Sunday, March 27, 2011

စစ်ပူစစ်အေးနောက်ကခေါင်းဖြူခေါင်းပူစရာကိစ္စများ (မျိုးမြင့်ချို)

0 comments

ဘာလင်တံတိုင်းအပြိုနှင့် ဆိုဗီယက်တို့နေညိုချိန်ကာလများ။ တယောက်က သမိုင်းနိဂုံးချုပ်ပြီ (End of history)ဟု ထ လက် ခမောင်းအခတ်။ သူနှင့်အတူ သမိုင်းကိုဝိုင်းကူချုပ်ပေးကြသူများလည်း ကမူးရှူးတိုးဖြင့် အယူအဆရေးရာစစ်မျက်နှာများတွင် အလံကိုင်ဖြစ်လာ ကြ၏။ တံပိုးသံတလှိုင်လှိုင် တံခွန်ကိုင်တလွှင့်လွှင့်။ အိုင်ဒီယိုလိုဂျီတိုက်ပွဲမရှိတော့။ လစ်ဘရယ်လ်ဒီမိုကရေစီ ပြိုင်ဘက်ကင်းပန်းခင်းသို့ဝင်ပြီ ဆိုသည့်တေးသံများ ဝေဝေဆာဆာ။ တခုဝါဒအပြိုမှာ ဗဟုဝါဒအပျိုဖေါ်ဝင်ချိန်ဟုကြွေးကြော်ရင်း အယူအဆရေးရာနယ်ပယ်တွင် မျက်နှာသစ် များစန်းပွင့်လာကြ၏။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ကွန်မြူနစ်လူပြန်တော်များနှင့် ဒီမိုကရေစီသူရဲကောင်းများ မြိန်ရည်ရှက်ရည်သုံးဆောင်ကြ။ စစ်မက်ရာသီကုန်ပြီ။ လေးနှင့်မြား ဘေးချထားလိုက်ပေရော့။ ပျော်စရာအတိ ပီဘိနေချင့်စဖွယ်ကမ္ဘာမြေ။

စီးပွားရေးဘက်ကကြည့်ဦး။ တကမ္ဘာလုံးဈေးကွက်စီးပွားရေး။ အမြောက်တောင်မချိန်လိုက်ရပဲ အလိုလိုဖွင့်လာသည့်တံခါးများ အပြိုင်းအရိုင်း။ တရုပ်ကြီးက ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးဟုလေသံပစ်တော့ လူတချို့က ကျားသားမိုးကြိုး ဒီဝေါဟာရမကြားဖူးဘူး။ ပြဒါး တလမ်းသံတလမ်းဟု ဆိုကြသည်။ နိုင်ငံခြေတက်ကလေးများတွင် တက်ကျမ်းတွေရိုက်မလောက်။ စီမံခန့်ခွဲရေးဆရာတွေ ဗိုလ်ဝင်ခံကြ။ အခွင့်အလမ်းသစ်များနှင့်အတူ ဒေါ်လာစီးကြောင်းနှင့်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုတ်နှံမှုတွေရဖို့ လူလုံးထွက်ထွက်ပြရတာလည်းအမော။ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေတွေမရှိကြတော့။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးတိုက်ဖျက်ရေး..တို့အရေး..တို့အရေး..ဆိုပြီး အစည်း အဝေးကြီးမှာ အော်ပြ..အိမ်ပြန်ရောက်တော့ ရင်ရောကျောပါလုံအောင်ကာကြ၏။ ဝယ်ကြချမ်းကြ၊ သုံးကြစမ်းဖြုန်းကြစမ်း။ နောင်ရေးအေးပြီ။

ကမ္ဘာကြီးလုံခြုံရေးအတွက် မပူနဲ့၊ ငါ့တာဝန်ထားဟုဆိုပြီး အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးအဖြစ်ဘိသိတ်ခံအောင်မြေနင်း၏။ မင်း မြောက်တန်ဆာ ၅ ပါးအတွက် NATO ကိုအားထပ်ဖြည့်၏။ “ဒါဆိုရင် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေ ဘယ်နားသွားထားရတော့မှာလဲ” ဟု ညည်းသူကညည်း၏။ သမီးကညာပဏ္ဏာမဆက်၊ ခြေတော်ရင်းမဝပ်ဆင်းသူများအား ချော့တလီချောက်တလှည့်ဖြင့် တုတ်ပြလိုက်မုန့်ပြလိုက်။ ကောင်းချီးပေးသူရှိသလို ကြိတ်ပြီးမဟာမိတ်ဖွဲ့သူကလည်းဖွဲ့ကြ၏။ ကမ္ဘာ့အစီအစဉ်သစ် အခင်းအကျင်းသစ် New World Order ဖေါ်ရန်နှင့် ပေါ်ရန် နက္ခကြုံချိန်။ ဇာတာစန်းလဂ်တက်ချိန်ဆိုပြီး အူမြူးကြ၏။

ထိုအချိန်ထိ သတင်းစာဆရာတို့နှင့်အတူ လူတချို့က အမေရိကန်သည် ယဉ်ကျေးမှုစုံပျော်ဝင်အိုး (Multi-Cultural Melting Pot) ဟု တွင်တွင်ကျယ်ကျယ်သုံးနေကြဆဲ။ ထိုဝေါဟာရကို ခံတွင်းလိုက်သကြလို အမြိုက်ဆေးသဖွယ် နှုတ်တက်ရွရွလည်းအသုံးချခဲ့ကြ၏။ ကမ္ဘာမြေအနှံ့က လာနေလိုသူတွေလာကြ။ ဘုန်းကြီးကျောင်းက ဟင်းလေးအိုးကြီးလို ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး တပြိုင်တည်းခံစားနိုင်သည့်အရပ်။ လွတ်လပ်လိုက်သည့်ဖြစ်ခြင်း။ ယဉ်ကျေးမှုစုံကို တအိုးတည်းရောချက် တဝိုင်းတည်းထိုင်ကာ တပျော်တပါးစားကြပါစို့ဟု ဆိုလိုက်သံပင်။ အမေရိကန်ဇာတ်မသွင်း (Americanization)။ အမေရိကန်နိုက်ဇေးရှင်းမလုပ်။

နောက်တော့ သိတ်မကြာလိုက် တော်ဖလာက လှမ်းသတိပေးသည်။ “သိတ်လည်းအူမြူးမနေကြနဲ့ဦး.. လစ်လပ်သွားတဲ့အိုင်ဒီယို လိုဂျီ တိုက်ပွဲကွက်လပ်မှာ မတူတဲ့ယဉ်ကျေးမှုတွေထိပ်တိုက်တိုးပြီး (Clash of Civilization) ယမ်းအိုးကြီးတွေပေါက်တော့မယ်.. သတိဝီရိယ ကလေးနဲ့နေကြ.. လေးနဲ့မြားလည်း ဘေးချမထားကြနဲ့” ဆိုတော့မှ ဘေးဘီကို အလန့်တကြားခေါင်းထောင်ကြည့်ကြ၏။ တွေ့လိုက်ရချိန်မှာ နားရွက်တံတွေးစိုသွားပြီ။ ထိတ်အပုတ်ခံလိုက်ရပြီ။ အမွှာမျှော်စင်အုတ်ခဲပုံကြီးအောက်မှာ အစတေးခံလိုက်ရရှာသည့် အမေရိကန်ပြည်သူ များနှင့် မီးသတ်သမားများတို့၏ သွေးပျက်ဖွယ်အသံနက်ကြီးများ။

အရေးပေါ်အခြေအနေမို့ သမ္မတက စစ်ဦးစီးချုပ်ရာထူးကိုယူရ၏။ အိုစမာဘင်လာဒင့်လက်ချက်ဖြစ်ကြောင်း၊ ငါနဲ့မပေါင်းငါ့ရန်သူ..ဟု မန်မဲကာ အာဖဂန်ကိုဝင်တိုက်ရန်စစ်ပြင်၏။ သိက္ခာအချခံလိုက်ရလေခြင်းဆိုသည့် လူထု၏ရှက်စိတ်နှင့်နာကျည်းစိတ်အညှာကိုကိုင်ပြီး နိုင်ငံ ရေးသမားနှင့်စစ်ကုန်သည်ပေါင်းကာ တိုင်းပြည်ကိုသွေးဆူအောင်လုပ်ပြီး အာဖဂန်ကိုဝင်တိုက်၏။ ကုလသမဂ္ဂ၏ အမေရိကန်ပြည်သူတို့ အပေါ်စာနာစိတ်က အာဖဂန်နွံတွင် နိုင်ငံတချို့ကိုအမေရိကန်နှင့်အတူ ကျွံသွားစေ၏။ နောက်တော့ ကုလကိုပါဘေးချိတ်ပြီး အီရတ်ကိုထပ် တိုက်ပြန်၏။ ရေနံဝေစုလေးအတွက် ဒေါင်းနင်းလမ်းက နောက်လိုက်နောက်ပါ။ စစ်ကုန်သည်များကြီးပွားကြသလောက် တိုင်းပြည်ငါးပါး မှောက်တော့၏။

၉/၁၁ အပြီးမှာ အမေရိကန်အလံတွေ ပိုလွှင့်လာ၏။ အစ္စလာမ်ကမ္ဘာကိုဝါးလုံးဖြင့် သိမ်းရိုက်သူကရိုက်၏။ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပြောသူကပြော၏။ မရတော့ စစ်ဆိုသည်မှာ တိုက်မိလျှင်ရပ်ဖို့အတော်ခက်၏။ အခု ရပ်မရတော့။ “ဒုတိယဗီယက်နမ်ကိုဆန့်ကျင်ကြ” ကြွေးကြော်သံတွေ ပြည်တွင်းပြည်ပမှာညံလာ၏။ ဆိုတော့ လူလျှော့စားရိတ်လျှော့ လျှော့ရတော့၏။ ချစ်လှပါသည်ဆိုသည့် တိုက်ဖေါ်များ လည်း နှမ်းထွက်မကိုက်တော့ တပ်ပြန်ရုပ်၏။

သမိုင်းနိဂုံးဆရာက သူပြောတာလောသွားသည်ဟုဆိုပြီး အရှက်ပြေပြန်ဆုတ်၏။ သံယောင်လိုက်သူတို့ အီလည်လည်ဖြစ်ကျန်ခဲ့ သည်။ ဒုက္ခအမျိုးမျိုးခံ၊ ခေါင်းခံတိုက်၊ အပြောင်းအလဲအပြီး ဒီမိုကရေစီသူရဲကောင်းများ တိုင်းပြည်ဦးသျှောင်ဖြစ်ချိန်မကြာလိုက်။ ပြည်တွင်းစစ် နှင့် ပြဿနာပေါင်းသောင်းခြောက်ထောင်။ ဂျာအေးသူ့အမေရိုက်။ နိုင်ငံရေးစင်မြင့်ပေါ်မှ ဆင်းပြေးသူပြေးကြ၏။ အိုင်ဒီယိုလော်ဂျီထက် အမျိုး သားရေးဇန်းတင်ပြီး အထည်ကြီးပျက်ဘဝကို ပြန်ဆယ်မနိုင်တန်ကောင်းရဲ့ဆိုကာ ပွင့်လင်းစနိုင်ငံငယ်တို့၏ ရွေးကောက်ပွဲများက အမျိုးသား ရေးနှင့်ဘာသာရေးအယူသည်းသူများ၊ အာဏာစွန့်ကွန်မြူနစ်များအား အထွဋ်ပြန်တင်လာကြ၏။ ရွှေထီးကိုပြန်လွမ်းသူတွေဒုနှင့်ဒေး။ လေးမြားတပြင်ပြင်။ စစ်သံ တပေးပေး။ ရင်အေးစရာမရှိ။

ဈေးကွက်စီးပွားရေးကို ကိုလိုနီလက်သစ်ဝါဒသဖွယ် လုပ်သူကလုပ်၏။ ခံရသူကမကြိုက်။ မခံရအောင်လုပ်သူကလည်းလုပ်၏။ တရုပ်က လူသားချင်းစာနာမှုတွေပေးမယ်လို့မပြော။ မင်းတို့အိမ်မှာ ငါ..ဆိုင်လာဖွင့်မယ်ဆိုကာ ဆိုင်ခန်းငှားပြီး ပိုက်ဆံတွေဒလဟောသွန်ချ လိုက်၏။ တိုင်းပြည်ကို “ဘုံဝါဒ” မှ “ဘုံကျောင်းဘဝ” အဖြစ်ပြောင်းယူပြီး နိုင်ငံတကာကတရုပ်တန်းတွေကို အာဏာအဝန်းအဝိုင်းနှင့် ထည်လဲ တွဲခိုင်းရေးမူချ၏။ “သူ့ပြည်တွင်းရေးကိစ္စငါနဲ့မဆိုင်”ပြောကာ သူ့ဆိုင်နှင့်သူ့အထိုင်ငြိမ်ရေးအတွက် အိမ်ရှင်ဘက်မှခပ်ပါပါ။ “နင်တန် နင်တန်.. ပန်းကန်ကွဲ”ပင်မပြော။ “ကျားသားမိုးကြိုး”တွေက ငြိမ်ပြီး “အောင်မြင်ရင်နမူနာ၊ ကျဆုံးရင်သင်္ခန်းစာ” ဆိုနေ၏။ အာရှတိုက်၏လူမမာကြီးကား ကမ္ဘာ့မြီရှင်ကြီးနေရာ ဦးတည်သွားနေ၏။ ဒီတော့မှ ပြည်တွင်းဖြစ်ကိုအားပေးကြ၊ “ရှေးထုံးမပယ်နဲ့ဈေးသုံးမလွယ်နဲ့”တွေ ဖြစ်လာပြန်သည်။ ကွန်မြူနစ်ဆိုင်းဘုတ်အောက်က အရင်းရှင်ရုပ် ဘယ်လောက်သက်ဇိုးရှည်မလဲဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်သေး။

ကမ္ဘာ့ပုလိပ်ကြီးလည်း အာဖဂန်နှင့်အီရတ် စစ်နွံတွင်စစ်ကျွံပြီး ခြေကုန်လက်ပမ်းကျလာ၏။ စစ်စရိတ်ထောင်းသဖြင့် တိုင်းပြည်လည်း ထောင်းလမောင်းကြေလိုက်လာ၏။ တကြော့ပြန်စီးပွားပျက်ဂယက်ကလည်း ထလာနေ၏။ “ကိုယ့်ကိုယ်ကိုယ်လေးလည်းအားကိုးကြပါဦး” လုပ်လာ၏။ မိတ်ဆွေနိုင်ငံများဘက်လှည့်ပြီး “ကြည့်လုပ်ကြဦး” ဆိုတော့ ထိုသူတွေကလည်း အင်တင်တင်။ ယူရိုငွေနှင့်ဥရောပသမဂ္ဂကို ပွဲ ထုတ်နေရင်းမို့ အင်း..အဲ သိတ်မလုပ်။ နိုင်ငံခြားအရံငွေကို ဒေါ်လာအစား ယူရိုကိုပြောင်းထားရေးတွေ တွင်ကျယ်လာ၏။ ကမ္ဘာ့အစီအစဉ် သစ်နေရာတွင် “ပြောင်းပြစ်ရမယ်” Change..Change တွေဖြစ်လာ၏။ ဇာတာညှိုးချိန်မို့ နေတိုး NATO ယတြာလည်း မင်းလောင်းကို မကြေတော့။

အစွန်းရောက်တွေကို ကမ္ဘာလှည့်သုတ်သင်နေချိန်တွင် ကိုယ့်ကိုယ်ကိုယဉ်ကျေးမှုစုံပျော်ဝင်အိုး လို့ခေါ်ရတာမျက်နှာပူစရာဖြစ်လာ၏။ တဝိုင်းတည်းထိုင် တပြိုင်တည်းစားနေတာမဟုတ်တော့ခက်နေသည်။ သည်တော့ စကားလုံးသစ်ကို ကြံဆရပြန်၏။ “ပေါင်းစည်းရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း” Unity in Diversity and Diversity of Unity ဆိုသည်ကို ရှာတွေ့၏။ လူထူလျှင်ကျယ်ကျယ်ပြောကြရတော့၏။ သူတပါးကိုချပြရင်း သင်လည်းပေးရပြန်၏။ “မင်းတို့ပဲ ခုတမျိုးတော်ကြာတမျိုး” ဟုဆိုကာ နှာခေါင်းရှူံ့သူရှူံ့။ “ဟုတ်ပါ့..မှန်ပါ့” လုပ်သူလုပ်။ “ခွတုတ်” တွေလည်း တုတ်ရပြန်၏။ ကမ္ဘာမြေကား ယခုချိန်ထိ မျက်စေ့သူငယ်နားသူငယ် ဖြစ်နေဆဲ။
မျိုးမြင့်ချို

0 comments:

Post a Comment