Wednesday, June 18, 2014

ကပျက်ယပျက် ဆူးတွေကြားမှ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”(တူမောင်ညို)

0 comments
ကပျက်ယပျက် ဆူးတွေကြားမှ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”(တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်)
“အနည်းစု”သည် “အများစု”၏ အဆုံးအဖြတ်ကို ကြိုက်သည်ဖြစ်စေ/မကြိုက်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ/မှားသည်ဖြစ်စေ လက်ခံကြရသည်မှာ ဒီမိုကရေစီ၏အခြေခံမူပင်ဖြစ်သည်။

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”စည်းဝိုင်းအတွင်းသို့ “ဝင်- ပြင်”လမ်းစဉ်ဖြင့်ဝင်ခဲ့မိသော ဒီချုပ်ပါတီအမတ်“အနည်းစု” အဖို့“အများစု” ဖြစ်သောကြံ့ဖွံ့ပါတီနှင့် စစ်သားအမတ်များ၏ “လွတ်တော်တွင်း”အဆုံးအဖြတ်မှန်သမျှကို ကြိုက်သည်ဖြစ်စေ/မကြိုက်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ/မှားသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ/မတရားသည်ဖြစ်စေ၊ မျှတသည်ဖြစ်စေ/မမျှတသည်ဖြစ်စေ ကြိတ်မှိတ်ခံနေရသည်။ မချစ်သော်လည်း (အကြိမ်ကြိမ်)အောင့်ခါနမ်းနေရသည့်အဖြစ်။ ကြံ့ဖွံ့ပါတီနှင့်စစ်သားအမတ်များလွှမ်းမိုးသော “လွှတ်တော်”သည် “ရွေးကောက်ခံဟစ်တလာ”၏ နာဇီပါတီလွမ်းမိုးကြီးစိုးသည့်လွှတ်တော်မျိုးသာလျှင် ဖြစ်ပါသည်။

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ (ဝါ) ၂ဝဝ၈အခြေခံဥပဒေ” တည်မြဲနေသမျှ/မဖျက်သိမ်းနိုင်သေးသမျှ ထိုသို့ ကြုံတွေ့မြဲကြုံတွေ့ နေရလိမ့်ဦးမည်သာဖြစ်ပြီး အရည်အချင်းသည် အရေအတွက်ကိုအရှုံးပေးနေရလိမ့်ဦးမည်သာဖြစ်သည်။ ဗိုလ်သိန်စိန် (အစိုးရ)၊ ဗိုလ်ရွှေမန်း(လွှတ်တော်)၊ ဗိုလ်မင်းအောင်လှိုင်(စစ်တပ်)တို့က “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”ကို အထက်လမ်း-အောက်လမ်း နည်းပေါင်းစုံဖြင့် တမျိုးပြီးတမျိုးမရိုးရအောင် တက်ညီလက်ညီ ကပျက်ယပျက်လုပ်နေကြသည်။ လုပ်နေလိမ့်ဦးမည်။
ဗိုလ်တင်အေးကော်မရှင်က “သတိပေးစာဖြင့်” ချောက်သည်။
(ဗိုလ်) ခင်အောင်မြင့် “အမျိုးသားလွှတ်တော်”က ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် (PR)ကိစ္စတွင် အောင်ပွဲခံပြလိုက် သည်။ ယခုလောလောဆယ် ဆုံးဖြတ်ခဲ့သော(PR)ကိစ္စမျိုးတွင် ကြံ့ဖွံ့ပါတီအမတ်များ၏ အရေအတွက်သက်သက်ဖြင့် အသာလေးအနိုင်ယူ ကစားပြလိုက်သည်။ စစ်သားအမတ်များကမူ (PR)ကို ကန့်ကွက်/ထောက်ခံမပြောဘဲ၊ “မင်္ဂလာယူ”ကာ “ခွဲကစား” ပြလိုက်လေသည်။
အမတ်ချုပ်ကြီး (ဗိုလ်) ရွှေမန်း၏ “ပြည်သူ့လွှတ်တော်”က (PR)ကိစ္စဆုံးဖြတ်ရာတွင်လည်း (ဗိုလ်)ခင်အောင်မြင့် “အမျိုးသား လွှတ်တော်”နည်းတူ အဆုံးအဖြတ်ပေးကြလိမ့်မည်သာ ဖြစ်သည်။ “ပြည်သူ့လွှတ်တော်”၌ရှိသော စစ်သားအမတ်များသည် “အမျိုးသား လွှတ်တော်”ရှိ စစ်သားအမတ်များကဲ့သို့ ကန့်ကွက်/ထောက်ခံမပြောဘဲ နေကြပေလိမ့်မည်။
သို့ဖြင့် ကြံ့ဖွံ့အမတ်နှင့်စစ်သားအမတ်တို့သည် လွှတ်တော်တွင်း၌ ကိစ္စတစ်ခုချင်းကိုလိုက်၍“တွဲကစားလိုက်/ခွဲကစားလိုက်”နှင့် အစွမ်းပြနေကြပေလိမ့်မည်။
အခြေခံဥပဒေပုဒ်မ ၆ (ဃ)၊(စ)၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ)၊ နှင့် ပုဒ်မ ၂ဝ(ဂ)တို့ကဲ့သို့ကိစ္စရပ်များ (ပြင်ဆင်ရေး/ပယ်ဖျက်ရေး/အစား ထိုးရေး)နှင့်ပတ်သက်လာလျှင်မူ ကြံ့ဖွံ့အမတ်များနှင့် စစ်သားအမတ်တို့သည် (PR)ကိစ္စမှာကဲ့သို့ ခွဲ၍ကစားကြလိမ့်မည်မဟုတ်ဘဲ၊ အတူတွဲ၍ ကစားကြပါလိမ့်မည်။
သမ္မတရုံးဝန်ကြီး ဗိုလ်အောင်မင်းကလည်း သူ၏နောက်တော်ပါ(MPC)နှင့် (ဗဟု)တို့ကိုပေါင်းပြီး “ဖား၅ကောင်”ကို (UMFCCI) ၌ ရုံသွင်းကာ လွှတ်တော်ပြင်ပမှနေ၍ အားဖြည့်ပေးလိုက်သေးသည် မဟုတ်ပါလား။
ယခုနောက်ဆုံးပေါ် ကပျက်ယပျက်လုပ်မှုမှာ “ပုဒ်မ ၅၉ (စ)မပြင်ဖို့ မဲခွဲဆုံးဖြတ်တယ်။ ပုဒ်မ ၅၉ (စ)ပြင်ဖို့ ထောက်ခံမဲ ၅ မဲ ပဲ ရှိတယ်”ဆိုသော “ပေါက်ကြားမှု”ပင် ဖြစ်သည်။ ၃၁ ဦးကော်မတီတွင်းကိစ္စတွေ “ပြင်ပသို့မပေါက်ကြားစေရ”လို့ ဘယ်လိုပင်ဆိုထား သော်လည်း ပေါက်ကြားမှုတွေ ပေါ်ပေါက်နေသည်။
တကယ်တော့ “၃၁ဦးကော်မတီ”ဆိုသည်မှာ အမတ်ချုပ်ကြီး(ဗိုလ်)ရွှေမန်း၏ အလိုတော်ဖြည့်ကော်မတီသာဖြစ်သည်။ “ပေါက်ကြားမှုများ” ကလည်း ဖြောင့်မတ်သောအမတ်ချုပ်ကြီး၏ အလိုတော်အတိုင်း ပေါက်ကြားနေရခြင်းဖြစ်သည်။ ပေါက်ကြားလာမှုများက (ပုဒ်မ ၄၃၆ ကိစ္စ ပြင်ရန်ဆုံးဖြတ်သည်/ပုဒ်မ ၅၉(စ) မပြင်ရန်ဆုံးဖြတ်သည်) ဒီချုပ်နှင့် ၈၈ငြိမ်းပွင့်တို့ကြိုးပမ်းနေကြသည့် လက်မှတ်ရေးထိုးရေးလှုပ်ရှားမှုအရှိန်အဟုန် ပျက်ပြားစေရန် ချိန်ကိုက်ဦးတည်ထားသည့်ကိစ္စများဖြစ်နေသည်။
ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး “၃၁ ကော်မတီ”အတွင်း ဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၅ မဲသာရှိသည်ဟူသောအချက်ကို မူတည်၍ကြည့်မည်ဆိုလျှင် ဒီချုပ်ပါတီမှကိုယ်စားလှယ် ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွန့်တို့နှင့် အခြားအမတ် ၃ ဦးဖြစ်မည်။ အခြားအမတ် ၃ ဦး မှာ ကြံ့ဖွံ့ပါတီနှင့် စစ်သားအမတ်များ မဟုတ်တာသေချာသည်။ “၃၁ဦးကော်မတီ”၌ ကြံ့ဖွံ့အမတ် ၁၄ ဦး၊ ကာချုပ်၏စစ်သားအမတ် ၇ ဦး၊ ဒီချုပ်ပါတီမှ ၂ ဦး၊ အခြားနိုင်ငံရေးပါတီများမှ အမတ် ၈ ဦးပါဝင်သည်။ ယင်း ၈ ဦးထဲတွင် (တစည)နှင့် ဒေါက်တာအေးမောင်တို့၏ ရခိုင်အမျိုးသားပါတီ (RNP)တို့ကအမတ်တွေပါလျှင် ပုဒ်မ ၅၉ (စ)မပြင်ဆင်ရေးဘက်ကရပ်တည်ပြီး မဲပေးကြလိမ့်မည်မှာလည်းသေချာ သလောက်ရှိသည်။
(၂၉ ဧပြီ ၊၂ဝ၁၄ )တွင် ရေးသားဖော်ပြခဲ့သော ကျနော့်ဆောင်းပါးဟောင်း တစ်ပုဒ် (ဘဝသစ်ရောက်ဖို့ သတ္တိလိုတယ်)မှ အောက်ပါ စာပိုဒ်ဖြင့် နိဂုံးချုပ်ပါရစေ။

လွှတ်တော်တွင်း၌ ဒီချုပ်ပါတီ၏ အမတ်အရေအတွက်ပမာဏသည် အလွန်နည်းလှသည်။ “၁ဝ၉ ဦးကော်မတီ”၌ လည်း အနည်းစု၊ “၃၁ ဦးကော်မတီ”၌လည်း အနည်းစုဖြစ်မြဲဖြစ်နေသည်။ သို့ဖြင့် လွှတ်တော်တွင်းနိုင်ငံရေး၌ ဒီချုပ်လှုပ်ရှားမှုသည် ကြံ့ဖွံ့ပါတီအတွက် “စည်းကမ်းရှိသောဒီမိုကရေစီအဖြည့်ခံကလေး”သာ ဖြစ်နေတော့သည်။ ကြံ့ဖွံ့အမတ်များရာ၏အနိုင်ကျင့်မှုကို အောင့်သက်သက်ဖြင့် ကြိတ်ခံနေရသည်။ မခံ၍လည်းမရ“ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်”ဟု ကျမ်းသစ္စာကျိန်ဆိုထားခဲ့ရသည် မဟုတ်ပါလား။ ဘယ်သူမပြု မိမိမှုဟုဆိုလျှင် လွန်အံ့မထင်ပါ။ ဝင်လမ်းရှိလျှင် ထွက်လမ်းရှိစမြဲ။ အရေအတွက်ကို အရေအတွက်ဖြင့်သာ စကားပြောရပေလိမ့်မည်။ (ဒီချုပ်ပါတီတွင် ညောင်နှစ်ပင်ညီလာခံက ပြန်ထွက်လာခဲ့ဖူးသည့်အတွေ့အကြုံရှိပါသည်)
အင်အားဆိုသည်မှာ အရေအတွက်အစုအပေါင်း၏ ထုထည်ပမာဏပင် မဟုတ်ပါလား။ ပြည်သူလူထု၏ တခဲနက်ညီညွတ်သော အရေအတွက်ကို အဘယ်အစိုးရသည် ခံနိုင်အံ့သနည်း။ စည်းလုံးညီညွတ်သောပြည်သူ့အင်အားဖြင့် ကြံ့ဖွံ့အစိုးရကိုအံတုရလိမ့်မည်။ အခြားနည်းလမ်းမရှိပါ။ တွေဝေမနေသင့်ပါ။ ပြည်သူလူထုကို ရဲရဲရှေ့ဆောင်ဖို့လိုပါသည်။ ခေါင်းဆောင်သည် သတ္တိရှိဖို့လိုပါသည်။
ခေါင်းဆောင်သည် လူထုကို မုချဦးဆောင်ရမည်။ သတ္တိရှိသောခေါင်းဆောင်၏ ပြတ်သားသောဦးဆောင်မှုနောက်သို့ ပြည်သူများသည် တညီတညွတ်တည်းလိုက်ပါ ချီတက်ကြမည်သာဖြစ်သည်။
ဤနည်းလမ်းဖြင့်သာ ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို ရဲရဲလျှောက်လှမ်းကြရလိမ့်မည်။ သို့မှသာ ပြည်သူများ၏ ဒီမိုကရေစီ ခေတ်သစ်ကို တည်ဆောက်အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။
ကွယ်လွန်သူ ဒီချုပ်ပါတီနာယကကြီးဦးဝင်းတင်က “သူ့မှာတမ်းသဖွယ်” ဤသို့ ပြောခဲ့ဖူးပါသည်။
“ဘာမှမဖြစ်တဲ့ ဒီ စစ်တပ်ကခင်းတဲ့လမ်းကို ကျွန်တော်တို့ဆက်လျှောက်ရင်ရော ဘာဖြစ်မလဲ။ သမိုင်းတရားခံဖြစ်တာပဲရှိမယ်။ နိုင်ငံရေးဘဝသစ်ကိုရောက်ဖို့ ကျွန်တော်တို့သတ္တိရှိဖို့လိုနေပြီ”

0 comments:

Post a Comment