ဒီနေ့
တကြော့ပြန်အေးဦးမယ်။ နှင်းလည်း ထူထူ ထဲထဲကျမယ်။ ခုကို အပြင်မှာ လေ ဟူးဟူးရားရား နှင်းဖွားဖွားနဲ့။
ရေခဲမှတ်နားကပ်နေလေရဲ့။ ညကျ ရင်တော့ ရေခဲမှတ်အောက် ၆ ဒီဂရီကနေ ၁၃ လောက်အထိ ဆင်းသွားမယ်။
ကြက်ဖကြီး ၂ ကောင်ရဲ့ အလှည့်ကျတွန်သံမှာတောင် အေးအေး ခိုက်ခိုက်နဲ့ မေးရိုက်သံလေးတွေစွက်လို့။
တီဗီ သတင်းက ကျောင်းကို ၂ နာရီ နောက်ကျပြီးမှ လာကြဖို့ အောက်ခြေစာတန်းထိုး ပြသလို ဘယ်လမ်းဘယ်လမ်းတွေနှင်းတွေကျ
ဘယ်လမ်းဘယ်လမ်းတွေကားတွေကြပ် လမ်းတွေချော်မယ်ဆိုပြီးပြောနေတယ်။
ခွေးလေး ၂ ကောင်ကတော့ တိုးတိုးခွေ့ခွေ့နဲ့ ကိုယ်ငွေ့ ကိုယ်ငွေ့ချင်းလုံးပြီး ပူးပူးကပ်ကပ်အနွေးဓါတ်ကူးနေလေရဲ့။
ညက အိမ်ပြင်ထုတ်ထားတဲ့ ကြက်ရေခွက်တွေကြည့်တော့ လက်ကျန်ရေနဲ့ အတွင်းမှာခဲပြီးကပ်နေတာ
ခွာလို့မရသေး။ ခနနေမှ ရေနွေးစိမ် ခွာပြီး ရေသစ်ထည့်ရမယ်။ လေးစိတ်ကွဲ ကြက်စာပြောင်းကြမ်းအိပ်
ဖွင့်လိုက်တော့ ပြောင်းဆန်နံ့မွှေးမွှေးလတ်လတ်က နှာခေါင်းထဲတိုးဝင်လာတယ်။ အစာဗူးထဲထည့်ဖို့
ခွက်ထိုးအကော်မှာ လက်ဖျားလေးတွေ အေးကနဲစိမ့်တက်သွားရဲ့။ အိမ်နောက်ဖေးကကွင်းကြီး
ကြည့်လိုက်တော့ နေသာမပြူသေးတာ ကွင်းကြီးက လင်းပြီး ဖွေးနေတယ်။ ကွင်းစပ်နဲ့ကွင်းဆုံး နှုတ်ခမ်းသတ်
အရွက်မဲ့သစ်ပင်တွေကြည့်ရတာ လွမ်းစရာထက် ချမ်းတောင်ပိုချမ်းလာသလိုလို။ ကျနော်နေတာက
City Limit နဲ့ အခြား အကန့်ဆိုလို့ စမ်းချောင်းလေးတောင်မရှိတဲ့ တဆက်တစပ် မြို့ပြင်ရပ်။
ကျေးလက်ဆန်ဆန် ဆိတ်ညံညံ။ ယာတောအိမ်လေးတွေဆိုတော့ “မြို့ကြီးသူ မယ်တို့လို မပြင်တတ်တယ်
မဆင်တတ်တယ်” နဲ့ တောသူမေ လုံမလို၊ အိမ်ကွက်တွေက ရွာလိုချတည်ထားတာ။ အိမ်ရှေ့ ကိုက် ၅ဝ
လောက်မှာ အမှတ် ၂၇ အဝေးပြေးလမ်းမကြီး။ လမ်းမဟိုဘက် မျက်နှာချင်းဆိုင်မှာ လယ်သမား အိမ်
၂ လုံး၊ ပြောင်း၊ ပဲပိစပ်၊ ပန်းသီးနဲ့ အခြားအသီးအနှံ နည်းနည်းပါးပါးစိုက်တယ်။ သူတို့နောက်
မိနစ် ၂ဝ လောက်လမ်းလျှောက်ဝင်သွားမှ လူနေရပ်ကွက်တွေနဲ့ မြို့တွင်းဧရိယာပြန်ရောက်တယ်၊
အဲ့ဒီရပ်ကွက်ထဲမယ် ရဲအရာရှိသင်တန်းကျောင်းနဲ့ အိုင်ဗီးကွန်မြူနတီကောလိပ်က
ဌာနခွဲစာသင်ခန်းရှိ တယ်၊ ခရင်မင်နယ်လ်ဂျပ်စတစ်က် သင်တာ။ ရဲသင်တန်းကျောင်းနဲ့ ကောလိပ်ကတရားစီရင်ရေး ဘာသာရပ်နဲ့တွဲထားတာ။
အဲ့ ကျောင်းနောက်မှာ ကျနော် ဒီ့အရင်ကနေခဲ့တဲ့ တောင်ပိုင်းတံတားဆိုတဲ့ ရပ်ကွက်လေး
ရှိတယ်။ ရပ်ကွက်က သန့်ပြန့်ကျယ်လွင့်တယ်။ အိမ်ငှားတွေအားလုံးက ကိုယ်လိုပဲ ဝင်ငွေနိမ့်
အခြေခံလူတန်းစားတွေပါ။ လခက ကျနော်တို့(၂)ယောက်လုပ်ခရဲ့ လေးပုံတစ်ပုံနီးပါးပေးရတယ်။
အိမ်နောက်မှာ လူလုပ်ရေကန် အကြီးကြီးတွေရှိပြီး၊ အဲ့ဒီကန်စောင်းက တောအုပ်အသေးလေးတွေထဲ
တနွေလုံး ငန်းရိုင်းတွေ ဘဲရိုင်းတွေလာကြနေကြ သားပေါက်ကြနဲ့ ကန်စပ်နဲ့ရေပြင်ဟာ ဘုရားပွဲလို
စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်။ ကန်နဲ့အိမ်တွေအကြား အိမ်နဲ့အိမ်တွေအကြား
မြက်ခင်း စိမ်းတွေပေါ်မှာ သားပေါက်ကလေးတွေအလည်မှာထားပြီး သားများမိငန်းမ/ငန်းဖိုကြီးတွေ
တဂွီးဂွီးတဂေါ်ဂေါ် လည်တန်ကြော့ကြော့ခေါင်းမော့မော့နဲ့ မိဘဂုဏ်များ ထည်ပြကြပလားဆို စိတ်လက်ကြည်နူးစရာ။
ရာနဲ့ချီတဲ့အုပ်များ ရပ်ကွက်အတွင်းလမ်းတွေဖြတ်ပလားဆို နာရီဝက်လောက် စက်သတ်ကားရပ်ပြီး
စောင့်ကြည့်ရတာကိုက အရသာ။ ကင်မရာလေးအလွယ်ပါရင်တော့ ဓါတ်ပုံလေး ဘာလေးရိုက်ပေါ့လေ။ အဲ..တခါတခါ
အချိန်ကိုက်အလုပ်တွေ သုတ်ခြေတင်ရပြီဆိုရင်တော့ သူတို့ လမ်းဖြတ်ချိန်ရပ်စောင့်ပေးနေရင်း
ငြိုငြင်စိတ်နဲ့ကွက်မိတယ်။ ချစ်လို့ အနားသွားကပ်ပြီး ထိကြည့်မယ် လုပ်ရင်တော့ ခင်ဗျားကို
သားဇောနဲ့ထိုးလိုက်မဟဲ့ ဆိတ်လိုက်မလဲ ဆွဲလိမ်လိုက်မဟဲ့ဆိုကာ နှုတ်သီးတပြင်ပြင် မျက်လုံးမျက်ဆန်တပြူးပြူး
နှုတ်ခမ်းတလန်ပန်းတလန်နဲ့ ရန်ထောင်ကြလိမ့်မယ်။
ခုလိုဆောင်းတွင်းကြတော့ အဲ့ဒီရေကန်ကြီးတွေလည်း ခဲလို့၊
ကလေးတွေ ကန်မျက်နှာပြင်တွေပေါ် ရေခဲလျှောစီးလို့၊ မြေပြင်ကလည်း နှင်းဖုံးရေခဲဖုံး ဖွေးဖွေးကြည်ကြည်
မာမာတင်းတင်းကြီးဖြစ်လို့၊ ငန်းရိုင်းတွေလည်း မိုင်ထောင်ချီဝေးပြီးနွေးတဲ့ ကနေဒါမှာဆောင်းခိုသွားကြ။
အမေရိကန်ဆောင်းရှောင်ကြတယ်ပြောလည်း မမှားဘူးထင်တယ်။ အဲ့ဒီရပ်ကွက်လေးက နေလို့ကောင်း
စိတ်လက်ကြည်သာရှိတာမှန်ပေမယ့် အများနေတိုက်ခန်းတွဲဆိုတော့ ထုံးစံအတိုင်း စနေနေ့ညဝေဒနာဒဏ် အခံတော့
မလွတ်ဘူးပေါ့။ စနေညတွေဆို ဆေးခြောက်နံ့လေး တသင်းသင်း၊ ကိုကင်းခိုးလေး တဝေဝေ၊ ဘီယာချဉ်လေး
တအေ့အေ့၊ ဝီစကီခွက်သံ တခွမ်ခွမ်၊ သီချင်းသံ ချစ်တင်းသံ၊ ငြင်းသံခုန်သံ ရီသံမောသံတွေကြားမှာ
တခါလေ သေနတ်သံတွေ ညံညံထွက်သွားတတ်တာမျိုးပေါ့။ ရဲကား လူနာတင်ကားတွေက အချက်ပြမီးတွေ
ဝင်းကနဲဝင်းကနဲ၊ အော်သံဟစ်သံအမိန့်ပေးသံတွေ တင်းကနဲတင်းကနဲ၊ ပြေးသံလွှားသံဖိနပ်သံခြေသံတွေ
ထင်းကနဲထင်းကနဲ။ ခုန အသံစုံအနံ့စုံ ရသစုံနဲ့ထုံရစ်ရီဝေခဲ့တဲ့ ကြည်မောယစ်မူးဖွယ်စနေညဟာ
ဝေဒနာပွေ့ပြီး တိတ်ဆိတ်ငြိမ်သက်မှုအတိနဲ့ အပ်ကျသံကြားရတော့မတတ်ပေါ့။ လန့်စရာမဟုတ်ပေမယ့်
နည်းနည်းထိတ်ရတဲ့ အဲ့သလိုညတွေကို မအိပ်ပြစ်ရက်ဘူး။ အိပ်ပြီး မကုန်ပြစ်လိုက်ချင်ဘူး။
ဒါနဲ့ အဲ့သလိုလို ညညတွေဆို စာကြည့်မီးလေးကလွဲလို့ တအိမ်လုံးမှောင်ချ၊ အပြင်ကိုတိတ်တဆိတ်နားစွင့်၊
စာဖတ်၊ စာရေး၊ အွန်လိုင်းတက်ရင်း ကုန်ဆုံးခဲ့တာချည်းပဲ။ ခု မြို့ပြင်တောစပ်ရောက်တော့မှ
တောင်ပိုင်းတံတားရပ်ကွက်လေးရဲ့ စနေနေ့ညဝေဒနာကို အမြဲလိုမဟုတ်ပေမယ့်လည်း လွမ်းတယ်။ လွမ်းတိုင်းလည်း
သွားသွားကြည့်တယ်။ သွားသွားကြည့်တိုင်းလည်း ပြန်ပြန်လွမ်းရတယ်။
အဲ့ဒီ တောင်ပိုင်းတံတားရပ်ကွက်လေးရဲ့ စနေညတွေဟာ ထိတ်စရာလို့ဆိုပေမယ့်
ဘယ်အချိန် အိမ်တံခါးလာခေါက်ပြီး တအိမ်လုံးမွှေနှောက် ရှာဖွေဝုန်းဒိုင်းကြဲပြီး “ခနခေါ်သွားမယ်
လိုအပ်တာမေးမြန်း ပြီးပြန်လွှတ်လိုက်ပါ့မယ်”ဆိုကာ လက်ထိပ်နောက်ပြန်ခတ် ခေါင်းစွပ်ပြီးလာခေါ်မည့်
ဧည့်ဆိုးတွေ ထိုင်စောင့်ရင်း ကုန်လွန်ဖြတ်သန်းခဲ့ရတဲ့ဘဝမျိုးက ညဆိုးတွေထက်စာရင်
နှစ်လိုစရာကောင်းတာတော့ အမှန်ပါ။
ခု နေတာက ညာဘက်မှာ ၂ အိမ် ဘယ်ဘက်မှာ ၁ အိမ်၊ ကျနော်တို့ပါပေါင်းမှ
အိမ် ၄ လုံး တန်းရက်၊ ကျနော်က အမေရိကန် ၄ အိမ်တန်းလို့ ခေါ်တော့ မိတ်ဆွေဗမာပြည်သားတချို့က
ပြုံးစစလုပ်တယ်။ ခွန်နှစ်အိမ်မတန်းသလို မဂျမ်းဘုံလည်း ရှိတော့မရှိဘူးပေါ့။ ခင်မင်နှစ်လိုဖွယ်
ကျေးတောဆန်တဲ့ လေးအိမ်တန်းကအိမ်နီးခြင်းတွေအကြောင်း နောက်တော့
ဖေါက်သည်ပြန်ချဦးမယ်တွေးပါတယ်။
(လေးအိမ်တန်းကအလွမ်းစာ)
မဟတ္တမဂန္ဒီကြီးရဲ့
အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှာ အာဏာဖီဆန်ရေးပါတယ်။ အကြမ်းမဖက်ခြင်းဆိုတာ လုပ်သမျှခံခြင်းမဟုတ်ကြောင်း
လက်တွေ့တွေနဲ့ သာဓကဆောင်ခဲ့တယ်။ လူထုကိုဆောင်ပြီး ပင်လယ် ကမ်းခြေမှာ ဆားသွားချက်ပြတာ
အကြံကုန်လို့မဟုတ်မှန်း နေမဝင်အင်ပါယာဆိုတဲ့ပြည်ကြီးရှင်တွေ သိတယ်။ ရင်ဆိုင်ရတဲ့ရန်သူက
ဒီမိုကရေစီလက္ခဏာတစုံတရာဆောင်တဲ့ နိုင်ငံရေးယဉ်ကျေးမှု သင့်သလောက်ရှိတဲ့ အာဏာကိုပညာသားပါပါနဲ့ကွယ်ကာရာမှာ
ကျင်လည်တဲ့ ဗြိတိသျှနယ်ချဲ့ သမားဖြစ်တယ်။ အကြမ်းမဖက်ရုံသက်သက် အာဏာဖီဆန်မှုမပါဘူးဆို
ဂန္ဒီ့နိုင်ငံရေးအယူဟာ လုပ်သမျှခံမယ်ဆိုတဲ့အနက်ကလွဲလို့ ဘာအဓိပ္ပါယ်မျှမဆောင်ဘူး။
အာဏာဖီဆန်ရေးမပါရင် ဂန္ဒီဟာ နေမဝင်အင်ပါယာအတွက် ဖုတ်လေတဲ့ငါးပိပဲ။ အာဏာဖီဆန်ရေးမပါတဲ့
အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုဟာ တစ်ခြမ်းပဲ့ကြွေးကြော်သံပဲ။ (တစ်ခြမ်းပဲ့ကိစ္စ)
မနက်ဖြန်
ဘာအပွိုင်မင်န်မှ မရှိ။ ခါတိုင်းထက်စောစောထမယ်။ စာဖတ်စရာရှိတယ်။ ရာဟုလာသံကိစ္စည်း
ဟိန္ဒီလိုရေးတဲ့”ဗောဒ္ဓဒဿန”၊ ဆရာဆန်းထွန်းဘာသာပြန်ပြီး ဆရာပါရဂူ ထပ်မံဖြည့်စွက်ထား တဲ့
မြန်မာအမည်”ဗုဒ္ဓအမြင်”ကို လက်စသတ်မယ်။ အလင်းလာရင် ကြက်ကလေးတွေ အစာကြွေးရေလဲ၊ ခွေးလေးတွေ ရှူးပေါက်အီးပါလုပ်ပြီးချိန်ဆို ဇနီးသည်လည်းနိုးပြီ။ လယ်သမားကြိုက် အိမ်လှော်ထောင်း ကော်ဖီပြင်းပြင်းပူပူမွှေးမွှေး
တစ်ခွက်သောက်မယ်။ ပြီးရင် ရင်နှစ်တို့အိမ်ဖက်သွားပြီး
ပဲပြုတ်သုတ်၊ ငါးပိရည်ကျိုလက်ကျန်နဲ့ ထမင်းကြမ်း မနက်စာလွေးမယ်။ အမေနဲ့စကားထိုင်ပြောမယ်။
ပြီးရင် မွန်ကုန်စုံဆိုင်ဘက် တချက်လှည့်ဝင်မယ်။ ဘာ ပျိုးပင်လေးတွေ ဘာမျိုးစေ့တွေများရမလဲ
မသိဘူး။ မတ်လလည်ရင် နှင်းကုန်ပြီ အအေးဝေးပြီ ဆောင်းပြေးပြီ။ ဒေါင်းမွေးမယ့်စိတ်ကူးက
ပိုခိုင်လာတယ်။ သီးပင်စားပင်လေးတွေလည်း စစိုက်တော့မယ်။ အပြန်ကျ ဇေတဝန်ကျောင်းဝင်ပြီး
ဦးဇင်းကိုနှုတ်ဆက်ရင်း တိုးကျော်လှိုင်တယောက် နေထိုင်ကောင်း/မကောင်းမေးရင်း
ထွေရာလေးပါလည်း နာဦးမှ လျှောက်ဦးမှစိတ်ကူးတယ်။ ဘုန်းကြီးကျောင်း ထမနဲပွဲမသွားဖြစ်လိုက်ဘူး။
”ထမနဲလက်ကျန်လေးများရှိရင် စွန့်ပါဦးဘုရာ့”ဆိုကာ တောင်းစားရမယ်။ မစားရတာကြာတော့ စားချင်အာလျရှိလှတယ်။
ဦးဇင်းကုသလနဲ့ နှုတ်ဆက်သာရုံဆုံဆုံနေပေမယ့် စကားမပြောဖြစ်တာကြာပြီ။ ဘာ့ဖလိုး (နူးယော့ခ်ပြည်နယ်)က
အလည်လာတဲ့ မိတ်ဆွေအမကြီးက ငါးပိထောင်း ထောင်းထားတာ လာယူလို့ပြောထားတာ ရှိတယ်။ ဒီနေ့
သူ တည်းတဲ့အိမ်နောက်ဖက် ကားပါကင်အောက်ထိရောက် တာတောင် ဝင်မအားခဲ့ဘူး။ အောက်ကနေ ဖုန်းနဲ့လှမ်းနှုတ်ဆက်တော့
”ဟဲ့..ထမင်းဝင်စားသွား။ ချဉ်ပေါင်ဟင်းလည်း ချက်ထားတယ်”တဲ့။ သွားရည်ပါကျရော။ စားချင်တာများ။
အချိန်မရလို့ လူချင်းတောင်တွေ့ နှုတ်မဆက်လိုက်ရတော့ အားလည်းနာတယ်။ မနက်ဖြန်ကျ အချိန်ရအေင်ယူပြီး
သူ့ သွားတွေ့မယ်။ ငါးပိထောင်းသွားယူမယ်။ သူ့ငါးပိထောင်းက ဝေါ်ရှင်တန်(ဒီစီ) အထိတောင်
ပေါက်နေပြီ...တဲ့။ မှာတောင်စားကြတာ...တဲ့။ တော်ကြာနေ အိမ်ဖြူတော်က ငါးပိနံ့ရတယ်ဆိုပြိးလုပ်မှ
ဟုတ်ပေ့။ ဟုတ်မှာပါ။ သူ ထောင်းတာ အတော်စားကောင်းတယ်။ အပြင်ကိစ္စဝိစ္စတွေပြီးရင် အိမ်ပြန်ပြီး
ဖေ့စ်ဘွတ်ခ်တက်မယ်။ ပြောမယ့်သာပြောတာပါ ရင်နှစ်တို့အိမ်မှာ အမေနဲ့ပွားရင်း အား အားသလို
အွန်လိုင်းတော့ တက် တက်လာမယ် တွေးတာပဲဗျာ။ (အားအားယားယာကိစ္စ)
0 comments:
Post a Comment