Saturday, February 1, 2014

ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးကို သမ္မတက ဘယ်လိုဆုံးမ မလဲ (တူမောင်ညို)

0 comments
ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးကို သမ္မတက ဘယ်လိုဆုံးမ မလဲ (တူမောင်ညို) (၂၀၁၄ ခုနှစ်၊  ဖေဖေဝါရီ ၁ ရက်)
ဗိုလ်အုန်းမြင့်ပြောစကားတွေက ရိုင်းစိုင်းပြီး မောက်မာလှတယ်။
ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်တို့ရဲ့အရင်းခံသဘောထားကို ဖွင့်ဟဖော်ထုတ်ပြလိုက်တာလဲဖြစ်ပါတယ်။ ဗိုလ်သိန်းစိန် ပြောပြောနေတဲ့ “နိုင်ငံရေးယဉ်ကျေးမှုသစ်’’ဆိုတာရဲ့ လက်တွေ့သဘောကို  ဗိုလ်အုန်းမြင့်ပြောစကားတွေက ထင်ထင်ရှားရှား သက်သေပြသလိုက်ပါပြီ။
“အပြောင်းအလဲ’’ ဆိုတဲ့တံခါးကို ဟလိုက်တော့ ရိုင်းစိုင်းမောက်မာသူတွေဟာ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပွဲထွက်လာခဲ့ကြပြီး၊ တပြိုင်နက်ထဲ မြန်မာနိုင်ငံအနှံ့အပြားမှာ “လူမျိုးရေး၊ ဘာသာရေးအရေခြုံ အကြမ်းဖက်သတ်ဖြတ်မှုတွေ’’ပေါ်ပေါက်လာပါတယ်။
ဒီအချက်ဟာ “ယနေ့အပြောင်းအလဲ”ရဲ့ထင်သာမြင်သာအရှိဆုံးအချက်လည်း ဖြစ်ပါတယ်။
ဗိုလ်သိန်းစိန်တို့၊ ဗိုလ်ရွှေမန်းတို့က ကြံ့ဖွံ့ပါတီ၊  ကြံ့ဖွံ့အစိုရ၊ ကြံ့ဖွံ့လွှတ်တော်တို့ကို “ဗိုလ်ဇော်မင်း၊ ဗိုလ်လှဆွေ၊ ဗိုလ်အုန်းမြင့်’’တို့လို လူစားတွေဖွဲ့စည်းထားတာပါ။
လျှပ်စစ်ဝန်မင်းဗိုလ်ဇော်မင်း က ဧရာဝတီမြစ်ဆုံအရေးကိစ္စနဲ့ပတ်သက်ပြီး “ဘယ်တော့မှနောက်မဆုတ်ဘူး၊ ဆက်လုပ်မှာဖြစ်ပါတယ်”လို့ မောက်မောက်မာမာပြောခဲ့သူပါ။
လွှတ်တော်အမတ်ဗိုလ်လှဆွေကတော့ “ဒီတိုင်းခေါ်နေတာမလာရင်၊ (ကျည်ဆံ) “ဘူးလက်”နဲ့ ခေါ်မယ်”လို့ သေနတ်စကားပြောသူ ဖြစ်ပါတယ်။
ဗိုလ်အုန်းမြင့်ပြောစကားတွေက ပိုပြီး မောက်မာမိုက်မဲပါတယ်။ အားကိုးကြီးကြီးမားမားရှိလို့လည်း ဒီလိုပြောရဲတာပါ။ “ဘယ် နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး --- နယ်တကာလှည့်ပါးရိုက်လာတာ --- ဘယ်နိုင်ငံရေးပါတီမှလည်းမကြောက်ဘူး၊ စော်ကားတဲ့အကောင် တွယ်မှာဘဲ။ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ၊ တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်”တဲ့။
ယခုလို တရားမဲ့ပြီး မောက်မာစော်ကားလှတဲ့လူရမ်းကားတွေကို “ဂျင်းတဲလ်မင်းများရဲ့ရွှေနဲ့ထုထားတဲ့မူဝါဒ”နဲ့တုန့်ပြန်လို့ အလုပ်ဖြစ်နိုင်ပါ့ မလား။ သက်သက်စိတ်ကူးယဉ်သလိုများဖြစ်နေမလား။ နိုင်ငံရေးလုပ်တယ်ဆိုတာ လရောင်အောက်မှာလမ်းလျှောက်တာ မဟုတ်သလို၊ ဇာပန်းထိုးတဲ့အလုပ်မျိုးလည်း မဟုတ်ပါဘူး။
မကြာသေးခင်ကပဲ ဂျာနယ်တစ်စောင်မှာဖော်ပြခဲ့တဲ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောတဲ့မိန့်ခွန်းဆိုတာကို မှတ်မိကြအုံးမှာပါ။ ကာချုပ် ကလည်း ခပ်မိုက်မိုက်ပဲပြောပါတယ်။ ဗိုလ်အောင်မင်းတို့လို ထွေလီကာလီတွေ၊ လိမ့်လုံးပတ်လုံးတွေမပြောဘဲ။ ဒဲ့ဒိုးပြောပါတယ်။
“ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ အာဏာခွဲဝေပေးဖို့မဟုတ်ပါဘူး”တဲ့။ မရှင်းပါလား။
ဒီလိုရှင်းပြတ်နေပေမယ့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက “တော်လှန်ရေး” ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး  သတ်ပုံမှားချင် နေကြတယ်။ နေရာတကာ မသုံးနဲ့လို့လည်း ပြောသံကြားရပါတယ်။ “တော်လှန်ရေး”ဆိုတဲ့စကားလုံးက ခြင်ထောင်ထဲမှာ သုံးရမယ့်စကားလုံး မဟုတ်တာတော့ လူတိုင်းသိကြပါတယ်။
တစ်ဖက်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်အောင်မင်းတို့က အပျော့ဆွဲကြောင်ချေးလုံးလေးတွေနဲ့ နှပ်ကြောင်းပေးပြီး၊ အခြားတစ်ဖက် မှာတော့ “ဗိုလ်ဇော်မင်း၊ ဗိုလ်လှဆွေ၊ ဗိုလ်အုန်းမြင့်’’တို့လို လူရမ်းကားတွေက မောက်မာရိုင်းစိုင်းတဲ့စကားတွေပြောကြဟေ့လို့ တာဝန်ပေး စေခိုင်းထားပုံပေါ်ပါတယ်။  ဒီလိုအပျော့/အမာအဖြစ် တမင်ပုံဖော်နေတာကို နိုင်ငံရေးအမြင်ချိနဲ့ နုံချာသူအချို့က ကြံ့ဖွံ့ပါတီထဲက “အကွဲ” အဖြစ် ရှုမြင်သုံးသပ်နေကြပါတယ်။ သူတို့ချင်းအာဏာနှင့်ဘဏ္ဍာ စားခွက်လုကြတဲ့အကွဲမျိုး မရှိတာမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ဘုံအကျိုးစီးပွားအပေါ်မှာတော့ သူတို့ဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”ဆိုတဲ့အတိုင်း ညီညွတ်လေ့ရှိကြပါတယ်။ “၂၀၀၈ အခြေခံဥပဒေ”အပေါ်သူတို့ချင်းချင်းမကွဲလွဲကြပါဘူး။ “ပုဒ်မ ၅၉ (စ)” မပြင်ဆင်ချင်ကြတဲ့အချက်အပေါ်မှာ သူတို့ ညီကြပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ မိုက်ဖော်ဆိုးဘက်နောင်တော်ဖြစ်တဲ့ (တစည)ပါတီသည်ပင် “ပုဒ်မ ၅၉ (စ)”မပြင်ရေးမှာ တသဘောတည်းရှိနေတယ်မဟုတ်ပါလား။
ဒါပေမယ့်တချို့ဆိုရင် ဗိုလ်အောင်မင်းလေမိပြီး နှာစေး၊ ချောင်းဆိုး ၊ အသံဝင်၊ သလိပ်ကပ် ဖြစ်နေကြရရှာပါတယ်။ ရောဂါ ဘယ်လောက်ထိ ကျွမ်းနေပြီလည်းဆိုရင်  ဗိုလ်အောင်မင်းရဲ့ပြောစကားတွေ၊ နှုတ်ကတိတွေကို “လက်မှတ်ရေးထိုးပြီးဖြစ်သကဲ့သို့”မှတ်ယူရမယ်လို့ ဆိုပါတယ်။ သူတို့အတွက် ကုရာနတ္တိ ဆေးမရှိပါ။
ကျားသစ်ဟာ သူ့အရေခွံပေါ်ကအစက်အပျောက်တွေကို ဖုံးကွယ်ထားလို့မရသလိုပါပဲ။ ယနေ့ ဗိုလ်ဟောင်း/ဗိုလ်သစ် စစ်အုပ်စုတွေဟာ သူတို့ရဲ့အကျင့်စရိုက်နဲ့မူလဗီဇကို ဖုံးကွယ်ထားလို့မရပါဘူး။ သူတို့လုယူထားတဲ့အာဏာနဲ့ဘဏ္ဍာဆိုတာကို ထိပါးလာတာနဲ့အမျှ ဟန်ဆောင် လှည့်ဖျားဖုံးကွယ်ထားတဲ့ သူတို့ရဲ့အဆိပ်တွေ၊ အစွယ်တွေ၊ ခြေသည်းလက်သည်းတွေကို ဗြောင်ထုတ်ပြလာ မှာပါပဲဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်ထဲမှာ ဗိုလ်အုန်းမြင့်လိုလူစားတွေအများအပြားရှိပါတယ်။
ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးဗိုလ်အုန်းမြင့် ကို သမ္မတ(ဗိုလ်) ဦးသိန်းစိန် ဘယ်လိုဆုံးမ မလဲ။ ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီး ဗိုလ်အုန်းမြင့်ကို ပြည်ထောင်စုလွှတ်တော်နယက၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်းက ဘယ်လိုအရေးယူမလဲ။
ညွန်း -Unity Weekly News ဂျာနယ်၊ အတွဲ ၃၊ အမှတ် (၅) ၊ ၁ ဖေဖေါ်ဝါရီ ၂၀၁၄


0 comments:

Post a Comment