Sunday, February 16, 2014

ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင်ကိစ္စ (မျိုးမြင့်ချို)

0 comments
ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင်ကိစ္စ (မျိုးမြင့်ချို)
အခု ၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီ နိုင်ငံရေးအရ ဒုတိယအကြိမ်တွေ့ကြတယ်။ လိုလားအပ်တဲ့ကိစ္စကောင်း လို့ မြင်တယ်။ တရားဝင် မျက်နှာချင်းဆိုင်ကြတာဖြစ်လို့ တရားမဝင်သဘော(အလွတ်သဘော)အပြင်မှာပြောတာတွေ 

ဲသွားရုံမက တရားဝင်ထုတ်ပြန်မှုတွေလည်း ထွက်လာလိမ့်မယ်။ နှစ်ဖက်ထုတ်ပြန်ချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးမှာခက်ခဲတင်းကျပ်နေတဲ့ အခန်း(၁၂)ပါ (ပုဒ်မ-၄၃၆)ကိုပြင်ဖို့ ပူးပေါင်းဆောင် ရွက်မယ်လို့ အတိအလင်းပြောတယ်။ ပထမအကြိမ်တွေ့တုန်းက ငြိမ်းချမ်းချောမွေ့စွာပြုပြင်ပြောင်းလဲရေး ပူးပေါင်းမယ် ဘာညာ ပြောပေမယ့် ဘယ်နည်းနဲ့ပြင်မလဲကို အရင်ကလည်း မပြော ခုလည်းမပြောဘူး။ ဆိုလိုတာက လွှတ်တော်တွင်း/ပ ဘယ်နည်းမှလို့မပြောဘူး။ လွှတ်တော်တွင်းနည်းလို့ပြော ရအောင်ကြတော့လည်း ၈၈-ငြိမ်း/ပွင့်က လွှတ်တော်ထဲတစ်ယောက်မှမရှိသလို နိုင်ငံရေးပါတီလည်း မဟုတ်ပြန်ဘူး။ လွှတ်တော်ပြင်ပနည်းလို့ ပြောရအောင်ကြလည်း လူထုတိုက်ပွဲလို့ တဘက်ကမြင်သွားမလားကြောင့်ကြနေဟန်ပဲ။

သူတို့ပြောတဲ့ (အခန်း-၁၂) ပါ (ပုဒ်မ-၄၃၆)က…
(ပုဒ်မ ၄၃၆ ပုဒ်မ ၄၃၆(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့်ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏(၇၅)ရာခိုင်နှုန်းကျော်ထောက်ခံဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်)လို့ဆိုလို တာ ဖြစ်ပါတယ်။

“အနီရောင်ပြထားတဲ့ပုဒ်မတွေပြင်ချင် အရင်ဆုံး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅)ရာခိုင်နှုန်းကျော်က လွှတ်တော်ထဲမှာ ထောက်ခံရုံနဲ့တင်မရသေးဘူး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး မဲလာပေးသူတွေရဲ့ထက်ဝက်ကျော်ထောက်ခံမှုပါရမှ ပြင်”လို့ ဆိုတာပါပဲ။ ချုပ်ပြီးမြင်လွယ်အောင်ပြောရရင် ဖွဲ့စည်းပုံပါဥပဒေတွေကို ပြင်ချင်သပဆိုရင် ပြင်နည်း(၂)နည်းရှိတယ်။ တနည်းက လွှတ်တော်ထဲတင် ပြီးတဲ့နည်း၊ နောက်တနည်းက လွှတ်တော်ထဲတင်မပြီးသေးဘူး ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ
ထောက်ခံမဲတဝက်ကျော်ရမှပြင် ဆိုတဲ့နည်းပဲ။ လွှတ်တော်ထဲတင် ပြင်လို့ရနိုင်မယ်ဆိုတဲ့ ပုဒ်မတွေကို “၇၅ ပလပ်စ် ဝမ်း” လို့ပြောပြီး၊ လွှတ်တော်ထဲနဲ့တင်မပြီးသေးဘဲ လူထုဆန္ဒခံယူပွဲ မဲထက်ဝက်ကျော်ရမှပြင်ပုဒ်မတွေကိုတော့ “၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ်ထက်ဝက်ကျော်”လို့ အတိုချုပ်သုံးပါရစေ။

၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီက အဲ့ဒီပုဒ်မ(၄၃၆)ကိုပြင်ရေးမှာ ပူးပေါင်းမယ်လို့ဆို တာက ပြင်သင့်သောပုဒ်မများပြင်ရေး ကောက်သင်းကောက်ပြောနေတာကို လွှတ်ချလိုက်ပြီး “ကောက်ပင်ရိတ်လှီး အပြီးအပြတ်”လုပ်မယ်လို့ အဓိပ္ပါယ်ဖြစ်ပါတယ်။ တနည်းပြောရရင် တစ်ခုခြင်းပြောမနေတော့ဘူး တစ်ခုချင်းတွေအားလုံးကို တစ်ခုတည်းနဲ့ပြင်ပစ်မယ့်လမ်းပါ။ အဲ့ဒီလမ်းအတိုင်းလျှောက်ရင် ခုပြောပြောနေကြတဲ့ (ပြင်သင့်သောပုဒ်မများပြင်ရေးအသံ) အပေါ်(ပြင်နည်းများအရင်ပြင်ရေးအသံ) လွှမ်းလာမှာသေချာပါပြီ။ အင်န်အယ်လ်ဒီကပြင်ချင်တဲ့ပုဒ်မတွေ ထဲမှာ တချို့က ၇၅ ပလပ်စ် ဝမ်း တွေဖြစ်ပြီး တချို့ကတော့ ၇၅ ပလပ်စ် ဝမ်းနှင့် ပြည်လုံးကျွတ်ထက် ဝက်ကျော်တွေလည်ပါနေတာတွေ့ရပါတယ်။ ကောက်သင်းကောက် ဟိုဟာပြင်မယ် ဒီဟာပြင်မယ်ပြောနေတာထက်စာရင် ခုလိုမျိုး ပြင်နည်းအရင်ပြင်မယ်လို့ပြောတာ နိုင်ငံရေးပိုဆန်ပြီး ကစားကွက်လည်း ပိုကျယ်သွားပါတယ်။ ကျယ်တယ်ဆိုပေမယ့် သူ့ကွင်းထဲမှာ ကစားရမှာဖြစ်ပြီး ကစားဘက်တွေက တပြိုင်တည်းမှာ ဒိုင်လည်းဖြစ် စည်းကြပ်လည်းဖြစ်တာ ထင်ရှားပါတယ်။ မိမိက ကီးပလေယာဟုတ်/မဟုတ်လည်း ရှိပါသေးတယ်။

ဒီအိုင်ဒီယာကို အရင်ဆုံးစပြောချပြတာ ကိုကိုကြီးလို့ ကျနော်မှတ်မိနေတယ်။ ဖွဲ့စည်းပုံပြင်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးက ပိုအရေးကြီးတယ်ဆိုတဲ့စကား မပြောခင်ကတည်းကလို့ မှတ်မိနေပါတယ်။ ဒီအိုင်ဒီယာကို ၈၈-ငြိမ်း/ပွင့်ထဲမှာ ကျအောင်အရင်လုပ်ပြီးမှ အပြင်ထုတ်ယူလာတာလို့ ဆိုနိုင်မှာပါ။ အပြင်မထုတ်ခင်မှာ အတွင်းကြိတ် ကြိတ်နေရတာတွေ အခြားဘက်တွေနဲ့အပေးအယူလုပ်ခဲ့ရ တာတွေလည်း မုချရှိမှာပါ။ (မှတ်ချက်-ဒီနေရာမှာဆိုတဲ့အခြားဘက်တွေထဲမှာ စစ်အုပ်စုထိပ်သီးတွေဖြစ်တဲ့ ဗိုလ်ရွှေမန်းတို့ ဗိုလ်သိန်းစိန်တို့မပါဘူးလို့ တပ်အပ်သေချာတော့မပြောနိုင်ပါ) ခု အပြင်ထုတ်လာတဲ့အခါ အင်န်အယ်လ်ဒီနဲ့ဒီအခြေခံပေါ်ပေါင်းလုပ်ကြမယ်ဆိုတဲ့အဆင့် အနေထိ သိမ်းယူသယ်မသွားနိုင်ခဲ့တာဟာ ၈၈-ငြိမ်း/ပွင့်တွေရဲ့ နိုင်ငံရေးကျင်လည်မှုလို့ဆိုရင် မှားမယ်မထင်ပါ။ ဒါနိုင်ငံရေးပါ။
မကြိုက်ရင် ဆန့်ကျင်ရုံရှိပါတယ်။

အင်န်အယ်လ်ဒီဘက်ကကြည့်ပြန်တော့လည်း ဒီအပေးအယူဟာ သူ့အတွက် ကိုယ့်ရှူးကိုယ်ပတ်ချောင်ပိတ် မိနေရာကနေ အသက်ရှူချောင်စေခဲ့တာပါ။ အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်မယ်သာပြောတာပါ ဘယ်နည်းနဲ့ပြင်မယ်လို့တိတိကျကျမပြောနိုင်တာမျိုး၊ ပြင်မပေးရင်ဘာလုပ်မလဲမေးလာတိုင်း

ဝေ့လည်ကြောင်ပတ်အဖြေမျိုးနဲ့ရှောင်ထွက်ပြီး အီလည်လည်လုပ်နေရတာကြာပါပြီ။ လူထုနည်း (လွှတ်တော်ပြင်ပနည်း)လည်း မသွား၊ လွှတ်တော်ထဲကစိတ်ကောင်းရှိတဲ့ စစ်သားတစ်ယောက်မျှော်တော်ပုံကလည်း အလုပ်မဖြစ်၊ ဗိုလ်သိန်းစိန်နဲ့ဗိုလ်ရွှေမန်း အလှည့်ကျတွဲကတဲ့ဇာတ်ကလည်း တခန်းရပ်လုလု၊ လေးဦးလေးဖလှယ်မေတ္တာရပ်ခံချက်ကလည်း သဲထဲရေသွန်ဖြစ်၊ ဒီကြားထဲ လက်တောက်လောက်လေးတွေနဲ့တန်းညှိအတိုက်လည်းခံရ၊ သင်္ကန်းဝတ်တွေနဲ့လှည့်တည်ပေး စတာတွေ အတောမသတ်နဲ့လုံးလည်ချာလည်လိုက်နေ တာပါ။ ရှေ့လည်းဆက်တိုးစရာမရှိနောက်လည်းပြန်ဆုတ်ဖို့ခက်နဲ့ လေထဲတန်းလန်းကြီးဖြစ်နေတဲ့အဖြစ်ကနေ ခုမှလွတ်သွားပါတယ်။

စစ်အုပ်စုဘက်ကလည်း ခုလို ပြင်နည်းအရင်ပြင် လိုင်းကျသွားတာ ကြိတ်ဝမ်းသာလက်ခမောင်းခတ်နေမှာ

လွဲပါပဲ။ လက်ရှိပြောနေတဲ့ ကောက်သင်းကောက်ပြင်ရေးတွေကို တစ်ခုချင်းလိုက်ပြော လိုက်လိုက်ရှင်းနေရတဲ့ဒုက္ခက လွတ်သွားပါတယ်။ သူတို့ နိုင်ငံတကာကို ထွက်ထွက် နိုင်ငံတကာကပဲအထဲလာလာ တွေ့လို့ မေးကြပြောကြပြီဆို ပုဒ်မ ၅၉/စ က မပါမပြီးပါ။ မီဒီယာတွေက တည်ပြီးမေးလည်း ဒီပုဒ်မက ရှေ့ဆုံးကပါ။ ခုလို “ပြင်နည်းအရင်ပြင်” လိုင်းကျသွားတော့ စစ်ဗိုလ်တွေ တယောက်တပေါက် တယောက်တနေရာအမျိုးမျိုးခွဲပြီး ကလိန်စေ့ငြမ်းစင်နေရတာတွေကနေလည်း အသက်သာကြီးသက်သာသွားရပါပြီ။ လွှတ်တော်ပြင်ပပြင်ရေး(လူထုလှုပ်ရှားမှုနည်း)နည်းကို အင်န်အယ်လ်ဒီနဲ့ ၈၈-ငြိမ်း/ပွင့်ပေါင်းပြီး ဇက်သတ်ပေးတာလို့ယူဆပြီး ဝမ်းအသာကြီးသာကာ
ဒီလမ်းကြောင်းကို နှပ်ကြောင်းပေးဇောင်းတင်ပြီး ပြောကြတော့မှာ သေချာသလောက်ပါ။

လူထုဘက်ကကြည့်ရင်တော့ ဇဝေဇဝါမရေမရာအတွေးတွေနဲ့ပဲ ချာချာလည်နေရဦးမယ့်ကိန်းပါ။ 

၈၈ ငြိမ်း/ပွင့်တွေနဲ့ ဒေါ်စုတွေ့ကြတယ်ဆိုတော့ ဝမ်းအသာကြီးသာ မျှော်အလင့်ကြီးလင့်ခဲ့ကြတဲ့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒေါ်စုအပေါ်မေတ္တာထားချစ်ခင်မှုကြောင့် ဒေါ်စု တိမ်းခဲ့ခြေလှမ်းတွေ၊ ယိမ်းခဲ့တဲ့ကတိတွေ၊ ကျွံခဲ့တဲ့စကားကို ခွင့်လွှတ်နားလည်ရုံမက စာနာဂရုဏာပိုတောင်သက်ခဲ့ကြတာလည်း လက်တွေ့ပါ။ ဒီမေတ္တာဂရုဏာတွေကြောင့်ပဲ လူထုဟာ စကားလုံးတွေနဲ့နှစ်သိမ့်မှုကို စိတ်အရှည်ကြီး ရှည်ခဲ့ကြတာပါ။ ခုလည်း စိတ်အရှည်ကြီးရှည်နေလိမ့်ဦးမယ်လို့ထင်ရပါသေးတယ်။
ဘက်ပေါင်းစုံ မတရားမမျှတမှုတွေ မကျေနပ်ချက်တွေနဲ့ပွင့်ထွက်အုံကြွလာမယ့်လူထုဘက်ကလည်း တခုခုများဖြစ်လာလေဦးမလားအတွေးနဲ့ စောင့်တော့ကြည့်ကြမှာပါ။

ပြန်ချုပ်ရရင် ဒီလမ်းကြောင်း ဘယ့်လောက်အောင်မြင်/မမြင်က စစ်အုပ်စု (ကာ/လုံနဲ့ကြံ့ဖွံ့) လက်ထဲမှာပဲရှိနေတယ်ဆိုငြားလည်း လေးဦးလေးဖလှယ်(၈၈/အင်န်အယ်လ်ဒီ/စစ်အုပ်စု/လူထု) ယာယီဘဝင်ကျစရာမို့ ထီးလိုမင်းလိုသဘောတော့ ပါပါတယ်။ နောက်မှ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်တာတို့  ဆင့်ခေါင်းခွေးမချီနိုင်တို့ဆိုကာ ငြိုငြင်ခံရမယ့်အရေးလည်း မြင်ရမလားတွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါနိုင်ငံရေးပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်အုပ်စုရဲ့အသက်ဗူးပါ။ ၂ဝဝ၈ ဟာ အာဏာပြဿနာပါ။ ၂ဝဝ၈ ကိုမရှင်းရင် ဗမာ့နိုင်ငံရေးဟာ ရှင်းလင်းလွယ်ကူစရာ မမြင်ပါ။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၄)



0 comments:

Post a Comment