Sunday, February 9, 2014

ပြည်ထောင်စုနေ့နဲ့စပ်လို့ ၂ဝ၁၃ ဇန်နဝါရီတုန်းက ခေတ်မောင်းစာစောင်အယ်ဒီတာ့အာဘော်

0 comments
ပြည်ထောင်စုနေ့နဲ့စပ်လို့ ၂ဝ၁၃ ဇန်နဝါရီတုန်းက ခေတ်မောင်းစာစောင် အယ်ဒီတာ့အာဘော်
ခေတ်မောင်း အတွဲ၂၊ အမှတ်၁၊ ဇန်နဝါရီ ၂ဝ၁၃ အယ်ဒီတာ့အာဘော်
ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့တဲ့ ပင်လုံစာချူပ် ချူပ်ဆိုခဲ့တဲ့ နေ့ ၂ဝ၁၃ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ၆၆နှစ်ပြည့်ပြီ။ ၆၆နှစ်ပြည့်တဲ့ ပြည်ထောင်စုနေ့ဟာ နိုင်ငံတော်က သူ့ရဲ့ ချုပ်အခြာကို တိုင်းရင်းသားတွေကလည်း ထောက်ခံပါတယ်ဆိုပြီး အသားယူဖော်ပြပြီး ကျင်းပမှာကလွဲပြီး ကျန်တဲ့အဓိပ္ပာယ် မရှိနိုင်။ ပြည်ထောင်စုဆိုတဲ့အဓိပ္ပာယ်၊ ပြည်နယ်တွေ တိုင်းရင်းသားတွေစုစုစည်းစည်းရှိကြတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်ထောင်စုနေ့ရဲ့အနှစ်သာရ မဟုတ်တော့တာ ၁၉၆၂ကတည်းက စတွက်မယ်ဆိုရင် ၅၁နှစ်ရှိပြီ။

ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေစုစုစည်းစည်းရှိပါတယ်လို့ပြောမယ့်အစား တိုင်းရင်းသားတွေ ဘာ့ကြောင့် ပြည်ထောင်စုထဲမှာ ဒုတိယတန်းစားအနှိမ်ခံတွေအဖြစ် နေရတယ်။ သူတို့နယ်မြေတွေကို စစ်တပ်ကဘယ်လို့ အဓမ္မစိုးမိုးဖို့ကြိုးစားကြတယ်ဆိုတဲ့ အကြောင်းကို အကျယ်တဝင့် ပြောဆိုရေးသားပြီး အနှိမ်ခံတွေအတွက် သူတို့အခွင့်အရေးတွေရဖို့ကြိုးစားပေးသင့်တယ်။ အထူးသဖြင့် သူတို့ကို ပြည်ထောင်စုထဲမှာ သူတို့ဆက်နေစေချင်သေးရင် သူတို့အသံကိုနားထောင်ပြီး သူတို့လိုချင်တာရဖို့ဝိုင်းကြိုးစားပေးသင့်တယ်။ ပြည်ထောင်စုနေ့ကို အုပ်ချူပ်သူတွေ အာဏာအတွက်လက်တလုံးခြားပြစားတဲ့ပွဲကြီးအဖြစ် ကျင်းပတာကနေ ရပ်ဖို့ကောင်းပြီ။

၆၆နှစ်ပြည့်တဲ့ပြည်ထောင်စုနေ့ဟာ တခြားနှစ်တွေနဲ့ မတူ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပြည်ထောင်စုအနှစ်သာရကနေ မြန်မာနိုင်ငံ ထင်ထင်ရှားရှားသွေဖည်လာတဲ့ နှစ်ဖြစ်တယ်။ နယ်ခြားစောင့်တပ် မဖွဲ့ဘူးလို့ငြင်းခဲ့တဲ့ ကေအိုင်အိုကို ၂ဝ၁ဝကနေ ဖိနှိပ်ခြိမ်းခြောက်လာတဲ့ မြန်မာစစ်တပ်နဲ့၊  မြန်မာစစ်တပ်ကို သြဇာရှိနေနိုင်တဲ့ မြန်မာလွှတ်တော်က ကေအိုင်အိုကို လွတ်လပ်ပြီးကာလနောက်ပိုင်းမှာ အပြင်းထန်ဆုံး စစ်ဆင်မှုတွေထဲကတခုနဲ့ ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်တယ်။

ကချင်တွေဟာ မြန်မာတွေနဲ့ ပြည်ထောင်စုထဲမှာနေမယ်လို့ ဗိုလ်ချူပ်အောင်ဆန်းကို ကတိပေးခဲ့ကြတယ်။ ပင်လုံစာချူပ်မှာ လက်မှတ် ထိုးခဲ့ကြတယ်။ သူတို့အပါအဝင် တခြားတိုင်းရင်းသားတွေရဲ့ထောက်ခံမှုနဲ့ မြန်မာနိုင်ငံဟာ လိုချင်တဲ့နယ်မြေတွေအားလုံးပါဝင်တဲ့ လွတ်လပ်တဲ့နိုင်ငံအဆင့်ကိုရခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေနဲ့ တိုင်းရင်းသားတွေကို မြန်မာခေါင်းဆောင်တွေ အထူးသဖြင့် ၁၉၆၂နောက်ပိုင်းခေါင်းဆောင်တွေဟာ မျက်ကွယ်ပြုခဲ့တယ်။

လောလောဆယ် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားတွေကို အစိုးရက အကျပ်ကိုင်အနိုင်ကျင့်တယ်။ ၂ဝဝ၈ဖွဲ့စည်းပုံထဲက နိုင်ငံရေး လှုပ်ရှားသူတွေဟာလည်း သူတို့ရဲ့နိုင်ငံရေးမူနဲ့လုပ်ရပ်မှန်တယ်ဆိုတာသက်သေထူထောင်ဖို့ ၂ဝဝ၈ဖွဲ့စည်းပုံပြင်ပက ကိုယ်ပိုင်အချူပ်အခြာအာဏာ ဆက်လက်ထိန်းထားလိုတဲ့ တိုင်းရင်းသားတွေကို စစ်လိုလားတဲ့လူတွေအဖြစ်ပုံဖော်တယ်။ သယံဇာတတွေကိုမက်လို့ စစ်ပွဲမဖြစ်ဖြစ်အောင်လုပ်နေကြသူ၊ သွေးဆာနေတဲ့လူတွေအဖြစ် ပုံဖော်တယ်။

ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတွေရဲ့ပြဿနာတွေထဲမှာ စကားလုံးပြဿနာပါတယ်။ ဘာသာစကားပြဿနာပါတယ်။ ဖိနှိပ်သူတွေက ဖိနှိပ်ခံရသူတွေအတွက် နာမည်အမြဲတမ်းထွင်တယ်။ သူတို့ပေးတဲ့နာမည် တွင်နေဖို့ ဖိနှိပ်သူတွေဘက်က မီဒီယာအပါအဝင် တခြားအကျိုးဆောင်တွေကလည်း ဝိုင်းလုပ်ပေးကြတယ်။ မြန်မာစစ်တပ်နဲ့ ကေအိုင်အိုကိစ္စမှာ ကချင်တွေကို သွေးဆာသူ၊ ငြိမ်းချမ်းရေးစားပွဲကို ကျောခိုင်းသူ၊ ပြည်သူ့လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးသူ၊ အဖျက်သမားလို့ ဝိုင်း သရုပ်ဖော်နေကြတာ ဖိနှိပ်သူတွေရဲ့လုပ်ရပ်ကို တရားထူထောင်ဖို့သာမက၊ ဖိနှိပ်ခံနေရသူတွေဟာ သူတို့ရဲ့နိုင်ငံရေးနဲ့တဉီးချင်း အိုင်ဒန်တတီ၊ ကိုယ်ဘာလဲဆိုတာလဲဆိုတာကို တည်ဆောက်ခွင့်မရအောင် စကားလုံးကအစ ဝိုင်း ချူပ်ကိုင်ကန့်သတ်လိုက်တာဖြစ်တယ်။

နိုင်ငံတော်ကို တိုင်းရင်းသားတွေကထောက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ဖော်ဆောင်ဖို့အတွက်နဲ့တော့ ပြည်ထောင်စုနေ့ကိုခုတုံးမလုပ်ဖို့ ခေတ်မောင်းက ပြောချင်တယ်။ ၆၆ နှစ်ပြည့် ပြည်ထောင်စုနေ့ကိုလည်း ကချင်တိုင်းရင်းသားတွေအပါအဝင် သွေးဆာသူမြန်မာစစ်တပ်ထဲက လက်အောက်တပ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဝမ်းနည်းကြေကွယ်ဖွယ်နေ့အဖြစ်သာ အသိအမှတ်ပြုအောက်မေ့သင့်တယ်။
ယူတာက https://www.facebook.com/linayehtin/posts/10201102402792950

0 comments:

Post a Comment