လိင်တူနွယ်မယ်သာကီနဲ့
စောလူးမင်းကိုခိုးတဲ့ည (မျိုးမြင့်ချို) ခု
အအေးမှတ်က ရေခဲမှတ်အောက် ၁၉ ဒီဂရီတဲ့။ ၁၁ နာရီလောက်ကျရင်တော့ ရေခဲမှတ် အထက် ၉ ပြန်ရောက်မယ်..တဲ့။
ဒီနေ့အတွက် ပိတ်တဲ့ကျောင်းတွေ၊ ကျောင်းချိန် ၂ နာရီနောက်ဆုတ်တွေမှ မနည်းပါပဲ။ ရာဇဝတ်မှုအကျူး လွန်ခံရသူတွေအရေးနဲ့ပတ်သက်လို့
ပါရ်ဒူးယူနီဗာစတီးက ကျောင်းသူမတစ်ယောက် အိမ်လာပြီး သူသိချင်တာလေးတွေးမေးဖို့ ချိန်းထားတယ်။
အဲ့ဒါပြီးရင် ထမင်းဖိုးအတွက် စိတ်ရောဂါကုဆေးရုံသွားပြီး စကားပြန်လုပ်ရမယ်။ ဒီလောက်အအေးကြီးထဲ
နှင်းကလည်းထုတက်အောင်ထူနေတဲ့ကြားက အပြင်ထွက်ရဦးမှာတွေးပြီး
သွေးပါခဲချင်လာတယ်။ ခနနေတော့ ပြည်နယ်သတင်းဝင်လာတယ်။ ဒီည အင်ဒီယားနားပိုးလစ်မှာ လိင်တူချစ်သူများလက်ထပ်ထိမ်းမြားခွင့်ကိစ္စ
စကားစစ်ထိုးပွဲကြီး ခြိမ့်ခြိမ့်သဲရှိတယ်..တဲ့။ အမေရိကန်က ပြည်နယ်အချို့မှာ လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်
ဥပဒေနဲ့ပြုပေးပြီးသားရှိပါတယ်။ တချို့ပြည်နယ်တွေကတော့ အပြတ်အသတ်ကိုဆန့်ကျင်နေကြတာပါ။
အထူးသဖြင့် ရီပတ်ဗလီပကင်(ဒီမှာတော့ ကန်ဆားဗတစ်ဗ်တွေလို့ခေါ်တယ်)တွေကြီးစိုးတဲ့ပြည်နယ်တွေမှာ
ဆန့်ကျင်ရုံတင်မက တိုက်ပါတိုက်ခိုက်နေကြတာရှိပါတယ်။ ကျနော်တို့ပြည်နယ်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့
ပြည်နယ်အစိုးရနဲ့လွှတ်တော်ထဲမှာ အခြေအတင်ငြင်းခုန် နေကြတာကြာပါပြီ။ ဟိုနေ့ကဆို ပြည်နယ်လွှတ်တော်ထဲမှာ
အဲ့ဒီအရေးလှုပ်ရှားနေသူတွေပါဝင်ထိုင်ပြီး အမတ်မင်းတွေပြော ဆိုနေတာ ထိုင်နားထောင်နေတာမြင်လိုက်ရတယ်။
သိတ်ပြင်းပြင်းထန်ထန်တွေမဟုတ်တော့ ဥပဒေဖြစ်သွားမယ်လို့ ခန့်မှန်းသူခန့်မှန်းကြပါတယ်။
ဒါဆို အင်ဒီယားနားပြည်နယ်က လိင်တူချစ်သူတွေ အဖို့တော့ သတင်းကောင်းလို့ဆိုရမယ်။ ဥပဒေပြဌာန်းပြီးသားပြည်နယ်တွေကို
ခနရွှေ့၊ ဟိုမှာလက်ထပ် တရားဝင်ဖြစ်ပြီဆိုမှ ဒီပြန်လာ၊ အတည်တကျပြန်နေလုပ်ရတဲ့ ကုန်ကျစားရိတ်နဲ့အချိန်တွေ
အကုန် သက်သာသွားတော့မှာကိုး။ ဘာသာရေးအရ၊ မိသားစုတွေ(မိန်းမနဲ့ကလေးတွေအပေါ်)တည်ပြီး ပိုက်ဆံရှာတဲ့စီးပွားရေးလုပ်ငန်းသဘာဝအရ၊
အမွေဆက်ခံခွင့်ဆိုင်ရာ အကြောင်းပြချက်အရ၊ ဘာအကြောင်းမှမယ်မယ်ရရမရှိပဲ လူသားချင်း လိင်မတူရုံ၊
လိင်တူချင်းမြတ်နိုးစုံမက်ရုံကိုပြဿနာလုပ်ပြီး ခွဲခြားဆက်ဆံလိုမှုအရဆန့်ကျင်နေသူတွေ
ဒုနဲ့ဒေးရှိတဲ့ကြားကပဲ အတည်ပြုပြီးတဲ့ပြည်နယ်တွေ တိုးတိုးလာနေတာမြင်ရပါတယ်။ ကျနော့်သဘောကတော့
သူတို့လည်းအခြားသူများလို နိုင်ငံသားတွေ၊ နိုင်ငံအတွက်အခွန်ထမ်းနေကြသူတွေပဲ။ လူ့အဖွဲ့အစည်းအကျိုးစီးပွား
ဖျက်ဆီးနေကြသူတွေမှမဟုတ်တာပဲ။ သူတို့ဘဝ၊ သူတို့အချစ်၊ သူတို့စုံမက်မြတ်နိုးမှု၊ သူတို့ဇီဝကမ္မသဘောအလုပ်လုပ်ပုံ၊
သူတို့သံယောဇဉ်တွေကို စာနာနားလည်ရုံမက ကန့်ကွက်စရာဘာအကြောင်းမှလည်း မရှိပါဘူး။ ရွှေပြည်ကြီးမှာလို
ဗမာအမျိုးသမီးတွေ ဘယ်လင်မျိုးပဲယူရမယ်တို့၊ ဘယ်လင်မျိုးမယူရဘူးတို့၊ သူတို့ရဲ့ချစ်သူ
ဒါမှမဟုတ် အိမ်ထောင်ဘက်ကို လူယောက်ျားတွေ ဒါမှမဟုတ် ဘုန်းကြီးဆိုသူတွေက ပြဌာန်းပေးခိုင်းမယ့်ဥပဒေ အတိုင်း
နာခံရွေးချယ်ရမယ်ဆိုတဲ့သဘော ပြောဆိုလှုပ်ရှားလုပ်ကိုင်နေတာတွေကိုသာ အော့လုံးနာပြီး စက်ဆုပ်ရွံရှာဖွယ် လောကအညစ်အကြေးတွေလို့ မြင်တာပါ။ လူသားတစ်ဦးနဲ့ ချစ်ခြင်းမေတ္တာမှာ၊ သံယောဇဉ်အနှောင်အဖွဲ့မှာ၊
လိင်စိတ်သာယာပျော်မွေ့မှုမှာ အာသားအရောင် ကျား-မ ဘာသာ လူမျိုးစတာတွေဝင်လာပြီ၊ နှောင့်လာပြီဆိုမှ
အမုန်းတရားနဲ့အာဃာတမီးတွေတောက်ပြီး မိမိတင်မက လောကကိုပါလောင်မြိုက်စေတာပါပဲ။
ခုန
လိင်တူချစ်သူတွေလက်ထပ်ထိမ်းမြားမှုနဲ့စပ်လို့ ပြည်နယ်အခြေ အနေလေးပြောရင်း ရွှေပြည်ကြီးကဗမာအမျိုးသမီးထုရဲ့
ချစ်ခြင်းမေတ္တာ၊ လိင်မှုကိစ္စနဲ့ အိမ်ထောင်ရေးဘဝတွေအပေါ် ယောက်ျားကြီးစိုး၊ ဘုန်းကြီးချယ်လှယ်မဟဲ့ဆိုတဲ့
မျိုးစောင့်ဥပဒေအကြောင်း နည်းနည်းပြောခဲ့ပါတယ်။ ချက်ခြင်းဆိုသလိုပဲ ရွှေပြည်ကြီးကလိင်တူချစ်သူများအရေး
ဦးဆောင်ကြိုး ပမ်းနေသူ (ကိုယ်တိုင်လည်းလိင်တူချစ်သူ)တစ်ဦးက ကျနော့်အယူအဆရဲ့တပိုင်းကို
နှစ်နှစ်ကာကာထောက်ခံပြီး တပိုင်းကိုပြတ်ပြတ်သားဆန့်ကျင်ကြောင်း မက်ဆေ့ဂ်ျနဲ့ပြောပါတယ်။
ထောက်ခံတဲ့အပိုင်းက သူတို့အပေါ်စာနားလည်းပေးနိုင်ပြီး သူတို့အရေးကို လူသိရှင်ကြားတခုတ်တရပြောပေးတာကြောင့်လို့ဆိုပါတယ်။
ဆန့်ကျင်တဲ့အကြောင်းက သူလည်း မျိုးချစ်စိတ်ရှိတဲ့ အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်သူဖြစ်နေတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ သူ့ လိင်တူချစ်ခြင်းမေတ္တာမှာလည်း အမျိုးသားရေးစိတ်ရှိတဲ့အကြောင်း၊ လိင်တူစုံမက်ကြတာချင်းအတူတူ
သူက လူမျိုး ဘာသာ တူသူကိုမှ ရွေးချယ်ထားကြောင်း စတာတွေလည်း အတော်ပျစ်ပျစ်နှစ်နှစ်ပြောပြ ပါတယ်။
မက်ဆေ့ဂ်ျနဲ့ဆိုသူဖြစ်လို့ သူ့ပရိုက်ဗေစီကိုအလေးထားပြီး ဘယ်သူဘယ်ဝါတော့ ပြောလို့မဖြစ်ပါ။
သူက လိင်တူချစ်သူများအရေးကို ရွှေပြည်ကြီးမှာဥပဒေပြဌာန်းပြီး တရားဝင်ဖြစ်ရေးအတွက် လှုပ်ရှားချင်ကြောင်းနဲ့
အဲ့လိုလှုပ်ရှားမယ်ဆို ပြည်ပရောက်မြန်မာပြည်သားတွေ(ကျနော်အပါအဝင် ကူညီလိုသူတွေ)ကပါ ဝိုင်းဝန်းပြောဆိုပေးကြစေချင်ကြောင်းလည်းပြောပါတယ်။ ကျနော်က လိင်တူလက်ထပ်ရေးဥပဒေကိစ္စက နောက်မှဖြည်းဖြည်းလုပ်ပါ
ခုလောလောဆယ်မှာ ရွှေပြည်ကြီးက လူတချို့ရဲ့ လိင်ခွဲခြားဆက်ဆံမှုနဲ့ ခင်ဗျားတို့အပေါ်မြင်တဲ့အမြင်တွေလျော့ပါသွားအောင်
အရင်လုပ်စေချင်ကြောင်းပြန်ပြော ဖြစ်ပါတယ်။ သူတို့အခု အဲ့ဒီအမြင်တွေပါးသွားတောင် တဖြည်းဖြည်းတော့
နိုင်သလောက်လုပ်နေတဲ့အကြောင်းပြောပြီး ဘယ်ပုံလုပ်တာ လူကြားထဲ ပိုရောက်မယ်ထင်လဲလို့
မေးပါတယ်။ ကျနော်က ခင်ဗျားတို့ ဟိုတယ်လ်တွေ ခန်းမဆောင်ကြီးတွေမှာ မီဒီယာတွေနဲ့တွေ့ပြီး
ပြောတာတွေလည်း ကောင်းပါတယ်။ ခေတ်ပညာတတ် လူလတ်တန်းစားအလွှာက စာနာစိတ်ရှိမယ်ထင်ရသူတွေကိုချဉ်းကပ်ပြီး
သင်တန်းပေးတာတွေ၊ ရေးခိုင်းပြောခိုင်းတာတွေ လုပ်တာလည်းကောင်းပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲအထိရောက်ဖို့ဆို
ရပ်ထဲရွာထဲအထိ ဆင်းကြည့်မှ ရမယ်ထင်တယ်။ အထူးသဖြင့် တောနယ်ရွာတွေက ကျေးလက်လယ်သမားတွေနဲ့
မြို့ပြဆင်းရဲသား အလွှာတွေအထိဆင်းပြီး ဟောတာပြောတာရှင်းပြတာ၊ စာနာနားလည်စိတ်ရအောင်လုပ်တာမျိုးတွေ
လုပ်ကြည့်ပါလားလို့ ပြန်ပြောဖြစ်တယ်။ သူက အဲ့သလိုသွားလုပ်ရင် ကျုပ်တို့ကွဲသွားမှာပေါ့။
အဲ့ဒီလူတွေ အလွှာတွေထဲမှာ ကျုပ်တို့ကို မောင်မစ္စကတွေ အခြောက်တွေ နပုန်းပဏ္ဍုတ်တွေ ဘုရားဆုပန်မရသူတွေ
ဘုန်းကြီးဝတ်ခွင့်မရှိတဲ့သူတွေ ဘာညာနဲ့နည်းမျိုးစုံသုံးပြီး ဆန့်ကျင်ခွဲခြားတဲ့ အလွန်အကျွံဘုန်းကြီးတွေရဲ့
အဟောအပြောတွေကို နားယောင်ယုံကြည်ပြီး ကျုပ်တို့ကိုလက်ခံဖို့ မလွယ်ဘူးဗျလို့ပြောပြန်တယ်။
ကျနော်လည်း ဒီလောက်ဆို တော်လောက်ပြီယူဆလို့ စကားစဖြတ်ရင်း တုတ်ထမ်းပြောရတဲ့ ပုဂံရာဇဝင်ထဲက
ကျန်စစ်သားစောလူးမင်းကို ငရမန်ကန်းလက်ကကယ်ဖို့ သွားခိုးတဲ့ညအကြောင်း တွေးနေမိတယ်။
0 comments:
Post a Comment