Tuesday, June 17, 2014

ကြော်ငြာအမြည်းနဲ့ နိုင်ငံရေးအပျော်အပါးလိုက်စားခြင်း(မျိုးမြင့်ချို)

0 comments
ကြော်ငြာအမြည်းနဲ့ နိုင်ငံရေးအပျော်အပါး လိုက်စားခြင်း(မျိုးမြင့်ချို)
ဖို့တ်ဝိန်းမှာ Costco လက်လီ/လက်ကား ကုန်တိုက်ကြီး လာဖွင့်ရောဆိုပါတော့ဗျာ။ ခမ်းခမ်းနားနား သန့်သန့်ရှင်းရှင်းနဲ့ အနံ့အသက်လည်းကောင်းတယ်။ ကျန်တဲ့နေရာမပြောနဲ့ အသားငါးတန်းတွေဘက်သွားတောင် ဘာအညှီနံ့မှမရှိဘူး။ အခြား လက်ကားရောင်းစတိုးကြီးတွေနည်းတူ ဈေးသက်သာတယ်။ ဒါပေမယ့် ပစ္စည်းတိုင်းကို တခုခြင်းဝယ်ဖို့တော့ သိတ်မလွယ်ဘူး။ သွားတိုက်ဆေးဆိုပါတော့ တစ်ဗူးခြင်း ဝယ်မရဘူး၊ အနည်းဆုံး ၃ ဗူးတွဲ ၆ ဗူးတွဲဝယ်မှ ရတယ်။ အကိုက်အခဲပျောက်ဆေးဆိုလည်း(၅ဝ ဝင် ၁ဝဝ ဝင်) ဗူးတွေမရဘူး၊ (၅ဝဝ ဝင် ၁ဝဝဝ ဝင်) ဗူးကြီးတွေပဲရတယ်။ ဘီယာဆို ၆ လုံးဖါမရဘူး။ ၂၄ ဗူးဝင် ဖါကြီးတွေပဲရတယ်။ လက်လီဈေးနဲ့တွက်ရင်တော့ အသက်သာကြီး သက်သာတာအမှန်ပါ။

သူ့ဆီမှာ ဈေးဝယ်ချင်ရင် မင်န်ဘာဝင်မှရတယ်။ မင်န်ဘာကြေးကလည်း သိတ်တော့မနည်းလှဘူး။ ပုဂ္ဂလိကဆိုတမျိုး အဖွဲ့အစည်းတွေ/ကုမ္ပဏီတွေအတွက်ဆိုတမျိုး သတ်မှတ်ထားတယ်။ မင်န်ဘာကိုပဲရောင်းပေးတယ်၊ အပြင်လူဆိုင်ထဲဝင်ကြည့်လို့ရတယ် ဝယ်လို့တော့မရဘူး၊ မင်န်ဘာနဲ့ကပ်လိုက်ပြီးဝယ်၊ အပြင်ကျမှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အချင်းချင်း ငွေပြန်ရှင်းပေါ့။ သူ့မင်န်ဘာကဒ်နဲ့ဝယ်ပြီး ကိုယ့်ဘဏ်ကဒ်နဲ့ သွားချေလို့တော့မရဘူး။ ဆိုတော့ သူ့ကဒ်တွေကို အထဲမှာသုံး၊ အပြင်ရောက်မှ ကိုယ့်အတွက်ကျသလောက် ကိုယ်ပေးကြပေါ့။ လူတိုင်း အဲ့အတိုင်း လုပ်နေကြတယ်လို့မဆိုပေမယ့် လုပ်ကြသူတွေထဲမှာ ဗမာပြည်သားတွေတင်မက အခြားလူမျိုးပေါင်းစုံအပြင် အမေရိကန်နေးတစ်ဗ်တွေလည်း ပါတာပါပဲ။ ဒါ လူမျိုး ဘာသာ အသားအရောင်နဲ့ဆိုင်တဲ့ကိစ္စမှ မဟုတ်ပဲကိုး။ ဆိုင်ဘက်ကရော မသိဘူးလားဆိုတော့ သိတယ်။ သိသိနဲ့လွှတ်ပေးထားတာမှာ သူ့အကြောင်းနဲ့သူရှိမှာပဲ။ ကျနော်တော့မသိဘူး။

အဲ့ဒီမှာ ဝယ်ရပြုရတာကောင်းတယ်လို့ ဇနီးကပြောလည်းပြော ဝယ်လည်းဝယ်တယ်။ ကျနော်က သူနဲ့သွားရင် ဆိုင်သုံးလျှပ်စစ်ဘီးတပ်စကူတာကြီးစီးပြီး နောက်ကနေလိုက်ငေးလိုက်ကြည့်၊ အပြန်ကျ တူမချောအတွက်သွားရည်စာနဲ့ အမေ့အတွက်မုန့်လေးပဲလေး ဝယ်တတ်တယ်။ ကျန်တာတွေကောင်းမကောင်း အသေအချာမပြောနိုင်ပေမယ့် အမြည်းတော့ စားလို့အလွန်ကောင်းတာအမှန်ပဲ။ ကျနော် အကြိုက်ဆုံးက အမြည်းပေးတဲ့ကိစ္စပဲ။ Costco စတိုးမှာလာတင်တဲ့ စားသောက်ကုန်အသစ်ဆိုပါတော့ လာတင်တင်ခြင်း ပထမရက်တွေမှာ လာသမျှလူကို ကြော်ငြာတဲ့သဘော အမြည်းပေးတယ်။ ကြိုက်ကြိုက်/မကြိုက်ကြိုက်၊ ဝယ်ဝယ်/မဝယ်ဝယ် မြည်းစမ်းကြည့်လို့ရတယ်။ မမြည်းမှာစိုးလို့ လက်မဆွဲရုံတမယ် ခေါ်ကျွေးနေတာမျိုးပါ။ ကျွေးတာကလည်း စတိသဘောလေး တိုရည်ရှားရည်ဆိုတာထက် စို့စို့ပို့ပို့ကြီး၊ အတုံးလိုက် အဖတ်လိုက် အဖဲ့လိုက်ကြီးတွေများတယ်။ မြည်းသူဘက်မှာလည်း ဘာမှ အားနာနေစရာမလိုသမို့ စားပိုးမနင့်တောင် ဗိုက်တလုံးပြည့်စာနီးနီးတော့ရှိကြတာပါပဲ။ မြည်းကြည့်ပြီး ကြိုက်တယ်ဆို ကပ်လျှက်စင်တွေပေါ်ကဆွဲချ၊ အအေးခန်းထဲကထုတ်ထက်ပြီး ချက်ခြင်းဝယ်လိုက်ကြတာပါ။ တချို့မိသားစုတွေဆို ပျော်တောင်ပျော်စရာကြီး။ လျှောက်နိုင်တဲ့ကလေးက လျှောက်၊ ပိုးတန်တဲ့ကလေးကို ပိုး၊ ချီတန်တဲ့ကလေးကို ချီ၊ တွန်းလှည်းနဲ့တွန်းတန်တဲ့ကလေးကို တွန်းပြီး ဝယ်ကြချမ်းကြ မြည်းကြစမ်းကြနဲ့ ကြွက်ကြွက်ကိုညံလို့။ သောကြာနေ့လည်ကနေ ညနေခင်းထိက အမြည်းအစုံဆုံးနဲ့ အကျွေးအများဆုံးပါပဲ။ လူလည်းအစည်ဆုံး ဝယ်သူလည်းအများဆုံးပဲမှတ်တယ်။ သောကြာနေ့ရုံးဆင်း/အလုပ်ဆင်းအိမ်အပြန်မှာ စနေတနင်္ဂနွေ အိမ်မှာနား၊ မိသားစုနဲ့နေ၊ ဘာလေးညာလေးသောက်၊ ချက်ပြုတ်စားဖို့နဲ့ နောက်တပတ်စာအတွက်ပါ တခါတည်း ဝယ်ကြခြမ်းကြတာကိုး။

သောကြာနေ့တိုင်းလိုလို ကျနော်တို့လည်း သွားတယ်။ သွားတိုင်းလည်း ဗမာပြည်သားတွေနဲ့ ဆုံတယ်။ သူတို့လည်း ကိုယ်တွေလိုပဲ တပတ်စာ ဝယ်တယ်ချမ်းတယ်၊ အမြည်းတွေလည်း စားကြတယ်။ ကျနော်တို့က အဲ့သလိုသွားတာကို ကိုယ့်ဘာသာကိုယ် Costco Friday Lunch လို့ အင်္ဂလိပ်လို ပြောင်ချော်ချော်ခေါ်ပြီး ဗမာလိုတော့ “အမြည်းသွားစားတယ်” လို့ နောက်တောက်တောက်ပြောတယ်။ တချို့ကတော့ “ကြော်ငြာစားတယ်”လို့ ပြောတယ်။ 

Costco Friday Lunch လို့ ကျနော်တို့ခေါ်ရတာက အဲ့နေ့ဆို နေ့လည်စာထမင်းလွတ်တာကိုး။

တနေ့တော့ ဗမာပြည်သား မိသားတစုနဲ့ဆုံတယ်။ သူတို့လည်း မိသားစုလိုက်လေး။ ကလေး ၄ ယောက်နဲ့။ ဆိုင်တန်းတွေထဲမှာလျှောက်ရင်း အမေနဲ့အဖေက ဗမာလိုပြော၊ ကလေးတွေက အင်္ဂလိပ်လိုပြောနဲ့ သောသောကိုညံလို့။ ကျနော့်တွေ့တော့ အမေက “ဘာလာဝယ်လဲ” ဘာညာပြောရင်း ကလေးတွေဘက်ကြည့်ပြီး “သောကြာနေ့ဆို ကျမတို့လည်း ကြော်ငြာလိုက်စားကြတယ်လေ”တဲ့။ သူပြောတဲ့ “လိုက်စား”တယ်မှာ လိုက်ကို လေသံခတ်ဖိဖိနဲ့ပြောတာပါ။ စာပေလိုက်စားတယ် အနုပညာလိုက်စားတယ်ဆိုတဲ့ “လိုက်စား”ထဲက လိုက်အသံလို ခတ်ဖွဖွအသံမဟုတ်ဘူး။ Tone မတူဘူး။ ကျနော်တို့က အမြည်းသွားစားတယ်ပြောတာကို သူက အမြည်းလိုက်စားတယ်ပြောတာကိုး။ သူပြောတဲ့ လိုက်စားတယ်က “ဒီကောင် လော်စပီကာသံနားထောင်ပြီး အလှူလိုက်စားနေတဲ့ကောင်”ဆိုတဲ့ အသုံးအနှုန်းမျိုးလည်းမဟုတ်ဘူး။ သူ ဘာဆိုလိုမှန်း အသေအချာသိပေမယ့် ခေါင်းထဲမှာ “လိုက်စား”နဲ့စပ်လို့ ထပ်ဖြည့်အတွေးတချက်ဝင်လာတယ်။

လိုက်စားတယ်ဆိုတဲ့စကားကို ကောင်းတဲ့အနက်အဓိပ္ပါယ်နဲ့ရော မကောင်းတဲ့အနက်အဓိပ္ပါယ်နဲ့ပါ သုံးလို့ရတယ်။ ဘာသာရေးလိုက်စားတယ်နဲ့ အပျော်အပါးလိုက်စားတယ်ဆိုတာကို ချိန်ထိုးကြည့်ရင်ပေါ်မယ် ထင်ပါတယ်။ ကောင်းတဲ့သဘောမှာက ကြိုးကြိုးကုပ်ကုပ်

စိုက်လိုက်မတ်တပ်လုပ်တာမျိုးကို ချီးမွမ်းအားကျဟန်ဖြစ်ပြီး၊ မကောင်းတဲ့သဘောကြတော့ ပြစ်တင်နှာခေါင်းရှူံ့သံ ထွက်ပါတယ်။ ရံဖန်ရံခါ အကောင်းသဘောအပြောမှာ အသက်မွေးဝမ်းကြောင်းပြုဖို့ဆိုတဲ့အထိ ပါနေတတ်ပါတယ်။ နိုင်ငံရေးလိုက်စားတယ်ဆိုရင် ဝါသနာပါရုံသက်သက်မျှမဟုတ်တော့ပဲ တချိန်ချိန်ကြရင် နိုင်ငံရေးနဲ့အသက်မွေးမယ်ဆိုတဲ့အထိ ငုံမိပါတယ်။ နိုင်ငံရေးနဲ့အသက်မွေးဆိုတာမှာလည်း နိုင်ငံရေးလုပ်တာ၊ နိုင်ငံရေးစာပေတွေရေးတာသားတာ၊ နိုင်ငံရေးနဲ့ဘွဲ့တွေဘာတွေယူ နိုင်ငံရေးသင်တဲ့ဆရာကနေ ပညာရှင်အမည်ခံပြီး “အစိုးရနဲ့ပင်းရိုက်”တာတွေအထိ ပါမှာပါ။ လိုက်စားတယ်ဆိုတဲ့အဆင့်မရောက်ခင်မှာ ဝါသနာပါတယ်ဆိုတဲ့အဆင့်တခုလည်းရှိမယ်လို့ ထင်ပါတယ်။ ပထမ ဝါသနာပါမယ်၊ နောက် လေ့လာလိုက်စားတာလုပ်မယ်၊ နောက် ကျွမ်းကျင်သူဖြစ်လာမယ်၊ နောက် အဲ့ဒါနဲ့ ထမင်းစားမယ်ပေါ့ဗျာ။ သေချာတာကတော့ နိုင်ငံရေးဆိုတာ အပျော်လုပ်လို့မရဘူး။ အပျော်အပါးလိုလိုက်စားလို့မရတဲ့ကိစ္စလို့မှတ်ရမှာပါ။
 

ကျနော့်တို့အဖို့တော့ နိုင်ငံရေးဟာ ဝါသနာပါလို့လုပ်ရတဲ့ကိစ္စ၊ အပျော်တမ်းလုပ်ရတဲ့ကိစ္စ၊ အပျင်းပြေလုပ်ရတဲ့ကိစ္စ၊ အပျော်အပါးလို လိုက်စားလို့ရတဲ့ကိစ္စလို့ တခါမှ ယောင်လို့တောင်
မတွေးဖြစ်ခဲ့ဖူးပါ။ ကျနော်တို့ခေတ်ပြိုင်ဖြတ်သန်းခဲ့သူတွေထဲမယ် အဲ့သလိုတွေးပြီး အဲ့သလိုလုပ်ခဲ့ဖူးသူ တယောက်မှမတွေ့မိဖူးဘူး။ ခု ရွှေပြည်ကြီးမှာ နိုင်ငံရေးဟာ အပျော်တမ်းကိစ္စလိုလို၊ အပျင်းပြေကိစ္စလိုလို၊ စိတ်အယား ဖြေတာလိုလို၊ လူကြော်ငြာတာလိုလို၊ ဈေးခေါ်တာလိုလို၊ အမြည်းပေးတာလိုလို၊ လိုက်စားစရာ အပျော်အပါးတခုခုလိုလိုတောင် ထင်ချင်စရာဖြစ်လာတယ်။ နိုင်ငံရေးအပျော်အပါးလိုက်စားနေသူတွေကြည့်ပြန်တော့ တချိန်တုန်းက နိုင်ငံရေးထဲကလူတွေကို လှောင်ပြောင်သရော်ခဲ့တဲ့ စစ်အုပ်စုအလိုတော်ရိတွေဖြစ်ပြီး၊ ခုများတော့ ပါတီကြီး/ငယ်တွေရဲ့ခေါင်းဆောင်၊ အင်န်ဂျီအိုတွေရဲ့ အခစားလူကြီးတွေဖြစ်နေကြတာပါ။ သူတို့ခမျာ မွေးနေ့၊ မင်္ဂလာဆောင်၊ အသုဘနဲ့ နှစ်ပတ်လည်နေ့အပါအဝင် ပွဲတွေလမ်းတွေ အနားမရအောင်တက်ကြရတဲ့ ခါတော်မီ ဒီမိုကရေစီချစ်သူတွေလည်း ဖြစ်နေကြတာပါပဲ။ နိုင်ငံရေးထဲ ထဲထဲဝင်ဝင်ပါဖူးသူတချို့တောင် အဲ့လူတွေကြားမှာ တခါတခါ ကွက်ကွက်ပြောက်ပြောက်လေး တွေ့ရတတ်ပါရဲ့။ အဲ့လိုတွေ့တိုင်းလည်း စိတ်ထဲနာကျင်ရတာပါပဲ။ နာကျင်တိုင်းလည်း ဓနရှင်နိုင်ငံရေးကို နားလည်ရတာ ပါပဲ။ နားလည်တိုင်းလည်း လယ်သမား၊ အလုပ်သမား၊ လူလတ်တန်းစားနဲ့ အမျိုးသားအရင်းရှင်တွေ ဒီမိုကရေစီရဖို့ ခရီးဝေးပါသေးလားလို့ တွေးမိတာပါပဲ။

ကျနော်တို့ခေတ်တုန်းက နိုင်ငံရေးဟာ ဝါသနာပါရမယ့်ကိစ္စထက် အနာခံရမယ့်ကိစ္စ၊ ထောင်ကျရမယ့်ကိစ္စ၊ တောခိုရမယ့်ကိစ္စပါ။
ကျနော်တို့ခေတ်တုန်းက နိုင်ငံရေးဟာ လေ့လာရမယ့်ကိစ္စထက် တုံးတိုက်တိုက်ကျားကိုက်ကိုက်၊ နံရံကိုခေါင်းနဲ့တိုက်တဲ့ကိစ္စပါ
ကျနော်တို့ခေတ်တုန်းက နိုင်ငံရေးဟာလိုက်စားရမယ့်ကိစ္စထက် စွန့်စားရမယ့်ကိစ္စ၊ ဘဝရင်းစားပေးရမယ့်ကိစ္စပါ။

ကျနော်တို့ခေတ်တုန်းက နိုင်ငံရေးဟာ အပျော်အပါးလိုလိုက်စားစရာမဟုတ်ခဲ့ပါ။
ကျနော်တို့ခေတ်မှာ နိုင်ငံရေးအပျော်အပါးလိုက်စားသူမရှိခဲ့ပါ။

(မှတ်ချက် မနက်က ဇော်ကြီး(သစ်ကောင်းအိမ်နဲ့ ရောက်တတ်ရာရာပြောရင်း နိုင်ငံရေးအပျော်အပါးလိုက်စားတဲ့အကြောင်းဆီ ရောက်သွားတာနဲ့ ကောက်ကာငင်ကာ ထရေးဖြစ်တဲ့စာ)

(မျိုးမြင့်ချို) ဇွန် ၁၇၊ ၂ဝ၁၄



0 comments:

Post a Comment