Monday, March 28, 2011

ဘက်လိုက်ခြင်းရသ

0 comments

ကျနော်အမေရိကားရောက်ပြီှးမှ ဖြစ်လာရသည့်မိတ်ဆွေများထဲတွင် ဓါတ်ပုံသတင်းစာဆရာနှင့် ကိုယ်ပိုင်သတင်းကုမ္ဗဏီထူထောင်သူဖြစ်သည့် ဂျွန်ဂီဗားရ်ဆိုသူတယောက်လည်းပါ၏။ သူနှင့်ကျနော်စသိပုံ ကလည်း ဒီကလူတွေအမြင်အရဆိုလျှင် ထူးသည်ဟုဆိုရမည်။ ဘယ်သူကမှမိတ်ဆက်မပေးပဲ သိလာခြင်း ဖြစ်သည်။ သူနှင့်ဆုံတိုင်း စကားတွေအများကြီးပြောဖြစ်၏။ နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ပိုင် ယဉ်ကျေးမှုများ၊ မတူသူများအတူနေကြခြင်း၊ သတင်းစာများအကြောင်း စသည်ဖြင့် တော်တော်စုံသည်။ များသောအားဖြင့် ကျနော်ကနားထောင်သမား။ သူက အတွေ့အကြုံစုံသလောက် မှတ်မှတ်သားသားလည်း ရှိသူ။ ပြောလည်း အတော်ပြောနိုင်သူဖြစ်၏။  အမေရိကန်တက္ကသိုလ်တခုက သတင်းစာပညာ၊ ဓါတ်ပုံ ပညာတို့ဖြင့် ကျောင်းပြီး ပြီးနောက် နိုင်ငံတော်တော်များတွင် နှစ်အတန်ကြာလှည့်လည်နေထိုင်ခဲ့သူ။ စစ်ဘေး၊ ရောဂါဘေးနှင့် သဘာဝ အန္တရာယ်ဘေးသင့်သည့်ဒေသများကို ပိုစိတ်ဝင်စားသူ။ လူမျိုးစု မျိုးဖြုတ်သတ်ဖြတ်ရေး (Ethnic Cleansing) ဖြစ်နေသည့် နိုင်ငံများဒေသများကို ပိုစိတ်ဝင်စားသူ၊ ယခု အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်ကို ပြန်ရောက်လာသူ။ 
          တနေ့ သူက ကျနော့်အား ဖို့ဝိန်းမြို့ရောက် မြန်မာပြည်သားရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် ဒုက္ခသည်များဘဝအကြောင်း မှတ်တမ်းကားတိုလေးတခုလောက် ရိုက်ချင်ကြောင်း၊ ကျနော့်အကူအညီ 
လိုကြောင်းပြောလာပါသည်။  ကျနော်က မဆိုင်းမတွပင် သူလိုအပ်သည်ကိုအတတ်နိုင်ဆုံး ကူညီမည် ဖြစ်ကြောင်းပြောပြီး ဘာလို့ ဒီမှတ်တမ်းကားရိုက်ချင်ရတာလဲဟု မေးကြည့်မိသည်။
          အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတကြီးဂျော့ခ်ျဝေါ်ရှင်တန်မှ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားအထိ အားလုံးသည်နိုင်ငံတကာမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချနေထိုင်လာသူ များ၏ သားစဉ်မြေးဆက်များဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးတွင် ထင်ရှားကျော်ကြားသူများရော သာမန်လူ များရော အားလုံးမှာလည်း ထိုအတိုင်းပင်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကို လက်ရှိ အဆင့်နေရာ သို့ ရောက်အောင်ဆောင်ကျဉ်းပေးခဲ့ကြသူ၊ ပေးနေကြသူများနှင့်ပေးကြဦးမည့်သူများမှာလည်း ထိုသို့ပြောင်းရွှေ့ အခြေချနေထိုင်သူများပင်ဖြစ်ကြောင်း၊ ယင်းတို့ကြောင့်သာ အမေရိကန်ပြည်ထောင်စုဖြစ် လာကြောင်း၊ ထို့ကြောင့်လည်း  နိုင်ငံတကာမှပြောင်းရွှေ့အခြေချနေထိုင်လိုသူများအား အမေရိ ကန်ပြည်ထောင်စုက အစဉ်နွေးထွးလှိုက်လှဲစွာကြိုဆိုကြောင်း၊ယဉ်ကျေးမှုစုံအတူယှဉ်တွဲ နေထိုင်နိုင်ခြင်းအား အားပေးအားမြှောက်ပြုသလို ထိုသို့နေထိုင်နေကြခြင်းကိုလည်း ဂုဏ်ယူကြကြောင်း၊ လူတဦးချင်းစီ၏ လွတ်လပ်ခွင့်အပေါ် အခြေပြုကာ လူ့အဝန်းအဝိုင်းတခုလုံးကိုမြှင့်တင်ယူသည်မှာ အမေရိကန်၏နှုန်းစံ တန်ဖိုးဖြစ်ကြောင်း၊ အမေရိကန်လူမျိုးဆိုသည်မှာ ကမ္ဘာပေါ်တွင်မရှိကြောင်း၊ Native American ဟုဆိုသည့် အမေရိကန်ဇာတိဖွား အမေရိကန်ချက်မြုတ်များ အမေရိကန်နိင်ငံသားဖြစ်ပြီးသူများကို ယေဘုယျခြုံငုံပြီး အမေရိကန်လူမျိုးဟု ခေါ်ကြကြောင်း၊ ပြောကြေးဆိုလျင် အမေရိကန်ပြည်ထောင်စုတွင် တခြားလူမျိုးသွေး မနှောပဲ လူမျိုးတမျိုးတည်းက ဆင်းသက်ပေါက်ဖွားလာသူထက် လူမျိုးစုံပေါင်းဖက်ပြီးဆင်းသက်လာသူ ဦးရေမှာ များသထက်များများလာကြောင်း၊ လူမျိုးဆိုသည်ထက် လူသားဖြစ်မှု၊ လူသားဆန်မှု၊ လူ့တန်ဖိုးနှင့် လူ့ဂုဏ်သိက္ခာကို ပိုအလေးထား ကြကြောင်း၊ မျိုးချစ်စိတ်ဆိုသည်မှာ မကောင်းသည့်အရာဟုသူ မမြင်ကြောင်း၊ သို့သော် အလွန်အကျွံ မျိုးချစ်စိတ်နှင့်မူမမှန်သည့်မျိုးချစ်စိတ်တို့၏ရလဒ်မှာမူ ပဋိပက္ခနှင့် စစ်ပွဲများသာဖြစ်ကြောင်း၊ ထို့ကြောင့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံတူသည့်လူမျိုးကို သာ ပြန်ချစ်တတ်သည့်မျိုးချစ်စိတ်အစား၊ လူကို၊ လူသားကိုချစ်သည့် လူသားချစ်စိတ်ကိုသာ သူ ပိုနှစ်သက်ကြောင်း၊ တိုင်းတပါးကျူးကျော်မှုကိုခံရပြီး ကိုလိုနီ ဘဝ၏ခါးသီးမှုကို ပြင်းစွာခံရသူများတွင် မျိုးချစ်စိတ်ဆိုသည် အားကောင်းမောင်းသန် စွဲမြဲနေတတ်ကြောင်း၊ ထိုအခြေအနေကမှတဆင့် တိုင်းခြားသားကြောက်စိတ် (သို့) မကြိုက်စိတ် (Xenophobia) တွေအထိ ဖြစ်လာတတ်ကြောင်း၊ တိုင်းတပါးကျူးကျော်သိမ်းပိုက်မှုကိုတွန်းလှန်ရာတွင် မျိုးချစ်စိတ်အရင်းမခံလျှင် မရနိုင်ကြောင်း၊ သို့သော် မျိုးချစ်စိတ်ဆိုသည်မှာ အထိအရှလွယ်သည့်ကိစ္စဖြစ်သလို အညှာလွယ်သူအား သိမ်းသွင်းယူရာတွင် အလွန်ထက်မြက်သည့် လက်နက်ဖြစ်ကြောင်း၊ အမျိုးသားရေးအလံသက်သက် အလွှမ်းခံအညှာလွယ်သည့် လူ့အဖွဲ့အစည်းသည် လက်ရှိကမ္ဘာ၏စီးကြောင်းတွင်မျှောလိုက်ရင်း အကျိုးစီးပွား ဖြစ်ထွန်းနိုင်စရာ မမြင်ကြောင်း၊ အင်ဒီယားနားပြည်သည် နိုင်ငံတကာမှဒုက္ခသည်အဖြစ် ရောက်ရှိလာသူများအား တိုးတိုးပြီးလက်ခံလာခြင်းကို လူမျိုးစုံယဉ်ကျေးမှုစုံ အတူနေထိုင်နိုင်ခြင်း၏ပြယုဂ်ဟု သူမြင်ကြောင်း၊ ဒုက္ခသည်များနှင့်ပြောင်းရွှေ့အခြေချနေထိုင်သူတချို့ကဆိုလျင် အင်ဒီယားနားပြည်နယ်ကို Home (အိမ်) ဟု ပင် သဘောထားလာကြကြောင်း၊ ပြည်နယ်၏ဘက်စုံဖွံ့ဖြိုးရေးတွင် ပြောင်းရွှေ့လာသူများနှင့် ဒုက္ခသည် များ၏အခန်းမှာ အရေးပါသည့်နေရာသို့ သိသိသာသာဝင်လာကြောင်း၊ ထို့ကြောင့် သူက မြန်မာနိုင်ငံ သားရွှေ့ပြောင်းအခြေချသူများနှင့်ဒုက္ခသည်များအကြောင်း ရိုက်ရန်စိတ်ကူးပေါ်ခြင်းဖြစ်ကြောင်း စသည်တို့အား တနံတလျား ပြောပါတော့သည်။

          သူ့တနံတလျားများတွင် ကျနော်သိပြီးသားများ မသိသေးသည်များ၊ လက်ခံနိုင်သည်များ မခံနိုင်သည်များ၊ သဘောတူသည်များ မတူသည်များ၊  နှစ်သက်သည်များ မနှစ်သက်သည်များ၊ ဘဝင်ကျသည်များ မကျသည်များလည်းရှိ၏။ သို့သော် ကိစ္စမရှိ။ ကျနော်တို့စကားပြောနိုင်၏။ ငြင်းနိုင် ခုန်နိုင်၏။ သူ့အမြင် ကိုယ့်အမြင် လွတ်လွတ်လပ်လပ်ဖလှယ်နိုင်၏။ လွတ်လွတ်လပ်လပ်လည်း ကွဲလွဲနိုင်ကြ၏။ ကွဲလည်းကွဲလွဲ ကြ၏။ လွတ်လပ်ခြင်း၏ရသဟု ဆိုနိုင်မည်ထင်၏။
         
          လွတ်လပ်ခြင်း၏ရသကိုခံစားခဲ့ဖူးပြီး ထိုရသပျောက်ဆုံးခဲ့ရသူများကသာ လွတ်လပ်ခြင်းကို ပိုမြတ်နိုး ပိုတန်ဖိုးထား ပိုလည်းတောင့်တောင့်တတရှိ၏ ဆိုသည့်အကောက်အယူမျိုးသည် မမှန်ဟုကျနော်မထင်ပါ။ ထို ပျောက်ဆုံးသွားသည့်ရသအတွက် သံနှင့်သွေး၊ ချွေးနှင့်မျက်ရည်၊ တော်လှန်ရေးနှင့်စစ်ပွဲများက သမိုင်း သက်သေဖြစ်ပါသည်။ ကျနော်တို့မျိုးဆက်က အမှောင်ခေတ်တွင်လူဖြစ်လာရသူများ၊ မွေးကတည်း က မွေးရာပါအခွင့်အရေး ပျောက်ဆုံးခဲ့ရပြီးသူများ၊ လွတ်လပ်ခြင်း၏ရသဆိုသည်ကို မမြည်းစမ်းဖူးကြသူများ၊ မရဖူးသေးသည့်အရာကိုရချင်သူများ၊ မှန်သည်ဟုယုံကြည်သည့်ဘက်မှရပ်ခံ၍ မမှန်ဟုထင်သည့်ဘက်ကို တိုက်လှန်နေသူများ၊ ရွေးချယ်မှုအတွက် ကိုယ့်ကိုယ်ကိုထုဆစ်နေသူများဖြစ်ပါသည်။
         
ရွေးချယ်မှုတွင်လည်း   ̔ဓမ္မနှင့်အဓမ္မ̔ ရှိပါသည်။ ထို ̔ဓမ္မနှင့်အဓမ္မ̔ ဆိုသည်မှာ လူ့သမိုင်းရှိသလောက် တိုက်နေရသည့် ဘက်၂ဘက် ဖြစ်ပါသည်။ ကြိုက်သည့် ̔ဘက်̔ ကို ရွေးနိုင်ပါသည်။ ယင်း ဘက်၂ဘက် တွင် ̔ကြား̔ ဆိုသည်မှာမရှိပါ။ ထို့ကြောင့် ကျနော် ̔ဘက်̔ လိုက်ခဲ့ပါသည်။ ̔ဘက်̔ လိုက်ရပါသည်။ ̔ဘက်̔ လိုက်ရ ပါဦးမည်။
မျိုးမြင့်ချို
         

0 comments:

Post a Comment