Monday, June 9, 2014

“အစိုးရက တကယ်မပြင်ချင်ဘူး၊ အစ်မတို့က တကယ်ပြင်ချင်တယ်”(တူမောင်ညို)

0 comments
“အစိုးရက တကယ်မပြင်ချင်ဘူး၊ အစ်မတို့က တကယ်ပြင်ချင်တယ်”(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်)
ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ (မေ ၁ဝ)မအူပင်မိန့်ခွန်း၊ (မေ၁၇) ဗိုလ်စိန်မှန်ကွင်းမိန့်ခွန်း၊ (မေ ၁၈)အောင်ပင်လယ်ကွင်းမိန့်ခွန်း ၃ ခုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုစာတမ်း” (ဒီချုပ်က  ပြင်ဆင်ပယ်ဖျက်လိုတဲ့ ပုဒ်မ ၁၆၈ ခု) ဆိုတာတို့ကို အတူတွဲပြီးဖတ်ရှုလေ့လာဖြစ်ပါတယ်။
            ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အဆိုပါမိန့်ခွန်း ၃ ခုကို ဖတ်ကြည့်တဲ့အခါ “၂ဝဝ၈ အခြေခံဥပဒေ”အပေါ် ရှင်းလင်း ပြတ်သားစွာဝေဖန်ဆန်းစစ်ပြထားတာကို တွေ့ရပါတယ်။ ထိုအချက်များ မြင်သာအောင် အချို့ကို ကောက်နုတ်ဖော်ပြပါရစေ။

သိက္ခာမဲ့တဲ့ဥပဒေ၊ ကတိမတည်မှုအပေါ်အခြေခံထားတဲ့ အခြေခံဥပဒေ

-       အဲဒီတုန်းက စစ်အစိုးရ (နဝတ) က စိတ်ကြိုက်ရွေးထားတဲ့ပုဂ္ဂိုလ်တွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တာပါ၊ အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ဥပဒေဖြစ်ပါတယ်။
-       ပြည်သူလူထုကိုပေးထားတဲ့ ကတိကဝတ်တွေချိုးဖောက်ပြီးတော့ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်ဆိုတာ ပြောချင် ပါတယ်၊
-       ကတိမတည်မှုအပေါ်မှာအခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လို ကျွန်မတို့ယုံကြည်နိုင်မှာလဲ၊
-       အစကတည်းက ကတိမတည်ချင်လို့၊ ပြောထားတဲ့စကားကိုဖျက်ချင်လို့ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ၊  
-       ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုကတည်းက ကျွန်မတို့ ကန့်ကွက်ခဲ့တယ်၊ အတည်မပြုခင်ကတည်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ထုံးလုပ်နည်းတွေကို ကန့်ကွက်ခဲ့တယ်၊ တရားဝင်ကန့်ကွက်ခဲ့တယ်၊
-       ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ကျွန်မတို့နိုင်ငံနဲ့အနာဂတ်ဟာ ကောင်းနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်မတို့သိထားလို့ အစဉ်တစိုက် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်၊
-       ၂ဝဝ၈ မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့လူထုဆန္ဒခံယူပွဲကိုလည်း ကျွန်မတို့ကန့်ကွက်ခဲ့ပါတယ်၊ ကျွန်မတို့ အသိအမှတ်မပြုခဲ့ပါဘူး၊
-       အဲဒီတုန်းက ၉၂ ရာခိုင်နှုန်းနဲ့ ပြည်သူလူထုကနေပြီးတော့ သဘောတူခဲ့တယ်လို့ ပြောတဲ့သူတွေကိုတော့ ပြောရက်လိုက်တာပဲလို့ ကျွန်မပြောချင်ပါတယ်၊
-       ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့မကိုက်ညီတဲ့ ----၊  တန်းတူညီမျှမှုမရှိအောင်ရေးဆွဲထားတဲ့ ----  ၊ အဖွဲ့အစည်းတစ်ခု၊ အစုအဖွဲ့တစ်ခုကိုအထူးအခွင့်အရေးပေးထားတဲ့  -----၊
-        မသင့်တော်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာနေရတာ ရာသီဥတုထက်ပိုပြီးပြင်းထန်တယ်လို့ ကျွန်မသတိပေးချင်တယ်၊
-       မှန်ကန်တဲ့ဥပဒေရဲ့အရိပ်အာဝါသမရှိရင်တော့ ကျွန်မတို့ဟာ ဆက်လက်ပြီးတော့ တနှစ်၊ နှစ် နှစ်မဟုတ်ဘူး၊ ဆယ်နှစ် အတွင်းလည်း ဆက်ပြီးတော့ ပင်ပန်းနေရပါမယ်၊
-       ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင် တန်းတူညီမှုမရှိတဲ့ပုဒ်မတွေ အများကြီးပါနေပါတယ်၊ ဒီလိုတန်းတူညီမျှမှု မရှိသရွေ့တော့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။
-       အခု ဖွဲ့စည်းပုံအခြေခံဥပဒေဟာဆိုရင် ကျွန်မတို့ သာမန်အရပ်သားပြည်သူတွေနဲ့ တပ်မတော်သားများကြားမှာ ခွဲခြားထားတဲ့ တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေပါတယ်၊

ထိုအချက်များကို သိပါ၊ မြင်ပါ၊ နားလည်ပါလျက်နဲ့ အသိအမှတ်မပြု၊ အစဉ်တစိုက် ကန့်ကွက်ခဲ့ပါလျက်နဲ့ (ထိုအချက်များကို လျစ်လျူရှုပြီး) “ပြည်သူ့ဆန္ဒ၊ မဟာမိတ်များ၏ဆန္ဒ္ဒ”၊  “ကျမရဲ့လစ်ဟင်းချက်” ဆိုတဲ့အကြောင်းပြချက်တွေနဲ့ “၂ဝဝ၈ အခြေခံဥပဒေ”ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ ကျမ်းကျိန်ပြီး လွှတ်တော်ထဲ ဝင်သွားတဲ့အချက်ကိုတော့ဖြင့်  “ ဝင်သွားရက်လိုက်တာပဲ” လို့ ကျနော့်အနေနဲ့ ပြောပါရစေ။ အဲဒီတုန်းက အခြားနည်းလမ်းတွေမရှိတော့လို့လား၊ ဘာကြောင့်လဲ။ 

ဒီလိုလည်းပြောပါသေးတယ်။ အနည်းငယ်ကောက်နုတ်ဖော်ပြပါစေဦး။

-       ကျွန်မတို့ ဒီမိုကရေစီရရှိရေးအတွက်လှုပ်ရှားခဲ့တာဆိုရင် အနှစ်သုံးဆယ်နီးပါးရှိသွားပါပြီ၊ ဒီအနှစ်သုံးဆယ်နီးပါးမှာ အမျိုးမျိုးလည်း ကျွန်မတို့ဖြတ်ကျော်ခဲ့ရပါတယ်၊ အဲဒီတော့ ဒီမိုကရေစီရပြီလားဆိုရင်တော့ မရသေးဘူးလို့ပဲ ကျွန်မတို့ ပြောရမှာပါပဲ၊
-       အခုလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတာဟာ တကယ်တော့ ပြည်သူကို မုသားစကားပြောတာပဲလို့ ကျွန်မယုံကြည်ပါတယ်။

“ဒီမိုကရေစီလမ်းကြောင်းသွားနေပါတယ်” လို့ပြောနေသူတွေထဲမှာ  သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပါအဝင် ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့ပါတီ ထိပ်သီးခေါင်းဆောင်များပါဝင်နေပါတယ်။
သို့သော်လည်း ဒီလို “မုသားစကား” တွေပြောနေကြသူတွေကို “သမ္မတကြီးကို ကျမယုံတယ်/ နာယကကြီးကတော့ ဖြောင့်ဖြောင့်မတ်မတ်ပါပဲ”လို့ မှတ်ချက်စကားတွေ ပြောနေတာကိုဖြင့်လည်း ကျနော့်နားကို ကျနော်မယုံနိုင်အောင်ပဲဖြစ်ရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုစာတမ်း (ဒီချုပ်က  ပြင်ဆင်ပယ်ဖျက်လိုတဲ့ ပုဒ်မ ၁၆၈ ခု)

ဒီစာတမ်းရဲ့နိဒါန်းမှာ အခုလိုရေးသားဖော်ပြထားပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု၏ဆန္ဒသဘောထားများကို ပြည်နယ်တိုင်း ဒေသကြီးများ၊ ခရိုင်ပေါင်း (၆ဝ) ၊ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်တို့တွင်ရယူခဲ့ရာ ၊ ပျမ်းမျှ (၉၇) ရာခိုင်နှုန်းက ပြင်ဆင် ပြောင်းလဲလိုကြောင်း ဆန္ဒပြုကြပါသည်။”
ဒီအချက်က (နအဖ) စစ်အစိုးရရဲ့ ၂ဝဝ၈ အခြေခံဥပဒေ ကို (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းကထောက်ခံတယ်ဆိုတဲ့အချက်ကို (မိန့်ခွန်းတွေထဲမှာ စိန်ခေါ်ချက်တွေ တော်တော်များများပါဝင်နေတာမို့ ) စိန်ခေါ်လိုက်တာလို့ မြင်မိပါတယ်။

၂ဝဝ၈ အခြေခံဥပဒေကို အခန်း (၁) အခန်းမှ အခန်း (၁၅)အထိ ဒီချုပ်က ပြင်ဆင်လိုသည့်အချက်များအား အခန်းစဉ်နှင့် ပုဒ်မအလိုက် “ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ဖြည့်စွက်ရန်” အကြံပြုချက်များကို ကျိုးကြောင်းဖော်ပြချက်နှင့်တကွ စနစ်တကျတင်ပြထား တာကိုတွေ့ရှိရပါတယ်။

အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

-       အခန်း (၁) ပုဒ်မ ၆ (ဃ) မှ “၍ စည်းကမ်းပြည့်ဝသော” ဟူသောစာသားကို ဖြုတ်ပယ်သင့်ပါသည်၊ ကျိုးကြောင်းဖော်ပြချက်၌ (ဒီမိုကရေစီကို ဝိဂြိုလ်ပြုရန်မလိုပါ)
-       ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက်ဦးတည်သည်၊ (ပယ်ဖျက်သင့်ပါသည်) ကျိုးကြောင်းဖော်ပြချက်၌ ( ပုဒ်မ ၄ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပါသည်၊ အမျိုးသားနိုင်ငံရေးကို အဖွဲ့အစည်းတစ်ခုက အစဉ်တစ်စိုက်ဦးဆောင်သည်ဆိုသည်မှာ မဖြစ်သင့်ပါ)
-       ပုဒ်မ ၈ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည် (ပြင်ဆင်သင့်ပါသည်) ကျိုးကြောင်းဖော်ပြချက်၌ (ဖက်ဒရယ်ပြည်ထောင်စုပုံစံ ရှင်းလင်းထင်ရှားစေရန်ဖြစ်ပါသည်၊ စစ်မှန်သောပြည်ထောင်စုစနစ်ဟု မူလပြဌာန်းချက်တွင် တိကျစွာဖော်ပြနိုင်မှုမရှိပါ)
-       ပုဒ်မ ၁၄ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့်တပ်မတော်သားများ ပါဝင်သည်။ (ပြင်ဆင်သင့်ပါသည်) ကျိုးကြောင်းဖော်ပြချက်၌ (ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်ပါသည်၊ အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန်ဖြစ်ပါသည်)
           
ဒုတိယသမ္မတ တစ်ဦးသာထားရှိရေး၊ ပုဒ်မ၅၉(စ) ပယ်ဖျက်ရေး၊ သမ္မတရာထူးတစ်ကြိမ်သာ ထမ်းဆောင်ရေး၊ ပြည်ထောင်စု နှင့်ပြည်နယ် ပူးတွဲဥပဒေပြုရေး (concurrent list) သတ်မှတ်နိုင်ရေး၊ ကာလုံတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့ကို  ထည့်သွင်းဖွဲ့စည်းရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးတွင် “ပြည်ထောင်စုလွှတ်တော်” ဆိုသည့်စကားရပ်ကို ထည့်သွင်းရေး၊ “ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခံရသော တပ်မတော်သားများ”သည် အငြိမ်းစားယူရေး ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ခုတည်းကိုသာလျှင် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံး အဖြစ်ထားရှိရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် “ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန်သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်”ဟူ၍ပြင်ဆင်ရန်၊ ပုဒ်မ ၄၂၁(ခ) ကာချုပ်နှင့်ကာလုံ၏ (အခန် ၁၁ အရေးပေါ်ကာလ)တာဝန်များနှင့်ပတ်သက်၍လည်း “ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရမည်” စသဖြင့် အခန်းစဉ်အလိုက်၊ ပုဒ်မအလိုက် ပြင်ဆင်ဖြည့်စွက်ရမည်များကို ဖော်ပြထားပါတယ်။

ကျနော့်အနေဖြင့်  “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု”ကိုမူ  ၂ဝဝ၈ အခြေခံဥပဒေကို ထိထိမိမိဝေဖန်ဆန်းစစ် ပြသနေကြခြင်း၊ ပြည်သူအများက စိတ်ဝင်တစားပါဝင်မှုရှိနေခြင်းဆိုသည့် အချက်၂ ချက်အပေါ်မူတည်၍ မလွဲမသွေ ဖြတ်သန်းကြရမည့် အဆင့်တစ်ခုအဖြစ် ကြည့်မြင်သဘောထားကာ  နှစ်ထောင်းအားရဖြစ်မိပါတယ်။ အားပေးပါတယ်။
မျက်နှာပူပြီးအားနာရမယ့်စကားဖြစ်သော်လည်း မျက်နှာအပူခံပြီးအားနာနာနဲ့ ကျနော်ပြောပါ့မယ်။ ဤစကားသည် (နဝတ-နအဖ) စစ်အစိုးရခေတ် နှစ်ပေါင်း ၂ဝ ကျော်နှင့် လက်ရှိကြံ့ဖွံ့အစိုးရကပေးအပ်ခဲ့တဲ့ လက်တွေ့ဘဝကလာသော မယုံကြည်နိုင်မှုသံသယများ၌ မြစ်ဖျား ခံပါတယ်။ ကျနော့်အနေဖြင့် (နဝတ-နအဖ) စစ်အစိုးရ၏ အမွေစားအမွေခံဖြစ်သောကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွတ်တော်၊ စစ်တပ်တို့အပေါ် ကြီးစွာသောသံသယ ရှိပါတယ်။ ယုံကြည်မှု အလျဉ်းမရှိပါ။ ပြည်သူအများ လက်မှတ်ရေးထိုးဆန္ဒပြုကြသော ပုဒ်၄၃၆ ပြင်ဆင်ရေးကို သူတို့ အသာတကြည်/ အညွတ်အနူး  လက်ခံလာလိမ့်မယ်လို့လည်း ကျနော် မယုံရေးချမယုံပါ။
“ပုဒ်၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု”အပေါ် သူတို့ လက်တွေ့တုန့်ပြန်နေသော နည်းမျိုးစုံလုပ်ရပ်များက ကျနော်ဘာကြောင့် မယုံကြည်ရသလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အထင်အရှားသက်သေခံနေပါတယ်။ ဤအချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဒီစကား” တွင် “ယခု (၄၃၆) ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ပြည်သူတွေမထောက်ခံအောင် နည်းအမျိုးမျိုးသုံးလာတာတွေ့နေရပါတယ်၊ အတိတ်မှာထားခဲ့ပါပြီဆိုတဲ့ စစ်အာဏာရှင်စနစ်တုန်းက သုံးခဲ့တဲ့နည်းမျိုးတွေပါပဲ”လို့ မှန်ကန်တိကျစွာ ထောက်ပြထားပါတယ်။
 နိဂုံးချုပ်၍တင်ပြရလျှင် ဒီချုပ်က  ပြင်ဆင်ပယ်ဖျက်လိုတဲ့ ပုဒ်မ ၁၆၈ ခုဟာ အဆိုပြုညှိနှိုင်းလိုတဲ့သဘော၊ ကမ်းလှမ်းချက်သဘော၊ အပေးအယူပြုလုပ်လိုသည့်သဘောထားများကို ပျော့ပြောင်းစွာ အစပျိုးဖော်ပြထားခြင်းမျိုးသာ ဖြစ်ပါတယ်။
သို့သော်လည်း မိမိတို့ဘက်မှ အဆိုပြုကမ်းလှမ်းမှုမှန်သမျှဟာ တစ်ဖက်လိုက်လျောမှုမပြုသမျှ အကောင်အထည်ဖြစ်မလာနိုင်ပါ။ (နဝတ-နအဖ) စစ်အစိုးရခေတ် နှစ်ပေါင်း ၂ဝ ကျော်ကာလအတွင်း တွေ့ဆုံဆွေးနွေးရေးကို ဒီချုပ်အနေဖြင့် အကြိမ်ကြိမ်အလီလီ တောင်းဆို ခဲ့ဖူးပါတယ်။ ယနေ့အထိ တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ် မလာခဲ့ပါဘူး။ ဖြစ်ပေါ်ခဲ့သမျှသော “တွေ့ဆုံမှု” ဆိုတာတွေကလည်း အိမ်ချုပ်ချခံထားရသူနဲ့ အိမ်ချုပ်ချထားသူတွေရဲ့တွေ့ဆုံမှု၊ တနည်းအားဖြင့် အချုပ်အချယ်ခံထားရသူနဲ့ ချုပ်ချယ်သူများရဲ့တွေ့ဆုံမှုမျိုးသာ ဖြစ်ပြီး၊ ပြည်တွင်းနဲ့နိုင်ငံတကာကိုလှည့်စားဖို့နဲ့ ၄င်းတို့ရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပဖိအားတွေလျှော့ချနိုင်ရေးအတွက်သာ အဓိကဖြစ်ခဲ့ပါတယ်။ “စိမ်းလဲ့ကန်သာတွေ့ဆုံမှု”ဆိုတာလည်း ဒီလိုပါပဲ အချုပ်အချယ်ခံထားရသူနဲ့ချုပ်ချယ်သူများရဲ့ ဆက်သားတွေ့ဆုံပြီး အလ္လာပ၊ သလ္လာပစကားပြောရခြင်းမျိုးသာ ဖြစ်ပါတယ်။
ကြံ့ဖွံ့သမ္မတ(ဗိုလ်)ဦးသိန်းစိန်နဲ့တွေ့ဆုံတယ်ဆိုတာကလည်း ဓါတ်ပုံတစ်ပုံအတူရိုက်ခဲ့ကြတာသာအဖတ်တင်ခဲ့ပြီး၊ ဘာမျှရေရေရာရာမရှိခဲ့ဖူးဆိုတာတော့ ဒီနေ့မြင်တွေ့နေရတဲ့ အချက်တွေကသက်သေပါပဲ။

ဒါကြောင့် “အခြေခံဥဒေပြင်ဆင်ရေး ဥပဒေဘောင်အတွင်းကဆောင်ရွက်ရမယ်” လို့အစိုးရဘက်နဲ့ အတိုက်အခံဘက်က ပြောနေတာထဲမှာ ဘယ်နေရာမှာ ဘယ်လိုလွဲနေသလဲဆိုတဲ့ (RFA)က မေးတာကို ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေတဲ့စကားလိုပါပဲ။  “အစိုးရက တကယ်မပြင်ချင်ဘူး၊ အစ်မတို့ကတကယ်ပြင်ချင်တယ်”။
           
ညွန်း
-       ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၁၉)
-       ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၂ဝ)
-       ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၂၁)
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံးသပ်အကြံပြုစာတမ်


0 comments:

Post a Comment