Wednesday, February 19, 2014

ဖေဖော်ဝါရီအလည် ၂ဝ၁၄ မှာရေးတဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
ကိုယ့်စာကိုယ်ပြန်ဖတ်ရင်း အဆိုးမြင်သမားထင်ခံရမှာစိုးလို့ ပုဂ္ဂိုလ်နိုင်ငံရေးကိုဖျော့ပြောတာသွားတွေ့ပြီး မျက်နှာပူ တယ်။ နောက်ပြီး ဝေ့လည်ကြောင်ပတ်နဲ့ လိုရင်းဒုတ်ဒုတ်မထိပဲ စာရှည်တယ်။ ဒါနဲ့ အခု “ပူးတွဲကြေညာချက်နဲ့ပြင်နည်းအရင်ပြင် ကိစ္စ”ကိုချုပ်ရေးရပါတယ်။ ကိုဇော်ရဲအောင်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီစာထဲမှာ ပြန်ကြည့်ဖြစ်တာပါ။ ကျေးဇူးပါ ကိုဇော်ရဲအောင်။

ပြင်နည်းအရင်ပြင်မယ့် သီဟနာဒကြုံးဝါးသံဟာ သင်္ကြန်အမြောက်မဟုတ်ဖို့ပါ။ ပြင်နည်းအရင်ပြင်လည်း (၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ် ထက်ဝက်ကျော်)ထဲက တစ်ခုပါ။ လက်ရှိ အထိုင်ပေါ်ကတွက်ရင် လမ်းဘယ်မမြင်ပါ။ ဒါပေမယ့် အညှာကိုင်ပြောတာမို့ နိုင်ငံရေးဆန်တယ်လို့ ဆိုတာတာပါ။ “ဖွဲ့စည်းပုံဖျက်အသစ်ပြန်ရေးမယ်”လို့ မပြောရုံတမယ်ထင်စရာမို့ နိုင်ငံရေးဆန်တယ်လို့မြင်တာပါ။ (သမ္မတဖြစ်ချင်လို့ ဖွဲ့စည်းပုံပြင်ခိုင်းနေတာ)ဆိုတဲ့ ဒေါ်စုအပေါ် ထိုးနှက်ဝါဒဖြန်ချက်ကိုအရှိန်လျှော့ချဖို့ လတ်တလောမှာအသုံးတည့်ပါတယ်။ နောင်မှာသာ ဘယ်ပြောင်းက ကျည်ထွက်လာဦးမလဲ မဆိုတတ်သေးတာပါ။ နိုင်ငံရေးပလူမွှေးပလူတောင်၊ ပါတီပိစိကွေးနဲ့ အမျိုးသားရေး တလွဲဆံပင်ကောင်းတွေ ၅၉/စ ပစ်မှတ်ကိုချိန်ပြီး စစ်အာဏာနဲ့စစ်ဓနကာကွယ်ပေးတဲ့ ကိုယ်ကျိုးရှာနေမှုတွေ ယာယီတန့်သွားနိုင်တယ်။
(ပုဒ်မ ၄၃၆ ကြီးမပြင်နဲ့လို့ထွက်ပြောရင် ခုထက်ပို ပွင့်ကျသွားမယ့်အရေး သူတို့လည်းမြင်မယ်တွေးတယ်။ ခု တိုက်ကွက်ဖြစ်တဲ့“ကျန်တာတွေ ဘာမှမပြောဘူး၊
၅၉/စ သာ မပြင်နဲ့”ကို ဒဲ့ကြီး ဆက်ဖော်ဖို့ခက်သွားတယ်။ တိုက်ကွက်အပြောင်းမတော်ရင် ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်မယ့်ကိန်းရှိတယ်။ ၈၈-ငြိမ်း/ပွင့်က အင်န်ဂျီအိုယောင်ဆောင်တဲ့ နိုင်ငံရေးပါ။ ပညာပေးယောင်ဆောင်တဲ့
နိုင်ငံရေးလုပ်ကွက်လည်း တချက်တချက်တွေ့ရပါတယ်။ နိုင်ငံရေးပါတီလို
နိုင်ငံရေးသမားလို အာဏာကိစ္စကိုတင်းတင်းရင်းရင်းပြောလို့မရပါ။
သူ့အကန့်အသတ်နဲ့ သူပြန်ငြိနေပါတယ်။ ကိုကိုကြီးလို့ နံမည်တပ်ပြောရတာက ခေါင်သူကြီးအားလုံး Decision and Policy Makers တွေလို့ ဘယ်လိုဆိုဆို ၈၈-ငြိမ်း/ပွင့်မှာ သူ့ကို King Makers ဖြစ်နေတယ်မြင်လို့ပါ။ သူ့နိုင်ငံရေး(ဘက်သဘောရပ်တည်ချက်)ကိုမကြိုက်ပါ။ သို့သော်
သူ့ကျင်လည်အကင်းပါးမှုနဲ့ ဖတ်အားမှတ်အားစဉ်းစားနိုင်စွမ်းအားတွေကို အသိအမှတ်ပြုပါတယ်။ ခုခေတ်ပြောတဲ့ ပရော်ဖက်ရှင်နယ်လ်နိုင်ငံရေးသမားဆိုတာ
သူ့မြင်မှ ပိုသဘောပေါက်သွားတယ်။ ဘယ်လောက်ပါးပါး ကျင်လည်လည်ပါ
ရပ်တည်ချက် မှန်/မမှန်ကို လူထုက(ချက်ခြင်းမသိဦးတောင်)သိပါတယ်။
မှန်ရင်ဘာလုပ် မမှန်ရင်ဘာလုပ်ကို လူထုကဆုံးဖြတ်ပေးပါတယ်။ ဗမာ့လူထုက (တစ်စုံလုံးသဘောပြောရရင်)နိုင်ငံရေးသမားတွေထက်တောင် အကင်းပါးပါတယ်။ သတ္တိပြောင်ပါတယ်။ သူတို့မျက်နှာမထောက်ရင် သူတို့လည်း
ဘယ်သူ့မျက်နှာမှမထောက်ခဲ့တာ သမိုင်းပြန်ကြည့်ရင်တွေ့ရပါမယ်။ သတိပြုမိကြမယ်ထင်တာက ဒေါ်စုမှာ “နိုင်ငံရေး စန်း” ရှိပါတယ်။ ပြည်တွင်းပြည်ပနိုင်ငံတကာမှာ သူ့ပုံရိပ်နဲ့သူ့နိုင်ငံရေးက ကျဖို့မလွယ်ပါ။ ကျရိပ်မမြင်ပါ။ အချိန်တန်လို့ ကျရဦးတောင် ကြောင်ကျပါ။
(ပြင်နည်းအရင်ပြင်အဆက်)

မနက်ဖြန် တနင်္လာ၊ အမေရိကန်မှာ သမ္မတများနေ့။ တရားဝင်ရုံးပိတ်ရက်။ ဘာအပွိုင့်မင်န့်မှမရှိဘူး။ အပြင်ထွက်စရာမလိုဘူး။ တနေကုန် အိမ်မှာနေမယ်။ ကြက်ကလေးတွေကြည့်မယ်။ အိမ်နဲ့ကြက်အိမ်လေးကြားက နှင်းလမ်းလေး နည်းနည်းချဲ့မယ်။ အောက်တိုဘာတုန်းကမြေချထားပြီးတဲ့ ပန်းသီးပင်တွေကြည့်မယ်။ ပင်စည်ခွံတွေကို ရှဥ့်နဲ့သမင်တွေ မကိုက်အောင် ပတ်ပေးထားတဲ့ Wrappers တွေ လျော့နေရင်ပြန်တင်း ပြုတ်နေရင်ပြန်စည်းရမယ်။ နှင်းပြင်အောက်က ရိုးတံချည်းသက်သက်တွေ ထိုးထွက်နေတဲ့စပျစ်ပင်တွေမြင်ရတာ သနားစရာလိုဖြစ်နေတယ်။ ကြည့်ရတာ ပင်သေတွေလိုပဲ။ နှင်းတွေပျော်ပြီး နေရောင်လေးနွေးလာရင် ရွက်သစ်တွေ ဖူးတံတွေနဲ့ပုရစ်နုလာလိမ့်မယ်။ ဘယ်ရီးသီး(နီ/ပြာ/နက်တွေ)ပင်တွေလည်း နှင်းဒဏ်မှာ နလံမထူနိုင်ရှာကြဘူး။ကညွတ်ပင်တွေကတော့ မြေပေါ်မှာ ခြေစလက်စတောင်မချန်ဘူး
ပျောက်ချက်သား ကောင်းပုံများ။ နွေဦးပေါက်ရင် မာကျောကျောမြေအပြင်ကို အားနဲ့မန်နဲ့ ထိုးခွဲထွက်လာမယ့် ကညွတ်ဖူးနုသစ်ကြီးတွေ မျှစ်လိုတိုးထွက်လာမှာ မြင်ယောင်နေတယ်။ စားချင်တာရှိ ပြော ချက်ကြွေးမယ်ပြောတယ် ဇနီးက။ မယ်မယ်ရရစားချင်တာ ဘာမှမရှိ။ ဒီနေ့ ဈေးချထားတာနဲ့ကြုံလို့ ကင်မရာလေးတစ်လုံး ဝယ်ဖြစ်တယ်။ ခုနက နည်းနည်းထိုင် ကလိသေးတယ်။ မနက်ဖြန်ကြ သေချာကလိမယ်။ ပြီးတော့ တွေးမိတာလေးတခု ရေးမယ်။ ထောင်အကြောင်းပါ။ ကျနော်က ဖို့တ်ဝိန်း အလင်န်ကောင်တီဂျေးလ်မှာလည်း စကားပြန်နဲ့ ဘာသာပြန်လုပ်ပါတယ်။ ဒီနေ့ စနေပေမယ့် အချုပ်သစ်တယောက်ရောက်လို့ လှမ်းခေါ်တာနဲ့ ထောင်ထဲသွား စကားပြန်လုပ်ခဲ့တယ်။ ချုပ်သစ်မှတ်ပုံတင်နဲ့ ထောင်ဆရာဝန်ဆေးမှတ်တမ်း သွင်းတာပါ။ အမှုက အမှုသေးပါ။ အာမခံရမှာပါ။ ကျနော် ဒီရောက်စက ပထမဆုံးအကြိမ် ထောင်ထဲသွား (လေ့လာရေးသဘော) လည်တော့ ပြန်ခါနီးမှာ ထောင်ပိုင်ကြီးကမေးတယ် ”ဘယ့်နှယ်ထင်သလဲ”လို့။ ကျနော်က ”မင်းတို့ထောင်က ရာဇဝတ်သားတွေကိုထားတဲ့အနေအထားနဲ့ ငါ့ကို ဗမာပြည်ကထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်ထားမယ်ဆို သေတဲ့အထိတောင် နေနိုင်မယ်မှတ်တယ်”
လို့ပြန်ပြောတော့ သူ စုပ်သတ်တာ မှတ်မိနေတယ်။ ခုဆို အင်ဒီယားနားပြည်နယ်
ဖို့တ်ဝိန်းမြို့က အလင်န်ကောင်တီဂျေးလ်နဲ့ မိတ်ဆွေရင်းချာဖြစ်နေပြီ။ ထောင်နဲ့က ခုထက်ထိ ရေစက်မကုန်သေးတာများလား။ မနက်ဖြန် အဲ့အကြောင်းရေးမယ် တွေးတာပဲ။ (ပြောဖို့ကျန်သွားလိုပ မချိုနွယ်ဦးတို့ ဗမာပြည်ကထောင်ထွက်မတွေ စုရေးထားတဲ့ ”နေဒဏ်ခံပန်းသတင်း”ဖတ်ပြီးပြီ။ မချိုနွယ်ဦးပို့ပေးတာ။ စာအုပ်ဖိုးနဲ့ပို့ခပါသူခံပြီး အလကားရတာ(ပိုက်ဆံမကုန်တာ)မှန်ပေသိ တန်ဖိုးရှိတဲ့အတွေ့အကြုံတွေပါတဲ့ တန်ဖိုးကြီးတဲ့စာတအုပ်ကို တန်ဖိုးကြီးကြီးထားမိတာ အမှန်ပါ။ အဲ့စာအုပ်အကြောင်းလည်း နောက်တပတ်လောက်တော့ ရေးဖို့မှန်းထားပါတယ်) (သမ္မတများနေ့ကအတွေး)

ခု စစ်အုပ်စုဘက်က ဒေါ်စုကိုလုပ်နေပုံက နေမျိုးဝေလောက်၊ ရဲမင်းဦးလောက်၊ ဒေါ်ခင်ဝိုင်းကြည်လောက်နဲ့ လက်ရည်တူသဘောအပေါက်မျိုးချိုးပြီး တည်ပေးထားတာ လွှတ်ပေးထားတာလို့မြင်တယ်။ ဒေါ်စုရဲ့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအဆင့် တန်းဝင်မှုကို အသရေဖျက်တဲ့နည်းပဲ။ အရင်ကလို သူတို့နှုတ်ကနေ ဖရုဿဝါစာတွေနဲ့ နံမည်ပါဖော်ပြီးအတိအလင်း ပုတ်ခတ်ထိုးနှက်တာထက် ခုလို လူမွေးပြီးတဆင့်ခံလုပ်တာ ဝိနည်းလွတ်သဘောမို့ ဒီမိုကရေစီပဲရနေသယောင်ယောင် အထင်တောင်ခံရစရာမို့ နှစ်ပြန်အမြတ်ရတယ်ထင်တယ်။ ဒေါ်စုဘက်က ဘာမှမတုန့်ပြန်တာကတော့ သူ့အချိန်အဆနဲ့ သူ့အကဲဖြတ်ချက်မို့ အကဲခတ်ရတော့ သိတ်မခက်ဘူးမှတ်တာပဲ။ တခုတော့ရှိတယ် စစ်အုပ်စုရဲ့သဘာဝက သူတို့အကျိုးစီးပွားကိုလုံးဝအထိမခံတာပဲ။ ခုနေ (လတ်တလော နိုင်ငံရေးလိုအပ်ချက်အတွက်) လူမွေးတိုက်ပေမယ့် လိုအပ်လို့ကိုင်ရမယ်ဆို ဘာကောညာသော ဘယ်မျက်နှာမှမထောက်မညှာလုပ်မှာပဲ။ လုပ်ခဲ့တဲ့အစဉ်အလာလည်း အပြင်လူမပြောနဲ့ သူတို့ထိပ်သီးအချင်းချင်းတောင် အလွတ်မပေးဘူး။ ခုထက်ပိုလိုအပ်လာလို့ ရှင်းရမယ်ဆို တစ်ပယ်မဟုတ်ဘူး နှစ်ပယ်လည်းရှင်းမှာပဲ။ ဒီပဲယင်းမှာ ဒေါ်စုဆိုတဲ့တစ်ပယ်ကို လက်စတုံးရှင်းခဲ့တာ ဘယ်သူမှ ခုထိမမေ့သလို နောင်လည်းမမေ့ဘူး။ နိုင်ငံရေးလုပ်ကြံမှုပဲ ရာဇဝတ်မှုမှ အမှုကြီးဖြစ်တဲ့လူအများအပြားကိုသတ်ဖြတ်နာကျင်စေမှုပဲ။
(တန်းချထိုးခိုင်းတဲ့ကိစ္စ)

ခု ကျနော်တွေးနေတာက ကိုမြအေးနဲ့ဦးကိုနီက အစ္စလာမ်ဘာသာဝင်တွေမို့ ၈၈-ငြိမ်း/ပွင့်ထဲက ထုတ်ပေး။ အင်န်အယ်လ်ဒီကထုတ်ပေးဆိုပြီး အဖွဲ့အစည်းနဲ့ပါတီရေးရာကိစ္စတွေအထိ အကြမ်းဖက်သမားသင်္ကန်းခြုံတချို့က တောင်းဆိုစွက်ဖက်လာတယ်ဆိုပါတော့ ရှစ်ပူးတွေနဲ့ အင်န်အယ်လ်ဒီ ဘယ်လိုတုန့်ပြန်မလဲ။ စိတ်ဝင်စားစရာပါ။ မတောင်းဆိုလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ကိုမြအေးနဲ့ဦးကိုနီ ခုလိုအလုပ်ခံရတာကို ဟောပြောပွဲဖြစ်မြောက်ရေးကော်မတီက
ထုတ်ပြန်တဲ့ကြေညာချက်ဟာ အလွန်ပညာသားပါသိက္ခာရှိပြီး အစွန်းရောက်တဇောက်ကန်း သင်္ကန်းခြုံတွေတင်မက အမျိုးသားရေးအော်နေတဲ့အတွေးအခေါ်ပျက်တွေပါ ဆင်ခြင်စရာဖြစ်တယ်။ ဖြစ်မြောက်ရေးကော်မတီကတော့ သူနဲ့ဆိုင်လို့အတိအလင်း ဝံ့ဝံ့စားစားပြောပေမယ့် အင်န်အယ်လ်ဒီနဲ့ရှစ်ပူးငြိမ်း/ပွင့်က "သူတို့သွားတာ စာပေဟောပြောဖို့ သက်သက်မို့၊ အဖွဲ့အစည်းကိုကိုယ်စားပြုတဲ့ နိုင်ငံရေးသဘောပါတဲ့ဆောင်ရွက်မှုမဟုတ်လို့၊ အဖွဲ့အစည်းကစေလွှတ်တာ မဟုတ်လို့"စတဲ့အကြောင်းပြချက်နဲ့ ဆင်ခြေတွေပေးစရာ ရှိမှန်းလည်းသိပါတယ်။ ဒါပေမယ့် ဦးကိုနီနဲ့ကိုမြအေးဟာ အင်န်အယ်လ်ဒီနဲ့ ရှစ်ပူးငြိမ်း/ပွင့်မှာ သာမန်အဖွဲ့ဝင်တွေမျှမဟုတ်ပဲ တစုံတရာတာဝန်ရှိသူ/ကြီးသူတွေဖြစ်တာတော့ ထည့်ကို တွက်ရလိမ့်မယ်ထင်တယ်။ နောက်တချက်က ဖြစ်မြောက်ရေးကော်မတီက ဘာကြေညာချက်မှ မထုတ်ပဲနေခဲ့ရင်လည်း ဘယ်သုကမှ ဘာမှငြိုငြိုငြင်ငြင် အပြစ်တင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာလည်း နှလုံးသွင်းကြည့်ဖို့ပါ။ (ကန်းတက်လာရင်)

(ပစ်ထောက်မှောက်နဲ့သေနတ်သိမ်းဘုန်းကြီးများအကြောင်း)
၈၈ ဒီမိုကရေစီရေးလူထုအုံကြွမှုကြီး အပြီးသတ်အဖြိုခွဲမခံရခင်ကလေးမှာ ကုန်သွယ်ရေးရုံးကြီးမှာဖြစ်ခဲ့တဲ့ကိစ္စကို မမေ့ကြသေးဘူးထင်ပါတယ်။ ရုံးကြီးပေါ်ကတပ်စုကို ကျောင်းသား၊ ဘုန်းကြီးနဲ့သပိတ်ခေါင်းဆောင်တွေဝင်ပြီး ဘယ်ပုံ အပြင်ထုတ်သွားကြတယ်ဆိုတဲ့အကြောင်း ကိုယ်တိုင်ပါခဲ့သူတွေပြန်ပြောပြတာ ယုံချင်စရာမရှိတဲ့ဇာတ်လမ်းတပုဒ်လို့ထင်ရပေမယ့် ဒါဟာ တကယ်ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းကဓါတ်ပုံတွေပြန်ကြည့်ရင် ဘုန်းကြီးတွေက စစ်သားတွေဆီက သိမ်းယူလာတဲ့မောင်းပြန်သေနတ်ကြီးတွေကို မြှောက်ကိုင်လို့ပခုံးပေါ်ထမ်းလို့ ကားခေါင်မိုးပေါ် ဒေါက်ကြီးထောက်လို့ စက်လတ်ကြီးလွယ်လို့ စတဲ့ပုံတွေမြင်ရမှာပါ။ စစ်တပ်က ဘာ့ကြောင့်အာဏာသိမ်းရတယ်အကြောင်းပြတော့ ကုန်သွယ်ရေးရုံးကိစ္စလည်း ထိပ်ဆုံးကပါတယ်။ အဲ့ဒီမှာပါတဲ့ ဘုန်းကြီးသေနတ်ကိုင်ပုံတွေပြပြီး စစ်အစိုးရက ဘုန်းကြီးဆိုးတွေလို့သမုတ်ကာ ထိုးနှက်ဝါဒဖြန့်တော့ ကျနော်တို့စိတ်ခုခဲ့ကြသလား၊ စိတ်ဆိုးမန်ဆိုးတုန့်ပြန်ခဲ့ကြသလား။ မခုလည်းမခု မဆိုးလည်းမဆိုး မရမ်းကားတဲ့အပြင် တချို့က ရမ်ဘိုဘုန်းကြီးတွေလို့တောင် ဂုဏ်မွှမ်းခဲ့ကြသေးတာပါ။ ခု ဘုန်းကြီးတချို့ ပစ်ထောက်မှောက်အနေအထားတွေနဲ့ စက်ပစ်ကွင်းဆင်းနေပုံလည်းမြင်ရော အသံစုံထွက်လာတာသတိထားမိတယ်။ ဆဲတာဆိုတာရမ်ကားတာတွေ၊ ဖရုဿဝါစာတွေ၊ စိန်ခေါ်သံတွေ ပယ်ပယ်နယ်နယ်ကြားရပါတယ်။ ဘယ့်နှယ်လို့ ဒီ့လောက် ဆတ်ဆတ်ခါဆွေ့ဆွေ့ခုန်ဖြစ်ကြရသလဲဗျာ။ ဒါ ဖြစ်စရာလား။ သင်္ကန်းတဖါးဖါးနဲ့ မိတ္ထီလာမှာ ဟိုမှာဒီမှာ လူအကောင်းကြီးတွေကိုတုတ်နဲ့ရိုက်ပြီး အရှင်လတ်လတ်မီးရှို့သတ်နေတဲ့ဗီဒီယိုတွေ ဓါတ်ပုံတွေ ဒီလောက်ကမ္ဘာအနှံ့ပလူပျံနေပြီး ဒီပုံလေးကျမှ အခံချိမခံသာဖြစ်ရတယ်လို့ဗျာ။ တခုတော့ရှိတာပေါ့လေ ၈၈ တုန်းက ကိုယ့်ဘုန်းကြီးက လူထုကိုပစ်မယ့်သေနတ်ကို စစ်သားဆီကသိမ်းပြီး အောင်ပွဲခံပြနေတာ။ ခု သူတို့ဘုန်းကြီးက လူသတ်ဖို့ စစ်သားဆီကသေနတ်ယူပြီး အပစ်လေ့ကျင့်နေကြတာဆိုတော့ တူတော့မတူဘူးပေါ့။ ဒါပေမယ့် နာစရာတော့မဟုတ်ဘူးထင်တယ်။ စစ်အာဏာရှင်၊ သူ့ဒေါက်တိုင်နဲ့သူ့ဘုန်းကြီးက သူ့အလုပ်သူလုပ်ပြီး သူ့ဘဝအရတုန့်ပြန်ကြတာမဆန်းပေမယ့် ဆတ်ဆတ်ခါနာကြသူတွေထဲမယ် ကိုယ့်လူလို့ဆိုတဲ့လူတွေပါနေတာ တွေ့ရတာတော့ ထူးတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး သူများနည်းတူရချင်ပေမယ့် ကိုယ့်နည်းတူ သူများကိုကျ ဘာလို့မပေးနိုင်ရမှာတုန်း၊ ဘာလို့အသိအမှတ်မပြုနိုင်ရတာတာတုန်း။ အဖိနှိပ်ခံချင်းအတူတူ ဖိနှိပ်သူဘက်ကဝင်ဖေးမပေးနေတာ ဘာရည်ရွယ်ချက်တုန်း။ ဖိနှိပ်သူကတော့ ငြင်းမှာပဲ။ ငြင်းမရရင် ကာကွယ်မှာပဲ။ ဘွင်းဘွင်းကြီးပေါ်နေတောင် ဖုံးဖုံးဖိဖိတော့ပြောရမှာပဲ။ မလုံလုံလုံ ဆိတ်သရေနဲ့တော့ ဖုံးမှာပဲ။ ဘာထူးဆန်းသလဲဗျာ။ နောက်ဆုံး ဘာနဲ့မှကာမရရင် ”ဘုန်းကြီးအတုတွေပါ၊ ဒုလ္လဘတွေပါ၊ ကိုရင်ကြီးတွေပါ၊ သံဃာအစစ်တွေမဟုတ်ပါဘူး”
ဆိုတာမျိုးနဲ့ ဖြောင့်ကွယ်လေးတော့ အနည်းဆုံးကွယ်မှာပေါ့။ ကွယ်ပေ့စေပေါ့။ ကိုယ်တွေလည်း ကိုယ့်ဘက်ကရပ်ခဲ့တဲ့ ဘုန်းကြီးမှန်သမျှကို ”ပြည်သူ့ဘုန်းဘုန်းတို့ဘုန်းဘုန်း”လုပ်ခဲ့သေးတာပဲ။ သူတို့လည်း လုပ်မှာပါ။
လုပ်ပေ့စေပေါ့။ “လူတွေထဲတင် သူ့လူကိုယ့်လူ ရှိတာမှမဟုတ်တာ၊ ဘုန်းကြီးထဲလည်း သူ့ဘုန်းကြီးကိုယ့်ဘုန်းကြီး”ရှိရမှာပေါ့။ လှေနံနှစ်ဘက်နင်းတွေ၊ စည်းရိုးခွထိုင်တွေ သာကူးတွေလည်းရှိမှာပဲ။ သူ့ဘုန်းကြီး သူမြှောက်စားပြီး ကိုယ့်ဘုန်းကြီးကျ သူနှိပ်ကွပ်မှာပဲ။ ဘာဆန်းသလဲဗျာ။ သမိုင်းတလျှောက်လည်း အဲ့အတိုင်းပါပဲ။ ဝေးဝေးမကြည့်နဲ့ ၂၀၀၇ သံဃာတွေလမ်းလျှောက်မေတ္တာပို့ပြီး ကိုယ့်ဘက်ကရပ်တုန်းက သူဘာလုပ်ခဲ့သလဲ။ ဘာသာခြားတဲ့ဗြိတိသျှနယ်ချဲ့သမားတောင် နံမည်ကြီးဘုန်းကြီးတချို့ကို ချီးမြှင့်မြှောက်စားပြီး သူ့ဘုန်းကြီးဖြစ်လာအောင်လုပ်ယူသလို ကိုယ့်ဘုန်းကြီးတွေဖြစ်တဲ့ ဦးဥတ္တမတို့ ဦးဝိစာရတို့ကြ ဘာလုပ်ခဲ့သလဲ။ အာဏာသဘောမှာ နေရာတကာမှာ
သူ့လူကိုယ့်လူရှိရတာပါပဲ။ မရှိလို့မှမရတာ။ ဒါ ဖြစ်တတ်တဲ့ကိစ္စပဲ။ ဘာ စိတ်ဆိုးမန်ဆိုး တုန့်ပြန်ပြောဆိုစရာရှိမလဲ။ ဘာ ရန်ပြန်ဖြစ်နေစရာလိုမလဲ။ ကိုယ်လည်း ကိုယ့်ဘုန်းကြီးနဲ့ ကိုယ်လုပ်စရာရှိတာလုပ်ရင်း သူ့ဘုန်းကြီးတွေဘာလုပ်နေတယ်ဆိုတာ လူထုနဲ့နိုင်ငံတကာသိအောင် ဖွင့်ချတာ ဖြန့်ဝေတာ ပြစ်တင်ရှူတ်ချတာ ဆန့်ကျင်တာ စတဲ့လုပ်စရာရှိတာတွေလည်း လုပ်ရုံပေါ့။
(သက်န်းခြုံပစ်ထောက်မှောက်များကိစ္စ)

0 comments:

Post a Comment