Saturday, February 1, 2014

၂ဝ၁၄ ဖေဖော်ဝါရီအဆန်းက တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဖေဖော်ဝါရီအဆန်းက တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ဒီနေ့ ဖေဖော်ဝါရီဆန်းပြီ။ လင်းအားကြီးအချိန်။ အိမ်နောက်ခြံစပ်အဆုံး ရေဒီယိုစတေရှင်လေးက မီးရောင်တွေလင်းလို့။ အပြင်မှာ နှင်းတွေက အတော်ထူထူထဲထဲ။ ဇနီးသည်က ညကတည်းက “မနက်ဖြန်စနေနေ့..ရုံးသွားစရာမလိုဘူး၊ နေဖင်ထိုးတဲ့အထိအိပ်မယ်”လို့ ဗမာလိုပြောပြီး အိပ်နေတုန်း။ ဖင်ထိုးစရာနေက ဒီနေ့ ထွက်မယ်မထင်ဘူး။ အပြင်မှာ နှင်းက ဒီလောက်ထူနေတာ။ ကွန်ပြူတာရှေ့ထိုင်ရင်း အခန်းတံခါး မှန်ပြူတင်းကနေဖြတ်ဝင်လာတဲ့ ကြက်ဖကြီးနှစ်ကောင်အချီအချတွန်သံကို ကျနော်က ဗမာလို အောက်အီးအီးအွတ်လို့ အပီအပြင်ကြား ရတယ်။ ကြက်တွန်သံကြားတိုင်း ရွှေပြည်ကြီးကိုလွမ်းသလို အလွမ်းလည်းပြေတယ်။ အမေရိကန်မှာ မနက်တိုင်းကြက်တွန်သံကြားရတာ နည်းတဲ့ကုသိုလ်မဟုတ်ဘူးလို့ မိတ်ဆွေတစ်ဦးကပြောဖူးတယ်။ ၁ဝ ရက်နေ့ ကျနော့်မွေးနေ့။ အသက် ၄ဝ တုန်းက ထောင်ထဲမှာ မွေးနေ့ တစ်ကြိမ်လုပ်ဖူးတယ်။ ခု နော်ဝေရောက်နေတဲ့ ကိုယဉ်မင်းဦး(ဗူးသီး) ခု ရန်ကုန်က ကိုစိုးထိုက်(မျောက်ကြီး) တို့ မြှောက်ပေးတာလည်း ပါသလို ခု ၈၈ ငြိမ်း/ပွင့်က ကိုအံ့ဘွယ်ကျော်(ဘွယ်ကြီး)က လက်ဘက်ရည်လေး သောက်ကြသေးသပေါ့ ပြောတာလည်းပါပါတယ်။ ဘွယ်ကြီးလက်ဘက်ရည်ကတော့ တသက်စာမမေ့အောင်စွမ်းတယ် စွဲတယ်။ မနက်ခင်းမှာ ၂ တိုက်စာ ပဲကုလားဟင်းချက်၊ နေ့လည်မှာတော့ လက်ဘက်ရည်ချစ်သူတွေအဖို့ လန်ဒန်စီးကရက်တစ်လိပ်ကျ၊ လက်ဘက်ရည်အကျဂိတ်ဆုံးတစ်ခွက်စီ၊ ညလည်းကျရော အခန်းဝက သံတိုင်ပေါ်လက်ထောက်ရင်း “နွေလည်အိပ်မက်”ကိုဆိုပြီး ၄၁ နှစ်သားဖြစ်သွားတယ်။ ခု ၅၁ နှစ်သားဖြစ်ပြီ။ မွေးနေ့မှာ ဘာလုပ်မယ် မတွေးထားသေးဘူး။ စိတ်ကူးထားတာက မြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့နေရာက အမေရိကန်ကို ကနဦးအခြေချလာတဲ့ ဂျာမန်နွယ်ဖွားတွေ (ဒီမှာတော့ Amish လို့ခေါ်တယ်)နေတဲ့ရွာကြီးတရွာကို သွားမလားတွေးနေတယ်။ အရင်လည်း မြို့နီးချုပ်စပ်က သူတို့ရွာတွေအကြိမ်ကြိမ် ရောက်တယ်။ တခါမှ စာမရေးဖြစ်ဘူး။ ရိုက်ထားတဲ့ပုံတွေကတော့ အများသား။ အမေရိကန်မှာ လျှပ်စစ်မီးမသုံးတဲ့၊ ရေနံဆီမီးအိမ်နဲ့ဖယောင်း တိုင်ပဲထွန်းတဲ့၊ ဆောင်းတွင်းနဲ့အေးတဲ့အချိန်တွေမှာ Heater မသုံးပဲ ထင်းတုံးဆိုက်မီးလင်းဖိုကြီးတွေနဲ့ အိမ်ထဲနေတဲ့၊ ကားမမောင်းတဲ့၊ လယ်ကိုမြင်းနဲ့ပဲထွန်တဲ့၊ ဓါတ်မြေသြဇာမသုံးတဲ့၊ ဘာစက်ကိရိယာမှအသုံးမပြုပဲ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်ဘဝ တည်ဆောက်တဲ့၊ တယ်လီဖုန်းမသုံးတဲ့၊ ဓါတ်ပုံရိုက်ရင်မကြိုက်တဲ့(ခွင့်တောင်းပြီးမှရိုက်ရတဲ့) အချင်းချင်းကလွဲလို့ ဘာသာခြားလူမျိုးခြားကို လက်မဆက်တဲ့ (သာကီတွေလို မောင်နှမချင်းတော့ပြန်မယူပါ)၊ အိမ်ကိုလက်နဲ့ဆောက်တဲ့၊ ဆေးအဖြူပဲသုတ်တဲ့၊ ကျောင်းကို အမြင့်ဆုံး အထက်တန်းလောက် အထိပဲတက်တဲ့၊ ကားဆို ဘာကားမှမရှိတဲ့၊ နွားချေး မြင်းချေးနံ့ရတဲ့၊ ရွှံ့နံ့ဗွက်နံ့ရတဲ့၊ ကြက်တွန်သံကြားရတဲ့ ကောက်ရိုးနံ့/ရိုးပြတ်နံ့ရတဲ့ ဖားလက်တက်အော်သံ ပုရစ်သံ ပုဇဉ်းရင်ကွဲသံ၊ မြင်းဟီသံ၊ နွားသိုးတွန်သံ၊ နွားမအော်သံ၊ သိုး/ဆိတ်အော်သံတွေကြားရတဲ့ လူ့အစုတွေ နေတဲ့ရွာကြီးပါ။ အမေရိကန်တပြည်လုံး ပြည်နယ် ၆ ခုလောက်မှာ အဲ့ဒီ စက်မှုခေတ်မတိုင်မီလူမှုသဏ္ဍန်နဲ့နေထိုင်ကြတဲ့ အားမစ်ရှ်လို့ခေါ်တဲ့ ဂျာမန်အနွယ်တွေအများကြီးရှိတယ်။ ကျနော်တို့ အင်ဒီယားနားပြည်နယ်က အဲ့ဒီ ၆ ပြည်နယ်ထဲက တစ်ပြည်နယ်ပါ။ သူတို့အစား အသောက်တွေ ကျနော်ကြိုက်တယ်။ သူတို့ဟင်းသီးရွက်မှာ ပိုးသတ်ဆေးမဖြန်းဘူး ဓါတ်မြေသြဇာနဲ့မသီးမပွင့်ဘူး။ သူတို့နွားနို့ ဒိန်ခဲ ထောပတ်စတာတွေက အိမ်မှာလုပ်တဲ့လက်လုပ် အိမ်တွင်းဖြစ်သဘာဝအတိုင်း၊ သူတို့ပြောင်းဖူးကချိုလှတယ်။ သူတို့ ဂျုံနဲ့လုပ်တဲ့မုန့်မှန်သမျှ အစားအစာမှန်သမျှမှာ ဆိုးဆေးမပါဘူး ဓါတုဗေဒပစ္စည်း ကြာရှည်ခံပစ္စည်းမထည့်ဘူး။ မီးသွေးမီး ထင်းမီးနဲ့ဖုတ်တဲ့ အိမ်ဖုတ်ပေါင်မုန့်နွေးနွေး အိအိပွပွကြီးတွေက မွှေးပြီးအရသာရှိလှတယ်။ ထောပတ်ဆမ်းထားတဲ့ အာလူးထောင်းပြုတ်ချေက အငွေ့တထောင်းထောင်းနဲ့ သွားရည် ကျစရာ။ ပဲသီးစိမ်းတောင့်ပြုတ်၊ အမဲအစိုကင်၊ ဝက်ပေါင်ခြောက်အီအီ၊ ငံငြိငြိဝက်သားဆားနယ်အိုးကင်းပူတိုက်၊ ငါးကြင်းလိုအကောင်ကြီး ဆားလေးသုတ်ကာ ဝါးသီတံထိုးပြီးအကောင်လိုက်ကြီး ပြောင်းဖူးရိုးခြောက်မီးနဲ့ကင် ငရုပ်ကောင်းမှုန့်လေးဖြူးပြီး ဖဲ့ကာရွဲ့ကာစားကြ၊ ညနေ ချိန်ဆိ သစ်ပင်ရိပ်အောက်ထိုင်ကာ ဂျာမန်လက်ဘက်ရည်ချိုလေး ကျိုက်ကာကျိုက်ကာ။ ဝိုင်ချိုကလေး မြုံ့ကာမြုံ့ကာ၊ သူတို့အသားငါးက အသားတိုးဆေးကြွေးပြီးမွေးတာမဟုတ်ဘူး။ သူတို့ တည်တဲ့စပျစ်ဝိုင်လို ဝိုင်ချိုရည်က အနံ့သင်းသင်းနဲ့ ချိုချိုအီအီ ရီရီဝေဝေ။ ဆံပင်အုပ် ခေါင်းဖုံးအဖြူလေးတွေနဲ့ ဇာပန်းထိုးခေါင်းစည်းပုဝါလေးတွေနဲ့ ပခုန်းဖေါင်းလက်ရှည် လက်ကောက်ဝတ်စည်းအကျိံရှည်နဲ့ မိန်းကလေးကြီး ငယ်တွေဟာ ဖြူဆွတ်တဲ့အသားအရေ ပန်းဆီရောင်ပြေးနေတဲ့မျက်နှာ အပြာရောင်ကြည်တောက်နေတဲ့မျက်ဝန်းအစုံနဲ့ ဂါဝန်ပွပွဖါးဖါးရှည်ရှည် ကြီးတွေနဲ့ လှချင်တိုင်းလှလို့သာနေတယ်။ လူတဖက်သားရင်ထဲအထိဖေါက်အကြည့်ခံရသလို စူးရှရှ တည်တည်ကြည်ကြည်မျက်လုံးပြာပြာနဲ့ မုတ်ဆိတ်မွေး ပါးသိုင်းမွှေးနဲ့ ခေါင်းမှာ လင်ကွန်းဆောင်းတဲ့ဦးထုတ်ဆန်ဆန် ဦးထုတ်ရှည်နဲ့၊ ကိုယ်မှာ ရိုးရာကိုယ်ကျပ်အင်္ကျီအတွင်းမှာခံလို့ လည်မှာအစည်းနဲ့ ဥရောပဝတ်စုံနဲ့ ကျကျနနခန့်ခန့်ထည်ထည် အမျိုးသားကြီးငယ်တွေဟာ ခုနပြောတဲ့ အမျိုးကြီးငယ်တွေနဲ့ ညနေညနေဆို ရွာလည်လမ်းနဲ့ ရွာပတ်လမ်းတွေတလျှောက် ဘာဂီလို့ခေါ်တဲ့ မြင်းတစ်ကောင်ဆွဲကနေ ၆ ကောင်ဆွဲအထိကြီးတဲ့ မြင်းယဉ်တွေစီးလို့ လေညှင်းခံထွက်လာကြပလားဆို အမေရိကန်နွေဦးပေါက်ရာသီကို အလှစုံစေတဲ့ပန်းချီကားပဲ။ ပန်းတွေအပြိုင်ပွင့်ကြ၊ သစ်ပင်တွေ ပုရစ်နုသစ် တွေနဲ့ သစ်ဖူးသစ်ဦးနံ့ထွက်လာကြ၊ မြေပြင်မှာ မြူခိုးတဝေဝေနဲ့ မြေသင်းနံ့လေးတွေ ထွက်လာကြ။ လမ်းမထက်က မြင်းခွာသံ တဖြောင်းဖြောင်းတဖျောက်ဖျောက်နဲ့။ ဘင်္ဂလားကျွဲထက်ကြီးတွေထက် ကြီးလည်းကြီးမြင့်လည်းမြင့်တဲ့ မြင်းကြီးတွေနဲ့ လယ်ထွန်ရင်း ထယ်ခွဲရင်း ပါးစောင်မှာဆေးတံခဲလို့ ဂျင်းဘောင်းဘီကြမ်းနဲ့ ထွန်ထုံးထွန်တံနောက်က ယောက်ကျားသားကြီးတွေ လှမ်းတွေ့တဲ့အခါ ဟိုင်းလို့ လှမ်းအော်နှုတ်ရင်း ကြက်စာဝက်စာ စဉ်းနေကျွေးနေတဲ့အမျိုးသမီးကြီးတွေမြင်တဲ့အခါ ဟဲလိုလို့ နှုတ်ဆက်ရင်း၊ လမ်းမတွေပေါ်ပြေးလွှား ကစားနေတဲ့ကလေးတွေတွေ့တိုင်း ဟေးလို့နှုတ်ဆက်ရင်းနဲ့ သူတို့ရွာဓလေ့မှာ ကိုယ်ပါ ရောပျော်မွေ့ရတယ်။ ဒီမွေးနေ့ သွားဖြစ်ရင် ပြန်ရေးမလားတွေးတာပါပဲ။ ခုတော့ ဗူးသီး မျောက်ကြီး ဘွယ်ကြီးဆိုတဲ့ သီးတစ်သီးနဲ့ ကြီး(၂)ကြီးအပြင် ဒုက္ခအတူ အနှိပ်စက်အတူ ခံဖော်ခံဘက်တွေအားလုံးကို ကိုသတိရလှတယ်။
(မွေးလမှာ ရောက်တတ်ရာရာ)

ဆေးဝါးအသစ်တွေထုတ်လုပ်ပြီး တိရိစ္ဆာန်တွေနဲ့စမ်းသပ်တာကို ခါးခါးသီးဆန့်ကျင်တဲ့ ကျနော့်မိတ်ဆွေအမေရိကန်ကြီး ဖျားလည်းဖျားရော ပဋိဇီဝဆေးတွေချည်းမှီဝဲတာ ဘာလို့တုန်းမေးတော့ ဒီဆေးအစမ်းခံခဲ့ရတဲ့ကောင်တွေက သေလည်းသေကုန်ပါပြီ ကိုယ်မသုံးလည်း ဒီကောင် တွေပြန်ရှင်လာမှာမှ မဟုတ်တော့တာ”ဆိုတာမျိုး၊ သူ့အသက်သတ်တာ အကုသိုလ်တရားလို့တွင်တွင်ပြောတဲ့ကိုယ်တော် ထောင်ထဲမှာ ဝမ်းလည်းကိုက်ရော သောက်လိုက်တဲ့ပဋိဇီဝဆေး။ ပျောက်လည်းပျောက်ရော နောက်မကိုက်အောင်ဆိုကာ လက်ဆေးပိုးသတ်ဆေးရည် မပြတ်သုံးတာကို ပါဏာတိပါတာကံထိုက်/မထိုက် ဘယ့်နှယ်ဆိုမလဲကိုယ်တော်ဆိုတော့ “အဲ့ဒီပိုးကြောင့် ဟုတ်ချင်မှလည်းဟုတ်မှာပါကွာ ဝမ်းကိုက်တာက၊ ဟုတ်တယ်ဆိုလည်း အဲ့ဒီပိုးက သက်ရှိဟုတ်/မဟုတ် ထောင်ကလွတ်မှ အဘိဓမ္မာထဲမွှေနှောက်ရှာကြည့်ရဦးမယ်”ဆိုတာ မျိုး၊ မိကျောင်းတွေအသတ်ခံရတာသနားတယ်။ မိကျောင်းမုဆိုး၊ မိကျောင်းသားရေပစ္စည်းထုတ်လုပ်မှုနဲ့ မိကျောင်းသားရေထည်သုံးစွဲမှု အပြင်းအထန်ဆန့်ကျင်တဲ့အမေရိကန်မ ဘာလို့ နွားသားရေလက်ပွေ့အိပ် ကိုင်သလဲမေးကြည့်တော့”မိကျောင်းသားရေမဟုတ်ဘူးလေ” ဆိုတာမျိုးတွေတွေ့တိုင်း သြော်..လို့သာ မှတ်ချက်ပြုမိတယ်။ (ကြောင်သူတော်များကိစ္စ)

ဖေ့စ်ဘွတ်ခ်ဟာ ပိုက်ဆံမပေးရတဲ့ ဆိုရှယ်မီဒီယာပါ။ ကိုယ်တိုင်ဖန်တီးယူရတဲ့ စာမျက်နှာပါ။ ရည်ရွယ်ချက်အထွေထွေနဲ့ သုံးစွဲသူအမျိုးမျိုးပါ။ စိတ်ဝင်စားစရာနဲ့ စိတ်ဝင်စားစေရာလည်း အကွဲကွဲအပြားပြားပါ။ သန်ရာနဲ့မြန်ရာတွေမှာလည်း အချိန်နဲ့အရှိန်မတူပါ။ မတူတဲ့ဆန့်ကျင်ဘက် အကြောင်းအရာတွေနဲ့ လူတွေလည်း တပုံတမပါ။ အကြောင်းအရာတူကိုစိတ်ဝင်စားတောင် ရေချိန်မတူကြပါ။ အထက်အောက်၊ ဒေါင်လိုက် အလျားလိုက်၊ အပြားလိုက်အဝိုင်းလိုက် ဘာတစ်ခုမှ မရှိတဲ့နေရာပါ။ မိမိအလိုအတိုင်း ထိုက်သလောက်ဖြစ်တဲ့ရပ်ဝန်းပါ။ စိတ်ဝင်စားရာ၊ စိတ်သန်ရာကိုသာလုပ်ရမှာပါ လုပ်ကြတာပါ။ ကိုယ့်စကားအကြိုက်တူ စိတ်ဝင်စားသူများရင်များသလောက် လူတွေဖတ်ကြမှာပါ။ အကြိုက် မတူသူကတော့ ရှောင်မှာပါ။ မတော်တဆ ဖတ်မိတောင် ပြောင်းပြန်ပြောမှာပါ။ ပြောမဝရင် ဆဲမှာပါ။ အဲ့သလို အပြောခံရလို့ အဆဲခံရလို့ ယမ်းပုံမီးကျဖြစ်တယ်ဆို ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားတာ သူစိတ်မဝင်စားရကောင်းလား ငြူစူမယ်ဆို ဥပဒေနဲ့မပြဌာန်းထားတဲ့ ဆိုရှယ်မီဒီယာ ကျင့်ဝတ် Ethic of Social Media နဲ့ ကိုယ့်စိတ်နဲ့ အဟပ်ကျ/မကျပြန်တွေးဖို့သာ စိတ်စောနေမိ။ (ပြောရကောင်းလားအငြိုအငြင်များသူတွေကိစ္စ)

ကျနော် ပြောနေတာတွေဖတ်မိပြီး ပြောချင်ရင်ပြောပါ(ဆဲချင်စိတ်ပေါက်လာလို့) ဆဲချင်ရင် ဆဲပါဆိုပြီး အမြဲလိုလိုပြောပါတယ်။ အဲ့လိုပြောလို့ ”သဘောထားကြီးတယ်”တို့၊ ”ဒီမိုကရေစီပဲ” တို့၊ ”သဘောမတူဘူး ဒါပေမယ့် ခင်ဗျားလွတ်လပ်ခွင့်ကို ကျနော်အသက်ပေးကာကွယ်မယ်” တို့ ဆိုတဲ့အဓိပ္ပါယ်မထွက်သလို လက်တွေ့မှာ ကျင့်လည်းမကျင့်သုံးပါဘူး။ လိုသလောက်တုန့်ပြန်ပါတယ်။ ပြောတာဆိုတာ ဆဲတာပြုတာလည်း (လုပ်ချင်သူအတွက်)အလုပ်ပါပဲ။ ကျနော့်အနေနဲ့ကျတော့လည်း ခုလို ရေးနေပြောနေတာကို လုပ်စရာလို့မြင်ပြီး လုပ်နေတာပါပဲ။ တပါးသူ မထိခိုက်အောင်ပြောပါဆို ပြောစရာကိုမရှိတာပါ။ ပြောမှပဲဗျာ ထိခိုက်တော့မပေါ့။ မထိခိုက်အောင်ဆို ဘာမှမလုပ်ပဲနေရုံသာရှိတော့မပေါ့။ နှစ်သက်လိုလားအပ်သူကို ချီးမွမ်းအားပေးထောက်ခံသလို မနှစ်သက်မလိုလားအပ်သူကို ပြစ်တင်ရှူတ်ချဆန့်ကျင်မှာပါပဲ။ နှစ်သက်လို လားအပ်/မအပ်ကိုလည်း ယုံကြည်ရာမှာတူသူ ရပ်ခံချက်ခြင်းတူသူဆိုတဲ့ ဘက်သဘောပေါ်အခြေခံပြီးဆုံးဖြတ်တာပါ။ မက်ဆေ့ဂ်ျနဲ့ နှစ်ကိုယ်ကြားဆဲတော့ လူသိမနည်းဘူးလားဗျာ။ နာအောင်ဆို လူများများသိဖို့လိုတယ်မထင်ဘူးလား။ Comment နဲ့ အားမရရင် Status ။ ဒါနဲ့မှ မလုံလောက်သေးရင် Notes နဲ့ရေးပြီးပြောပါ ဆဲပါဗျ။ ဘာဖြစ်လဲ ကျနော်လည်း လူသိရှင်ကြားပြောနေသေးတာပဲဟာ မိတ်ဆွေလည်း အရပ်တကာသိအောင် ဆဲပေါ့။ လူကြားကောင်းပါတယ်။ (ပါ့စ်ဝါ့ဒ်ဝင်နှိုက်တာတို့ ဝင်ဖျက်တာတို့တော့မလုပ်နဲ့ဗျာ။ တခါတခါထိရင် ပြန်ပြန် ဆယ်ရတာ အချိန်ကုန်တယ်ဗျ)
(အဆဲသန်သူတို့ကိစ္စ)

ကျနော်လူပျိုပေါက်လောက်က ထောက်ကြန့် အနာကြီးရောဂါဆေးရုံဝင်းအနောက်က အနာကြီးရောဂါသည်တွေနေတဲ့ရွာထဲမှာ ခြတောင်ပို့ကနေ မှိုအကြီးကြီးတွေပေါက်တယ်။ တောင်ပို့က လူကြီးရင်စို့လောက်မြင့်ပြီး တောင်ပို့အခြေနားကနေကပ်ပြီး ပေါက်တာ။ တပွင့်တပွင့် စကောအသေးစားသာသာပဲ။ ၅ ပွင့်လောက်ရှိမယ်မှတ်တယ်။ ဖွေးဆွတ်နေတာပဲ။ တစ်ပွင်းချင်းစီသတ်သတ်မဟုတ်ဘူး။ ပင်စည်ရိုးတစ်ခုထဲကနေ ပတ်လည်ဘေးဘက်ကို အထပ်လိုက်ပွင့်ပြီး တက်သွားတာ။ အတော်လှတယ်။ ကြည့်ရ အမြင်ဆန်းတယ်။ ဆန်းတော့ ထုံးစံအတိုင်း တယောက်စကားတယောက်နား ပျံ့သွားတယ်။ ကောလဟလတွေ အမျိုးမျိုးထွက်လာတယ်။ စစခြင်းတော့ အိမ်ရှင်တွေလည်း သာမန်ပဲ။ နောက် လူပြောလည်းများလာရော။ ခြတောင်ပို့ကို ရာဇမတ်ကာတယ်၊ အတွင်းထဲမှာ သဲဖြူခင်းတယ်၊ ရှန်ပန်းစအနီအဖြူတွေချည်တယ်၊ နံ့သာဖြူ ကရမက်ရည်တွေလောင်းတယ်။ ဆွဲကြိုးတွေလက်ကောက်တွေ ဖလားထဲစိမ်ပြီး ရွှေရည် ငွေရည်လောင်းတယ်။ နောက်တော့ အိပ်မက်ပေးတာတွေ ဘာတွေပါ ပါလာတယ်။ ဆိုင်းဝိုင်းတွေ အုန်းပွဲငှက်ပျောပွဲတွေပါ ပါလာပြန်တယ်။ လည်ပင်းမှာ ယောဂီရောင်နဲ့ အဖြူရောင်ပိတ်စပတ်လူတွေက ဘာတွေလဲမသိဘူး ပါးစပ်ကတတွတ်တွတ်ရွတ်ပြီး ဖလားထဲကအရည်တွေထဲ သပြေခက်တွေနှစ်လိုက် လာကြည့်တဲ့လူတွေပေါ် ပက်လိုက်ဖျန်းလိုက်လုပ်တယ်။ လူတွေ များသထက်များများလာတယ်။ ဘုန်းကြီးတွေ လည်း မနည်းမနောပဲ။ သင်္ကန်းတဖါးဖါးနဲ့ မမောနိုင်မပန်းနိုင် ကြိတ်ကြိတ်တိုးပဲ။ ထိုးဆေးပုလင်းခွံလေးတွေထဲ အဲ့ဒီခြတောင်ပို့မြေမှုန်လေး တွေထည့် ရာဘာဖေါ့ဆို့လေးဆို့ပြီး လဘ်ကောင်းတယ်ဘာညာပြောပြီး သာသနာပြုရန်အလှူငွေဆိုပြီးရောင်းတာ လက်မလည်အောင်ရောင်း ရတယ်။ ခြတောင်ပို့ရာဇမတ်ကာအထဲမှာလည်း ပိုက်ဆံတွေရော ဆွဲကြိုးတွေ လက်ကောက်တွေ နားကပ်တွေ လက်ဝတ်လက်စားတွေမှ တနေ့တနေ့ သစ်ရွက်ကြွေသလိုကို တလစပ်ကျနေတာ။ အိမ်ရှင်တွေလည်း ငွေကို သဲ့ယူသလိုကို ရနေတာ။ နောက်လည်းကျရော မှိုကြီးရဲ့ ပင်စည်မှာ ဘုရားမျက်နှာတော်ပေါ်တယ်ဆိုပြီး ဖြစ်ကရော။ ပင်စည်ရင်း မြေကြီးနားကပ်ပေါ်တာဆိုတော့ လေးဘက်ထောက်ဖင်ကုန်းပြီး ပါးနဲ့မြေကြီးအပ်ကြည့်မှ မြင်ရတာ။ မြင်ရတယ်ဆိုပေမယ့် သဲသဲကွဲကွဲတော့မဟုတ်ဘူး။ မှိုပွင့်အရိပ်ကျနေတော့ ခတ်မှောင်မှောင်။ မျက်ခုံး လိုလို နှာတန်လိုလိုဟာလေးတွေ ရေးရေးလောက်ပါ။ ဒါပေမယ့် ဘုရားမျက်နှာတော်အစစ်၊ ဘုရားမျက်နှာတော်အစစ်ဆိုပြီ အံ့ဘနန်းတွေ ဖြစ်ကုန်တယ်။ လူတွေလာတာမှ ဘုရားပွဲထက်စည်တယ်။ ငွေတွေလှူတာမှ အထပ်လိုက်အထပ်လိုက်ပဲ။ ထောက်ကြန့်ရဲစခန်းကရဲတွေလည်း လာစောင့်ပေးတယ်ပြောပြီး အိမ်ရှင့်ခြံနောက်ဖက်မှာ အနီရောင်အရက်တွေ တနေကုန်မူးနေတာပဲ။ ဘေးပန်းအိမ်တွေကလည်း ကွမ်းယာဆေး လိပ် စီးကရက် အချိုရည် ရှန်ပန်းနီဖြူ သပြေခက် စပယ်ပန်းစတာတွေ ဆိုင်ခင်းရောင်းကြတယ်။ အတော်ရောင်းရတယ်။ ပျော်တောင်ပျော် စရာကြီး။ နောက်တော့ သိတ်မကြာဘူး။ ထောက်လှမ်းရေးဆိုလား စသုံးလုံးဆိုလား လူတွေလာတယ်။ မေးတယ်မြန်းတယ်။ မှိုကြီးကို စစ်ဆေးတယ်။ လာတဲ့လူတွေကို ရွာဝင်လမ်းကနေ မသွားဖို့တားတယ်။ တားတော့ ”ဘုရားလာဖူးတာမတားနဲ့” ”ကုသိုလ်ရေးတောင် ဝန်တို သူတွေ”ဘာညာနဲ့ ပိုဆိုးကုန်တယ်။ နောက်ဆုံး မှိုကြီးကိုနှုတ် ခြတောင်ပို့ဖြိုချ ရာဇမတ်တွေခွာပြီး မှိုအခြေမှာ ဂျုံကိုအရောင်နဲ့နယ်ပြီးကပ်ထား တဲ့မျက်နှာတော်ဆိုတာကို အနီးကပ်ဓါတ်ပုံတွေရော ဓါတ်ခွဲခန်းစစ်ဆေးချက်တွေရောနဲ့ရှင်းလိုက်တော့မှ ပွဲကပြတ်သွားတယ်။ အိမ်ရှင်လည်း ရန်ကုန်မြို့ထဲ တောအရက်မှောင်ခိုသွင်းတဲ့ ဂျပန်တပတ်ရစ်ဒတ်ဆန်းကား ၂ စီးစာစုမိသွားတယ်။ ဘယ်သူမှတော့ ဘာမှမဖြစ်ကြပါဘူး။ တော်တော့တော်သေးတယ် အဲ့ဒီခေတ်က ဗမာပြည်မှာ ချဲထီဆိုတာမပေါ်သေးလို့။ ပေါ်များပေါ်လို့ကတေ့ ဒိုင်တွေထောလိုက်ကြမယ့်ဖြစ်ခြင်း၊ တော်တော့တော်သေးတယ် အဲ့ဒီခေတ်က အရေခြုံဆိုရှယ်လစ်ခေတ်မို့ ဒါမျိုးဆို နည်းနည်းနှိပ်ကွပ်ဖော်ရသေးတယ်။ ဒီဘက်ခေတ်ဆို နိုင်ငံတော်လို့ ကိုယ့်ကိုယ်ကိုယ်ခေါ်နေတဲ့ကောင်တွေ သွားအားပေးကြမှာ။

ပြောချင်တာက ခုတလော ရွှေပြည်ကြီးမှာ ဖွတ်ထွက်မှတောင်ပို့မှန်းသိတဲ့သူ သိသွားကြတာမှန်ပေသိ တချို့များ ဖွတ်ကြီးတကောင်လုံး တောင်ပို့ထဲဝင်နေတာတွေ့ရက်နဲ့ ဘုရားမှတ်ပြီး ကုန်းဦးချတုန်း။ ပန်း ရေချမ်း ကပ်တုန်း၊ ရှန်ပန်းစတွေ ချည်တုန်း၊ ရွှေရည်ငွေရည် လောင်းတုန်း။
(ဖွတ်ဝင်တာတောင်တောင်ပို့မှန်းမသိသူတို့ကိစ္စ)

0 comments:

Post a Comment