Sunday, March 27, 2011

၅ကျပ်တန်ဝါးရမ်း၊ သခင်အောင်ဆန်းနှင့် ကမ်းသစ်တပင်အကြောင်း(မျိုးမြင့်ချို)

0 comments

ဇေဗီးယား (Xavier) ဟူသည့်အမည်ကို ကျနော် ၅ တန်း ၆ တန်းကျောင်းသားအရွယ်လောက်တွင် စတင်ကြားဖူးသည်ထင်၏။နောက်ပိုင်းကျမှ သူနှင့်တွဲ၍ ဟင်္သာခရိုင်တို့ဗမာအစည်းအရုံးညီလာခံ၊ ဇလွန်မြို့၊ ဒေါင့်ကြီးတရားပွဲ၊ ချင်းပြည်နယ်အရေးမဟောရ၊ ကာကွယ်ရေးဥပဒေ၊ ဦးဝမ်းမသူးမောင်၊ ကျုံမငေး သခင်တင်မောင်၊ သခင်အောင်ဆန်းနှင့် ၅ကျပ်တန်ဖမ်းဝရမ်း စသည့် သမိုင်းပုံရိပ်နှင့်ခေတ်ပြိုင် ဇာတ်ကောင်များကို တစတစသိခွင့်ရလာခဲ့၏။ ဇေဗီးယားကိုမူ မျက်ခြေပြတ်သွား၏။

လူအချို့အကြား ၅ ကျပ်တန်ဝရမ်းနှင့်စပ်၍ အမြင်မတူသည်များလည်း ကြားရဖူး၏။ မစ္စတာဇေးဗီးယား၏လက်ထောက် မြန်မာပုလိပ်အရာရှိ တဦးက “စတိလောက်ငွေဖြင့် ဖမ်းဝရမ်းထုတ်လျှင် လူစိတ်ဝင်စားမှာမဟုတ်။ စိတ်မဝင်စားလျှင် ဟိုးလေးတကျော်မဖြစ်။ ဟိုးလေးတကျော်မဖြစ်လျှင် လွတ်ရေးလွယ်၏။ အန္တရာယ်နည်း၏” ဟု တွေးပြီး ဇေးဗီးယားအားအကြံပြုသည်ဆို၏။ ထို့ကြောင့် အောင်ဆန်းသည် ၅ ကျပ်တန် ဝရမ်းပြေးဖြစ်ရ၏။ ထို့ကြောင့်အောင်ဆန်းလွတ်၏ဟု ဆိုသည်။

တချို့က ဇေဗီးယားက အောင်ဆန်းလိုခေါင်းဆောင်ကို နာမ်နှိမ်လိုသဖြင့်၊ အောင်ဆန်းသည် ၅ ကျပ်သာတန်သည့်ဝရမ်းပြေး၊ သောက်ရေး လုပ်စရာမလို ဆိုပြီး “ချိုး” ချင်စိတ် သက်သက်ဖြင့် ထို ဖမ်းဝရမ်းထုတ်ခြင်းဖြစ်၏ဟု ဆိုသည်။ ဖမ်းမိခြင်း မမိခြင်းထက် “မင်းတို့ခေါင်းဆောင် ၅ ကျပ် ထက်ပိုမတန်” လုပ်ပြချင်ခြင်းက အဓိကဟုဆိုသည်။ ထို့ကြောင့် ၅ကျပ်တန်ဖမ်းမိန့်ဖြင့် အောင်ဆန်းခမျာဝရမ်းပြေးရရှာ၏ဟု ဆိုသည်။

“၅ကျပ်ဖြင့်ဖြစ်စေ၊ ၅ သိန်းဖြင့်ဖြစ်စေ ဖမ်းမိန့်မထုတ်သင့်” ဟု မစ္စတာဇေးဗီးယားအားအကြံပြုခဲ့သူ တဦးတလေရှိခဲ့သည်ဟု မကြားမိဖူးပါ။ ထို့ကြောင့် ဇေဗီးယားကို ကျနော်လူချင်းတွေ့ မေးမြန်းကြည့်ချင်သည်။ သို့သော် သူဘယ်ရောက်လို့ဘယ်ပေါက်၊ ဘာဖြစ်လို့ဘာဖြစ်မှန်းကား အစရှာမရတော့။ ခေတ်များခြားသွားပြီ။ သို့သော် ကျနော်မျက်ခြေပြတ်ခဲ့ရသူ..ဇေဗီယား၊ ကျနော်တွေ့ချင်သူ..ဇေဗီးယားအား တွေ့မယ့်တွေ့တော့ အမေရိကားမှာ။ ထိုဝရမ်းနှင့် စပ်သည့် အချိတ်အဆက်တချို့ လည်း သူနှင့်အတူတွေ့ပြန်၏။

၁၉၅၉ ခုနှစ်တွင် Taplinger Publishing Co., Inc. New York,USA မှ လွတ်လပ်ပြီးဗမာပြည်၏ ဒုတိယမြောက်သမ္မတ ဒေါက်တာ ဆာဘဦး၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိဖြစ်သော My Burma ဆိုသည့်စာအုပ်ကိုထုတ်ခဲ့၏။ ယင်းစာအုပ်၏ စာမျက်နှာ ၁၄၄ နှင့် ၁၅၁ တွင် သူ့ကိုပြန်တွေ့ရ၏။ “The police official who was the harshest of all was Xavier, an Anglo-Indian born in Burma. He started life as a planter in Moulmein, where he figured as the accused in a sensational murder case. The charge against him was that he tortured one of his employees to death by first smearing him with jaggery and later forcing him to sit night and day for several days on an anthill so the ants could crawl over him and bite him. The man eventually died of exhaustion. Xavier was tried by a judge of the chief Court in Rangoon with European jury. He was found not guilty and acquitted. Not long after he blossomed forth as an Inspector of Police in Rangoon Police Force. He soon acquired a reputation as a fine detective and a good criminal investigator………… စသည်ဖြင့် တမျက်နှာသာသာခန့်ရေးထား၏။ ခြုံ၍ပြန်သော် “ဇေဗီးယားသည် ပုလိပ်အရာရှိများအနက် အကြမ်းဆုံးကောင်ဖြစ်၏။ အင်္ဂလိပ်-အိန္ဒိယကပြား မြန်မာပြည်ပေါက်။ မော်လမြိုင်မှာခြံစိုက်ပြီး ဘဝစခဲ့။ ဟိုးလေး တကျော်ဖြစ်ခဲ့သည့် လူသတ်မှုတခုမှာ တရားခံစွပ်ဆွဲခံရသူ။ ခြံအလုပ်သမားတယောက်ကို ထန်းလျှက်ရည်သုတ်ကြိုးတုတ်ပြီး ပုရွက်ဆိတ်အုံပေါ် ရက် အကြာကြီးတင်ထားပြီးနှိပ်စက်။ နောက်ဆုံး ထိုလူထိုဒဏ်ဖြင့် သေရ။ သူ့အား ရန်ကုန်မှတရားသူကြီးချုပ်က ဥရောပသားဂျူရီလူကြီးများဖြင့်တရားစီရင်။ အပြစ်မရှိဆိုကာ ကွင်းလုံးကျွတ်လွတ်။ သိတ်မကြာမီ ရန်ကုန်ပုလိပ်အဖွဲ့တွင် အင်စပက်တော်ဖြစ်လာ။ ရာဇဝတ်မှုစုံထောက်ကောင်းတဦးအဖြစ် ကျော်စော လာ။ သူနှင့်သူ့အထက်အရာရှိ အလက်ဇန်းဒါးတို့အား ရန်ကုန်မြစ်တွင်းသောင်းကျန်းနေသည့် ဆန်ခိုးဂိုဏ်းတခုအား နှိမ်နင်းရန်အထက်မှတာဝန်ပေး။ သိတ် မကြာလိုက် ဂိုဏ်းခေါင်းဆောင်ဟုဆိုသူအား လက်ရဖမ်းမိ။ ထိုသူ့အိမ်တက်ရှာ။ သက်သေပြစရာဘာမှမတွေ့။ မီးခံသေတ္တာထဲမှ ငွေတသိန်းကျော်ကို သိမ်းယူ ခဲ့။ အမှုရုံးတင်ချိန်တွင် ထိုငွေများအား သက်သေအဖြစ်မတင်။ ငွေတွေဘယ်ရောက်သွားလဲမေးတော့ အမှုစစ်နေတုန်း အကုန်သုံးပစ်လိုက်ရသည်ဟု မျက်နှာ ပြောင်တိုက်ပြီး ခပ်တည်တည်နှင့်ထွက်ဆို။ ရုံးတော်ကိုမထေမဲ့မြင်ပြုမှုကြောင့် ရာထူးကျရင်ကျ၊ မကျရင် ဋ္ဌာနတွင်းအရေးယူခံရမည်ဟု လူအများက ထင်နေ ကြ။ သို့သော် ထိုသို့မဟုတ် အမှုပြီးတော့ဘာမျှမဖြစ်သည့်အပြင် ရာထူးပင်တက်သွား”

ဆက်၍ စာမျက်နှာ ၁၄၅ တွင်…. It was Xavier who was the District Superintendent of Police in charge of Yamethin District when U Saw and police started taking repressive measure against the Thakins. He issued a warrant of arrest against Thakhin Aung San, prominent student leader, for the alleged incitement to a breach of the peace. The warrant could not be executed, as Thakhin Aung San could not be found in the Yamethin District; whereupon Xavier issued a proclamation offering a small reward to anyone who could give information leading to his arrest. He offered a small reward partly to disgrace Thakhin Aung San and partly to make it appear that Thakhin Aung San was not a young leader worth bothering too much about. He evidently did not realize then that Thakhin was already on his way to Japan as one of Thirty Comrades who would come back soon at the head of a large army as the Liberator of Burma. ခြုံ၍ ပြန်လျှင် “ဂဠုန်ဦးစောနှင့်ပုလိပ်များက သခင်များအားနှိပ်ကွပ်စဉ်တွင် ဇေးဗီးယားက ရမည်းသင်းခရိုင်ရာဇဝတ်ဝန်။ ထင်ရှားသည့်ကျောင်းသားခေါင်းဆောင် အောင်ဆန်းအား ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားအောင် လူထုအားသွေးထိုးသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်၏။ ထိုအချိန်တွင် အောင်ဆန်းက ရမည်းသင်းတွင် မရှိတော့။ ထို့ကြောင့် ထိုဖမ်းဝရမ်းလည်းအရာမထင်တော့။ ဤတွင် သူက အောင်ဆန်းကိုဖမ်းမိရန် သတင်းပေးနိုင်သူအား မဖြစ်စလောက်ဆုငွေလေး ပေးမည်ဟု ကြေညာပြန်၏။ သတင်းပေးနိုင်အား ဤမဖြစ်စလောက်ဆုငွေပေးမည်ဟုထုတ်ပြန်ခြင်းမှာ တပိုင်းအားဖြင့် အောင်ဆန်းအား သိက္ခာကျအသရေ ပျက်စေရန် ဖြစ်ပြီး နောက်တပိုင်းမှာ အောင်ဆန်းသည် ဆုငွေအများကြီးထုတ် ဖမ်းနေရလောက်အောင်မတန်။ အပင်ပန်းခံလုပ်ထိုက်စရာမလိုသူ ဟု ဆိုခြင်း။ သူ လုံးလုံးမသိလိုက်သည်က ထိုအချိန်မှာ အောင်ဆန်းက ဗမာပြည်တွင်မရှိတော့..ဂျပန်သို့ခရီးနှင် နှင့်ပြီဆိုခြင်းဖြစ်၏”

စာမျက်နှာ ၁၅၁ တွင် ဦးဘဦးနှင့်ဇေဗီယားလူချင်းဆုံခန်း။ စင်္ကာပူခံတပ်ကျပြီ။ အင်္ဂလိပ်တို့ခြေ မကိုင်မိလက်မကိုင်မိ။ အခြေအနေမကောင်း။ ရန်ကုန်ရှိ ဗြိတိသျှဘုရင်ခံအစိုးရ ပြေးပေါက်ရှာချိန်၊ ဦးဘဦးလည်း သူ့ဆရာသမားများနည်းတူ ပြည်သူကိုထားပြီး ကိုယ်လွတ်ရုန်းရတော့မည်။ ရန်ကုန်ကနေ ပုသိမ်ကိုသွား မိဘများကိုခေါ်၊ မြောင်းမြမှခယ်မနှင့်သားသမီးများသွားခေါ်ကာ ကသာတွင်ပြေးနှင့်နေသည့် ဟိုက်ကုတ်အဖွဲ့နှင့်သွားပေါင်းရန် စီမံကိန်းဆွဲ၏။ နောက်ဆုံးခယ်မနှင့်ကလေးများခေါ်ပြီး ကသာသွားဖို့ ဟင်္သာတရောက်လာ။ ထိုအချိန်က ဂျပန်များ စစ်တောင်းမြစ်ခြေနားကပ်နေလေပြီ။ ဗြိတိသျှနှင့်သူ့ မင်းခစားများအတွက် နောက်ကျသည့်ဖနောင့်သစ္စာဖေါက်။

ဟင်္သတကနေဆက်ထွက်ရန်ပြင်။ သင်္ဘောမရှိ။ ကူသူကယ်သူမဲ့။ မြန်မာလူမျိုးအရေးပိုင် (Deputy Commissioner) တဦးအား အကူအညီတောင်း။ ဆင်ခြေဆင်လက်အမျိုးမျိုးပေးပြီးငြင်း။ ဒါနဲ့နောက်ဆုံး ဇေးဗီးယားနှင့်တွေ့။ ထိုအချိန်တွင် ဇေးဗီးယားက ဟင်္သာတခရိုင်ရာဇဝတ်ဝန်။ ….. District Superintendent of Police who happened to be the Xavier I have already mentioned was very helpful. He managed to get a launch belonging to the Irrawaddy Flotilla Company ………………...when we left, we were soon followed by another launch. On requiring I found out that it was the launch of the Deputy Commissioner of Henzada. I was very annoyed: he could have carried me and my children in his boat, for his destination was the same as mine. Later I learned why he did not want to take us. Soon after we passed Prome, The Deputy Commissioner was called back by Mr. Swithinbank, and on making inquiries I found that he had failed to hand over to Mr. Swithinbank Government treasure worth several lakhs, although directed to do so. However, the District Superintendent of Police, Mr. Xavier, according to reports, did succeed in getting away with some Government treasure on board his launch. Several Deputy Commissioners from Delta similarly managed to abscond with Government treasure. Some of them who were not Burmans went over to India, where a few got into trouble criminally. Burman Deputy Commissioners who were suspected of misappropriating Government treasure were never employed again, either during time of the Japanese occupation or after liberation. ခြုံ၍ပြန်သော်… “သင်္ဘောထွက်လာပြီး သိတ်မကြာခင် မှာ နောက်သင်္ဘောတစီးလိုက်လာ။ မေးမြန်းကြည့်မှ ခုနအကူအညီပေးဖို့ငြင်းခဲ့သည့် မြန်မာအရေးပိုင်၏ သင်္ဘောဖြစ်နေ။ “သွားရမယ့်ခရီးလည်းအတူတူ..ဘာကြောင့် ငါနဲ့ငါ့ကလေးတွေကို တပါတည်း မခေါ်ရတာလဲ” ဟု တွေးပြီးစိတ်ပျက်မိ။ နောက်တော့မှ ဘာ့ကြောင့် ငါတို့ကို သူမခေါ်ပါလိမ့် သဘောပေါက်။ ပြည်မြို့ကိုဖြတ်ပြီးမကြာလိုက် မစ္စတာ ဆွစ်သင်းဘင့်က သူ့ကိုပြန်ခေါ်။ အကြောင်းက အစိုးရဘဏ္ဍာတိုက်မှ ငွေသိန်းပေါင်းများစွာကို ပြန်အပ်ဖို့ညွှန်ကြားထားရက်နှင့် မအပ်ပဲသုတ်လာခဲ့ သည့်အတွက်။ သို့သော် ဇေဗီးယားကား အစိုးရဘဏ္ဍာများ သင်္ဘောနှင့်တိုက်ပြီး လွတ်မြောက်သွားကြောင်း အစီရင်ခံစာများအရသိရ။ ထိုသို့ မင်းဘဏ္ဍာကိုယ့်ဟာမှတ်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသမှ မြန်မာမဟုတ်သည့် အရေးပိုင်များက အိန္ဒိယသို့လစ်ကြ၏။ လွတ်သူလွတ်၊ ရာဇဝတ်သင့်သူသင့်ကြ၏။ အလားတူပြုခဲ့ သည့် မြန်မာအရေးပိုင်များကား ဂျပန်ခေတ်တွင်လည်းကောင်း လွတ်လပ်ရေး ခေတ်တွင်လည်းကောင်း ရာထူးနေရာပြန်အခန့်မခံရတော့ပေ”

ကျနော်ခြေရာကောက်၍ရသမျှ ဇေဗီးယားကားဤတွင်ပျောက်ပြန်၏။
ဒေါက်တာဘဦးကိုယ်တိုင်ရေးအထုပ္ပတ္တိကိုဖတ်ရင်း ကံ့ကော်တောမျိုးအောင် ၏ “အလိုက်သင့်မောင်ဘဦး” ကို သတိရမိ၏။
မျိုးမြင့်ချို

0 comments:

Post a Comment