အတိအလင်း ဝင်စွက်ဖက်မှုတွေကလည်း လက်ရဲဇက်ရဲနိုင်လွန်းလာသည်။ အဘဦးစိုးဝင်းကျန်းမာရေးကလည်း သိတ်တော့ဟန်မကျလှ။ အဘဦးစိုးဝင်း ထောင်ဆေးရုံ တင်လိုက်ရသည်။ ကျနော် မေးမယ်မေးမယ်နဲ့ မမေးဖြစ်တော့။ နောက်တော့ သိတ်မကြာလိုက် ၁၉၉၀ ခု စက်တင်ဘာ ၂၅ ကြီး ဖြစ်လာသည်။ ကျနော်လည်း ကြိုးတိုက်ရောက်သွားသည်။ ထောင်တွင်းပြစ်ဒဏ်စေ့တော့ ၄တိုက်ပြန်ပို့သည်။ နောက်တော့ တောင်ငူထောင် အပို့ခံရသည်။ အဘဦးစိုးဝင်း ဆုံးသွားသည်ကိုကြားသည်။ အဘဦးအုန်းမြင့် ဘယ်ထောင်ရောက်သွားလဲ ကျနော်ပြန်မမှတ်မိတော့။ အပြင်ရောက်မှ တွေ့ပြီးမေးတာပေါ့လေ ဆိုသည့်စိတ်နှင့် နေခဲ့သည်။ အပြင်ပြန်ရောက်သည်။ ၂၉ ရက်ပဲခံသည်။ အထဲပြန်ရောက်ပြန်သည်။ အင်းစိန်-သာယာဝတီ-အင်းစိန် သံသရာလည်နေချိန်များ။
စူနီရမ်ပါ့ခ် သရီး ဘီ သို့ အကြိမ်များစွာ ရောက်ခဲ့သော်လည်း လက်ငင်းအရေးကိစ္စများကသာ စကားဝိုင်းတွင် နေရာယူထားသည်။ အဘဦးအုန်းမြင့်နှင့် အပြင်မှာ ခဏဆုံချိန်တွေကျပြန်တော့လည်း ထိုအကြောင်း စကားကမရောက်။ လက်ရှိနိုင်ငံရေးအခြေအနေများ၊ အကျဉ်းသားများနှင့်အကျဉ်းသား မိသားစုများထောက်ပံ့ရေး။ ထောင်တွင်းအခြေအနေနှင့် သတင်းအချက်အလက်များ စုဆောင်းရေး။
ကျနော် ထိုင်းဘက်မထွက်ခင် ၁၀ ရက်ခန့်က အဘအိမ်သို့ တခေါက်ရောက်သည်။ ထိုတခေါက်သည် နောက်ဆုံးအခေါက်ဖြစ်မည်ဟုမထင်။ “လာခေါ်ရင် အဆင်သင့်ဖြစ်အောင်လို့ပေါ့ဗျာ” ဟု သူဆိုမှ မြွေအရေခွံအိတ်ဟောင်းတလုံးနှင့် အသင့်ထုတ်ထားသည့် နေ့စဉ်သုံးပစ္စည်းလေးများ.. အမြဲသုံးနေရသည့်ဆေးဝါးများ.. သွားတိုက်ဆေးသွားပွတ်တံ..သဘက်..စောင်ပါးလေးတထည်အပါအဝင် ပစ္စည်းလေးများကို ကြည့်မိသည်။ အသက်ကြီးပါပြီအဘရယ် နားပါဦးဟုပြော့မည့် နှုတ်သည် အလိုလိုဆွံ့သွား၏။ စိတ်ထိခိုက်ရသည်။ ယခုကား ထိခိုက်စရာစိတ် မကျန်အောင်ပင် ထိခိုက်မိပြီထင်၏။
မျိုးမြင့်ချို

0 comments:

Post a Comment