Thursday, February 13, 2014

၂ဝ၁၄ ဖေဖော်ဝါရီအဆန်းကတိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဖေဖော်ဝါရီအဆန်းပိုင်းက တိုနန့်နန့်လေး
တွေ-၁-(မျိုးမြင့်ချို)ဗိုလ်ချုပ်အောင်ဆန်းကိုသတိ တရရှိကြတာ ကိစ္စကောင်းပါ။ ဗိုလ်ဆိုးဗိုလ် ယုတ်တွေကြောင့် ဗိုလ်ချုပ်ကိုသာမန်ထက် ပိုလို့ တောင့်တတမ်းတကြတာလည်း သဘာဝ ပါ။ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးထဲရှိလို့မို့ ပိုတောင်အမှတ်ရစဖွယ်ဖြစ်တာလည်း ငြင်းကွယ်လို့ မဖြစ်ပါ။ ဗိုလ်ချုပ်လို့ဆိုရင် အောင်ဆန်းကလွဲလို့ ဘယ်စစ်ဗိုလ်ယုတ်ကိုမှ မခေါ်ချင်တာလည်းဖြစ် ထိုက်ပါတယ်။ သူ့ဂုဏ်ကိုဖော်တဲ့နေရာမယ် စစ်ဝါဒီတွေဖော်သလိုဖော်ရင်တော့ တပ်မတော်သာအမိတပ်မတော်သာအဖဘဝထဲက ဒီတိုင်းပြည်တက် လာဖို့လမ်းမမြင်ပါ။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်”ဆိုတာက တပ်ကိုင်ပြီး သေနတ်ခါးကြားထိုးပြီးလုပ်ရတဲ့နိုင်ငံရေးသဘာဝအရ ပြောခဲ့တာမှန်းနဲ့ ဒီမိုကရေစီနိုင်ငံအတွက် ဒါမှမဟုတ် စစ်အာဏာပယ်ရှားလိုတဲ့လူ့အဖွဲ့အစည်းအတွက် မသင့်တော်မအပ်စပ်တဲ့ အကောက်အယူဖြစ်မှန်းတော့ သိဖို့လိုမယ်တွေးပါတယ်။ (ဗိုလ်အောင်ဆန်းအလွဲဂုဏ်ဖော်တဲ့ကိစ္စ)

မွေးနေ့ဆုမွန်ပေးကြသူတစ်ဦးချင်းအလိုက် ကျေးဇူးထားသိမှတ်ကြောင်းစာပြန်ခဲ့ပါတယ်။ ထူးခြားချက်က မွေးနေ့ကဒ်ပါ။ တူမချော မရင်နှစ်ထူး က ဘဘအတွက်မွေးနေ့ကဒ် သမီးလုပ်ထားတာ ဆိုပြီး ပြလည်းပြပေးလည်းပေးတယ်။ ဘဝမှာ ဒါပထမဆုံးအကြိမ်ရဖူးတဲ့ကဒ် မဟုတ်ပေမယ့် စိတ်ထဲစွဲသွားအောင် အမှတ်ရစရာပါ။ အေဖိုးဆိုက်စာရွက်လွတ်ကို အလည်က နှစ်ခေါက် ခေါက်ပြီး ရှေ့ဘက်တခြမ်းမျက်နှာစာမှာ အသဲနှလုံးပုံနဲ့ ငှက်ကလေးတစ်ကောင်နဲ့ ရယ်ကျဲကျဲမျက်နှာလေးနဲ့ “ပျော်ရွှင်စရာမွေးနေ့ပါ ဘဘ”တဲ့။ အတွင်းဘက်မတော့ “နေ့ကောင်းရက်သာ ရှိမယ်လို့ မျှော်လင့်ပါတယ် ဘဘ”ဆိုကာ သူစိတ်ကူးရရာလေးတွေဆွဲပြီး အောက်နားလေးမှာတော့ “ဘဘကိုချစ်တယ်” လို့ စာတမ်းလေးထိုးလို့။ နောက်တကဒ်က ယောက္ခမကြီးများပေးတာပါ။ “သားမက်”..တဲ့။ “မင်းအိမ်ထောင်ပြုပြီး တို့မိသားစုထဲကို ရောက်လာတဲ့နေ့ဟာဖြင့် တကယ့်ကို လက်ဆောင်မွန်ပါ”လို့ပြန်ရင်ချောမလားပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီကဒ်လေးနှစ်ခုဟာ ကျနော့်အဖို့တော့ ဘကြီးတစ်ယောက်အနေနဲ့ရော သားမက်တစ်ယောက်အနေနဲ့ပါ သိမ်းဆည်းမှတ်မိနေစရာတွေပါပဲ။ (မွေးနေ့ကဒ်ကိစ္စ)

ဒီမနက် ဘယ်ကဘယ်လို ပါးစပ်ဖျားကို နိုင်ငံတော်သီချင်းက စီးဆင်းလာသလဲမပြောတတ်။ နှုတ်ကနေ ကမ္ဘာမကြေ ဗမာပြည် ဘာညာနဲ့ ဖွဖွရွတ်သံ ကိုယ့်ဘာသာပြန်ကြားပြီး မင်သက်မိသွားတယ်။ ဒါနဲ့ ဇနီးဆီ လွန်ခဲ့တဲ့၃-၄ နှစ်လောက်က သူ မြန်မာစာလေ့လာတုန်းဖတ်ခဲ့တဲ့ ပထမတန်းမြန်မာစာ ဖတ်စာအုပ်လေးပြန်တောင်းပြီး ငယ်ဘဝကစားဖော်တွေနဲ့ ကျောင်းအလွမ်းလေးပြန်ဖြေမိတယ်။ နိုင်ငံတော်သီချင်း စာမျက်နှာကိုလည်း သေချာစေ့ငုသတိထားပြီးကြည့်မိတယ်။ ဒီတော့မှ ဘုရားတမိတော့တာပဲ။ ကျနော် တစ်သက်လုံး (ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ) ဆိုပြီး ရွတ်လာတာ ပါလား။ ခုန စာအုပ်မကြည့်မိခင် ရွတ်တုန်းလေးကတောင် (တို့ပိုင်တဲ့မြေ)လို့ပဲ ရွတ်ခဲ့မိပါကလား။ တကယ်က ပိုင်တဲ့မြေမဟုတ်ပဲ(ပိုင်နက်မြေ)ဆိုပြီးသိလိုက်ရတဲ့အခိုက်အတံ့မှာ တစစ်စစ်နာကျင်မှုကြီးသာ အစိုင်အခဲရင်ထဲဖြစ်ထွန်း ကျန်ခဲ့တယ်။ အမျိုးအမည်မဖော်သာတဲ့ခံစားမှုတခုခု ဖမ်းဆုပ်ကိုင်မိလိုက်သလို ထိတ်လန့်တကြား အယောင်ယောင်အမှားမှားနဲ့ ရုတ်ကနဲလူဆွံ့အလိုဖြစ်ရတယ်။ အသက် ၅၁ နှစ်သားကြီး အထိ “ပိုင်နက်မြေကို ပိုင်တဲ့မြေ”လို့ အဖတ်မှားခဲ့ရုံမက အတွေးအမြင်ပါမှောက်မှားမိခဲ့တဲ့ အဖြစ်ပါလား။ စာနှစ်လုံးအကြားကကွာခြားမှုအနက်က တစ်ဘဝစာပါလား။ ဘဝပေါင်းမြောက်များစွာတွေအတွက်ပါလား။ ဉာဏ်နည်းပြီး အသိနုချိန်မှာ အသက်မွေးဝမ်းကြောင်းဖို့တပ်ထဲဝင်ပြီး ပိုင်တဲ့မြေလို့ထင်ပြီး ကာကွယ်ခဲ့ ကာကွယ်ခဲ့၊ ပိုင်နက်မြေမို့ကာကွယ်ခဲ့ကာကွယ်ခဲ့ လုံးဝအဆိုင်အပိုင်မခံခဲ့ရတဲ့ဘဝနဲ့ပါလား။ ကာကွယ်ခဲ့တယ်လို့ထင်ခဲ့ဖူးတဲ့ ပိုင်နက်မြေအတွက်ပဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် အကျဉ်းစံ ၁၅ နှစ်တိုင်နေခဲ့ရပေမယ့် ပြန်လွတ်တဲ့အခါ နိုင်ငံသားအဖြစ် အငြင်းပယ်ခံခဲ့ရတဲ့၊ မွေးဖွားကြီးပြင်းခဲ့ရုံမျှမက ဘဝတစ်ခုလုံးစာစုံမက်၊ ပုံအပ်ခဲ့ရာမြေမှာ နိုင်ငံမဲ့သား တစ်ယောက်အဖြစ်နေထိုင်ရခြင်းရဲ့ နာကျင်ခါးသီးမှုတွေဟာ ဒို့ပိုင်တဲ့မြေနဲ့ တို့ပိုင်နက်မြေ စာလုံးနှစ်လုံးအကြား လူးလာခေါက်တုန့်ရင်း ဉာဏ်အလင်းသစ်ရတော့တယ်။ (တို့ပိုင်တဲ့မြေကိစ္စ)

ပေါက်ပွင့်တွေမြင်တော့ ပြည်ထဲအရေး ပေါက်နှင့်ကျေးသို့ဆိုတာကိုတွေးမိတယ်။ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ကိုလည်း ဆင်ခြင်မိတယ်။ အဆင်းလှဆန်းလူ့ပေါက်ပန်းဆိုတာလည်း သတိသွားရတယ်။ (စိတ်ပြန်ဖော်ပေးတဲ့ ကိုအောင်နိုင်မိုးကိုကျေးဇူးစကားဆိုပါတယ်)။ အမေ့ဘက်က အဖိုးအဖွားတွေလုပ်ခဲ့ဖူးတဲ့ အင်းငယ်တခုရဲ့စောင်းမှာ ပေါက်ပင်ကြီးတွေရှိတယ်ဗျ။ အဲ့ဒီနယ်ဘက်က လက်ဘက်ခြောက်ချည်း သက်သက် ရေနွေးမခပ်နိုင်တဲ့ဆင်းရဲသားလယ်သမားအချို့နဲ့ ဆေးဘက်ဝင်သောက်လိုသူ အချို့က ပေါက်တွေများပွင့်ပလားဆို ပွင့်ကြွေတွေ လာကောက်ကြ အရိပ်အောက်မှာ သွေ့အောင်လှမ်းကြ၊ ဝါးဗိုးဝါးဆစ်ဗူးတွေထဲထည့်သိမ်းပြီး နှစ်ပေါက်အောင်သောက်ကြရတဲ့အကြောင်း လူကြီးတွေပြန်ပြောပြတာ ကြားဖူးတဲ့အပြင် ကျနော်ငယ်ကငယ်က အင်းဖော်ချိန် အဲ့ဒီပေါက်ပင်ကြီးတွေက ပေါက်ပွင့်ခြောက် ခတ်ရေနွေးကြမ်း ကိုယ်တိုင်သောက်ခဲ့ဖူးတာလည်း ပြန်အမှတ်ရတယ်။ သူ့အနံ့ ရွှေတေတေကို သိတ်မကြိုက်လှပေမယ့် သူ့ဆင်းကြောင့်ဝင်းဝင်းထိန်နေတဲ့ ကြွေပန်းကန်လုံးထဲကရေနွေးကိုတော့ နှစ်သက်မိသား။ ပေါက်များပွင့်ပလားဆို လှချက် ကမ်းကုန်တယ်။ ငှက်တွေ ကျေးတွေ (ကြက်တူရွေးတွေ) က ပေါက်တွေနဲ့အတူပင်လုံးဝေပြီး ညံနေတော့တာ။ လက်ပံပင်ပင်ဇရက်ကျသလောက်တော့ ညံလှတယ် မထင်ဘူး။ ခု ရွှေပြည်ကြီးက ပြည်ထဲအရေးက ပေါက်နဲ့ကျေးဟုတ်/မဟုတ်တော့မပြောတတ်ဘူး။ အဆင်လှဆန်းလူ့ပေါက်ပန်းတချို့ စင်တွေထောင်ကြ စင်ပေါ်တက်ကြနဲ့ လက်ခုတ်သံတဖြောက်ဖြောက် တခါတလေ တဖြောင်းဖြောင်းလည်းကြားရတယ်။ပြီးတော့ လက်ပံပင်ဇရက်ကျသလိုလည်း တချက်တချက် စီစီညံညံရှိလှတယ်။ အင်း..ဆင်းရဲသားတွေ ရေနွေးခတ်သောက်ဖို့ ပေါက်ပင်တွေရော လုံလုံလောက်လောက်ရှိသေးရဲ့လား။ ဗျိုင်းတွေရော နားကြသေးရဲ့လား။ မြွေတွေကရော ငါ့ဝမ်းအမြဲပူဆာနေတုန်းပဲလား။  ပုံကို ကို Aung Naing Moe ဆီကတွေ့ပြီး စိတ်က ရွာဘက်ရောက်သွားတာ။ နောက်မှဖြည်ဖြည်ဖြန့်ဖြန့်လေးရေးမလားတွေးတာပါပဲ) (ပေါက်ပင်ကိစ္စစိတ်ပေါက်ပေါက်)

ခင်ဗျားထက် အသက်အရွယ်အရ ဘယ့်လောက်ငယ်ငယ်၊ ကောင်းသတင်းဂုဏ် ဘယ့်လောက်ပဲ နည်းပါးနည်းပါး၊ ကိုယ်ကျင့်တရား ဘယ့်လောက်ပဲ ပျက်စီးပျက်စီး၊ စိတ်အနေနဲ့စိတ်အထားမှာ ဘယ့်လောက်ပဲ သိမ်ဖျဉ်းသိမ်ဖျဉ်း၊ တွေးခေါ်မြော်မြင်မှုနဲ့ ဆင်ခြင်တုံတရား ဘယ့်လောက်ပဲ နိမ့်ပါးနိမ့်ပါး၊ မျိုးရိုးစာရိတ္တနောက်ခံ ဘယ့်လောက်ပဲ နုံချာနုံချာ၊ ခေတ်ပညာ ဘယ့်လောက်ပဲ မတတ်တတ်၊ ကိုယ်ရည် ကိုယ်သွေး ဘယ့်လောက်ပဲ အကျင့်တန်တန်၊ ဥပဓိရုပ် ဘယ့်လောက်ပဲ ညံ့ဖျင်းညံ့ဖျင်း၊ လူ့အသိုင်းအဝန်း အပေါ် ဘယ့်လောက် ဝန်တာမကျေကျေ၊ လူ့အဖွဲ့အစည်းအပေါ် ဘယ့်လောက် ဝန်ထုံ့ဝန်ပိုဖြစ်ဖြစ်၊ အဲဒီလူဟာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာကိုယ်စားလှယ်မို့၊ ဆန်းစစ်ဝေဘန်ဖို့မဆိုနဲ့ စိတ်နဲ့ပြစ်မှားရင်တောင် အပြစ်ဖြစ်တယ်လို့ဆိုတဲ့အကွပ်အညပ်မျိုးနဲ့ ကျနော်နဲ့ ဖီလာကန့်လန့်ဖြစ်ခဲ့တာ မနက်ဖြန်ဆို
၂၅ နှစ်တင်းတင်းပြည့်ပြီ။ အဟောတဝ။ (ရိုသေခြင်းကိစ္စ)

နိုင်ငံရေးနဲ့သမိုင်းကိစ္စတွေကို IF ခံပြီးပြောတာ ဘာအဓိပ္ပါယ်မှမရှိမှန်းတော့သိတယ်။တကယ်လို့ ပြင်သစ်လို ရုရှားလို (အခြားနိုင်ငံတွေလည်းရှိပါ့) ပဒေသရာဇ်စနစ်ဆိုးကို ကိုယ့်အားနဲ့ကိုယ် ဖြိုလှဲချနိုင်ခဲ့ရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းကနေ မျိုးစောင့်ဥပဒေအထိ၊ မင်းလောင်းမောင်သန့်ကနေ ဒေါ်အောင်ဆန်းစုကြည်အထိ၊ သက် ဦး ဆံပိုင်ကနေ ဦးပိုင်အထိ ဘယ်သို့ရှိနေလိမ့်မလဲဆိုတာတော့ IF ခံပြီး တွေးမိပါကြောင်း။ (အကယ်၍သာကိစ္စ)

ဆရာဒဂုန်တာရာက ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း (ရုပ်ပုံလွှာအဖွဲ့အနွဲ့)ဖြင့် အောက်ပါအတိုင်းပုံဖော်စာကို လူအများဖတ်ဖူးကြလှပြီ။ "သူ့တွင် နိုင်ငံရေးဝိဉာဉ်က ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောလူတစ်ဦးဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှဂုဏ်သရေရှိလူကြီးလူကောင်း မလုပ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာပြုလုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ"  ယခု ရွှေပြည်ကြီးမှ နိုင်ငံရေးမြင်ကွင်းကျယ်ထဲတွင် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းဟန်နှင့် ငွေစကြေးစနှင့်အဿပြာစွန့်ကြဲတတ်သူတို့အား ဧည့်ထောက်ခံနေရသူအချို့ ကွင်းကွင်းကွက်ကွက်ပေါ်လာ၏။ ထိုသူတို့အား ဧည့်ခန်းဆောင်မှဂုဏ်သရေရှိလူကြီးလူကောင်းများဟု ကင်ပွန်းတပ်ရမည်လော ဧည့်ခန်းဆောင်မှအကြိုတော်များဟု သမုတ်ရကောင်းလောဟုတွေးနေမိ၏။

0 comments:

Post a Comment