Sunday, March 27, 2011

အိုးဝေမှအိုးဝေ (မျိုးမြင့်ချို)

0 comments

အိုးဝေ မှ အိုးဝေ (မျိုးမြင့်ချို)
မလေးရှားရောက် မိတ်ဆွေတဦးက “အိုးဝေ” အမည်ဖြင့် ဂျာနယ်လ်တစောင်ထုတ်နေကြောင်း၊ သူ့ဂျာနယ်အတွက် ကျနော့်စာမူ လိုချင် ကြောင်းပြောလာ၏။ ရေးပေးမည်ဟုပြောလိုက်မိသည်။ ပြောပြီးခါမှ ဘာအကြောင်းရေးရင်ကောင်းမလဲဟုတွေးမိ၏။ ထိုအခါ “အိုးဝေ” “အိုးဝေ” ဆိုသည့်အသံက အသိအာရုံတွင်ပဲ့တင်ထပ်လာ၏။
“အိုးဝေ”..သည် “အိုးဝေ”မျိုးဆက်သာဖြစ်ရပေမည်။
ဗမာ့လွတ်လပ်ရေးအကြောင်းပြောလျှင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ပုံရိပ်သည် လွတ်လပ်ရေးနှင့်တထပ်တည်းကျ၏။ ကိုအောင်ဆန်းအကြောင်းပြောလျှင် “အိုးဝေမဂ္ဂဇင်း”ပါလာမည်။ “အိုးဝေမဂ္ဂဇင်း” အကြောင်းပြောလျှင် ဦးညိုမြပါလာမည်။ ဦးညိုမြအကြောင်း ပြောလျှင် The hell hound at large “ငရဲခွေးကြီးလွတ်နေပြီ” ပါလာမည်။ ငရဲခွေးကြီးလွတ်နေသည်အကြောင်းပြောလျှင် ခေါင်းစုတ်ဖွား အဝတ်အစားဘိုသီဘတ်သီ ခုံဖိနပ်သံတဂွပ်ဂွပ် မျက်နှာမှုံတေတေနှင့်အယ်ဒီတာ့စားပွဲက ကိုအောင်ဆန်း၊ ဒုတိယကျောင်းသားသပိတ်ကြီးနှင့် ကျောင်းသားခေါင်းဆောင်များ၏ ပုံရိပ်များအစီအရီကျလာ၏။ ထိုပုံရိပ်များအကြောင်းပြောလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုအဆက်ဆက်နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲများပါလာ၏။ ထိုအရာများက သမိုင်းခေတ်၏ ဖျောက်မရ မေ့မရသည့်ကွင်းဆက်များ။
ဗမာ့လွတ်လပ်ရေးတိုက်ပွဲခေါ်သံနှင့်အလံကိုင်များ၏မီးရှူးသန့်စင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ “သမဂ္ဂမဂ္ဂဇင်းအိုးဝေ”။ “အိုးဝေ” အယ်ဒီတာကိုအောင်ဆန်း။
“အိုးဝေအယ်ဒီတာ”၏စာပေခရီးအစသည်(ရေနံချောင်းအမျိုးသားကျောင်းသားဘဝကစခဲ့သည်ဟုဆိုရမည်။ ရေနံချောင်းအမျိုးသားကျောင်း၌ ကျောင်းစာစောင်တစောင်ထုတ်ဝေရာ ကျောင်းသားမောင်အောင်ဆန်းသည် အယ်ဒီတာအဖြစ်တာဝန်ယူခဲ့ရသည်။ ပထမ ဦးစွာဖော်ပြခြင်း ခံရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ဆောင်းပါးမှာမူ ဘာသာပြန်ဆောင်းပါးဖြစ်သည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် “ဂန္ထလောကမဂ္ဂဇင်း” တွင်ပါ ရှိခဲ့ခြင်းဖြစ်သည်။ “ပဲခူးကဝေ” ကလောင်အမည်နှင့်ရေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တက္ကသိုလ်ကျောင်သား ကိုအောင်ဆန်းသည် ပဲခူးဆောင် တွင်နေသည့်အတွက် “ပဲခူးကဝေ”ဟူ၍ ကလောင်အမည်ယူခဲ့ခြင်းလား…မပြောတတ်။ ဗိုလ်ချုပ်အောင်ဆန်း၏စာပေခရီးတွင် “အယ်ဒီတာ” အဖြစ်က ပိုမို၍ကျော်ကြားထင်ရှားခဲ့သည်ဟုဆိုရမည်။ ၁၉၃၆ တွင် “အိုးဝေမဂ္ဂဇင်း” ၌ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် အယ်ဒီတာ့တာဝန်ယူရ၏။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ်တာဝန်ယူထုတ်ဝေသည့် “အိုးဝေ”မဂ္ဂဇင်းတွင် “ယမမင်း” အမည်ဖြင့် “ဆရာညိုမြ” ၏ “ငရဲခွေးကြီးလွတ်နေပြီ” (The Hell Hound At Large) အမည်ရှိဆောင်းပါးတပုဒ်ပါလာ၏။ တက္ကသိုလ်အာဏာပိုင်များက ဆောင်းပါးရှင်ကိုအရေးယူရန် ဆောင်းပါးရှင်၏အမည်ရင်းကို အယ်ဒီတာကိုအောင်ဆန်းထံမေး၏။ အယ်ဒီတာ့ကျင့်ဝတ်အရ ဆောင်းပါးရှင် အမည်ထုတ်ဖော်၍ မပြောနိုင်ကြောင်း ကိုအောင်ဆန်းကငြင်းပယ်လိုက်၏။ ကျောင်းအာဏာပိုင် မျက်နှာဖြူကြီးများကမကျေနပ်ကြ။ ဤတွင် အယ်ဒီတာကိုအောင်ဆန်းကို အရေးယူရန်လုံ့လပြုလာကြ၏။ ကိုအောင်ဆန်းအား ကျောင်းမှထုတ်ရန်အထိပင်ကြိုးပမ်းလာကြ၏။ ဤမှ ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးအထိ။ ကိုလိုနီစနစ်ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးက ကြီးမားမြင့်တက်ခဲ့၏။ ထိုနှစ်တွင်ထုတ်ဝေသည့် “အိုးဝေ”မဂ္ဂဇင်းအတွဲ - ၆၊ အမှတ် ၁ တွင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ ခေါင်းကြီးကိုရေး၏။
“ငါ့အား ဖုံးလွှမ်းထားသောလကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သောလက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကားမတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏အခြားမဲ့၌ကား သေခြင်းတရားသည်ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။ သို့သော် ငါကား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှမကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကိုမည်မျှပင်များစွာ မှတ်သားထား သည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေသည်”
(ဒဂုန်တာရာ၏ စာလုံးဆေးစက် ကတ္တီပါကားလိပ်နှင့်ပန်းနုရောင်အို အယ်ဒီတာ့စားပွဲ…မှ)

ကျနော်က အိုးဝေအကြောင်းပြန်တွေးမိ၏။ ထိုမှ ကျောင်းသားခေါင်းဆောင် အယ်ဒီတာကိုအောင်ဆန်း၊ ထိုမှ သခင်အောင်ဆန်း၊ ထိုမှ ဗိုလ်ချုပ်အောင်ဆန်း၊ ထိုမှ ထူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် ဗမာ့လွတ်လပ်ရေးဗိသုကာ ထိုမှ အာဇာနည် အဖြစ်ကျဆုံးသွားခဲ့ရသည့် ဦးအောင်ဆန်း။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
အတွင်းဝန်ရုံး။
အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်အဆောက်အဦရှေ့ဝရန်တာတွင်မတ်တပ်ရပ်ရင်း သူတို့တတွေ စကားပြောနေကြ၏။ သူတို့ တတွေဟူသည်ကား..ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာမင်းသုဝဏ်နှင့် ဦးခင်ဇော်တို့ ဖြစ်၏။
ဗိုလ်ချုပ်အောင်ဆန်းက ဘန်ကောက်လုံချည် နံ့သာရောင်၊ ပိုးအင်္ကျီရင်စေ့နှင့် သပ်သပ်ရပ်ရပ်သားသားနားနား။ သူတို့စကားဝိုင်းက စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှုအကြောင်းများဖြစ်သည်။
“လွတ်လပ်ရေးရရင် နိုင်ငံရေးကထွက်ပြီး ပညာရေးနဲ့ယဉ်ကျေးမှုတွေလေ့လာမယ်။ အာရှအရှေ့တောင်ပိုင်းမှာလှည့်ပြီး ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်”
ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကိုပြော၏။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်အားထက်သန်စွာနှင့်စကားပြောလျှင်…သူ၏ နှုတ်ခမ်းသည် အနည်းငယ် “ထော်”၍ သွားတတ်၏။
“ကျနော်လည်း နိုင်ငံရေးကထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျနော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ (အတ္ထုပတ္တိစာပေ)တွေလည်းလိုတယ်။ ဘာ့ကြောင့် မရေးကြသလဲမသိဘူး။ ပြီးတော့ ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကိုစုံစမ်းရမယ်။ အာရှတိုက်သားတွေတဦးနဲ့တဦး ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်လည်း အနုပညာသမားပါပဲဆရာ”
ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သူတို့လုပ်ဆောင်လိုကြသည့် စာပေယဉ်ကျေးမှုအနုပညာရည်မှန်းချက်များ ဆွေးနွေးနေကြ၏။ ထိုစဉ်က..သူတို့သည် နောင် ၅ ရက်အကြာ၌ ဤအဆောက်အဦကြီးအတွင်း၌ပင် အကြမ်းဖက်သမားတစု၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရမည်ကို မသိကြ။ တွေးထင်၍ပင် မထား….။
(ဒဂုန်တာရာ၏ စာလုံးဆေးစက်၊ ကတ္တီပါကားလိပ်နှင့်ပန်းနုရောင်အို အယ်ဒီတာ့စားပွဲ…မှ)
သမိုင်းတွင် “အကယ်၍” ဆိုသည်မှာမရှိမှန်းလည်းသိပါ၏။ သို့သော် “အလုပ်ကြံသာမခံခဲ့ရရင်” ဂန္ထလောကမဂ္ဂဇင်း ပဲခူးကဝေမှ စခဲ့သည့်ကလောင်သည် အယ်ဒီတာကိုအောင်ဆန်းအဖြစ်မျှနှင့် ချူပ်ငြိမ်းသွားမည်မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ဆိုလျှင် ကျနော်တို့ “အိုးဝေ” မျိုးဆက်များ၏ အသိပညာဘဏ္ဏာတိုက်တွင် သမိုင်းစာပေ၊ ဘာသာပြန်၊ အထုပ္ပတ္တိ၊ သုတနှင့်ရသ စာကောင်းပေမွန်များ ယခုထက် ပြည့်စုံကြွယ်ဝနေလိမ့်မည်မှာလည်းသေချာပါသည်။ ဦးအောင်ဆန်းလုပ်ကြံခံလိုက်ရခြင်းသည် ကျနော်တို့အတွက် အမျိုးသားခေါင်းဆောင်ကြီး ဆုံးရှူံးခြင်းမျှမက မြန်မာစာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းတခုပါ တပါတည်းဆုံးရှူံးရခြင်းဖြစ်၏။
မျိုးမြင့်ချို
(မူရင်းကဗျာဆရာ ဓါတ်ပုံနဲ့လက်ရေးမူပါပို့လိုက်တယ်။ ထည့်သုံးချင်လည်းသုံးလို့ရအောင်)


William Ernest Henley (August 23, 1849 - July 11, 1903) was a British poet, critic and editor.
Invictus
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll.
I am the master of my fate:
I am the captain of my soul.

William Ernest Henle

0 comments:

Post a Comment