Sunday, March 27, 2011

သာမန်အချိန်မှာသာမန်ပြည်သူဖြစ်ချင်သူ(မျိုးမြင့်ချို)

0 comments

အခုတလောလူပြောအများဆုံးဖြစ်မည်ထင်သည့် ပြည်တွင်းသတင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းဖြစ်ဖို့များမည်။ ကမ္ဘာကြီး ရွာဖြစ်သွားပြီ၊ ကမ္ဘာကြီး ပြားသွားပြီ၊ ကမ္ဘာမှုပြုခြင်းဖြစ်နေပြီ စသည်ဖြင့် ပြောဆိုသံများထောင်းလမောင်းထမည်မျှပင်ထထ၊ အချုပ်အခြာအာဏာဆိုသည်နှင့် ပတ်သက်လျှင်ကား ထိုအကောက်အယူများမှန်ကန်ကြောင်း ထောက်ပြနိုင်စရာ “အရွေ့” များများ စားစားမယ်မယ်ရရ ဘာတခုမရှိသေးသည်မှာ သေချာဆဲပင်ဖြစ်သည်။ အင်တာနက်နှင့်ခေတ်သစ် နည်းပညာများက နိုင်ငံတို့၏နယ်နမိတ်တို့ကိုဖြုတ်ချလိုက်ပြီဟု ဘယ်သို့ပင်ဆိုဆို သက်ဆိုင်ရာအစိုးရတို့က သူတို့မကြည့်စေ မမြင်စေချင်သည့် အင်တာနက်ဝက်ဘ်ဆိုက်များကို ကန့်ထား ပိတ်ထား ဆို့ထားနေ သည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ နိုင်ငံတို့၏ နယ်နမိတ်များ၊ စည်းများ ဖျက်ချလို့ မရနိုင်သေး။ နိုင်ငံအချို့ဆိုလျှင် ခြံစည်းရိုးပင်ခတ်လိုက်သေး၏။ ဘာတတ်နိုင်သနည်း။ ဘာမှမတတ်နိုင်။ သူ့အခြေအနေ သူ့အကျိုးအကြောင်း အဆက်အစပ်တို့ အထင်အရှားရှိနေသည်မှာလည်း မျက်မြင်ပင်ဖြစ် သည်။ နိုင်ငံတို့၏ “အချူပ်အခြာအာဏာနှင့်နယ်နမိတ်စည်းများ” ရှိနေဆဲပင်ဖြစ်သည်။ ဖျက်လို့မရနိုင်သေး၊ ဖျက်လို့မဖြစ်နိုင်သေး။

နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဆိုခြင်း ဥပဒေအကြောင်းပြောလျှင် နိုင်ငံတကာနှုန်းစံတန်ဖိုးတွေနှင့် ချိန်ကြည့်ကြရမည်ထင်သည်။ နိုင်ငံတကာစံဆိုသည့် အထိုင်ပေါ်မှပြောမှလည်း ခြုံမိမည်ထင်၏။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုသည် ဆိုသည့်ဥပဒေများရှိတတ်ကြသည်။ ဥပဒေဆိုသည့်အတိုင်း ခြွင်းချက်များလည်းရှိ၏။ မထူးဆန်း။ ထိုသို့ဆိုက ဒါဆိုလျှင် ဒီကိစ္စဟာ “စကားလုပ်ပြောနေစရာအကြောင်းမရှိဘူးလား” ဟု တွေးစရာရှိပါမည်။ စကားလုပ်စရာ ရှိပါသည်။  နိုင်ငံတကာစံများအကြောင်းထက် ဗမာပြည်၏လက်ရှိထုတ်ပြန်လိုက်သည့် စစ်မှုထမ်း ဥပဒေအကြောင်း၊ ထိုဥပဒေလိုအပ်/မလိုအပ်။ ဘာကြောင့် ထိုဥဒေထုတ်ပြန်ရ အကျိုးဆက်ဘာတွေဖြစ် စသည်တို့ကား မပြောမဖြစ်ပြောရမည့်ကိစ္စဖြစ်သည်ဟု ယူဆမိသည်။

နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုအပ်သည် ဆိုသည့်ဥပဒေကို ယင်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥဒေများတွင် ပြဋ္ဌာန်းထားသောသက်ဆိုင်ရာနိုင်ငံတို့သည် ယင်းနိုင်ငံသားတို့အား အမြဲတမ်းအချိန်ပြည့် စစ်သည်တော်များအဖြစ် ကာလအကန့်အသတ်ဖြင့် ပုံမှန်တပ်မတော်များတွင် အမှုထမ်းခိုင်းခြင်းမှာ အလွန်နည်းပါး ပါသည်။ “ကမ္ဘာနှင့်ချီ၍ စစ်ရိပ်စစ်ငွေ့များသန်းလာချိန်၊ တနိုင်ငံကတနိုင်ငံကို ကျူးကျော်စစ်ပြုရန် စစ်ပြင်ချိန်၊ တနိုင်ငံငံ၏ ကျူးကျော်စစ်အားတွန်းလှန်ရန် ခုခံစစ်ပြင်ချိန်” စသည့် အချိန်များတွင်ကား အစိုးရတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဆိုသည့် ဝှက်ဖဲအားထုတ်သုံး ကြရတော့သည်။ သာမန်အချိန်တွင် သာမန်ပြည်သူတို့ သတိပင်မထားမိသည့်အချက်ဖြစ်၏။

ကမ္ဘာပေါ်တွင်အကန့်အသတ်နှင့်ဖြစ်နေသည့် စစ်ပူရာဒေသများရှိနေသည် မှန်သော်လည်း တကမ္ဘာ လုံးနှင့်ချီ၍ စစ်ဖြစ်မည့်အလားအလာများ လက်တွေ့တွင် မရှိသေးပါ။ ဗမာပြည်သည် ကမ္ဘာ့အစိတ် အပိုင်းဖြစ်ပါသည်။ ကမ္ဘာနှင့်ချီ၍ စစ်ပူနေခြင်းမရှိသေးသလို စစ်ရိပ်စစ်ငွေ့များလည်းမတွေ့ရသေးပါ။ ကမ္ဘာစစ်ကြီး ဆိုသည့်လှန့်လုံးဖြင့် ထိုဥပဒေပြဋ္ဌာန်းရမည့်အချိန်မဟုတ်ပါ။ မရောက်သေးပါ။ မလိုပါ။

ဗမာပြည်၏ပကတိအခြေအနေအရ တိုင်းတပါးကိုကျူးကျော်စစ်ဆင်နွှဲရန် အကြောင်းတရားအရရော လက်တွေအနေအထားအရရော ဘာမှပြစရာမရှိပါ။ လက်ဆုပ်လက်ကိုင်လည်း ပြမရပါ။ စစ်အင်အား၊ နည်းပညာ၊ စစ်ရေးလေ့ကျင့်မှုတို့တွင်လည်း တိုင်းတပါးအားကျူးကျော်ချင်ဦးတော့ အဖက်ဖက်မှာ နိမ့်နေသေးသည်။ အရည်အသွေးပြည့်ဝသည့်ခေတ်မီတပ်မတော် မဖြစ်သေး။ ခေတ်မီတပ်မတော်များနှင့်မယှဉ်နိုင်သေး။ ထို့အတွက် တိုင်းတပါးအား ကျူးကျော်ရန်ဟူ၍ စစ်သားသစ်စုဆောင်းစရာ၊ ထိုဥပဒေပြဋ္ဌာန်းစရာအကြောင်းမမြင်ပါ။ မရှိပါ။မလိုပါ။

ပတ်လည်နိုင်ငံများကဖြစ်ဖြစ် အဝေးတိုင်းပြည်များကဖြစ်ဖြစ် ဗမာပြည်အားကျူးကျော်စစ် ဆင်နွှဲရန် စစ်ပြင်နေသည့် လက္ခဏာဘာတခုမှမရှိ။ ထိုနိုင်ငံများမှ ငွေကြေး၊ နည်းပညာ၊ အရင်းအနှီး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုတ်နှံမှုများသာ ဒလဟောဝင်လာနေသည်။ စစ်ဝင်လာခြင်းမရှိ။ ထို့အတွက် ခုခံစစ်အတွက်၊ “အမျိုးသားရေးတို့၊ အချူပ်အခြာအာဏာကိုကာကွယ်ရန်တို့” ဆိုပြီးစစ်သားသစ် သိမ်းသွင်းယူစရာမလိုအပ်။ တပ်တိုးချဲ့ရန်မလိုအပ်။ နောက်တခုကလည်း သန်း ၅ဝ သောပြည်သူအတွက် စစ်တပ်အင်အား ယခုထက်ပိုရှိနေလည်း “အမျိုးသားသွေးစည်းညီညွတ်မှု” မရှိလျှင် ဘာမှလုပ်မရ။ ဘယ်တော့မှတွန်းလှန်မရ။ အမျိုးသားသွေးစည်းညီညွတ်မှုအတွက် အကောင်းဆုံးပြယုဂ်မှာ ဗမာ့မျိုးချစ်တပ်မတော်၏ အစပင်ဖြစ်သည်။ ဘီအိုင်အေကို ဗိုလ်တေဇဦးဆောင်ပြီးဝင်လာချိန်က ဗမာပြည်တွင် “အမျိုးသားအမြဲတမ်းမတော်” မရှိ။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်လက်နက်ကိုယ်ရှာပြီး စစ်သားဖြစ်လာသူတွေသာများ၏။ အမျိုးသားသွေးစည်းညီညွတ်မှုဖြင့်သာ လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အမြင်တချို့က ယခုလုပ်ဆောင်ချက်အား န.အ.ဖ လက်ထက်တွင် တပ်အင်အားတွေတိုးချဲ့လာသည်။ တပ်တွေမှာ နံပတ်တွေသာတိုးလာသော်လည်း ဖွဲ့စည်းပုံမပြည့်၊ တပ်သားအင်အားနှင့်အရာရှိ အချိုးအစားကမညီ ထို့ကြောင့် တပ်ဖွဲ့စည်းပုံဖြည့်ရန်နှင့် အချိုးမညီသည်ကိုညီအောင်လုပ်ခြင်းဖြစ်သည်၊ “ဖွဲ့စည်းပုံပြည့်ရေးနှင့်အချိုးညီရေး” လောက်သာ လုပ်ခြင်းဖြစ်သည်၊ ထို့ထက်မပို ဟုဆိုသည်။ သည့်ထက်ပိုမတွေးချင်တာလား မတွေးမိတာလားမပြောတတ်။ ထိုမျှနှင့် အတွေးရပ်သွားသည်မှာလည်း မသင့်ဟုထင်သည်။

နောက်အမြင်တခုက မငြိမ်းသေးသည့်ပြည်တွင်းစစ်ကို စစ်ဖြင့်အပြီးငြှိမ်းရန်(တနည်းပြောရလျှင် အပြုတ်တိုက်ရန်) တပ်အင်အားတိုးချဲ့ခြင်းဖြစ်သည်။ ကြီးထွားလာမည့်တပ်အင်အားကြီးဖြင့် “ပြည်တွင်း စစ်ကိုအပြုတ်တိုက်ပြီး န.အ.ဖ က ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြရန်” ရည်ရွယ်ခြင်းဖြစ်သည် ဟု ဆိုသည်။ စစ်ပွဲကို သို့မဟုတ် စစ်ပွဲတပွဲကို စစ်ဖြင့်အနိုင်တိုက်၍ရပါသည်။ စစ်ပွဲနိုင်ရုံမျှဖြင့် ငြိမ်းချမ်းရေး ကိစ္စပြီးမြောက်သွားသည်ဟု အဓိပ္ပါယ်မထွက်ပါ။ စစ်ပွဲနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တသီကြီး ရှိနေပါသည်။ စစ်မတိုင်မီ (သို့မဟုတ်) စစ်အတွင်း (သို့မဟုတ်) စစ်အပြီးတွင် စားပွဲဝိုင်းဆွေးနွေးမှုများဖြင့် မျှမျှတတအပေးအယူများ ရှိရပါမည်။ ထိုသို့မဟုတ်မူကား စစ်ပွဲနောက်စစ်ပွဲလိုက် နေပါလိမ့်မည်။

နောက်အမြင်တခုက “နိုင်ငံသားတိုင်းစစ်ပညာတတ်မြောက်ထားဖို့” လိုသည်။ တတ်ထားလျှင်ကောင်းသည်။ စစ်ဖြစ်လျှင် “ရော့သေနတ်” ဆိုပြီးပေးလိုက်ရုံ ဖြင့်ပွဲပြီးသည် ဟုဆိုသည်။ စစ်ပညာတတ်မြောက်ထားလျှင်၊ သင်ယူထားနိုင်လျှင်၊ သင်ပေးထားနိုင်လျှင်ကောင်းပါသည်။ သို့သော် “စစ်ပညာတတ်မြောက်ထားရန် လိုခြင်း”နှင့်“မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း”တွင် ကွာခြားချက်တွေအများကြီးရှိသည်။ မတူ။ ယခုကိစ္စက စစ်ပညာသင်ပေးခြင်း၊ သင်ယူခြင်းမဟုတ်။ မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းဖြစ်သည်။ ကွဲကွဲပြားပြား ရှိရန်၊ မြင်ရန်လိုမည်ထင်သည်။

သို့ဆိုလျှင် ဘာကြောင့် ဒီအချိန်မှာ ဒီဥဒေကိုတိုးတိုးတိတ်တိတ် ထုတ်ပြန်ရသနည်း။ စဉ်းစားစရာ ရှိလာပြီဖြစ်သည်။ န.အ.ဖ အနေဖြင့် နိုင်ငံသားတိုင်းကို သေနတ်ကိုင်ထားသည့် (သို့မဟုတ်) ပစ်တတ် ခတ်တတ်သည့်သူများ(တနည်း စစ်သားများ) အဖြစ်မခံနိုင်ပါ။ စစ်သားဆိုသည်မှာ အမိန့်နာခံခြင်းဆိုသည်နှင့် အသေတုတ်ထားခံရသည့် လူသားများဖြစ်သည်။ လူချင်းလည်းအတူတူ၊ သူရောကိုယ်ပါသေနတ်တလက်စီ ကိုင်ထားတာလည်းအတူတူ၊ အဘယ်ကြောင့် အခြားသူတယောက်၏စကားကို အခြားသူတယောက်က အသက်ပေး၍လိုက်နာနေကြရသနည်း။ ထို အရာသည် “အမိန့်နာခံခြင်း” ပင်ဖြစ်သည်။ မိမိဆန္ဒအလျှောက် စစ်သားဖြစ်လာသူနှင့် မထမ်းမနေရအမိန့်ကြောင့် စစ်သားဖြစ်ရသူမှာ အလွန်ခြားနားပါသည်။ ဆန္ဒအလျှောက်စစ်သားလုပ်သူမှာ စစ်သားမဖြစ်မီကပင် စစ်သားဖြစ်လျှင်ဘယ်လိုနေရ ကျင့်ကြံရမည်ကို ကြိုတွေပြီးသား ဖြစ်နေတတ်သည်။ တနည်းပြောရလျှင် အပိုးကျိုးပြီးသား။ အမိန့်နာခံလိုစိတ်မွေးပြီးသား များဖြစ်နေသည်။ မထမ်းမနေရကြောင့် စစ်သားဖြစ်ရသူမှာကား ထိုသို့မဟုတ်။ ကိုယ့်ကိုယ်ကိုအပိုးချိုးမထား၊ အမိန့်နာခံရန်အဆင်သင့်မဖြစ်။ အမိန့်နာခံလို စိတ်လည်းမရှိတတ်။

သို့အတွက် စစ်သားခြင်းအတူတူမှန်သော်လည်း ကိုင်တွယ်ရပုံမှာခြားနားလာသည်။ ခွဲခြားကိုင်တွယ်ရသည်။ တတန်းတည်းထားလို့မရ။ မဖြစ်။ သည်တော့ မထမ်းမနေရစစ်သားကို အမိန့်ဆိုသည့် ကြိုးဖြင့် နေရာတကာမှာချုပ်လို့မရ။ အလျှော့အတင်းရှိရသည်။ ထားရသည်။ ကိုင်ရတွယ်ရ ခက်လာသည်။ သေစမ်း သတ်စမ်းဟူ၍ အမိန့်ဖြင့်ထိန်းချုပ်ခိုင်းစေရသည့်နယ်ပယ်တွင် “အမိန့်နာခံရေး/မနာခံရေး”ဆိုသည်ထက် ကြီးသောပြဿနာဆိုသည်မှာမရှိ။ သည်တော့ တပ်တွင်းမှာ ပြဿနာတွေတက်လာသည်။ လျော့တိလျောရဲတွေဖြစ်လာသည်။ အာဏာဖီဆန်တာတွေ အမိန့်မနာခံတာတွေဖြစ်လာသည်။ သည်မှာတင် အမိန့်ဆိုသည်ကြိုးသည် ကောင်းကောင်းမမြဲနိုင်တော့။ စစ်တပ်သည် စစ်တပ်နှင့်မတူတော့။ န.အ.ဖသည် သူစိတ်တိုင်းကျထူထောင်သည့်တပ်အား ထို အဖြစ်မျိုးအရောက်မခံနိုင်။ အရောက်ခံလို့မရ။ “စစ်တပ်ဖြင့်ထူထောင်ထားသည့်အာဏာ” သည် စစ်မိန့်အတိုင်းမသွားတော့လျှင် အာဏာလက်ဆုပ်ပြေမည်။ န.အ.ဖက အာဏာလက်ဆုပ်ဖြေချင်သူမဟုတ်။

န.အ.ဖ ပြချင်သည်က ၂ ခု ဖြစ်မည်။ သူ့စိတ်တိုင်းကျရွေးကောက်ပွဲလည်းပြီးပြီ။ သူလိုချင်တာလည်း ရပြီ။ ရွေးကောက်ပွဲဝင်သူတိုင်းကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံကိုသစ္စာထားပါမည်ဟု အတိအလင်းပြောပြီးပြီ။ စစ်တပ်ကတိုက်ရိုက်လာမည့် စစ်ဗိုလ်ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲဝင်ရန်အသင့်ဖြစ်ပြီ။ အကုန်အစင်ပြီးပြီလားဆိုတော့မပြီးသေး “ငါတို့နောက်ကိုဒီအတိုင်းလုပ်သွားတော့မယ်” ဆိုသည်ကို ချပြထားရဦးမည်။ ဤတွင် ယခုဥပဒေရေးပြီး တိုးတိုးတိတ်တိတ်ချပြထားရသည်။ “မင်းတို့ လွှတ်တော်ထဲကကောင်တွေက၊ ငါတို့ရေးပေးလိုက်တာကို ဥပဒေဖြစ်လာအောင်လုပ်၊ အတည်ပြုပြဋ္ဌာန်းပေး၊ မင်းတို့ချင်း နည်းနည်းပါးပါးငြင်းစရာ ခုန်စရာဖြစ်မှာလေးတွေ မသိမသာလေးထည့်ပေးထားမယ်။ အဲဒါလေးတွေကို ငြင်းကြခုန်ကြပေါ့၊ ပြီးရင်ဖြုတ်လိုက်ကွာ၊ လူကြားလည်းကောင်း အမြင်လည်းတင့်တယ် တာပေါ့၊ နောက်နောင်လည်း ဒီအတိုင်းသွားကြတာပေါ့” ဆိုသည်ကို လုပ်ပြခြင်းဖြစ်သည်။ ဒါက “အနာဂတ် မြန်မာနိုင်ငံတော်တွင် တပ်မတော်၏အမျိုးသားရေးဦးဆောင်မှုကဏ္ဍ” ဆိုသည်မှာ ဒီအတိုင်းပင်ဖြစ်ကိုဖြစ်ရမည်ဆိုသည်ကို နိုင်ငံရေးလက်ဦးမှုယူပြီး အစီအစဉ်ရှိရှိ၊ ရည်ရွယ်ချက် ရှိရှိ၊ ခြေလှမ်းရှိရှိ လုပ်ပြခြင်းဖြစ်သည်။

နောက်တကြောင်းက န.အ.ဖ အနေဖြင့် မြောက်ကိုးရီးယားလို “စစ်တပ်ပထမတိုင်းပြည်” တည်ဆောက် မည်ဆိုလျှင် စစ်သားများအားတိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုထဲတွင်ပါဝင်စေရမည်။ တပြိုင်နက်တည်းတွင် စစ်သားသည် စစ်သားလည်းဖြစ် အလုပ်သမားလည်းဖြစ်နေရမည်။ ထိုသို့ဆိုလျှင် တိုင်းပြည်သည် စစ်ဝန် ကိုအထမ်းရသက်သာ၏။ စစ်အင်အားကြီးထွားခြင်းဆိုသည်မှာ စစ်သည်များကိုမှီခိုနေရသည့် မိသားစုဝင် များပါကြီးထွားလာခြင်းဖြစ်သည်။ စစ်သားများ နှင့်ယင်းတို့၏မိသားစုများသည် ကုန်ထုတ်စွမ်းအားစုတွင် မပါပါက တိုင်းပြည်အတွက် “ဝန်ထုံ့ဝန်ပို” ဖြစ်သည်။ ရေရှည်မှာမထမ်းနိုင်။ ဝန်ပိပြီးပြိုမည်။ ထိုသို့လည်း အပြိုမခံနိုင်၊ သူတပ်သားတွေကိုလည်း အလုပ်သမားအဖြစ်မခံနိုင်သည့် န.အ.ဖ အနေဖြင့် အခြားတလမ်းကို စဉ်းစားလာရသည်။ ဤလမ်းမှာ တိုင်းသူပြည်သားတိုင်း စစ်သားဖြစ်ရေးမဟုတ်။ စစ်သားများနှယ် စစ်မိန့်မှန်သမျှ နာခံရမည့်၊ နာခံရသည့်၊ နာခံတတ်သည့်အရပ်သားများ မွေးမြူရေး ဖြစ်လာသည်။ “စစ်မိန့်နာခံသည့်ပြည်သူများတိုင်းပြည်” ကိုထူထောင်လိုခြင်းဖြစ်သည်။

ဤအကြောင်း ၂ ရပ်အတွက် ဤဥဒေကို ဤအချိန်အတွင်း လက်သိပ်ထိုးပြဋ္ဌာန်းလိုက်ခြင်းဖြစ်မည်ဟုထင်၏။
မျိုးမြင့်ချို (၁၊ ၂၃၊ ၂၀၁၁)

0 comments:

Post a Comment