အနိမ့်ဆုံးလုပ်ခတိုးတာ မဲမြှူရုံသက်သက်မဟုတ်ပါ(မျိုးမြင့်ချို)
ဘရက်ခ်ဟူစိန်အိုဘားမား မတိုင်ခင်ကတည်းက တရုတ်ငွေဈေးကို တင်ခိုင်းတယ်။ ဆိုဗီယက်ကိုရန်ရှာတဲ့အချိန်က တရုတ်ကိုလဘ်ထိုးတဲ့အနေနဲ့ပေးခဲ့တဲ့ အထူးကုန်သွယ်ဘက်နိုင်ငံအဆင့်အတန်းကို ဖြုတ်တော့မယ်လည်းပါတယ်။ တတိယကမ္ဘာ့နိုင်ငံအဆင့်(ဖွံ့ဖြိုးဆဲနိုင်ငံ) သတ်မှတ်ချက်ပြင်ရမယ်လို့လည်း ကြပ်ပေးတယ်။ တရုတ်သွင်းကုန်တွေကို(အခွန်အပါအဝင်) စည်းကြပ်တာတွေလုပ်တယ်။ တရုတ်ကနေ အမေရိကန်လာ မြှုတ်နှံတာတွေထဲကတချို့ကို (လုံခြုံရေးအပါအဝင်)အကြောင်းပြချက်တချို့နဲ့ ကန့်သတ်တယ်။ တရုတ်သွား ရင်းနှီးမြှုတ်နှံမယ့်စီးပွားရေးသမား၊ နည်းပညာ၊ စက်ရုံအလုပ်ရုံ၊ ကုန်လုပ်ကိရိယာ၊ ပညာရှင်တွေနဲ့ ငွေစီးကြောင်းကြီးကိုတော့ တားမရဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖရီးထရိတ်ကခံနေတယ်။
ကိုယ့်အလိုပါဖို့ အချော့အခြောက်နည်းစုံသုံးတယ် မအောင်မြင်ဘူး။ တရုတ်ကိုပေးစရာနဲ့ ပြန်ဆပ်ရမယ့်ကြွေးကခေါင်ခိုက်ပြီး လည်ပင်းမြုတ်နေပြီ။ ကြွေးတင်
ရှင်ဘုရင်ဆပ်/မဆပ်တော့မပြောတတ်ဘူး ကြွေးတင်ကျွန်ဖြစ်ဘဝမျိုးနဲ့ စကားပြောရင်ဟန်ကိုယ့်ဖို့ဆိုပေမယ့် တရုတ်ဖရဲသီးကြီးကို အရင်လို ထင်သလိုခွဲစိတ်စားလို့မရတော့မှန်း သိသွားပုံပေါ်တယ်။ ဟိန်းလားဟောက်လားတွေ နည်းလာတယ်။ ကြွေးအေးကြွေးပူနဲ့ ရင်ခံရရုံတင်မကဘူး အတိုးပြန်သတ်သတ်နေရတာချည်း တနှစ်တနှစ် နည်းတာမှတ်လို့။ တချိန်က အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့ ယူရိုငွေနဲ့ဥရောပသမဂ္ဂကိုပါ ကယ်ပါယူပါတစာစာလုပ်ရတဲ့အဖြစ်။
တရုတ်ကလည်း ဒေါ်လာကျရိပ်နဲ့လားရာကိုမှန်းပြီး သူ့နိုင်ငံခြားအရံငွေရဲ့ ရာခိုင်နှုန်းအတော်များများကို ယူရိုနဲ့ပြောင်းထားတယ်။ ရွှေကို အပြတ်လှောင်တယ်။ ပတ်လည်နိုင်ငံတွေကတင်မက (အရင်ဆိုဗီယက်ကွဲလို့ထွက်လာတဲ့) စတန်နိုင်ငံတွေက လောင်စာအရင်းအမြစ်တွေရော ကုန်ကြမ်းနဲ့ဈေးကွက်တွေပါ ကဲ့ယူတဲ့အခါယူ၊ သဲ့ယူတဲ့အခါယူနေတယ်။ သပိတ်ဝင်အိတ်ဝင်ဆိုတဲ့စကား ဒီနေရာမှာကွက်တိပဲ။ အမေရိကန်က လူအသေခံ ပိုက်ဆံအကုန်ခံ နံမည်အပျက်ခံပြီး ကမ္ဘာ့ပုလိပ်ကြီးလုပ်လိုက်ရတာသာ အဖတ်တင်တယ်။ တိုက်ရတဲ့ပစ္စည်းကို ကြံရာပါမဟုတ်တဲ့တရုတ်က ဝေစုအများဆုံးရသွားတော့ ခံပြင်းဒေါသနဲ့ မင်းသမီးကင်းကိုက်ဖြစ်ရတယ်။ မရ ဒဿကချိုင်စိတ်မွေးပြီး ချိုင်ရုံအပြင် ဘာမှမတတ်နိုင်ဖြစ်ရတယ်။ ဘ နဖူးကြတော့လည်း သိုက်က သူများတူးလို့ပြောင်ပြီ။
ဘွန်းတွေ (ငွေချေးစာချုပ်)ထုတ်ရောင်းတယ်။ စတော့ဈေးကွက်နဲ့ ငွေကစားတယ်။ ပြည်တွင်းမှာ အလုပ်လက်မဲ့ဦးရေက ထူပြောသထက် ထူပြောလာတယ်။ ရာဇဝတ်မှုပွားနှုန်း တက်လာတယ်။ သေနတ်တွေလည်းပစ်လိုက်တာမှ တဒိုင်းဒိုင်းနဲ့။ ကောင်းဘွိုင်တွေကျနေတာပဲ။ တော်ကြာနေ ကလေးတွေသေပြန်ပြီ။ တော်ကြာနေ ဆရာ/ဆရာမတွေ သေပြန်ပြီ။ တော်ကြာနေ ကုန်တိုက်ထဲဈေးဝယ်သူတွေ သေပြန်ပြီနဲ့။ လူမှုဖူလုံရေးထောက်ပံ့ကြေးလျှေက်စားသူတွေ ကြောက်ခမန်းလိလိဖြစ်လာတယ်။ အဲ့ဒီအပေါ် မှီခိုသူတွေများလာတယ်။ များလွန်းတော့ လူမှုဖူလုံရေးကြေးတွေ ဟိုနားတိတိဒီနားတိတိဖြတ်တယ်။ ဖြတ်လည်း ဖြတ်တာပဲရှိတယ်။ ဖြတ်လို့ထွက်လာတဲ့ငွေပိုက အစိုးရကြွေးဆပ်ဖို့ မကာမိဘူး။ စစ်တိုက်ဖို့ မလောက်ဘူး။ ဒီတင် တသက်လုံး သုံးဟဖြုန်းဟ ဝယ်ဟခြမ်းဟပေါ်အခြေခံတဲ့ ဈေးကွက်စီးပွားရေးခေါင်းကိုင်ဖခင်ကြီးဆီက ချွေတာရေးလုပ်ဖို့ ပြည်တွင်းဖြစ်ကိုအားပေးဖို့ဆိုတဲ့အသံတွေ ထွက်လာတယ်။ “အမေရိကန်မှာ ဒီအသံကြားဖို့ဆိုတာ စီးပွားပျက်ကပ်နဲ့ကြုံမှ” လို့ ၁၉၃ဝ တဝိုက် စီးပွားပျက်ကပ်ကိုဖြတ်ခဲ့ဖူးသူတွေဆီက ကြားရတယ်။ ဒီလိုနဲ့ ကုန်ဈေးနှုန်းနဲ့ဝင်ငွေကြားပြတဲ့ညွှန်းကိန်းတွေ ကဘောက်တိကဘောက်ချာ ဖြစ်လာတယ်။
စစ်တပွဲပြီးတပွဲဆက်တိုက် တိုက်၊ နှစ်ပွဲတပြိုင်တည်းတိုက် တိုက်ပြပြီး လက်နက်ဆန်းနဲ့တိုက်လေယဉ်တွေ ကြော်သာကြော်ငြာရတာ ငွေကုန်လူပမ်း နံမည်ကလည်းပျက်သေး။ ဝယ်လက်က ထင်သလောက်လိုက်မလာဘူး။ လက်နက်ဘယ့်လောက် စွမ်း/မစွမ်းဆိုတာ လူဘယ်လောက် သတ်နိုင်/မသတ်နိုင်နဲ့ ဘယ့်လောက် ဖျက်ဆီးနိုင်/မဆီးနိုင်အပေါ် တည်ပြီး ဆုံးဖြတ်ရတာမဟုတ်လား။ မြန်မြန်နဲ့များများသေတယ် ဖျက်နိုင်တယ်ဆို ဒါအစွမ်းထက်လက်နက်ပဲ။ တခြားကုန်ပစ္စည်းနဲ့မတူတာက လက်နက်ကြော်ငြာမယ်ဆို စစ်ပွဲတွေဖန်တီးရ တိုက်ပြရတာပဲ။ ပစ်မှမပြရင် အဲ့လက်နက်ဘယ့်လောက်စွမ်းတာ လူဘယ့်နှယ်လုပ် သိနိုင်မတဲ့တုန်း။ ဆိုတော့ အနည်းဆုံး ဒေသန္တိယစစ်၊ အကန့်အသတ်စစ်လေးတွေ တိုက်မှရတာပဲ။ ငြိမ်းချမ်းရေးစကားကလည်း နှုတ်တက်ရွရွပြောရသလို ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ အကြမ်းဖက်မှုအပေါ်နွှဲတဲ့စစ်တို့ ဘာတို့ညာတို့လည်း အာဂုံဆောင်ရတာပဲ။ အမေရိကန်လက်နက်တွေ လူသတ်ပြင်းတာ၊ ဖျက်စွမ်းကြီးတာ၊ ထိရောက်မှန်းသိတာမှန်ပေမယ့် ဈေးကြီးတော့ ဝယ်သူတွေက ရုရှားနဲ့ဥရောပဘက်ရောက်ကုန်တယ်။ လော့ဟိဂ်မာတင်တို့၊ နော့သရော့ကရူးမန်းတို့၊ ဘိုးရင်းတို့ အလုပ်သမားတွေလျှော့ချရတယ်။ စစ်နဲ့ထူထားတဲ့စစ်စီးပွား အခြေနည်းနည်းယိုင်ချင်တယ်လို့ ဆိုရမလားပဲ။ ကမ္ဘာ့လက်နက်တင်အပို့ဆုံး အရောင်းဆုံးနိုင်ငံစာရင်းမှာ နံပတ်တစ်ဖြစ်ပေမယ့် ကမ္ဘာ့စစ်စရိတ်အသုံးဆုံးမှာလည်း နံပတ်ဝမ်းဆိုတော့ ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးလို့ ကုန်တာပါပဲ။
လက်နက်ဈေးကွက်ကလည်း အလုပ်သိတ်မဖြစ်။
နောက်ဆုံး ဘာကြံရာမှ မရလည်းမရတော့ရော အမေရိကန်ဒေါ်လာငွေစက္ကူတွေ မတန်တဆရိုက်ထုတ်ပြီး တရုတ်ငွေဈေးမချရင် ကိုယ့်ငွေဈေးကျအောင်ဆိုကာ ဗဟိုဘဏ်နဲ့ ကွန်ဂရက်စ်နဲ့ အစိုးရနဲ့သဘောတူသွားတယ်။ ဗဟိုဘဏ်ဥက္ကဌဟောင်း (အလန်ဂရင်န်းစပင်န် အပါအဝင်) ဘဏ်အကြောင်း ငွေအကြောင်းနားလည်သူတွေ (ပြည်တွင်းပြည်ပါမကျန်)မလုပ်နဲ့သတိပေးတဲ့ကြားက ငွေတွေ ပုံနှိပ်စက်ကစာအုပ်ရိုက်သလိုရိုက်ထုတ်ပြီး ဈေးကွက်ထဲ ဒလဟောသွန်ချလိုက်တယ်။ (တရုတ်ကလာတဲ့)သွင်းကုန်တွေ ဈေးတက်သွားတယ်ဆိုပေမယ့် ယှဉ်လိုက်ရင် ဈေးသက်သာနေဆဲတရုတ်ပစ္စည်းတွေတော့(အမေရိကန်အလံကအစ အိမ်သာသုံးစက္ကူအထိ) အဝယ်ကျမသွားဘူး။ ဝယ်လက်က ကောင်းတုန်းပဲ။ နဂိုကမှ ဈေးကြီးတဲ့ပြည်တွင်းထုတ်နဲ့ ဥရောပဘက်ကလာတဲ့အကောင်းစားပစ္စည်းတွေ ဈေးမြောက်ကုန်တယ်။ လူတွေလိုက်မမှီတော့ဘူး။ လူတွေအဖို့တော့ ယှဉ်လိုက်ရင် ဈေးသက်သာတဲ့တရုတ်ပစ္စည်းဘက်ပဲ ပြန်လည်ကုန်တယ်။
အခြေခံစားကုန်တွေဈေးတက်ကုန်တာ လက်လုပ်လက်စားတွေ အထိအနာဆုံးပဲ။ အခြေခံလူတန်းစားတွေ ဗူးလေးရာဖရုံဆင့်ကုန်တာပဲ။ လုပ်ခ(ဝင်ငွေ)နဲ့ လူနေမှုစရိတ် မလောက်ငှမှုတွေ ညည်းညူသံတွေ၊ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေ(ဝေါစထရိကိုသိမ်းကြ)တွေအထိ ဖြစ်လာတယ်။ ကျနော် ရောက်စက(လွန်ခဲ့တဲ့ ၅ နှစ်ကျော်က) ဖို့တ်ဝိန်းတမြို့လုံး တနေကုန်ကားပတ်မောင်းပြီး ကြည့်တာတောင်မှ ”အိုးမဲ့အိမ်မဲ့ပါ၊ စစ်ထွက်ပါ၊ အကူအညီလိုနေသူပါ”ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကိုင်ပြီး တောင်းစားသူတယောက်တွေ့ဖို့ မနည်းပဲ။ အတော်ခဲယဉ်းတာပဲ။ ခုများတော့ ဟိုနားဒီနား မီးပွိုင့်တွေနားတွေမှာ မိုးတိုးမတ်တပ်နဲ့ ကျား/မအရွယ်စုံတွေ မြင်ကွင်းထဲများများလာတယ်။ အရင်ကဆို သူတို့နဲ့စကားပြောဖို့ ဓါတ်ပုံရိုက်ယူဖို့ အတော်မလွယ်တာပဲ။ စကားအပြောခံတောင် ဓါတ်ပုံအရိုက်မခံဘူး။ အရိုက်ခံတောင် မျက်နှာကိုလက်နဲ့ကွယ်ထားတယ်။ ခုများတော့ မရိုက်တောင် လက်ယပ်ခေါ်မယ့်အပေါက်။ (ကျနော့်မှာ သူတို့နဲ့အတူတွဲရိုက်ထားတဲ့ပုံတွေရှိတယ်။ သူတို့နဲ့ပြောခဲ့တဲ့စကားတွေလည်းရှိတယ်။ သူတို့နဲ့စကားပြောဖို့ ဓါတ်ပုံရိုက်ဖို့ မုန့်လေးပဲလေးဝယ်ကျွေး ဖွတ်ကလိဒင်္ဂါးလေး နည်းနည်းပါးပါးပေး။ လမ်းဘေးပလက်ဖေါင်းမှာ အကျအနဖင်ချ၊ တင်ပလ္လင်ခွေအတူထိုင်ပြီး စကားတွေအကြာကြီး ပြောဖူးတယ်။ ကျနော်ကိုယ်တိုင်လည်း ဟိုနေ့က အပင်စိုက်ရင်းတန်းလန်း လိုတာလေးနည်းနည်းရှိလို့ မီနာ့ဒ်စ်မှာ နည်းနည်းပြေးဝယ်ရင်း ပစ္စည်းတွေကားပေါ်တင်ဖို့ ဆိုင်အပြင်ကခုံတန်းလေးပေါ် ရွှံ့ပေဗွက်ပေ အိမ်နေရင်းအဝတ်အစားနဲ့ ဂျိုင်းထောက်ဘေးချ ခြေပေါ်ခြေတင်ထိုင်နေတုန်း တောင်းရမ်းစားနေတဲ့စစ်ထွက်မှတ်ပြီး ခင်မင်နှစ်လိုဖွယ်အပြုံးကိုယ်စီနဲ့လူတွေ ပိုက်ဆံလာပေးတာ ၂ ကြိမ်တောင် ကြုံရတယ်။ ပိုက်ဆံမယူလိုက်ပေမယ့် သူတို့စေတနာကိုကျေးဇူးတင်ကြောင်း ရင်းရင်းချာချာပြန်ပြောပြီးငြင်းလိုက်တော့ အားတုံ့အားနာဖြစ်သွားဟန်ပြန်တွေ ခုထိ မျက်စေ့ထဲရှိနေတုန်း။ ပြန်သာ မရေးဖြစ်သေးတာ)
ကျောင်းသားတွေဘက်ကြည့်ပြန်တော့လည်း မိဘတွေမှာ ထမင်းစားဖို့တောင်အနိုင်နိုင်ရုန်းရတာဆိုတော့ သားသမီးတွေကျောင်းစရိတ်နဲ့ မုန့်ဖိုးပဲဖိုးလေးတောင် (အများကြီးထောက်ပံ့တာ မဟုတ်ပေမယ့်)မနည်း ခြစ်ခြစ်ခြုတ်ခြုတ်ဖြစ်လာတယ်။ ကျောင်းတွေမှာလည်း ဗဟိုအစိုးရကရော ပြည်နယ်တွေအလိုက်ရော ပညာသင်စရိတ်ဖြတ်တာ။ ကျောင်းစရိတ်ချေးငွေလျှော့တာ ဖြတ်တာ၊ အခြားစရိတ်စကတွေ မြှင့်တာတွေလုပ်တော့ တက္ကသိုလ်ကောလိပ်ကျောင်းသားတွေ ကျောင်းဝင်းထဲဆန္ဒပြနေရာကနေ လမ်းပေါ်ထွက်လာတယ်။ ဝေါစထရိ အထိရောက်လာကြတယ်။ အဲ့လိုတွေဖြစ်လာတော့
အစိုးရလည်း ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ ဖရီးဒမ်းတွေ ဘေးခနချပြီး အကြမ်းပတမ်း ကိုင်တော့တာပဲ။ နံမည်လည်းအတော်ပျက် ရုပ်လည်းအတော်ပျက်။ ခု လွှတ်တော်ရွေးကောက်ပွဲတွေ နီးလာပြီ။ အထက်အောက်လွှတ်တော်အမတ်မင်း အမတ်မလုပ်မယ့်သူတွေ ပြည်သူကိုမြှူတဲ့အထဲ လုပ်ခတိုးရရေးလည်းပါနေတယ်။ ကုန်းဈေးနှုန်းတက်တာကို ကျအောင်လုပ်မပေးနိုင်လေတော့ လုပ်ခလစာတိုးပေးမယ်ဆိုကာ ကတိကဝတ်တွေပေးကြ။ ဥပဒေတွေပြုကြနဲ့ တခြိမ်းခြိမ်းပဲ။ ပြည်နယ်တခုနဲ့နဲ့တခု (ဆင်းရဲချမ်းသာ၊ ထုတ်ကုန်၊ လုပ်ငန်း၊ လူဦးရေ၊ သယံဇာတ၊ လူနေမှုစရိတ်စတာတွေအများကြီး တွက်ချက်ပြီး) အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်က မတူဘူး။ ကျနော်တို့ပြည်နယ်ရဲ့ အနိမ့်ဆုံးလုပ်ခက တစ်နာရီ ၇ ဒေါ်လာ ၂၅ ဆင့်ပဲ။ ကျနော်တို့ဆီမလည်း ဟိုနားဒီနား ဆိုင်းဘုတ်လေးတွေကိုင် လူစုစု-စုစုနဲ့ ဖြိုးဖြိုးဖြောက်ဖြောက် ဆန္ဒပြပွဲလေးတွေမြင်နေရပြီ။ ဖြိုးဖြိုးဖြောက်ဖြောက်ကနေ ဖြိုးဖြိုးဖြောင်းဖြောင်း ဖြစ်မလာအောင် အနည်းဆုံး တန့်ဆေး ဟန့်ဆေးတော့ပေးရမှာပဲ။ တန့်ဆေးက လုပ်ခနည်းနည်းတိုးပေးတာ၊ ဟန့်ဆေးက အဓိကရုဏ်းနှိမ်ပုလိပ် ထုတ်ထုတ်ပြတာ။ ပြောရင်း ရှည်ကုန်ပြီ။
ချုပ်ရရင် အမေရိကန်မှာ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်တွေပြင်နေတာ တိုးပေးနေတာမှန်တယ်။ အလုပ်သမားကိုတိုးပေးရရင် အလုပ်ရှင် (အရင်းရှင်ဘက်ကလည်း တနည်းနည်းနဲ့)လုပ်အားကို တိုးယူမှာပဲ။ ဒါမှမဟုတ် ကုန်စည်မှာ ဈေးတင်မှာပဲ။ သူက ဝေသန္တရာ မဟုတ်ဘူး။ စတုဒီသာကျွေးနေတာ မဟုတ်ဘူး။ အကြွေး၊ ငွေဖေါင်းဖွမှု၊ လုပ်ခတိုး၊ ကုန်ဈေးနှုန်းတက် စတဲ့ ဝဲသြဃထဲကနေ လူတွေကိုဆွဲတင်ဖို့ရာက အစိုးရရဲ့စီမံခန့်ခွဲမှု အခရာပဲ။ တနည်းနည်းနဲ့တော့ အစိုးရတာဝန်ယူဖြေရှင်း ကျော်နင်းနိုင်သွားမှာပါပဲ။ အလုပ်ရှင်/အလုပ်သမား ဆင်းရဲသား၊ အခြေခံလူတန်းစားပြဿနာဟာ ကျကျနနမကိုင်တွယ်တတ်ရင် ပြည်ပျက်ကိန်း ဆိုက်တတ်တာသိလို့ပဲ နိုင်ငံသက် နှစ် ၂ဝဝ ကျော်ထိ အမေရိကန် အလံထူနေတာပဲ။ ဆိုဗီယက်ယူနီယံလို စီးပွားရေးနဲ့နိုင်ငံရေးစနစ်ကြီးတခုလုံး ကဖြဲကရုန်းနဲ့လဲပြိုဖို့ ဖြစ်နိုင်ချေမရှိတဲ့ ပြည်ပဲ။ အရင်းရှင်စီးပွားရေးစနစ်ရဲ့ အပြစ်အနာအဆာတွေနဲ့ ဘယ့်လောက်ပဲ ပြည်ပုတ်သွေးပုတ်တွေညှီနေပေ့စေ သူ့မှာ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးအပြန်အလှန် ထိမ်းကျောင်းမှုတွေရှိတဲ့အပြင် လူတစ်ဦးချင်းစီရဲ့ မွေးရာပါအခွင့်အရေး၊ လွတ်လပ်မှု၊ ရပိုင်ခွင့်နဲ့ လူ့တန်ဘိုးအပေါ် အလွန်အလေးပေးတဲ့နိုင်ငံပဲ။ ပြည်နယ်တွေ ဖွဲ့စည်းထားတဲ့စနစ်ကလည်း (အားနည်းချက် ရှိတန်သလောက်ရှိပေသိ) အလုပ်တော့ အတော်ဖြစ်နေတာပဲ။ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နိုင်ငံရေးသမားကြားမှာ(တနည်းပြောရရင် အမေရိကန်စစ်တပ်နဲ့အရပ်သားအစိုးရ) ထားတဲ့ပဋိညာဉ်ကလည်း အတော်ကျနပုံရတယ်။ သမ္မတဟာ စစ်သေနာပတိပဲ။
ခု အနိမ့်ဆုံးလုပ်ခတိုးပေးတဲ့ဟာကို ရွေးကောက်ပွဲနီးလို့ မဲမြှူရုံသက်သက်လောက်ပဲလို့တွက်ရင် မှန်ဖို့တော့ ဝေးစွခြောက်ပါး။
(မျိုးမြင့်ချို) ဇွန် ၂ဝ၁၄

0 comments:
Post a Comment