Thursday, February 27, 2014

၂ဝ၁၃၊ ဖေဖော်ဝါရီအကုန်ပိုင်းမှာရေးတဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
မနေ့ညက တီဗီမှာ အမေရိကန်စစ်အသုံးစား ရိတ်တွေ လျှော့ချဖြတ်တောက်မယ့်အကြောင်းကို အချက်အလက်/လူပုဂ္ဂိုလ်/အကျိုးအကြောင်း/အခြေ အနေဝေဝေဆာဆာနဲ့ တင်ပြသွားတာတွေ့တယ်။ အသုံးစားရိတ်ဖြတ်တာဆိုတော့ ထုံးစံအတိုင်း နယ်ပယ်အသီးသီးမှာ လူလျှော့ အင်အားလျှော့ ငွေခြွေတာရတာပါပဲ။ ထုံးစံအတိုင်း စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်ကြီးများရဲ့ ခံစားခွင့်တွေ မထိပါးရေးလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း အိမ်ဖြူတော်၊ ကာကွယ်ရေးဝန်ကြီး၊ ကွန်ဂရက်စ် လွှတ်တော်တွေ အကြီးအကျယ်အငြင်းအခုံလုပ်ပြရတာလည်း ပါတာပါပဲ။ ထုံးစံအတိုင်း ပွစိပွစိလုပ်လာတဲ့ ကြည်း/ရေ/လေ ဦးစီးချုပ်တွေ အမည်စာရင်းအပြောင်းအလဲလုပ်ဖို့ သမ္မတ(စစ်သေနာပတိ)နဲ့၊ ပင်တဂွန်နဲ့ ကွန်ဂရက်စ်နဲ့ လက်ဝါးရိုက်ကြတာလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း နိုင်ငံတကာမှာဖြန့်ကျက်ထားတဲ့ အမေရိကန်တပ်တွေပြန်ရုပ်မယ်လည်း ပါရတာပါပဲ။ ထုံးစံအတိုင်း လိုအပ်ရင်အချိန်မရွေးပြန်လွှတ်ပေး မယ်နဲ့ချွေးသိပ်ရတာလည်း ပါတာပါပဲ။ ထုံးစံအတိုင်း တခြားနိုင်ငံတွေက အမေရိကန်စစ်စခန်းတွေပိတ်မယ် လည်း ပါရတာပါပဲ။ ထုံးစံအတိုင်း လေယဉ်တင်သင်္ဘောကြီးတွေဆိုတာ စစ်စခန်းသေတွေထက်ပိုထိရောက် တဲ့ ရွေ့လျားစစ်စခန်းကြီးတွေမဟုတ်လားလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း လူနည်းနည်း တိုက်စွမ်း ရည်မြင့်မြင့်လည်း ပါရတာပါပဲ။ ထုံးစံအတိုင်း ပွဲစည်ဖို့ လူများမှဖြစ်မယ်ဆိုလည်း နေတိုးနဲ့နေတိုး မဟာမိတ်တွေရှိသားပဲလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း ငွေလျှော့လူလျှော့ပေမယ့် တိုက်အားတော့လျှော့မယ်မထင်နဲ့လည်း ပါရတာပါပဲ။ ထုံးစံအတိုင်း အမျိုးသားလုံခြုံရေးအတွက်ဆို ချက်ခြင်းအင်အားပြန်ဖြည့်တင်းပြီး မီးလောင်တိုက်သွင်းပစ်လို့ရတယ်လည်း ပါရတာပါပဲ။ ထုံးစံအတိုင်း ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး ခမောက်ပြာတပ်တွေထဲ စစ်အင်အားပိုဖြည့်တင်းပေးပါ့မယ်လည်း ပါရတာပါပဲ။ ထုံးစံအတိုင်း "မင်းတို့နဲ့လည်းဆိုင်တယ် ဝိုင်းကြပါဦးဟ"ဆိုကာ ဝိုင်းကြီးချုပ်ဗျူဟာလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း တိုင်းပြည်၏အခြားလိုအပ်သည့်နေရာများတွင် ပိုမိုအကျိုးရှိစွာသုံးစွဲနိုင်ရေးလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း လော့ဂ်ဟိမာတင်တို့ ဘိုးရင်းတို့ နော့သရော့ပ်ဂရူးမင်းန်းတို့ ဂျင်နရယ်လ်ဒိုင်း နမစ်တို့အပါအဝင် အနုမြူဗုံးကအစ တိုက်လေယဉ်အလယ် ဖိနပ်ကြိုးအဆုံး စစ်လက်နက်နည်းပညာ ကုမ္ပဏီကြီးတွေ ရောင်းအားမကျအောင်အာမခံရတာလည်း ပါရတာပါပဲ။ ထုံးစံအတိုင်း ကမ္ဘာ့ဘယ်နေရာက မင်းဆိုးမင်းညစ်တွေကိုမဆို ဖယ်ရှားသုတ်သင်ဖို့ဆိုတာ အမေရိကန်ရဲ့ဝတ္တရားဖြစ်ကြောင်းနဲ့ လက်နက်ရောင်းဖို့ဈေးခေါ်သံလည်း ပါရတာပါပဲ။

ပြောရရင် ထုံးစံအတိုင်းဖြစ်နေကြဟာတွေ ဖြစ်တာမှန်ပေမယ့် ဒီတခေါက် အမေရိကန်စစ်အသုံးစား ရိတ်လျှော့တာကို စိတ်ပိုပူရင်ပိုခံရတာက အစ္စရေးလ်ဖြစ်နေတယ်။ ဂျပန်၊ သြစတေးလျအပါအဝင် တရုတ်နဲ့ရန်စောင်နေတဲ့ အာရှတလွှားပစိဖိတ်ဒေသက နိုင်ငံများက ဟိုကလျှော့တဲ့ငွေ ဒို့ဘက်ကျလာလေ မလားတွေးပြီး ဝမ်းအသာကြီးသာတာလည်း သတိထားမိတယ်။ အထည်ကြီးပျက်ဗြိတိန်နဲ့ ရွှေကျောင်းပြောင်ပြောင်ပြင်သစ်ကလည်း သူတို့အစိုးရဘဏ္ဍာတိုက်တွေကို မျက်စောင်းသိတ်မထိုးဝံ့တော့ သက်ပြင်းချရင်း လက်နက်ဈေးကွက်ဝေစုတွေ ပြန်များခွဲကြတော့ မလားလို့ ကြောင့်ကြတယ်။ ရုရှား၊ တရုတ်နဲ့ အမေရိကန်မျက်ဖြူအဆိုက်ကို ကြိုက်သူတွေကတော့ ဗိုက်နာပြီးအောက်ဈေးနဲ့ထုတ်ရောင်းလာမယ့် နည်းပညာအဆင့်မြင့် အမေရိကန်စစ်လက်နက်ပစ္စည်းတွေ ထဲက ဘာတော့ဝယ်မယ်/မဝယ်ဘူး စာရင်းတွေတောင် လုပ်နေကြပြီ။ လက်ထဲငွေပိုငွေလျှံမရှိတာ မှန်ပေမယ့် စစ်၂ ပွဲ (အာဖဂန်နစ္စတန်နဲ့အီရတ်) တပြိုင်တည်းတိုက်နိုင်တဲ့တပ်ဆိုတဲ့
စစ်မန် နည်းနည်းတော့ ချရပုံပဲ။

စစ်လက်နက်အပြိုင်အဆိုင်ထုတ်လုပ်၊ ရောင်းချ၊ တပ်ဆင်ရုံမက စစ်နဲ့စီးပွားဖြစ်တဲ့၊ ကမ္ဘာ့စစ်စားရိတ် အများဆုံးသုံးတဲ့၊ စစ်အင်အားနဲ့ စစ်စွမ်းရည်အထက်ဆုံးဖြစ်တဲ့၊ စစ်သားတွေ လူချစ်အခံရဆုံးဖြစ်တဲ့၊ ကမ္ဘာ့စစ်လက်နက်ပစ္စည်းအရောင်းဆုံးနံပတ်(၁)ဖြစ်တဲ့၊ စစ်ကုန်သည်ကြီးတွေနဲ့ဘဏ္ဏာအရင်းရှင်ကြီးတွေ နိုင်ငံရေးအာဏာချယ်လှယ်စွမ်းတဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင်ကြွေးကြော်ပြီး စစ်တိုက်စားတဲ့၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးချန်ပီယံအဖြစ် ကမ္ဘာ့ပုလိပ်ကြီးအဖြစ်မိမိကိုယ်ကိုတင်စားတဲ့ အမေရိကန်လိုတိုင်းပြည်က စစ်စားရိတ်လျှော့ချဖြတ်တောက်နေချိန်မှာ ရွှေပြည်ကြီးကြည့်လိုက်တော့ လူထုကိုဂုတ်ခွစီး၊ တိုင်းပြည်ကို ဦးပိုင်စစ်ဓနနဲ့ မောင်ပိုင်စီးရုံတင်အားမရတော့ပဲ ကာကွယ်ရေးအသုံး စားရိတ်တိုးယူဖို့ စစ်လွှတ်တော်၊ စစ်တပိုင်းအစိုးရ၊ စစ်တပ်ခေါင်းဆောင်တွေ(ပြောရရင် ယူနီဖေါင်းဝတ် စစ်ဗိုလ် ဗိုလ်နဲ့ အရပ်ဝတ် ဝတ် ဦးစစ်ဗိုလ် ဗိုလ်တွေ) ဆင်ကြံကြံနေတာမြင်ရတယ်။

ဗုဒ္ဓဝါဒီတွေအဖို့ လူသတ်လက်နက်ထုတ်တာ ရောင်းတာဝယ်တာ စစ်တိုက်စားတာ စတဲ့အသက်မွေးမှုတွေဟာ မိစ္ဆာအာဇီဝတွေလို့ နှုတ်ကဘယ့်လောက်ဟစ်ကြွေးကြွေး လက်တွေ့မှာ မိစ္ဆာအာဇီဝနဲ့ လူဝါးဝနေသူတွေမြင်တော့ စိတ်ထဲကြိတ်ပြီး ဝချင်နေသူတွေမှ ရေ၍မကုန် တွက်၍မခန်းဖြစ်နေတာလည်း အထင်အရှား။ (စစ်စားရိတ်လျှော့ချမယ့်ကိစ္စ)

ခနနေရင် အပြင်ထွက် ထမင်းဖိုးအတွက် စိတ်ကျန်းမာရေးဌာနသွားပြီး စကားပြန်လုပ်ရမယ်။ မနက်က ကော်ဖီတစ်ခွက် မော့ပြီးပြီ၊ လက်ကျန်ထမင်းကြမ်းနဲ့ ညီမပေးတဲ့ ပဲပြုတ်သုတ်ဆီဆမ်း၊ မနှင်းဆိုင်က ငါးပိထောင်း၊ မာမားခြောက်ဆွဲခြောက်အရည်သောက်နဲ့ ဗိုက်တဆန့်လွေးပြီးပြီ။ ကြက်ကလေးတွေ အစာကြွေး ရေလဲပြီးပြီ၊ ခွေး(၂)ကောင် စည်အောင်ဝစေကြောင်းပြီးပြီ၊ စိတ်ထဲပေါ်လာတဲ့အတွေးကို စတေးတပ်စ်အဖြစ်ချရေးပြီးပြီ။ နောက်ဖေးခြံထဲက ကြက်အိမ်နဲ့လူအိမ်ကူး ၂ ပေကျယ် ရေခဲအကြွပ်ခင်း နှင်းဖုံးလမ်းလေးလည်းအရည်ပျော်စပြုပြီ။ အောက်က မြက်ညိုတိုတိုတွေ
ပေါ်လာပြီ။ ကြွက်တွင်းလို တွင်းဝလေးတွေမှာ တောင့်တင်းပြီး နှင်းပိသေထားတဲ့ ပူးနဲ့တူတဲ့အကောင်သေရေခဲရိုက်တွေမှ မနည်းပါလား။ ခွေးလေးတွေ ကိုက်ကိုက်ပြီး အိမ်ထဲယူလာတဆင် ၄ ကောင်ရှိပြီ။ သေတာ အနည်းဆုံး ၃ ပတ်လောက်ရှိပေမယ့် သဘာဝရေခဲတိုက်ထဲ ရေခဲရိုက်ထားတာ ဆိုတော့ မပုတ်မသိုးနဲ့ ကြည့်ရတာအူယားချင်စရာအကောင်ဗလောင်လေးတွေပဲ။ အပွိုင်မင်န်ကျတွေ့ရမှာက စိတ်ရောဂါအထူးကုသမားတော်ကြီးရယ်၊ ကုထုံးပညာရှင်ရယ်၊ စိတ်ဝေဒနာခံစားနေရသူရယ် ကျနော်(စကားပြန်)ရယ် လေးပွင့်ဆိုင်ပဲ။ အင်န်အယ်လ်ဒီပြောတဲ့ (ကြီး ၄ ကြီး)ကတော့ ဘယ်နေမှန်းမသိ၊ ကျနော်တို့ ၄ ဦး ၄ ဖလှယ်ကတော့ ဘက်ပေါင်းစုံ ကောင်းရာကောင်းကြာင်းနဲ့ အေးရာအေးကြောင်းပါ။
(အချိန်ပိုတွေရှိတဲ့နေ့)


ယဉ်ကျေးမှုဆိုတာ ခု လူတချို့ပြောပြောနေတဲ့ ဘာအရေးညာအရေးတွေလုပ်ဇာတ်ခင်းပြီး ဗုဒ္ဓသာသနာအခြေပြုဗမာလူမျိုးကြီးဝါဒနဲ့ စစ်တပ်ထောင်ပြီးစီးပွားရှာတာမျိုး၊ အမျိုးသားရေး အရေခြုံအသံကောင်းဟစ်ကာ အာဏာလုယက်တာမျိုး၊ မျိုးချစ်စိတ်အယောင်ဆောင် လူသားချင်းချင်းအကြမ်းဖက်သတ်ဖြတ်တာမျိုး၊ အမျိုးဘာသာ သာသနာအကာအကွယ်နဲ့ ဘာသာလူမျိုးခြားတွေအပေါ် တရားလက်လွတ်နှိပ်ကွပ်တာမျိုး၊ ဘာသာရေးသဏ္ဍန်နိုင်ငံရေးနဲ့ လူစုအကြပ်ကိုင်ခြိမ်းခြောက် အနိုင်ကျင့်တာမျိုးတွေနဲ့ ပြဒါးတစ်လမ်း
သံတစ်လမ်းပဲ။ တခြားစီပဲ။ လူသားချင်း လူဆန်ဆန်မြင်တတ်တွေးတတ်ခြင်း၊ ကိုယ့်တစ်ကိုယ်ရည်အခွင့်အရေးနဲ့လွတ်လပ်ခွင့်ကိုထိန်းသိမ်းတတ်ခြင်း၊ တပါးသူအခွင့်ကိုလည်း မိမိနဲ့ယှဉ်ကာခံစားနားလည်ထိန်းသိမ်းပေးခြင်း၊ နိုင်ငံရေးဒီမိုကရေစီ စီးပွားရေးဒီမိုကရေစီရှိခြင်း၊ လူ့အခွင့်အရေးအခြေခံပေါ်ကနေ လူ့အဖွဲ့အစည်းကို ထူထောင်တည့်မတ်ပေးခြင်းတွေအပါအဝင် ဘာသာရေးကို ဘုရားနဲ့ သူ့နောက်လိုက်နောက်ပါတွေ တနည်းပြောရရင် ယုံကြည်သူနဲ့ယုံကြည်ခံတွေ လက်ထဲပြန်အပ်နိုင်မှသာ ယဉ်ကျေးပြီးငြိမ်းအေးတဲ့ လူ့အစုအစည်းရမှာပဲ။ ဘာသာ/လူမျိုးကိုင်ပြီး အာဏာကိစ္စကစားနေသမျှ ဖွတ်သထက်ညစ်ပြီး ဓါးမနောက်ပိတ်ခွေးဘဝက တက်စရာလမ်းမရှိဘူး။ ကမ္ဘာပိုပိုဆန်လာတဲ့ ကမ္ဘာ့အဝန်းအဝိုင်းထဲမှာနေပြီး ကမ္ဘာကြည့် ကြည့်တတ်ဖို့ဆို ကမ္ဘာသူ ကမ္ဘာသားများရဲ့လူမှု၊ စီးပွား၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေထဲလိုက်ပါဖို့ဆို ရိုးရာအစဉ်အလာဓလေ့တချို့ နာကျင်ပွန်းပဲ့ခံပြီး စွန့်တန်စွန့်ရတာပဲ။ လွှတ်ချတန်ချရတာပဲ။ အသေကိုင်ထားသမျှ ကမ္ဘာ့လူ့ယဉ်ကျေးမှု စုံထဲမယ် မျက်နှာပျက်စရာအပြင် ဝမ်းမဝခါးမလှလည်းဖြစ်ရတာပဲ။ ရိုးရာရယ် ဓလေ့ရယ် အလေ့ရယ် အစဉ်အလာရယ်ဟာ အမှတ်တမဲ့ဆို ယဉ်ကျေးမှုလားလို့ ထင်ယောင်မှားစရာတွေပါ။ အစွဲအလမ်းကြီးမှုနဲ့ အညှာလွယ်မှုအတွေးအမြင် အကောက်အယူတွေဆိုတာဟာ လူ့အဖွဲ့အစည်းကို တိုင်းပြည်ကို ခေတ်နဲ့အဆက်ဖြတ်ကာ (အခါများစွာမှာ)နားကိုခတ်တဲ့ အဆိပ်ပဲ။ လူပေါင်းများစွာကို သေစေနိုင်တာလက်တွေ့မျက်မြင်ပဲ။ ဘုန်းကြီးလည်း ယုံကြည်သူတွေဆီက လှူခံစားသောက်ပေ့စေ၊ ဘာ အာဏာအကာအကွယ်နဲ့မှ ဘယ်သူမှ ဘာမှအလှူဒါယိကာလုပ်စရာမလိုဘူး၊ သူတို့ချင်းကြားကပြဿနာတွေ (ဝိနည်းချိုးဖေါက်/မဖေါက်ကိစ္စ)မှာလည်း သူတို့အတွက်ထားတဲ့ နည်းဥပဒေသတွေနဲ့သွားပေ့စေ၊ လူ့အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ ဥပဒေတွေကျူးလွန်လာရင်တော့ အခြားသူတွေနည်းတူ တရားဥပဒေရဲ့အစီင်္အရင်ခံပေ့စေ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတဲ့အရွယ်နဲ့ပညာရှိပြီဆို လူတိုင်းကိုယ့်ဘဝကိုယ် ဆုံးဖြတ်ပေ့စေ၊ ကိုယ့်ကိုယ်ကိုတာဝန်ယူပေ့စေ၊ ယူနိုင်အောင်လည်း မျှတတဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ လူတိုင်းတန်းတူခွင့်နဲ့ စီရင်ခြင်းရှိပေ့စေ။ အစိုးရအလုပ်က လူတွေကို နောက်ဘဝချမ်းသာအောင် လုပ်ပေးဖို့မဟုတ်သလို ဇိကုတ်နတ်ပြည်တင်စရာလည်း မဟုတ်ဘူး။ လူတွေအချင်းချင်းကြား တယောက်ကိုတယောက် အပြန်အလှန်သိမှတ်ပြု တန်ဖိုးထားလေးစားနားလည်ပြီး လွတ်လပ်အေးချမ်းစွာနေထိုင် သက်မွေးနိုင်ဖို့ ကြားကဝင် ကြပ်မတ်ထိန်းညှိပေးဖို့ မရှိမဖြစ်လိုတဲ့ကိရိယာပဲ ယန္တယားပဲ၊ သာသနာပြုမင်းလည်းမဟုတ်ဘူး၊ မိဘလည်းမဟုတ်ဘူး၊ သားသမီးလည်းမဟုတ်ဘူး၊ အစေခံလည်းမဟုတ်ဘူး၊ အရှင်သခင်လည်းမဟုတ်ဘူး၊ ကျေးကျွန်လည်းမဟုတ်ဘူး။ (ယဉ်ကျေးမှုနဲ့အစိုးရကိစ္စ)

ဘာမှ မဖတ်ဖြစ်မရေးဖြစ်တဲ့ စနေတနင်္ဂနွေ။ ၆၆ နှစ်မြောက်ချင်းအမျိုးသားနေ့ သွားတက်ဖြစ်တာရယ်၊ သက်ကြီးရွယ်အို (၁)ဦး ထောက်ပံ့ကြေးကိစ္စ အွန်လိုင်းကလျှောက်ပေးဖြစ်တာရယ်၊ အိမ်ကကြက်ကလေးတွေတင်းသစ်လုပ် ကြမ်းခင်းရှင်းတာရယ်၊ ခွေးအသစ်နေတတ်အောင် သင်ပေးတာရယ်၊ ထောင်ထွက်မိတ်ဆွေတစ်ယောက် အိမ်ကို ညအိပ်ညနေလာလည်ရင်း ညသန်းကောင်ကျော်ထိ တော်ကီထိုင်ပွားကြတာရယ်၊ သူ့ကွန်ပြူတာရယ်၊ မိတ်ဆွေတစ်ယောက်က ကျနော့်အခြားမိတ်ဆွေတစ်ယောက်သုံးဖို့ပေးလိုက်တဲ့ ကွန်ပြူတာရယ်ကို တတ်သလောက်မှတ် သလောက်လေးကလိ၊ အလကားရပြီးအသုံးတည့်မယ့်ဆော့ဖ်ဝဲလ်တချို့ အွန်လိုင်းကဒေါင်းလုဒ် လုပ်တန်လုပ် ကိုယ့်ရှိတာလေးတွေ အင်စတောလ်လုပ်ပေး၊ နှင်း နည်းနည်းကျဲသွားမလားစောင့်ရင်း ခုမိုးချုပ်ပြီ။ မနက်ဖြန်ဆို ပုံမှန်ပြန်လည်ပတ်ပြန်ပြီပေါ့။ မိုးလေဝသက ဆောင်းကုန်တော့မယ် လည်းပြောတယ် လာမယ့်အပတ်ထဲ ရေခဲမှတ်နားနီးနီးပြန်အေးဦးမတဲ့။ မတ်လ ၂၁ ဆို
ပုံမှန်ပြောနေကြက Spring လို့ခေါ်တဲ့ နွေဦးပေါက်ရာသီဝင်ပြီ။ သစ်ပင်တွေမှာ ပုရစ်ဖူးတွေ နုသစ်ကြမယ်....မြက်တွေပြန်စိမ်းကြမယ်...မြေကြီးကိုခွဲပြီး အပြိုင်းအရိုင်းရုန်းကန်ထိုးထွက်လာမယ့် အလေ့ကျအပင်လေးတွေ၊ တောပန်းရောင်စုံတွေ၊ ဟိုပြေးဒီလွှားယုန်ကလေး
ရှဥ့်ကလေးတွေ၊ တခါတခါ မျက်စေ့လည်ချင်ဆောင်ပြီး အရည်ရွှမ်း သစ်ခေါက်နု လာလာခွာစားတဲ့သမင်တွေရယ်၊ တစ်ကိုယ်လုံးစွေးစွေးနီတဲ့
အင်ဒီယားနားပြည်နယ်ငှက်ဖိုရယ် သူမိတ်ဖက် ညိုဖျော့ဖျော့ငှက်မလေးရယ်လည်း လာကြတော့မှာပေါ့။ အင်း..ဘာပဲဖြစ် ဒီ အလှရသ ဒီကိလေသာတွေထဲစုံမက်ရင်း
ဘဝတဏှာနဲ့ဆုံလည်နွားလိုပျော်ပိုက်ရင်း မသေမချင်းတော့ ကျန်းကျန်းမာရှိချင်တယ်။ သေခါမှသေရော။ (အလုပ်မဖြစ်တဲ့နေ့)


၂ဝ၁၃၊ ဖေဖော်ဝါရီအကုန်ပိုင်းမှာရေးတဲ့ တိုနန့်နန့်လေးတွေ၂(မျိုးမြင့်ချို)

0 comments
ဒီနေ့ တကြော့ပြန်အေးဦးမယ်။ နှင်းလည်း ထူထူ ထဲထဲကျမယ်။ ခုကို အပြင်မှာ လေ ဟူးဟူးရားရား နှင်းဖွားဖွားနဲ့။ ရေခဲမှတ်နားကပ်နေလေရဲ့။ ညကျ ရင်တော့ ရေခဲမှတ်အောက် ၆ ဒီဂရီကနေ ၁၃ လောက်အထိ ဆင်းသွားမယ်။ ကြက်ဖကြီး ၂ ကောင်ရဲ့ အလှည့်ကျတွန်သံမှာတောင် အေးအေး ခိုက်ခိုက်နဲ့ မေးရိုက်သံလေးတွေစွက်လို့။ တီဗီ သတင်းက ကျောင်းကို ၂ နာရီ နောက်ကျပြီးမှ လာကြဖို့ အောက်ခြေစာတန်းထိုး ပြသလို ဘယ်လမ်းဘယ်လမ်းတွေနှင်းတွေကျ ဘယ်လမ်းဘယ်လမ်းတွေကားတွေကြပ် လမ်းတွေချော်မယ်ဆိုပြီးပြောနေတယ်။ ခွေးလေး ၂ ကောင်ကတော့ တိုးတိုးခွေ့ခွေ့နဲ့ ကိုယ်ငွေ့ ကိုယ်ငွေ့ချင်းလုံးပြီး ပူးပူးကပ်ကပ်အနွေးဓါတ်ကူးနေလေရဲ့။ ညက အိမ်ပြင်ထုတ်ထားတဲ့ ကြက်ရေခွက်တွေကြည့်တော့ လက်ကျန်ရေနဲ့ အတွင်းမှာခဲပြီးကပ်နေတာ ခွာလို့မရသေး။ ခနနေမှ ရေနွေးစိမ် ခွာပြီး ရေသစ်ထည့်ရမယ်။ လေးစိတ်ကွဲ ကြက်စာပြောင်းကြမ်းအိပ် ဖွင့်လိုက်တော့ ပြောင်းဆန်နံ့မွှေးမွှေးလတ်လတ်က နှာခေါင်းထဲတိုးဝင်လာတယ်။ အစာဗူးထဲထည့်ဖို့ ခွက်ထိုးအကော်မှာ လက်ဖျားလေးတွေ အေးကနဲစိမ့်တက်သွားရဲ့။ အိမ်နောက်ဖေးကကွင်းကြီး ကြည့်လိုက်တော့ နေသာမပြူသေးတာ ကွင်းကြီးက လင်းပြီး ဖွေးနေတယ်။ ကွင်းစပ်နဲ့ကွင်းဆုံး နှုတ်ခမ်းသတ် အရွက်မဲ့သစ်ပင်တွေကြည့်ရတာ လွမ်းစရာထက် ချမ်းတောင်ပိုချမ်းလာသလိုလို။ ကျနော်နေတာက City Limit နဲ့ အခြား အကန့်ဆိုလို့ စမ်းချောင်းလေးတောင်မရှိတဲ့ တဆက်တစပ် မြို့ပြင်ရပ်။ ကျေးလက်ဆန်ဆန် ဆိတ်ညံညံ။ ယာတောအိမ်လေးတွေဆိုတော့ “မြို့ကြီးသူ မယ်တို့လို မပြင်တတ်တယ် မဆင်တတ်တယ်” နဲ့ တောသူမေ လုံမလို၊ အိမ်ကွက်တွေက ရွာလိုချတည်ထားတာ။ အိမ်ရှေ့ ကိုက် ၅ဝ လောက်မှာ အမှတ် ၂၇ အဝေးပြေးလမ်းမကြီး။ လမ်းမဟိုဘက် မျက်နှာချင်းဆိုင်မှာ လယ်သမား အိမ် ၂ လုံး၊ ပြောင်း၊ ပဲပိစပ်၊ ပန်းသီးနဲ့ အခြားအသီးအနှံ နည်းနည်းပါးပါးစိုက်တယ်။ သူတို့နောက် မိနစ် ၂ဝ လောက်လမ်းလျှောက်ဝင်သွားမှ လူနေရပ်ကွက်တွေနဲ့ မြို့တွင်းဧရိယာပြန်ရောက်တယ်၊

အဲ့ဒီရပ်ကွက်ထဲမယ် ရဲအရာရှိသင်တန်းကျောင်းနဲ့ အိုင်ဗီးကွန်မြူနတီကောလိပ်က ဌာနခွဲစာသင်ခန်းရှိ တယ်၊ ခရင်မင်နယ်လ်ဂျပ်စတစ်က် သင်တာ။ ရဲသင်တန်းကျောင်းနဲ့ ကောလိပ်ကတရားစီရင်ရေး ဘာသာရပ်နဲ့တွဲထားတာ။ အဲ့ ကျောင်းနောက်မှာ ကျနော် ဒီ့အရင်ကနေခဲ့တဲ့ တောင်ပိုင်းတံတားဆိုတဲ့ ရပ်ကွက်လေး ရှိတယ်။ ရပ်ကွက်က သန့်ပြန့်ကျယ်လွင့်တယ်။ အိမ်ငှားတွေအားလုံးက ကိုယ်လိုပဲ ဝင်ငွေနိမ့် အခြေခံလူတန်းစားတွေပါ။ လခက ကျနော်တို့(၂)ယောက်လုပ်ခရဲ့ လေးပုံတစ်ပုံနီးပါးပေးရတယ်။ အိမ်နောက်မှာ လူလုပ်ရေကန် အကြီးကြီးတွေရှိပြီး၊ အဲ့ဒီကန်စောင်းက တောအုပ်အသေးလေးတွေထဲ တနွေလုံး ငန်းရိုင်းတွေ ဘဲရိုင်းတွေလာကြနေကြ သားပေါက်ကြနဲ့ ကန်စပ်နဲ့ရေပြင်ဟာ ဘုရားပွဲလို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်။ ကန်နဲ့အိမ်တွေအကြား အိမ်နဲ့အိမ်တွေအကြား မြက်ခင်း စိမ်းတွေပေါ်မှာ သားပေါက်ကလေးတွေအလည်မှာထားပြီး သားများမိငန်းမ/ငန်းဖိုကြီးတွေ တဂွီးဂွီးတဂေါ်ဂေါ် လည်တန်ကြော့ကြော့ခေါင်းမော့မော့နဲ့ မိဘဂုဏ်များ ထည်ပြကြပလားဆို စိတ်လက်ကြည်နူးစရာ။ ရာနဲ့ချီတဲ့အုပ်များ ရပ်ကွက်အတွင်းလမ်းတွေဖြတ်ပလားဆို နာရီဝက်လောက် စက်သတ်ကားရပ်ပြီး စောင့်ကြည့်ရတာကိုက အရသာ။ ကင်မရာလေးအလွယ်ပါရင်တော့ ဓါတ်ပုံလေး ဘာလေးရိုက်ပေါ့လေ။ အဲ..တခါတခါ အချိန်ကိုက်အလုပ်တွေ သုတ်ခြေတင်ရပြီဆိုရင်တော့ သူတို့ လမ်းဖြတ်ချိန်ရပ်စောင့်ပေးနေရင်း ငြိုငြင်စိတ်နဲ့ကွက်မိတယ်။ ချစ်လို့ အနားသွားကပ်ပြီး ထိကြည့်မယ် လုပ်ရင်တော့ ခင်ဗျားကို သားဇောနဲ့ထိုးလိုက်မဟဲ့ ဆိတ်လိုက်မလဲ ဆွဲလိမ်လိုက်မဟဲ့ဆိုကာ နှုတ်သီးတပြင်ပြင် မျက်လုံးမျက်ဆန်တပြူးပြူး နှုတ်ခမ်းတလန်ပန်းတလန်နဲ့ ရန်ထောင်ကြလိမ့်မယ်။

ခုလိုဆောင်းတွင်းကြတော့ အဲ့ဒီရေကန်ကြီးတွေလည်း ခဲလို့၊ ကလေးတွေ ကန်မျက်နှာပြင်တွေပေါ် ရေခဲလျှောစီးလို့၊ မြေပြင်ကလည်း နှင်းဖုံးရေခဲဖုံး ဖွေးဖွေးကြည်ကြည် မာမာတင်းတင်းကြီးဖြစ်လို့၊ ငန်းရိုင်းတွေလည်း မိုင်ထောင်ချီဝေးပြီးနွေးတဲ့ ကနေဒါမှာဆောင်းခိုသွားကြ။ အမေရိကန်ဆောင်းရှောင်ကြတယ်ပြောလည်း မမှားဘူးထင်တယ်။ အဲ့ဒီရပ်ကွက်လေးက နေလို့ကောင်း စိတ်လက်ကြည်သာရှိတာမှန်ပေမယ့် အများနေတိုက်ခန်းတွဲဆိုတော့ ထုံးစံအတိုင်း စနေနေ့ညဝေဒနာဒဏ် အခံတော့ မလွတ်ဘူးပေါ့။ စနေညတွေဆို ဆေးခြောက်နံ့လေး တသင်းသင်း၊ ကိုကင်းခိုးလေး တဝေဝေ၊ ဘီယာချဉ်လေး တအေ့အေ့၊ ဝီစကီခွက်သံ တခွမ်ခွမ်၊ သီချင်းသံ ချစ်တင်းသံ၊ ငြင်းသံခုန်သံ ရီသံမောသံတွေကြားမှာ တခါလေ သေနတ်သံတွေ ညံညံထွက်သွားတတ်တာမျိုးပေါ့။ ရဲကား လူနာတင်ကားတွေက အချက်ပြမီးတွေ ဝင်းကနဲဝင်းကနဲ၊ အော်သံဟစ်သံအမိန့်ပေးသံတွေ တင်းကနဲတင်းကနဲ၊ ပြေးသံလွှားသံဖိနပ်သံခြေသံတွေ ထင်းကနဲထင်းကနဲ။ ခုန အသံစုံအနံ့စုံ ရသစုံနဲ့ထုံရစ်ရီဝေခဲ့တဲ့ ကြည်မောယစ်မူးဖွယ်စနေညဟာ ဝေဒနာပွေ့ပြီး တိတ်ဆိတ်ငြိမ်သက်မှုအတိနဲ့ အပ်ကျသံကြားရတော့မတတ်ပေါ့။ လန့်စရာမဟုတ်ပေမယ့် နည်းနည်းထိတ်ရတဲ့ အဲ့သလိုညတွေကို မအိပ်ပြစ်ရက်ဘူး။ အိပ်ပြီး မကုန်ပြစ်လိုက်ချင်ဘူး။ ဒါနဲ့ အဲ့သလိုလို ညညတွေဆို စာကြည့်မီးလေးကလွဲလို့ တအိမ်လုံးမှောင်ချ၊ အပြင်ကိုတိတ်တဆိတ်နားစွင့်၊ စာဖတ်၊ စာရေး၊ အွန်လိုင်းတက်ရင်း ကုန်ဆုံးခဲ့တာချည်းပဲ။ ခု မြို့ပြင်တောစပ်ရောက်တော့မှ တောင်ပိုင်းတံတားရပ်ကွက်လေးရဲ့ စနေနေ့ညဝေဒနာကို အမြဲလိုမဟုတ်ပေမယ့်လည်း လွမ်းတယ်။ လွမ်းတိုင်းလည်း သွားသွားကြည့်တယ်။ သွားသွားကြည့်တိုင်းလည်း ပြန်ပြန်လွမ်းရတယ်။

အဲ့ဒီ တောင်ပိုင်းတံတားရပ်ကွက်လေးရဲ့ စနေညတွေဟာ ထိတ်စရာလို့ဆိုပေမယ့် ဘယ်အချိန် အိမ်တံခါးလာခေါက်ပြီး တအိမ်လုံးမွှေနှောက် ရှာဖွေဝုန်းဒိုင်းကြဲပြီး “ခနခေါ်သွားမယ် လိုအပ်တာမေးမြန်း ပြီးပြန်လွှတ်လိုက်ပါ့မယ်”ဆိုကာ လက်ထိပ်နောက်ပြန်ခတ် ခေါင်းစွပ်ပြီးလာခေါ်မည့် ဧည့်ဆိုးတွေ ထိုင်စောင့်ရင်း ကုန်လွန်ဖြတ်သန်းခဲ့ရတဲ့ဘဝမျိုးက ညဆိုးတွေထက်စာရင် နှစ်လိုစရာကောင်းတာတော့ အမှန်ပါ။

ခု နေတာက ညာဘက်မှာ ၂ အိမ် ဘယ်ဘက်မှာ ၁ အိမ်၊ ကျနော်တို့ပါပေါင်းမှ အိမ် ၄ လုံး တန်းရက်၊ ကျနော်က အမေရိကန် ၄ အိမ်တန်းလို့ ခေါ်တော့ မိတ်ဆွေဗမာပြည်သားတချို့က ပြုံးစစလုပ်တယ်။ ခွန်နှစ်အိမ်မတန်းသလို မဂျမ်းဘုံလည်း ရှိတော့မရှိဘူးပေါ့။ ခင်မင်နှစ်လိုဖွယ် ကျေးတောဆန်တဲ့ လေးအိမ်တန်းကအိမ်နီးခြင်းတွေအကြောင်း နောက်တော့

ဖေါက်သည်ပြန်ချဦးမယ်တွေးပါတယ်။ (လေးအိမ်တန်းကအလွမ်းစာ)

မဟတ္တမဂန္ဒီကြီးရဲ့ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှာ အာဏာဖီဆန်ရေးပါတယ်။ အကြမ်းမဖက်ခြင်းဆိုတာ လုပ်သမျှခံခြင်းမဟုတ်ကြောင်း လက်တွေ့တွေနဲ့ သာဓကဆောင်ခဲ့တယ်။ လူထုကိုဆောင်ပြီး ပင်လယ် ကမ်းခြေမှာ ဆားသွားချက်ပြတာ အကြံကုန်လို့မဟုတ်မှန်း နေမဝင်အင်ပါယာဆိုတဲ့ပြည်ကြီးရှင်တွေ သိတယ်။ ရင်ဆိုင်ရတဲ့ရန်သူက ဒီမိုကရေစီလက္ခဏာတစုံတရာဆောင်တဲ့ နိုင်ငံရေးယဉ်ကျေးမှု သင့်သလောက်ရှိတဲ့ အာဏာကိုပညာသားပါပါနဲ့ကွယ်ကာရာမှာ ကျင်လည်တဲ့ ဗြိတိသျှနယ်ချဲ့ သမားဖြစ်တယ်။ အကြမ်းမဖက်ရုံသက်သက် အာဏာဖီဆန်မှုမပါဘူးဆို ဂန္ဒီ့နိုင်ငံရေးအယူဟာ လုပ်သမျှခံမယ်ဆိုတဲ့အနက်ကလွဲလို့ ဘာအဓိပ္ပါယ်မျှမဆောင်ဘူး။ အာဏာဖီဆန်ရေးမပါရင် ဂန္ဒီဟာ နေမဝင်အင်ပါယာအတွက် ဖုတ်လေတဲ့ငါးပိပဲ။ အာဏာဖီဆန်ရေးမပါတဲ့ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုဟာ တစ်ခြမ်းပဲ့ကြွေးကြော်သံပဲ။ (တစ်ခြမ်းပဲ့ကိစ္စ)

မနက်ဖြန် ဘာအပွိုင်မင်န်မှ မရှိ။ ခါတိုင်းထက်စောစောထမယ်။ စာဖတ်စရာရှိတယ်။ ရာဟုလာသံကိစ္စည်း ဟိန္ဒီလိုရေးတဲ့”ဗောဒ္ဓဒဿန”၊ ဆရာဆန်းထွန်းဘာသာပြန်ပြီး ဆရာပါရဂူ ထပ်မံဖြည့်စွက်ထား တဲ့ မြန်မာအမည်”ဗုဒ္ဓအမြင်”ကို လက်စသတ်မယ်။ အလင်းလာရင် ကြက်ကလေးတွေ အစာကြွေးရေလဲ၊ ခွေးလေးတွေ ရှူးပေါက်အီးပါလုပ်ပြီးချိန်ဆို ဇနီးသည်လည်းနိုးပြီ။ လယ်သမားကြိုက် အိမ်လှော်ထောင်း ကော်ဖီပြင်းပြင်းပူပူမွှေးမွှေး တစ်ခွက်သောက်မယ်။ ပြီးရင် ရင်နှစ်တို့အိမ်ဖက်သွားပြီး ပဲပြုတ်သုတ်၊ ငါးပိရည်ကျိုလက်ကျန်နဲ့ ထမင်းကြမ်း မနက်စာလွေးမယ်။ အမေနဲ့စကားထိုင်ပြောမယ်။ ပြီးရင် မွန်ကုန်စုံဆိုင်ဘက် တချက်လှည့်ဝင်မယ်။ ဘာ ပျိုးပင်လေးတွေ ဘာမျိုးစေ့တွေများရမလဲ မသိဘူး။ မတ်လလည်ရင် နှင်းကုန်ပြီ အအေးဝေးပြီ ဆောင်းပြေးပြီ။ ဒေါင်းမွေးမယ့်စိတ်ကူးက ပိုခိုင်လာတယ်။ သီးပင်စားပင်လေးတွေလည်း စစိုက်တော့မယ်။ အပြန်ကျ ဇေတဝန်ကျောင်းဝင်ပြီး ဦးဇင်းကိုနှုတ်ဆက်ရင်း တိုးကျော်လှိုင်တယောက် နေထိုင်ကောင်း/မကောင်းမေးရင်း ထွေရာလေးပါလည်း နာဦးမှ လျှောက်ဦးမှစိတ်ကူးတယ်။ ဘုန်းကြီးကျောင်း ထမနဲပွဲမသွားဖြစ်လိုက်ဘူး။ ”ထမနဲလက်ကျန်လေးများရှိရင် စွန့်ပါဦးဘုရာ့”ဆိုကာ တောင်းစားရမယ်။ မစားရတာကြာတော့ စားချင်အာလျရှိလှတယ်။ ဦးဇင်းကုသလနဲ့ နှုတ်ဆက်သာရုံဆုံဆုံနေပေမယ့် စကားမပြောဖြစ်တာကြာပြီ။ ဘာ့ဖလိုး (နူးယော့ခ်ပြည်နယ်)က အလည်လာတဲ့ မိတ်ဆွေအမကြီးက ငါးပိထောင်း ထောင်းထားတာ လာယူလို့ပြောထားတာ ရှိတယ်။ ဒီနေ့ သူ တည်းတဲ့အိမ်နောက်ဖက် ကားပါကင်အောက်ထိရောက် တာတောင် ဝင်မအားခဲ့ဘူး။ အောက်ကနေ ဖုန်းနဲ့လှမ်းနှုတ်ဆက်တော့ ”ဟဲ့..ထမင်းဝင်စားသွား။ ချဉ်ပေါင်ဟင်းလည်း ချက်ထားတယ်”တဲ့။ သွားရည်ပါကျရော။ စားချင်တာများ။ အချိန်မရလို့ လူချင်းတောင်တွေ့ နှုတ်မဆက်လိုက်ရတော့ အားလည်းနာတယ်။ မနက်ဖြန်ကျ အချိန်ရအေင်ယူပြီး သူ့ သွားတွေ့မယ်။ ငါးပိထောင်းသွားယူမယ်။ သူ့ငါးပိထောင်းက ဝေါ်ရှင်တန်(ဒီစီ) အထိတောင် ပေါက်နေပြီ...တဲ့။ မှာတောင်စားကြတာ...တဲ့။ တော်ကြာနေ အိမ်ဖြူတော်က ငါးပိနံ့ရတယ်ဆိုပြိးလုပ်မှ ဟုတ်ပေ့။ ဟုတ်မှာပါ။ သူ ထောင်းတာ အတော်စားကောင်းတယ်။ အပြင်ကိစ္စဝိစ္စတွေပြီးရင် အိမ်ပြန်ပြီး ဖေ့စ်ဘွတ်ခ်တက်မယ်။ ပြောမယ့်သာပြောတာပါ ရင်နှစ်တို့အိမ်မှာ အမေနဲ့ပွားရင်း အား အားသလို အွန်လိုင်းတော့ တက် တက်လာမယ် တွေးတာပဲဗျာ။ (အားအားယားယာကိစ္စ)

Saturday, February 22, 2014

အခွန်ဖြစ်သွားတဲ့ပြန်အမ်းငွေ (မျိုးမြင့်ချို)

0 comments
အခွန်ဖြစ်သွားတဲ့ပြန်အမ်းငွေ (မျိုးမြင့်ချို)
အမေရိကန်မှာ နှစ်တနှစ်ရဲ့ဆန်းစဦးလတွေဟာ ဝင်ငွေနည်းပြီးမိသားစုကြီးသူတွေ ပြုံးပြုံးကြည်ကြည်ရှိသလို လက်ထဲငွေယားလေးများလည်း ရွှင်တော့ ဝယ်ကြချမ်းကြ စားကြသောက်ကြ ပြည်တွင်းပြည်ပခရီးတွေထွက်ကြနဲ့မို့ စည်စည်ကားကားရှိလှတယ်။ ဆပ်စရာရှိတာအပြီးထိုးဆပ် အကြွေးပြတ်ပြီမို့ လကုန်ရက်ဝေဒနာကလွတ်မြောက်ရတဲ့ပီတိ တဝေဝေနဲ့ပါ။ ကြွေးပူအရင်သတ် နောင်နှစ် ဒီအချိန်ဆို ကြွေးကင်းပြီဆိုကာ ကြိုပျော်နေနှင့်သူတွေလည်း ဒုနဲ့ဒေးနဲ့ပါ။ ဒီမှာ ကြွေးကင်းသူဆိုတာ ဘုရားချေးလို့ဆိုရမယ် ထင်တယ်။ စနစ်ကိုက အကြွေးနဲ့လှည့်နေရတာ မဟုတ်လား။ တကယ့် ငွေသားထက် ကဒ်ပြားပေါ်ကနံပတ်တွေ ကိန်းဂဏန်းတွေနဲ့လည်ပတ်နေရတာ မဟုတ်လား။ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးတင်ကျွန်ဖြစ်သဘောကလည်း ရှိရဲ့မဟုတ်လား။ အစိုးရကိုယ်၌က တိုင်းပြည်ကို အကြွေးနဲ့အငှားချနေရတာ မဟုတ်လား။ တိုင်းပြည်ကို အခွန်ထမ်းပြည်သူတွေပခုံးနဲ့ ထမ်းပိုးထားရတာမဟုတ်လား။ ဒါ့ကြောင့် အခွန်ဒဏ်ပိနေတဲ့အခွန်ထမ်းပြည်သူတွေအတွက် အသက်ရှူပေါက်အဖြစ် ငါးကြင်းဆီနဲ့ငါးကြင်းကြော်တဲ့အခွန်အမ်းစနစ်လည်းထားရတာ မဟုတ်လား။ အခွန်အမ်းစနစ်အပေါ် ဘဝနဲ့ဝင်ငွေပေါ်တည်ပြီး အဆိုး/အကောင်းအမြင်တွေတော့ကွဲကြမှာပါ။ အခွန်အမ်းပုံစံအကြောင်းပြောကြမယ်ဆို အမေရိကန်စီးပွားလူမှုစနစ်ကြီးတခုလုံးအကြောင်း နှိုက်နှိုက်ချွတ်ချွတ်နဲ့စနစ်တကျပြောမှရမှာမို့ ကျင်လည်သူတို့အရာလို ချန်ထားပါရစေ။ အခွန်အမ်းစနစ်ကြောင့် ဖြစ်တဲ့ခံစားမှုနဲ့အတွေးတော့ ကွက်ပြောလို့ရမယ်ထင်လို့ ပြောပါတယ်။

ဒီမှာ တရားဝင်ဆို ဘယ်လောက်ဖိုး ဘာဝယ်ဝယ် ဘာရောင်းရောင်း အခွန်ဆောင်ရပါတယ်။ ဆိုင်တွေမှာစားရင် စားခွန်က သာမန်ခွန်ထက်ပိုပါတယ်။ ဒေသ၊ ပြည်နယ်နဲ့ဗဟိုအစိုးရဆိုပြီး (၃)ထပ်ကွမ်းခွန်ပေးနေရတာပါ။ အခွန်ထမ်းအခွန်ဆောင်စနစ်က လက်ပေါက်စိတ်သလောက် ရှောင်ဖို့ ခက်တယ်ဆိုပေမယ့် ဆီလိုအပေါက်ရှာပြီး အခွန်ရှောင်နိုင်တဲ့လူလတ်တန်းစားနဲ့အထက်လွှာ လူစွမ်းလူနပ်တွေလည်း အများသားပါ။ ဆင်းရဲသားက အခွန်ရှောင်ဖို့ထက် အခွန်ပြန်အမ်းငွေအပေါ် မက်မောစိတ်လေးနဲ့ တစ်ပြားပိုရလည်းတစ်ပြားဖိုး ပို ပြုံးရတဲ့ဘဝတွေပါ။ အခွန်ပြန်အမ်းတာကို အရပ်ပြောပြောရရင် တနှစ်လုံး ခင်ဗျားဆောင်ခဲ့တဲ့အခွန်ငွေကို ခင်ဗျားကိုပြန်ပေးတာပါ။ မိသားစုဝင်ငွေထွက်ငွေ သိတ်ကြီး တဘက်စောင်းနင်းဖြစ်လို့၊ အခွန်ဒဏ်က ခင်ဗျားဘဝကို သိတ်ပိလွန်းသွားတယ်လို့ အခွန်တွက်စနစ်ကပြပါမှ နည်းနည်းပါးပါးအပိုလေး ဆောင်းပေးတာပါ။ မြေ သိတ်နိမ့်လွန်းလို့ ချိုင့်ရုံလောက်ကျန်အောင် တနှစ်ခံစာလမ်းပြင်တဲ့သဘောပါ။ မြေအပြီး ညှိတာ မဟုတ်သလို ဆင်းရဲချမ်းသာဇတုတ်တိုက်တာလည်းမဟုတ်ပါ။ တရားလွန်နိမ့်ရင် လှံအစိုက်ခံရသူတွေဘက်က ဘာဖြစ်လာမှာ အိမ်ဖြူတော် ဝေါလ်စထရိနဲ့ကွန်ဂရက်စ်က သိပါတယ်။

နောက်တချက်က အမေရိကန်ဟာ စားသုံးသူဗဟိုပြုစီးပွားရေးပါ။ ပြည်တွင်းစားသုံးမှုအလွန်ကြီးတဲ့ပြည်ပါ။ မကြီးကြီးအောင်လည်း နည်းပညာ ငွေကြေး ဘဏ်စနစ်စတဲ့ဘက်ပေါင်းစုံနဲ့ လှည့်ချုပ်ထားတာပါ။ လူတွေ ပိုက်ဆံမသုံးသုံးအောင် လုပ်ပေးထားတဲ့စနစ်ပါ။ မသုံးမနေရအမိန့် ထုတ်မထားပေမယ့် မသုံးရ မနေနိုင်အောင် ချူဆီသွင်းပေးထားတာပါ။ ဘဏ်မှာ တစ်ဦးချင်းငွေစုတာမျိုး၊ ရှိတာလေး ကျစ်ကျစ်ပါအောင်ဆုပ်တာထာမျိုးထက် သုံးရင်သုံး မသုံးရင် လက်နိုင်ခြေနိုင်ကနေ ကြီးနိုင်သမျှကြီးကြီးအထိ စီးပွားရေးလုပ်ငန်းလုပ်စေ့ချင်တာပါ။ လုပ်ဖို့လည်း သူ့အထွာနဲ့သူတွေအတွက် ဖွင့်ပေးထားတာပါ။ လူတွေကို ငွေစုစေချင်/ငွေချေးစေချင်တဲ့အခါ ဘဏ်တိုးနှုန်း
အတင်အချလုပ်ပြီးဗဟိုဘဏ်ငွေကြေး ပေါ်လစီထိန်းညှိမှုတွေနဲ့
ကြောင်းပေးတာရှိပါတယ်။ တခါတလေ လူတွေပိုက်ဆံမသုံးလို့ (တနည်းပြောရရင် မဝယ်၊ မဝယ်တော့ ဈေးဆိုင်နဲ့ စက်ရုံတွေအလုပ်မဖြစ်၊ အလုပ်မဖြစ်တော့ ကုန်အသစ်တွေမထုတ်ရ၊ 
မထုပ်ရတော့ ပိတ်တဲ့စက်ရုံပိတ်၊ လူလျှော့တဲ့စက်ရုံလျှော့၊ လျှော့တော့ အလုပ်လက်မဲ့ပြဿနာနဲ့ အခြားအထွေထွေ(ရာဇဝတ်မှုတွေအပါအဝင်) ပြဿနာစုံကြီးထွား ပြောရရင် လူမှုစီးပွားနဲ့ဆက်နွယ်တဲ့ အသံဗလံစုံ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ တခါ ဘဏ်နဲ့အစိုးရငွေတိုက်တွေမှာ ငွေဝင်ငွေထွက် ကသောင်းကနင်းတွေဖြစ်၊ အစိုးရဘတ်ဂျက်ပြဿနာတွေတက်နဲ့ ဂျာအေးသူ့အမေရိုက် လုံးလည်ချာလည်လိုက်ပြီး တပြည်လုံးကွိုင်တော့တာပါပဲ။ အမေရိကန်ကွိုင်ရင် တနွယ်ငင်တစင်ပါတွေပါ
လိုက်ကွိုင်ပြီး ကမ္ဘာ့နိုင်ငံတချို့ အရင်းခိုက်၊ တချို့အဖျားခတ်ခံရတော့ပါ။
အဲ့ကိစ္စက ပြောရရင် အပြန့်ကျယ်ပါတယ်။

တခါတခါမှာ ဗဟိုအစိုးရက လူတွေလက်ထဲရှိတာမသုံးလို့ သုံးစမ်းဟဆိုကာ လူမှုဖူလုံကြေးခံစားခွင့်တွေ(ယာယီ)တိုးပေးတာမျိုးလုပ်သလို အခွန်ပြန်အမ်းငွေ သာသာထိုးထိုး ပေးချလိုက်တာမျိုးတွေလုပ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ်က လူမှုဖူလုံကြေး
အထောက်ပံ့စားနေသူတွေကို ဘာမပြောညာမပြောနဲ့ လူတစ်ယောက် ဒေါ်လာ ၂၅ဝ အသားလွတ် တစ်ကြိမ်ပေးဖူးပါတယ်။ အဲ့သလို တိုးပေးအသားလွတ်ပေးတာတွေရဲ့ရည်ရွယ်ချက်က လူတွေစိတ်ထဲ “အလကားရတဲ့ပိုက်ဆံ သုံးလိုက်မဟဲ့” ဆိုကာ ဝယ်ကြခြမ်းကြဖို့ပါ။ ဝယ်မှခြမ်းမှ ဈေးဆိုင်တွေအလုပ်ဖြစ် စက်ရုံတွေမှန်မှန်ထုတ် အလုပ်သမားတွေ မဖြုတ်မလျှော့ အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေ သိတ်မပေးရ နေ့ဖို့ညစာလေးရှိနေတော့ ရာဇဝတ်တွေကျဆင်း ခြေခင်းလက်ခင်းလေးသာရင် ခရီးတွေဘာတွေထွက်သုံးကြဖြုန်းကြ ဘဏ်တွေငွေဝင်ငွေထက်မှန် ဘတ်ဂျက်ကိစ္စ အိမ်ဖြူတော်၊ ကွန်ဂရက်စ်၊ ဝေါလ်စထရိနဲ့ပင်တဂွန်က အငြူအစူနည်းနည်း ကြည်ကြည်ဖြူဖြူစခန်းသွားရတာပါ။ အိမ်ရှေ့မပူတော့ အိမ်နောက်ကလူလည်း အေးအေးလူလူချက်ပြုတ်စားသောက်ရုံပေါ့။

အခွန်အမ်းစနစ်ဘာ့ကြောင့်ရှိရသလဲဆိုတော့ အမေရိကန်ရှိနေဖို့ပါ။ မရှိရင် အမေရိကန်မရှိတော့မှာကြာပါပြီ။ အခွန်ဒဏ်မခံနိုင်တဲ့အဆုံး ဘဝတွေနဲ့ရင်းပြီးပြန်လှန်လို့ အုပ်စိုးသူတွေဘာ လူ့သမိုင်းမှာဖြစ်ခဲ့ကြသလဲဆိုတာ အမေရိကန်အာဏာကိုင်ထားသူတွေ ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့်လည်း အခွန်အမ်းစနစ် စနစ်တကျရှိရတာပါ။ ရှိလို့လည်း နင်းပြားတွေရဲ့ လူထုလက္ခဏာပါတဲ့အုံကြွမှုတွေကနေ “ကွင်း” ထားနိုင်တာပါ။ နင်းပြားတွေကို တနှစ်တကြိမ်ကြွေးတဲ့ ဆင်းရဲဖြေဆေးပါ။ လူနာဘက်ကကြည့်တော့လည်း ဘာမှမကုပဲထားတာထက်စာရင် ဖြေဆေးလေးအပေးခံရတာ ပိုကောင်းတာပဲမဟုတ်လား။ အသက်ရှူလေးတော့ နည်းနည်းချောင်တာပဲမဟုတ်လား။ တကိုယ်လုံးအဆိပ်မပြန့်တော့ အခံရသက်သာတာပဲမဟုတ်လား။ တနှစ်တကြိမ် အဆိပ်ဖြေဆေးအခွန်ပြန်အမ်းငွေလေးမှီပြီး တက်လမ်းမရှာပဲ ဘဝအနွမ်းနဲ့နေကြသူတွေလည်း မနည်းမနောရှိပါရဲ့။ အလုပ်လုပ် ငွေအရှာနဲ့ ဓနဥစ္စာ အပြိုင်အဆိုင်မသေးတဲ့လူ့အဖွဲ့အစည်းမှာ ခြစ်ခြစ်ကုပ်ကုပ်နုံနုံဖျင်းဖျင်းနဲ့ သူများနောက် ကျန်နေရသူတွေခမျာ ဘဝလူလုံးတော့ မလှကြရှာဘူးပေါ့။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ဝအောင်စားဘဝဟာ တကယ်တော့ မနိုင်၍သည်းခံရခြင်းသဘောနဲ့ခံမှ ဖြေဆည်ရာရှိကြမှာပါ။ အဲ့ဒီဘဝအနေမျိုးမှ ကြိုက်တယ်ဆိုလည်း ရွေးကြရုံပဲရှိပါတယ်။

ကျနော်ကတော့ ဆင်းရဲသားမိသားစုတွေ ခနတာအသက်ရှူချောင်တာလေးမြင်တော့ ရင်ထဲနွေးကနဲကြည်နူးမိတယ်။ ဘာပဲပြောပြော ဗမာပြည်မှာ ကျန်နေတဲ့ဆွေထဲမျိုးထဲကနွမ်းပါးသူတွေကိုလည်း ငွေလေးဘာလေးပို့မှ၊ လေယဉ်ခအကြွေးတွေလည်း တခါတည်း အကျေဆပ်မှ၊ ထိုင်းနဲ့ဗမာပြည်လည်း အလည်ခနပြန်ဦးမှ၊ အကြွေးမရှိလို့ ခရက်ဒစ်လေးတက်လာရင် အိမ်လေးတော့ဝယ်မှ၊ နွေပေါက်ရင်ကလေးတွေရှင်ပြုဦးမှ၊ စုံစီနဖာလေးတွေဝယ်ဦးခြမ်းဦးမှ၊ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူတွေလည်း လက်ဆောင်ပေးတန်ပေး ကန်တော့တန်ကတော့၊ ကလေးတွေအတွက်အဝတ်အစားနဲ့ ကွန်ပြူတာလေးလည်းဝယ်ပေးဦးမှ၊ ကားဟောင်းခြင်းအလဲအထပ် လုပ်တန်လုပ် အသစ်လေးဝယ်စီးတန်စီးဦးမှဆိုတဲ့ မျှော်လင့်စိတ်ကူးတွေနဲ့ရွှင်မြူးနေတဲ့ မိသားစုတွေရဲ့မျက်နှာတွေမြင်ရတာ စိတ်လက်ကြည်သာဖြစ်စရာပါ။

တကယ်ကတော့ အခွန်ပြန်အမ်းငွေဆိုတာ ကိုယ့်ငွေကို အတိုးလေးမစို့မပို့နဲ့ အစိုးရက တနှစ်လုံးလုံးချေးသုံးပြီး အခွန်ဆောင်သုံးဖို့ပြန်ထုတ်ပေးတဲ့ ကိုယ့်ချွေးနှဲစာပါ။

ချန်ဖို့မသင့်လို့ပြောပါ့မယ်။ ကျနော်တို့ လင်မယားနှစ်ယောက်ကတော့ ဒီနှစ်အတွက် အခွန်ပြန်အမ်းငွေတွက်လိုက်တာ ပြည်နယ်အစိုးရဆီက ဒေါ်လာ ၃ဝဝ ရပြီး ဗဟိုအစိုးရကို ၆ဝဝ ပြန်လျော်ရပါမယ်။ ဒါ့ကြောင့် ဒီနှစ်တော့ ဒေါ်လာ ၃ဝဝ အိပ်စိုက်ဖြစ်ပါကြောင်းဗျား။

ဖေဖော်ဝါရီ ၂ဝ၁၄

Wednesday, February 19, 2014

ဖေဖော်ဝါရီအလည် ၂ဝ၁၄ မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
ကိုယ့်စာကိုယ်ပြန်ဖတ်ရင်း အဆိုးမြင်သမားထင်ခံရမှာစိုးလို့ ပုဂ္ဂိုလ်နိုင်ငံရေးကိုဖျော့ပြောတာသွားတွေ့ပြီး မျက်နှာပူ တယ်။ နောက်ပြီး ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းဒုတ်ဒုတ်မထိပဲ စာရှည်တယ်။ ဒါနဲ့ အခု “ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင် ကိစ္စ”ကိုချုပ်ရေးရပါတယ်။ ကိုဇော်ရဲအောင်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီစာထဲမှာ ပြန်ကြည့်ဖြစ်တာပါ။ ကျေးဇူးပါ ကိုဇော်ရဲအောင်။

ပြင်နည်းအရင်ပြင်မယ့် သီဟနာဒကြုံးဝါးသံဟာ သင်္ကြန်အမြောက်မဟုတ်ဖို့ပါ။ ပြင်နည်းအရင်ပြင်လည်း (၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ် ထက်ဝက်ကျော်)ထဲက တစ်ခုပါ။ လက်ရှိ အထိုင်ပေါ်ကတွက်ရင် လမ်းဘယ်မမြင်ပါ။ ဒါပေမယ့် အညှာကိုင်ပြောတာမို့ နိုင်ငံရေးဆန်တယ်လို့ ဆိုတာတာပါ။ “ဖွဲ့စည်းပုံဖျက်အသစ်ပြန်ရေးမယ်”လို့ မပြောရုံတမယ်ထင်စရာမို့ နိုင်ငံရေးဆန်တယ်လို့မြင်တာပါ။ (သမ္မတဖြစ်ချင်လို့ ဖွဲ့စည်းပုံပြင်ခိုင်းနေတာ)ဆိုတဲ့ ဒေါ်စုအပေါ် ထိုးနှက်ဝါဒဖြန်ချက်ကိုအရှိန်လျှော့ချဖို့ လတ်တလောမှာအသုံးတည့်ပါတယ်။ နောင်မှာသာ ဘယ်ပြောင်းက ကျည်ထွက်လာဦးမလဲ မဆိုတတ်သေးတာပါ။ နိုင်ငံရေးပလူမွှေးပလူတောင်၊ ပါတီပိစိကွေးနဲ့ အမျိုးသားရေး တလွဲဆံပင်ကောင်းတွေ ၅၉/စ ပစ်မှတ်ကိုချိန်ပြီး စစ်အာဏာနဲ့စစ်ဓနကာကွယ်ပေးတဲ့ ကိုယ်ကျိုးရှာနေမှုတွေ ယာယီတန့်သွားနိုင်တယ်။
(ပုဒ်မ ၄၃၆ ကြီးမပြင်နဲ့လို့ထွက်ပြောရင် ခုထက်ပို ပွင့်ကျသွားမယ့်အရေး သူတို့လည်းမြင်မယ်တွေးတယ်။ ခု တိုက်ကွက်ဖြစ်တဲ့“ကျန်တာတွေ ဘာမှမပြောဘူး၊
၅၉/စ သာ မပြင်နဲ့”ကို ဒဲ့ကြီး ဆက်ဖော်ဖို့ခက်သွားတယ်။ တိုက်ကွက်အပြောင်းမတော်ရင် ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်မယ့်ကိန်းရှိတယ်။ ၈၈-ငြိမ်း/ပွင့်က အင်န်ဂျီအိုယောင်ဆောင်တဲ့ နိုင်ငံရေးပါ။ ပညာပေးယောင်ဆောင်တဲ့
နိုင်ငံရေးလုပ်ကွက်လည်း တချက်တချက်တွေ့ရပါတယ်။ နိုင်ငံရေးပါတီလို
နိုင်ငံရေးသမားလို အာဏာကိစ္စကိုတင်းတင်းရင်းရင်းပြောလို့မရပါ။
သူ့အကန့်အသတ်နဲ့ သူပြန်ငြိနေပါတယ်။ ကိုကိုကြီးလို့ နံမည်တပ်ပြောရတာက ခေါင်သူကြီးအားလုံး Decision and Policy Makers တွေလို့ ဘယ်လိုဆိုဆို ၈၈-ငြိမ်း/ပွင့်မှာ သူ့ကို King Makers ဖြစ်နေတယ်မြင်လို့ပါ။ သူ့နိုင်ငံရေး(ဘက်သဘောရပ်တည်ချက်)ကိုမကြိုက်ပါ။ သို့သော်
သူ့ကျင်လည်အကင်းပါးမှုနဲ့ ဖတ်အားမှတ်အားစဉ်းစားနိုင်စွမ်းအားတွေကို အသိအမှတ်ပြုပါတယ်။ ခုခေတ်ပြောတဲ့ ပရော်ဖက်ရှင်နယ်လ်နိုင်ငံရေးသမားဆိုတာ
သူ့မြင်မှ ပိုသဘောပေါက်သွားတယ်။ ဘယ်လောက်ပါးပါး ကျင်လည်လည်ပါ
ရပ်တည်ချက် မှန်/မမှန်ကို လူထုက(ချက်ခြင်းမသိဦးတောင်)သိပါတယ်။
မှန်ရင်ဘာလုပ် မမှန်ရင်ဘာလုပ်ကို လူထုကဆုံးဖြတ်ပေးပါတယ်။ ဗမာ့လူထုက (တစ်စုံလုံးသဘောပြောရရင်)နိုင်ငံရေးသမားတွေထက်တောင် အကင်းပါးပါတယ်။ သတ္တိပြောင်ပါတယ်။ သူတို့မျက်နှာမထောက်ရင် သူတို့လည်း
ဘယ်သူ့မျက်နှာမှမထောက်ခဲ့တာ သမိုင်းပြန်ကြည့်ရင်တွေ့ရပါမယ်။ သတိပြုမိကြမယ်ထင်တာက ဒေါ်စုမှာ “နိုင်ငံရေး စန်း” ရှိပါတယ်။ ပြည်တွင်းပြည်ပနိုင်ငံတကာမှာ သူ့ပုံရိပ်နဲ့သူ့နိုင်ငံရေးက ကျဖို့မလွယ်ပါ။ ကျရိပ်မမြင်ပါ။ အချိန်တန်လို့ ကျရဦးတောင် ကြောင်ကျပါ။
(ပြင်နည်းအရင်ပြင်အဆက်)

မနက်ဖြန် တနင်္လာ၊ အမေရိကန်မှာ သမ္မတများနေ့။ တရားဝင်ရုံးပိတ်ရက်။ ဘာအပွိုင့်မင်န့်မှမရှိဘူး။ အပြင်ထွက်စရာမလိုဘူး။ တနေကုန် အိမ်မှာနေမယ်။ ကြက်ကလေးတွေကြည့်မယ်။ အိမ်နဲ့ကြက်အိမ်လေးကြားက နှင်းလမ်းလေး နည်းနည်းချဲ့မယ်။ အောက်တိုဘာတုန်းကမြေချထားပြီးတဲ့ ပန်းသီးပင်တွေကြည့်မယ်။ ပင်စည်ခွံတွေကို ရှဥ့်နဲ့သမင်တွေ မကိုက်အောင် ပတ်ပေးထားတဲ့ Wrappers တွေ လျော့နေရင်ပြန်တင်း ပြုတ်နေရင်ပြန်စည်းရမယ်။ နှင်းပြင်အောက်က ရိုးတံချည်းသက်သက်တွေ ထိုးထွက်နေတဲ့စပျစ်ပင်တွေမြင်ရတာ သနားစရာလိုဖြစ်နေတယ်။ ကြည့်ရတာ ပင်သေတွေလိုပဲ။ နှင်းတွေပျော်ပြီး နေရောင်လေးနွေးလာရင် ရွက်သစ်တွေ ဖူးတံတွေနဲ့ပုရစ်နုလာလိမ့်မယ်။ ဘယ်ရီးသီး(နီ/ပြာ/နက်တွေ)ပင်တွေလည်း နှင်းဒဏ်မှာ နလံမထူနိုင်ရှာကြဘူး။ကညွတ်ပင်တွေကတော့ မြေပေါ်မှာ ခြေစလက်စတောင်မချန်ဘူး
ပျောက်ချက်သား ကောင်းပုံများ။ နွေဦးပေါက်ရင် မာကျောကျောမြေအပြင်ကို အားနဲ့မန်နဲ့ ထိုးခွဲထွက်လာမယ့် ကညွတ်ဖူးနုသစ်ကြီးတွေ မျှစ်လိုတိုးထွက်လာမှာ မြင်ယောင်နေတယ်။ စားချင်တာရှိ ပြော ချက်ကြွေးမယ်ပြောတယ် ဇနီးက။ မယ်မယ်ရရစားချင်တာ ဘာမှမရှိ။ ဒီနေ့ ဈေးချထားတာနဲ့ကြုံလို့ ကင်မရာလေးတစ်လုံး ဝယ်ဖြစ်တယ်။ ခုနက နည်းနည်းထိုင် ကလိသေးတယ်။ မနက်ဖြန်ကြ သေချာကလိမယ်။ ပြီးတော့ တွေးမိတာလေးတခု ရေးမယ်။ ထောင်အကြောင်းပါ။ ကျနော်က ဖို့တ်ဝိန်း အလင်န်ကောင်တီဂျေးလ်မှာလည်း စကားပြန်နဲ့ ဘာသာပြန်လုပ်ပါတယ်။ ဒီနေ့ စနေပေမယ့် အချုပ်သစ်တယောက်ရောက်လို့ လှမ်းခေါ်တာနဲ့ ထောင်ထဲသွား စကားပြန်လုပ်ခဲ့တယ်။ ချုပ်သစ်မှတ်ပုံတင်နဲ့ ထောင်ဆရာဝန်ဆေးမှတ်တမ်း သွင်းတာပါ။ အမှုက အမှုသေးပါ။ အာမခံရမှာပါ။ ကျနော် ဒီရောက်စက ပထမဆုံးအကြိမ် ထောင်ထဲသွား (လေ့လာရေးသဘော) လည်တော့ ပြန်ခါနီးမှာ ထောင်ပိုင်ကြီးကမေးတယ် ”ဘယ့်နှယ်ထင်သလဲ”လို့။ ကျနော်က ”မင်းတို့ထောင်က ရာဇဝတ်သားတွေကိုထားတဲ့အနေအထားနဲ့ ငါ့ကို ဗမာပြည်ကထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်ထားမယ်ဆို သေတဲ့အထိတောင် နေနိုင်မယ်မှတ်တယ်”
လို့ပြန်ပြောတော့ သူ စုပ်သတ်တာ မှတ်မိနေတယ်။ ခုဆို အင်ဒီယားနားပြည်နယ်
ဖို့တ်ဝိန်းမြို့က အလင်န်ကောင်တီဂျေးလ်နဲ့ မိတ်ဆွေရင်းချာဖြစ်နေပြီ။ ထောင်နဲ့က ခုထက်ထိ ရေစက်မကုန်သေးတာများလား။ မနက်ဖြန် အဲ့အကြောင်းရေးမယ် တွေးတာပဲ။ (ပြောဖို့ကျန်သွားလိုပ မချိုနွယ်ဦးတို့ ဗမာပြည်ကထောင်ထွက်မတွေ စုရေးထားတဲ့ ”နေဒဏ်ခံပန်းသတင်း”ဖတ်ပြီးပြီ။ မချိုနွယ်ဦးပို့ပေးတာ။ စာအုပ်ဖိုးနဲ့ပို့ခပါသူခံပြီး အလကားရတာ(ပိုက်ဆံမကုန်တာ)မှန်ပေသိ တန်ဖိုးရှိတဲ့အတွေ့အကြုံတွေပါတဲ့ တန်ဖိုးကြီးတဲ့စာတအုပ်ကို တန်ဖိုးကြီးကြီးထားမိတာ အမှန်ပါ။ အဲ့စာအုပ်အကြောင်းလည်း နောက်တပတ်လောက်တော့ ရေးဖို့မှန်းထားပါတယ်) (သမ္မတများနေ့ကအတွေး)

ခု စစ်အုပ်စုဘက်က ဒေါ်စုကိုလုပ်နေပုံက နေမျိုးဝေလောက်၊ ရဲမင်းဦးလောက်၊ ဒေါ်ခင်ဝိုင်းကြည်လောက်နဲ့ လက်ရည်တူသဘောအပေါက်မျိုးချိုးပြီး တည်ပေးထားတာ လွှတ်ပေးထားတာလို့မြင်တယ်။ ဒေါ်စုရဲ့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအဆင့် တန်းဝင်မှုကို အသရေဖျက်တဲ့နည်းပဲ။ အရင်ကလို သူတို့နှုတ်ကနေ ဖရုဿဝါစာတွေနဲ့ နံမည်ပါဖော်ပြီးအတိအလင်း ပုတ်ခတ်ထိုးနှက်တာထက် ခုလို လူမွေးပြီးတဆင့်ခံလုပ်တာ ဝိနည်းလွတ်သဘောမို့ ဒီမိုကရေစီပဲရနေသယောင်ယောင် အထင်တောင်ခံရစရာမို့ နှစ်ပြန်အမြတ်ရတယ်ထင်တယ်။ ဒေါ်စုဘက်က ဘာမှမတုန့်ပြန်တာကတော့ သူ့အချိန်အဆနဲ့ သူ့အကဲဖြတ်ချက်မို့ အကဲခတ်ရတော့ သိတ်မခက်ဘူးမှတ်တာပဲ။ တခုတော့ရှိတယ် စစ်အုပ်စုရဲ့သဘာဝက သူတို့အကျိုးစီးပွားကိုလုံးဝအထိမခံတာပဲ။ ခုနေ (လတ်တလော နိုင်ငံရေးလိုအပ်ချက်အတွက်) လူမွေးတိုက်ပေမယ့် လိုအပ်လို့ကိုင်ရမယ်ဆို ဘာကောညာသော ဘယ်မျက်နှာမှမထောက်မညှာလုပ်မှာပဲ။ လုပ်ခဲ့တဲ့အစဉ်အလာလည်း အပြင်လူမပြောနဲ့ သူတို့ထိပ်သီးအချင်းချင်းတောင် အလွတ်မပေးဘူး။ ခုထက်ပိုလိုအပ်လာလို့ ရှင်းရမယ်ဆို တစ်ပယ်မဟုတ်ဘူး နှစ်ပယ်လည်းရှင်းမှာပဲ။ ဒီပဲယင်းမှာ ဒေါ်စုဆိုတဲ့တစ်ပယ်ကို လက်စတုံးရှင်းခဲ့တာ ဘယ်သူမှ ခုထိမမေ့သလို နောင်လည်းမမေ့ဘူး။ နိုင်ငံရေးလုပ်ကြံမှုပဲ ရာဇဝတ်မှုမှ အမှုကြီးဖြစ်တဲ့လူအများအပြားကိုသတ်ဖြတ်နာကျင်စေမှုပဲ။
(တန်းချထိုးခိုင်းတဲ့ကိစ္စ)

ခု ကျနော်တွေးနေတာက ကိုမြအေးနဲ့ဦးကိုနီက အစ္စလာမ်ဘာသာဝင်တွေမို့ ၈၈-ငြိမ်း/ပွင့်ထဲက ထုတ်ပေး။ အင်န်အယ်လ်ဒီကထုတ်ပေးဆိုပြီး အဖွဲ့အစည်းနဲ့ပါတီရေးရာကိစ္စတွေအထိ အကြမ်းဖက်သမားသင်္ကန်းခြုံတချို့က တောင်းဆိုစွက်ဖက်လာတယ်ဆိုပါတော့ ရှစ်ပူးတွေနဲ့ အင်န်အယ်လ်ဒီ ဘယ်လိုတုန့်ပြန်မလဲ။ စိတ်ဝင်စားစရာပါ။ မတောင်းဆိုလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ကိုမြအေးနဲ့ဦးကိုနီ ခုလိုအလုပ်ခံရတာကို ဟောပြောပွဲဖြစ်မြောက်ရေးကော်မတီက
ထုတ်ပြန်တဲ့ကြေညာချက်ဟာ အလွန်ပညာသားပါသိက္ခာရှိပြီး အစွန်းရောက်တဇောက်ကန်း သင်္ကန်းခြုံတွေတင်မက အမျိုးသားရေးအော်နေတဲ့အတွေးအခေါ်ပျက်တွေပါ ဆင်ခြင်စရာဖြစ်တယ်။ ဖြစ်မြောက်ရေးကော်မတီကတော့ သူနဲ့ဆိုင်လို့အတိအလင်း ဝံ့ဝံ့စားစားပြောပေမယ့် အင်န်အယ်လ်ဒီနဲ့ရှစ်ပူးငြိမ်း/ပွင့်က "သူတို့သွားတာ စာပေဟောပြောဖို့ သက်သက်မို့၊ အဖွဲ့အစည်းကိုကိုယ်စားပြုတဲ့ နိုင်ငံရေးသဘောပါတဲ့ဆောင်ရွက်မှုမဟုတ်လို့၊ အဖွဲ့အစည်းကစေလွှတ်တာ မဟုတ်လို့"စတဲ့အကြောင်းပြချက်နဲ့ ဆင်ခြေတွေပေးစရာ ရှိမှန်းလည်းသိပါတယ်။ ဒါပေမယ့် ဦးကိုနီနဲ့ကိုမြအေးဟာ အင်န်အယ်လ်ဒီနဲ့ ရှစ်ပူးငြိမ်း/ပွင့်မှာ သာမန်အဖွဲ့ဝင်တွေမျှမဟုတ်ပဲ တစုံတရာတာဝန်ရှိသူ/ကြီးသူတွေဖြစ်တာတော့ ထည့်ကို တွက်ရလိမ့်မယ်ထင်တယ်။ နောက်တချက်က ဖြစ်မြောက်ရေးကော်မတီက ဘာကြေညာချက်မှ မထုတ်ပဲနေခဲ့ရင်လည်း ဘယ်သုကမှ ဘာမှငြိုငြိုငြင်ငြင် အပြစ်တင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာလည်း နှလုံးသွင်းကြည့်ဖို့ပါ။ (ကန်းတက်လာရင်)

(ပစ်ထောက်မှောက်နဲ့သေနတ်သိမ်းဘုန်းကြီးများအကြောင်း)
၈၈ ဒီမိုကရေစီရေးလူထုအုံကြွမှုကြီး အပြီးသတ်အဖြိုခွဲမခံရခင်ကလေးမှာ ကုန်သွယ်ရေးရုံးကြီးမှာဖြစ်ခဲ့တဲ့ကိစ္စကို မမေ့ကြသေးဘူးထင်ပါတယ်။ ရုံးကြီးပေါ်ကတပ်စုကို ကျောင်းသား၊ ဘုန်းကြီးနဲ့သပိတ်ခေါင်းဆောင်တွေဝင်ပြီး ဘယ်ပုံ အပြင်ထုတ်သွားကြတယ်ဆိုတဲ့အကြောင်း ကိုယ်တိုင်ပါခဲ့သူတွေပြန်ပြောပြတာ ယုံချင်စရာမရှိတဲ့ဇာတ်လမ်းတပုဒ်လို့ထင်ရပေမယ့် ဒါဟာ တကယ်ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းကဓါတ်ပုံတွေပြန်ကြည့်ရင် ဘုန်းကြီးတွေက စစ်သားတွေဆီက သိမ်းယူလာတဲ့မောင်းပြန်သေနတ်ကြီးတွေကို မြှောက်ကိုင်လို့ပခုံးပေါ်ထမ်းလို့ ကားခေါင်မိုးပေါ် ဒေါက်ကြီးထောက်လို့ စက်လတ်ကြီးလွယ်လို့ စတဲ့ပုံတွေမြင်ရမှာပါ။ စစ်တပ်က ဘာ့ကြောင့်အာဏာသိမ်းရတယ်အကြောင်းပြတော့ ကုန်သွယ်ရေးရုံးကိစ္စလည်း ထိပ်ဆုံးကပါတယ်။ အဲ့ဒီမှာပါတဲ့ ဘုန်းကြီးသေနတ်ကိုင်ပုံတွေပြပြီး စစ်အစိုးရက ဘုန်းကြီးဆိုးတွေလို့သမုတ်ကာ ထိုးနှက်ဝါဒဖြန့်တော့ ကျနော်တို့စိတ်ခုခဲ့ကြသလား၊ စိတ်ဆိုးမန်ဆိုးတုန့်ပြန်ခဲ့ကြသလား။ မခုလည်းမခု မဆိုးလည်းမဆိုး မရမ်းကားတဲ့အပြင် တချို့က ရမ်ဘိုဘုန်းကြီးတွေလို့တောင် ဂုဏ်မွှမ်းခဲ့ကြသေးတာပါ။ ခု ဘုန်းကြီးတချို့ ပစ်ထောက်မှောက်အနေအထားတွေနဲ့ စက်ပစ်ကွင်းဆင်းနေပုံလည်းမြင်ရော အသံစုံထွက်လာတာသတိထားမိတယ်။ ဆဲတာဆိုတာရမ်ကားတာတွေ၊ ဖရုဿဝါစာတွေ၊ စိန်ခေါ်သံတွေ ပယ်ပယ်နယ်နယ်ကြားရပါတယ်။ ဘယ့်နှယ်လို့ ဒီ့လောက် ဆတ်ဆတ်ခါဆွေ့ဆွေ့ခုန်ဖြစ်ကြရသလဲဗျာ။ ဒါ ဖြစ်စရာလား။ သင်္ကန်းတဖါးဖါးနဲ့ မိတ္ထီလာမှာ ဟိုမှာဒီမှာ လူအကောင်းကြီးတွေကိုတုတ်နဲ့ရိုက်ပြီး အရှင်လတ်လတ်မီးရှို့သတ်နေတဲ့ဗီဒီယိုတွေ ဓါတ်ပုံတွေ ဒီလောက်ကမ္ဘာအနှံ့ပလူပျံနေပြီး ဒီပုံလေးကျမှ အခံချိမခံသာဖြစ်ရတယ်လို့ဗျာ။ တခုတော့ရှိတာပေါ့လေ ၈၈ တုန်းက ကိုယ့်ဘုန်းကြီးက လူထုကိုပစ်မယ့်သေနတ်ကို စစ်သားဆီကသိမ်းပြီး အောင်ပွဲခံပြနေတာ။ ခု သူတို့ဘုန်းကြီးက လူသတ်ဖို့ စစ်သားဆီကသေနတ်ယူပြီး အပစ်လေ့ကျင့်နေကြတာဆိုတော့ တူတော့မတူဘူးပေါ့။ ဒါပေမယ့် နာစရာတော့မဟုတ်ဘူးထင်တယ်။ စစ်အာဏာရှင်၊ သူ့ဒေါက်တိုင်နဲ့သူ့ဘုန်းကြီးက သူ့အလုပ်သူလုပ်ပြီး သူ့ဘဝအရတုန့်ပြန်ကြတာမဆန်းပေမယ့် ဆတ်ဆတ်ခါနာကြသူတွေထဲမယ် ကိုယ့်လူလို့ဆိုတဲ့လူတွေပါနေတာ တွေ့ရတာတော့ ထူးတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး သူများနည်းတူရချင်ပေမယ့် ကိုယ့်နည်းတူ သူများကိုကျ ဘာလို့မပေးနိုင်ရမှာတုန်း၊ ဘာလို့အသိအမှတ်မပြုနိုင်ရတာတာတုန်း။ အဖိနှိပ်ခံချင်းအတူတူ ဖိနှိပ်သူဘက်ကဝင်ဖေးမပေးနေတာ ဘာရည်ရွယ်ချက်တုန်း။ ဖိနှိပ်သူကတော့ ငြင်းမှာပဲ။ ငြင်းမရရင် ကာကွယ်မှာပဲ။ ဘွင်းဘွင်းကြီးပေါ်နေတောင် ဖုံးဖုံးဖိဖိတော့ပြောရမှာပဲ။ မလုံလုံလုံ ဆိတ်သရေနဲ့တော့ ဖုံးမှာပဲ။ ဘာထူးဆန်းသလဲဗျာ။ နောက်ဆုံး ဘာနဲ့မှကာမရရင် ”ဘုန်းကြီးအတုတွေပါ၊ ဒုလ္လဘတွေပါ၊ ကိုရင်ကြီးတွေပါ၊ သံဃာအစစ်တွေမဟုတ်ပါဘူး”
ဆိုတာမျိုးနဲ့ ဖြောင့်ကွယ်လေးတော့ အနည်းဆုံးကွယ်မှာပေါ့။ ကွယ်ပေ့စေပေါ့။ ကိုယ်တွေလည်း ကိုယ့်ဘက်ကရပ်ခဲ့တဲ့ ဘုန်းကြီးမှန်သမျှကို ”ပြည်သူ့ဘုန်းဘုန်းတို့ဘုန်းဘုန်း”လုပ်ခဲ့သေးတာပဲ။ သူတို့လည်း လုပ်မှာပါ။
လုပ်ပေ့စေပေါ့။ “လူတွေထဲတင် သူ့လူကိုယ့်လူ ရှိတာမှမဟုတ်တာ၊ ဘုန်းကြီးထဲလည်း သူ့ဘုန်းကြီးကိုယ့်ဘုန်းကြီး”ရှိရမှာပေါ့။ လှေနံနှစ်ဘက်နင်းတွေ၊ စည်းရိုးခွထိုင်တွေ သာကူးတွေလည်းရှိမှာပဲ။ သူ့ဘုန်းကြီး သူမြှောက်စားပြီး ကိုယ့်ဘုန်းကြီးကျ သူနှိပ်ကွပ်မှာပဲ။ ဘာဆန်းသလဲဗျာ။ သမိုင်းတလျှောက်လည်း အဲ့အတိုင်းပါပဲ။ ဝေးဝေးမကြည့်နဲ့ ၂၀၀၇ သံဃာတွေလမ်းလျှောက်မေတ္တာပို့ပြီး ကိုယ့်ဘက်ကရပ်တုန်းက သူဘာလုပ်ခဲ့သလဲ။ ဘာသာခြားတဲ့ဗြိတိသျှနယ်ချဲ့သမားတောင် နံမည်ကြီးဘုန်းကြီးတချို့ကို ချီးမြှင့်မြှောက်စားပြီး သူ့ဘုန်းကြီးဖြစ်လာအောင်လုပ်ယူသလို ကိုယ့်ဘုန်းကြီးတွေဖြစ်တဲ့ ဦးဥတ္တမတို့ ဦးဝိစာရတို့ကြ ဘာလုပ်ခဲ့သလဲ။ အာဏာသဘောမှာ နေရာတကာမှာ
သူ့လူကိုယ့်လူရှိရတာပါပဲ။ မရှိလို့မှမရတာ။ ဒါ ဖြစ်တတ်တဲ့ကိစ္စပဲ။ ဘာ စိတ်ဆိုးမန်ဆိုး တုန့်ပြန်ပြောဆိုစရာရှိမလဲ။ ဘာ ရန်ပြန်ဖြစ်နေစရာလိုမလဲ။ ကိုယ်လည်း ကိုယ့်ဘုန်းကြီးနဲ့ ကိုယ်လုပ်စရာရှိတာလုပ်ရင်း သူ့ဘုန်းကြီးတွေဘာလုပ်နေတယ်ဆိုတာ လူထုနဲ့နိုင်ငံတကာသိအောင် ဖွင့်ချတာ ဖြန့်ဝေတာ ပြစ်တင်ရှူတ်ချတာ ဆန့်ကျင်တာ စတဲ့လုပ်စရာရှိတာတွေလည်း လုပ်ရုံပေါ့။
(သက်န်းခြုံပစ်ထောက်မှောက်များကိစ္စ)