ဘုန်းကြီးတုအတုနဲ့
ဘုန်းကြီးတုအစစ် (မျိုးမြင့်ချို)
မအူကုန်းလမ်းကျယ်
တာမွေ ၁၃၃ လမ်းမှာဖြစ်ခဲ့တဲ့ကိစ္စ ဓါတ်ပုံနဲ့စာ တက်လာလာချင်း ကျနော် ရှယ်ယာလုပ်လိုက်သေး တယ်။
လုပ်ပြီးမှ စိတ်ထဲသင်္ကာမကင်းသလို မသိုးမသန့်လိုလို တခုခုလိုနေသလိုလိုဖြစ်ပြီး ချက်ခြင်းပြန်ဖြုတ်လိုက် တယ်။
ခေါင်းထဲလည်း အတွေးတစ်ချက် လက်ကနဲဖြစ်သွား တယ်။ ဒီမနက် အဲ့ဒီအတွေးမချော်ကြောင်းသက်သေဖြစ်မယ့်
အထောက်အထားတစ်ခုရတယ်။ ခု အဲ့အတွေးရေးပါတယ်။
သက်မဲ့အရာဝတ္ထုတွေကလွဲလို့
လူမှာ၊ သက်ရှိမှာ အတု မရှိပါ။ လူအတု မရှိပါ။ လူရုပ်အတု(ရုပ်တု)ပဲရှိပါတယ်။ မြင်းအတု မရှိပါ
မြင်းနဲ့ဆင်သောသတ္တဝါရှိနိုင်ပါတယ်။ လူက အယောင်ဆောင်လို့/သရုပ်ဆောင်လို့ရပါတယ်။ စစ်သားယောင်ဆောင်၊
ဘုန်းကြီးယောင်ဆောင်၊ ယောက်ျားယောင်ဆောင်၊ ဆရာဝန်နေရာကသရုပ်ဆောင်၊ သူပုန်နေရာကသရုပ်ဆောင်စသည်ဖြင့်။
မြင်းကြတော့ အယောင်ရောသရုပ်ပါ ဆောင်မရပါ။ အယောင်ဆောင်ရခြင်း/မရခြင်း၊ သရုပ်ဆောင်ရခြင်း/မရခြင်းပေါ်မှာလည်း
လူနဲ့မြင်းကွဲပါတယ်။ တူတာက လူရောမြင်းပါ “အတု”လုပ်လို့ မရပါ။ အတုမရှိပါ။ လူအတု မြင်းအတုလို့ပြောမရပါ။
ဒဏ္ဍာရီတွေထဲမှာတောင် နတ်တွေ/မကောင်းဆိုးဝါးတွေ လူပုံဖမ်း (လူ့အသွင်ယူ)ပြီးလာတယ်ဆိုရင်
လူယောင်ဆောင်တွေလို့ပဲသုံးပါတယ်။ လူအတု၊ နတ်အတု၊ မကောင်းဆိုးဝါးတု၊ စစ်သားတု၊ ဘုန်းကြီးတု၊
မြင်းအတုလို့ပြောမရသလို ပြောရိုးလည်းမရှိပါ။ မရှိတာကိုအရှိလုပ်သုံးပြီးဆို တရားအရရောစကားအရပါ
တခုခုလွဲချော်နေပြီလို့ပြောရမှာပါ။ အဲ့သလို လွဲချော်နေတယ်လို့ယူဆနိုင်စရာ မြန်မာဝေါဟာရတစ်ခုရှိပါတယ်
အဲ့ဒါက ရဟန်းတုရဟန်းယောင် ဆိုတာပါ။ ဒီမှာဆိုတဲ့ ရဟန်းဆိုတာ(ရုပ်နဲ့နမ်တွဲနေတဲ့) လူအကောင်အထည်ကြီးကိုပြောတာမဟုတ်ပဲ
(ဤဂုဏ်ပုဒ်များနှင့်ပြည့်စုံသဖြင့် အကြင်သူအား ရဟန်းဟု သမုတ်၏)လို့ဆိုကာ နမ်သဘောဂုဏ်ရည်သဘောကိုအထူးပြုတယ်လို့ယူဆပါတယ်။
အဲ့အတိုင်းမှန်တယ်ဆို ဘာပြဿနာမှမရှိပါ။ လူကောင်သက်သက်ကိုမျှကိုပြောတာပဲမဟုတ်ပဲ ဂုဏ်ရည်ကိုပါပြောတာမို့
ပြောလို့ဖြစ်တယ်လို့ပဲ ထားစဉ်းစားပါတယ်။ ဒီနေရာမှာလည်း ရဟန်းကို ရဟန်းတို့ ဂုဏ်ရည်နဲ့စိစစ်လိုက်ရင်
ဒီရဟန်း တုသလားစစ်သလားပေါ်သွားမှာပါ။ ရဟန်းတပါးပါးရဲ့ ဂုဏ်ရည်အတိမ်အနက်ကို စိစစ်ဖို့စက်မရှိသလို
လူဝတ်ကြောင်က သွားစစ်ဖို့လည်းမဖြစ်နိုင်ပါ။ သာသနာ့မှတ်ပုံတင်ရှိ/မရှိဆိုနဲ့တိုင်းပြီး
စစ်မစစ်ပြောလည်း အလုံးစုံမှန်တဲ့အဖြေမဟုတ်ပါ။ ဆိုတော့ စာတတ်ပေတတ်သီလ သမာဓိသိက္ခာပြည့်တဲ့
ထေရ်ကြီးဝါကြီးရဟန်းတော်ကြီးများက ဆုံးဖြတ်ရတဲ့ကိစ္စပါ။ လုပ်ထုံးလုပ်နည်းတွေလည်း ရှိထားပြီးသားပါ။
ဒီနေရာမှာ ရဟန်း၊ ရဟန်းဂုဏ်ရည်စတာတွေနဲ့စပ်တဲ့ ဗုဒ္ဓစာပေကျမ်းဂန်လာပါဠိတော်၊ ပါဠိသက်နဲ့
ပါဠိပျက်ဝေါဟာရအကျယ်တွေကိုလည်း လက်လှမ်းမီသရွေ့ စေ့ငုနိုင်ရင်ပိုကောင်းမှာပါ။ ထားပါတော့
ဒီဝေါဟာရမှာတောင် “ရဟန်းယောင်”ဆိုတာ ပါပါသေးတယ်။
သက်မဲ့တွေကို
(အထူးသဖြင့်လူလုပ်ပစ္စည်းတွေကို) အတုလုပ်လို့ရပါတယ်။ ဆေးဝါးအတု အရက်အတုစသည်ဖြင့်ပေါ့။
အတုဆိုကတည်းက အစစ်မဟုတ်မှန်းလူတိုင်းသိပြီးသားပါ။ အတုဟာ သရုပ်မဆောင်သလိုဆောင်လည်းမရပါ။
ဒီနေရာမယ် အစစ်နဲ့အရည်အသွေးတူရုံမက ပိုကောင်းနေစေဦး အတုဆိုမကောင်းဘူးလို့ တထစ်ချမှတ်ယူတတ်တဲ့လူ့စိတ်သဘာဝကို
ထည့်စဉ်းစားဖို့လိုလာပါပြီ။ လူဟာ အစစ်အမှန်ကို မြတ်နိုးတန်ဖိုးထားတတ်တာ သဘာဝပါ။ အတုကြီးလို့ဆိုတာနဲ့
မကောင်းဘူးလို့ဆိုတဲ့အသိက ထပ်ချပ်ပါလာတတ်ပါတယ်။ လူရဲ့ အဲ့ဒီ အတုအစစ်သဘောအပေါ်ထားတဲ့
စိတ်အနေနဲ့ စိတ်အထား(စိတ်အနေနဲ့စိတ်အထားလို့ခွဲသုံးရတာက လူတချို့မှာ စိတ်အနေကောင်းပေမယ့်
စိတ်အထားမတတ်လို့ ဖြစ်ရတဲ့ပြဿနာတွေရှိတတ်လို့ပါ)ကို အားနည်းချက်အဖြစ် ကိုင်ထိုးဝါဒဖြန့်တဲ့
ဆိုက်ဝါးလို့ဆိုတဲ့ထောက်လှမ်းရေးပညာ ရှိပါတယ်။ ခု ရွှေပြည်ကြီးမှာဖြစ်နေတဲ့ ဘုန်းကြီးတုတွေသံဃာတုတွေဆိုတာ
အဲ့ဒီကိစ္စပါ။ ပြဿနာလိုက်ရှာနေတာဘုန်းကြီးအစစ်တွေ မဟုတ်ဘူး၊ ဘုန်းကြီးတုတွေလို့လူပြောအတော်များပါတယ်။
ဘုန်းကြီးအယောင်ဆောင်တွေလို့ပြောသူတောင်အလွန်နည်းတာ သတိထား မိပါတယ်။ သင်္ကန်းရုံပြီးဆူပူသောင်းကျန်းခွင့်
လိုင်စင်ရအကြမ်းဖက်သမားတွေကို ဗုဒ္ဓဝါဒီအမည်ခံသင်္ကန်းခြုံအကြမ်းဖက်သမားများလို့ သုံးစွဲတဲ့အခါတိုင်း
ဘုန်းကြီးအတုတွေပါလို့ ဖြောင့်ကွယ်ကွယ်ရင်း၊ ဝေါဟာရအကြောင်းပြချက်နဲ့ တန်ပြန်ထိုးနှက်တာတွေ
တွေ့ရပါတယ်။ ရည်ရွယ်ချက်က လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက်၊ လူမျိုးဘာသာခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးအတွက်
လှုပ်ရှားဆောင်ရွက် နေသူတွေကို ဘာသာရေးခေါင်းစဉ်အောက်နေ ဘုန်းကြီးဆိုးတွေနဲ့လှည့်တိုက်ပြီး
နိုင်ငံရေးအညွန့်ချိုးဖို့ကြံစည်ချက်ပါ။
ကောင်းပြီ
ဒါဆို ဒီလူတွေ ဘုန်းကြီးတု/မတု ဘာနဲ့ခွဲမလဲ ဘာနဲ့စစ်ကြမလဲက ပြဿနာရဲ့ဆုံချက်ဖြစ်လာပါပြီ။
သာသနာဝင်မှတ်ပုံတင်မရှိရင် ဘုန်းကြီးတုဆိုမလား။ ဒါဆို ခုပြဿနာတွေထဲဝင်ပါနေသူတွေထဲမယ်
သာသနာ့မှတ်ပုံတင်လောက်မပြောနဲ့ တိုင်းသိပြည်သိကမ္ဘာသိ ဘုန်းကြီးတွေတောင်ပါပါတယ်။ ကောင်းပြီဒါဆို
သိမ်ဝင်မဝင် ကမ္မဝါဖတ်မဖတ်နဲ့တိုင်းမလား။ ဝင်ပြီးဖတ်ပြီးသားတွေမှ တပုံတပင်ပါပါတယ်။ ကောင်းပြီ
ဒါဆို ဘုန်းကြီးစာ ဘယ်လောက်တတ်မတတ်နဲ့ပြောမလား။ စာတတ်ရုံမက ကြောင်ငါးကြော်စားကျွပ်ကျွပ်ဝါးသို့
တွေတောင် ပါတယ်။ သီလ ဘယ်နှပါးလုံဆိုတာနဲ့တိုင်းမလား။ သူ သီလ ဘယ်နှပါးလုံကို ခင်ဗျား
ဘာနဲ့သွားတိုင်းမလဲ။ ဘာနဲ့စိစစ်မလဲ။ ဘုန်းကြီးအစစ်ဆို ဒါမျိုးမလုပ်ဘူးပြောမယ်ဆို တိုင်းလို့ရမယ့်ယေဘုယျစံတွေနဲ့တိုင်းပြန်တော့လည်း
အတုလို့ပြောမှ မရတာ။ သာသနာဝင်ကဒ်လည်းရှိတယ်။ သိမ်လည်းဝင်ပြီးသား။ ရွတ်စရာရှိတဲ့သီလတွေလည်း
ရွတ်တယ်။ စာလည်းတတ်တယ်။ လူတွေကိုလည်း ဗုဒ္ဓတရား အဘိဓမ္မာတွေနဲ့ ပတ်သက်လို့ ဟောဟယ်ပြောဟယ်လုပ်နေတဲ့
ဘုန်းကြီးတွေလည်းအဲ့ဒီအစုထဲပါနေတယ်။ ဒါဆို အဲ့ဘုန်းကြီးတွေကို အတုတွေလို့ ခင်ဗျား အတိအလင်းပြောဝံ့မလား။
ခု
အတုအစစ်ပြဿနာကို ထောက်လှမ်းရေးအတတ်နဲ့ မအူကုန်းလမ်းကျယ် တာမွေ ၁၃၃ လမ်းမှာ ပြလိုက်တာပဲလို့မြင်တယ်။
တကယ်အတုအစစ်ခွဲတာမဟုတ်ပဲ သဏ္ဍန်တမင်ဖော်တဲ့ပြီး အယောင်ဆောင်ကိုအယောင်ဆောင်မှန်းပေါ်အောင်
သင်္ကန်းခြုံပြီး ဆံပင်နဲ့လွှတ်လိုက်တာပါ။ မကြာပါဘူး အဲ့ကိစ္စ သူတို့မီဒီယာတွေမှာ ဓါတ်ပုံတွေ
ဗီဒီယိုတွေ ပြောစကားတွေဝေဝေဆာဆာနဲ့ဖော်ပြ ကြတော့မှာပါ။ ပြောစကားတွေအင်္ဂလိပ်လိုပြန်ပြီးတောင်
ပုံနှိပ်မီဒီယာတွေနဲ့အွန်လိုင်းပေါ်တက်လာမှာပါ။ အဲ့ငနဲကိုတော့ ဖျောက်ပေးထား လိုက်မှာပါ။
နိုင်ငံတကာ၊ တိုင်းပြည်နဲ့လူထုကို တွေ့လား “ဘုန်းကြီးတုစစ်စစ်”တကယ်ရှိတာလို့ပြမှာပါ။
ခုဆို လူတချို့အဖို့ ဘုန်းကြီးတုတွေလုပ်တာလို့ပြောဖို့ အချက်အလက်ကိုးကားစရာရပြီမဟုတ်လား။
တကယ်က
ဘုန်းကြီးဆိုတာ လူသားပါ။ လူသားမှာ အတုမရှိပါ။ ဘုန်းကြီးတုဆိုတာ မရှိပါ။ စစ်အာဏာရှင်တွေ
ခေတ်အဆက်ဆက်က ပိုးမွေးသလိုမွေးပြီး လက်ကိုင်တုတ်လုပ်အသုံးချတဲ့ သင်္ကန်းခြုံအလဇ္ဇီရဟန်းတွေနဲ့
ရဟန်းယောင်ဆောင်ထားတဲ့ “ဘုန်းကြီးတုအစစ်ကြီးတွေ” သာ မျက်မြင်တွေ့ရမှာပါ။ (ဒါရေးနေတုန်း
အဲ့ဒီ ဘုန်းကြီးတုအစစ်ကြီး ဗီဒီယိုတက်လာပါတယ်။ တင်ပေးပါ့မယ်)
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၄
0 comments:
Post a Comment