Monday, June 23, 2014

သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်(တူမောင်ညို)

0 comments
သမ္မတဦးသိန်းစိန် အနေဖြင့် အချင်းချင်း ဖုံးဖိ ပြေပျောက်စေခြင်းမျိုး မလုပ်သင့်(တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်)
“ဘာသာ၊သာသနာ”တို့ဆိုတာ အာဏာရဲ့လက်အောက်ခံသာလျှင်ဖြစ်တယ်ဆိုတဲ့အချက်ကို “သန္တိသုခကျောင်း” စီးနင်းသိမ်းပိုက်မှုကနေတဆင့် ကြံ့ဖွံ့အစိုးရက လက်တွေ့ပြသလိုက်ပြီ။ သံဃာတွေလှုပ်ရှားလာရင် “မီးလောင်ဗုံး”နဲ့ ပစ်ခတ်နှိမ်နင်းရတယ်ဆိုတဲ့အချက်ကိုတော့ “လက်ပံတောင်းအရေးအခင်း”မှာ ကျနော်တို့ပြည်သူများ ကိုယ်တွေ့မျက်မြင်သိရှိခဲ့ကြပြီးပြီ။
ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကြံ့ဖွံ့သမ္မတ(ဗိုလ်) ဦးသိန်းစိန်အနေနဲ့ အောက်ပါ ပြဿနာ ၂ ခုကို ဖြေရှင်းပြဖို့တာဝန်ရှိပါတယ်။
- ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
- ဘာကြောင့် သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ

ဘာကြောင့် သန္တိသုခကျောင်းစီးနင်းသိမ်းပိုက်ရသလဲ
“ရွှေဝါရောင်တော်လှန်ရေး”မှာ ပီနံဆရာတော် ပါဝင်အားပေးမှုအပေါ် အညှိုးအတေးအာဃာတနဲ့ ကြံ့ဖွံ့အစိုးရကလက်စားချေ တာလို့မြင်ပါတယ်။ ဒီအချက်ကို သီတဂူဘုန်းကြီးလည်း ထောက်ပြထားပါတယ်။ (ဗိုလ်)သိန်းစိန်ကြံ့ဖွံ့အစိုးရက “သင်္ကန်းဝတ်စွမ်းအားရှင်များ”ကို “မျိုးစောင့်ဥပဒေ”ဖန်တီးခိုင်းရုံတင်မကဘူး၊ “ဝေါ်ကီတော်ကီ” တပ်ဆင်ပေးပြီး စီနင်းသိမ်းပိုက်ရေးမှာပါ အသုံးချလာခဲ့ပြီ။
ချုပ်လိုက်ရင် ကြံ့ဖွံ့အစိုးရဟာ သူတို့ရဲ့ရိုင်းစိုင်းမှုနဲ့အကြမ်းဖက်မှုစံချိန်ကို တဆင့်တိုးဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေ အထင်သားမြင်နေရတာသော်လည်း ဘုန်းကြီးဝီရသူက မျက်ကွယ်ပြုပြီး “အံ့မောင်”ကိုသာ အဓိကတရားခံအဖြစ် ယိုးမယ်ဖွဲ့နေတယ်။ ဒီအချက်က အဓိကတာဝန်ရှိသူဖြစ်တဲ့ သမ္မတ(ဗိုလ်)ဦးသိန်းစိန်နဲ့ကြံ့ဖွံ့အစိုးရကို ဗြောင် အကာအကွယ်ပေးတာနဲ့ လမ်းလွှဲပေးတာဖြစ်ပါတယ်။ ဘုန်းကြီးဝီရသူက သံဃာ့အရေးမှာလည်း သူဟာ ရှေ့ကနေပါဝင်သူပါဆိုပြီး သူ့ကိုယ်သူ သိဒ္ဓိတင် အမြတ်ထုတ်လိုက်တာလည်းဖြစ်တယ်။

ဘုန်းကြီး ၅ ပါးကို ပုဒ်မ ၂၅၉(က) သာသနာညှိုးနွမ်းစေမှု၊ ဥပဒေအမှတ် ၂၀/၉၀ သံဃာအဖွဲ့အစည်းဆိုင်ရာပြစ်မှုတွေဖမ်းဆီး၊ လူဝတ်လဲစေပြီး၊ အခုတော့ တစ်ပါးကို “ သိန်း ၂၀၀ အာမခံ” နဲ့ ပြန်လွှတ်ပေးထားပါတယ်။ လန်ဒန်ကဘုန်းကြီး ဦးဥတ္တရဟာ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်ကို “မြန်မာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆု” ပေးအပ်ဂုဏ်ပြုခဲ့တဲ့ ဘုန်းကြီးဖြစ်ပါတယ်။ (ဗိုလ်)ဦးသိန်းစိန်က ဒီ ဆုရဲ့မျက်နှာကိုတောင်မထောက်ထားပဲ ဖမ်းချုပ်ပြီး လူဝတ်လဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ်ကနေ ဒီကိုယ်တော်လည်း “သံဝေဂ”တော့ရလိမ့်မယ်လို့ ထင်ရတာပါပဲ။

ဘာကြောင့် သာသနာရေးဝန်ကြီး ဗိုလ်ဆန်းဆင့်ကို ဖြုတ်ထုတ်ဖမ်းရသလဲ

ပြဿနာရဲ့ဒီဂရီ အတိုင်းအတာက ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်အဖို့ သာသနာရေးဝန်ကြီးကို ဖြုတ်၊ထုတ်၊ ဖမ်းချုပ်ရတဲ့အဆင့်ထိရောက်သွားတယ်။
ဗိုလ်ဆန်းဆင့်ဟာ (နအဖ)စစ်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး စတဲ့တာဝန်တွေယူခဲ့သူဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရလက်ထက်မှာတော့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကြံ့ဖွံ့ပါတီဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်ပါတယ်။ မီဒီယာသတင်းတွေအရဆိုရင် ဗိုလ်ဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင် ပို့ထားတယ်လို့ဆိုပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားမှုဆိုတာ အရပ်စကားနဲ့ပြောရရင် ပြည်သူ့ငွေတွေကို “ဘုံးတာ/ခိုးတာ” ပါ။
သာသနာရေးဝန်ကြီးကို ခိုးမှုနဲ့အရေးယူရတယ်ဆိုတာကတော့ဖြင့် အရပ်ရပ်နေပြည်တော်ကြားလို့မှ မတော်တဲ့အဖြစ်ပါပဲ။ ကြံ့ဖွံ့သမ္မတဗိုလ်သိန်းစိန်တို့အုပ်စိုးနေတာအချိန်ကာလကို “အမြင်မတော်/အကြားမလျော်တဲ့ဖြစ်ရပ်တွေ ဝရုန်းသုန်းကား ပေါ်ပေါက်ဖြစ်ပွားနေတဲ့ကာလကြီး” လိုပြောရင်လွန်မယ်မထင်ပါဘူး။
ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားလုပ်တယ်၊ ဘုံးကြတယ်၊ ခိုးကြတယ်ဆိုတာ ဗိုလ်ဆန်းဆင့်တစ်ယောက်ထဲတော့ ဟုတ်မယ်မထင်ပါဘူး။ အုံနဲ့ကျင်းနဲ့ ဂိုဏ်းဖွဲ့ပြီး ခိုးကြတာဖြစ်ပါလိမ့်မယ်။ ဒီတော့ ဒီဖြစ်ရပ်မှာ အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ (ဗိုလ်)ဦးသိန်းစိန်အနေနဲ့ သမ္မတတစ်ယောက်အနေနဲ့ရော၊ အစိုးရအဖွဲ့ကို တာဝန်ခံတဲ့အနေနဲ့ရော ပြည်သူများရှင်းရှင်းလင်းလင်းသိအောင် ထုတ်ဖော်ရှင်းလင်းပြဖို့လိုပါတယ်။ ဇွန်လ ၁၉ ရက်နေ့က “ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာအစည်းအဝေး” မှာ သမ္မတ(ဗိုလ်) ဦးသိန်းစိန်ပြောခဲ့သလို “မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာအရေးယူခြင်းမရှိဘဲ၊ အချင်းချင်း ဖုံးဖိပြေပျောက်စေခြင်းမျိုးသည် လွဲမှားသောလုပ်ဆောင်မှုဖြစ်သည်” ဆိုတဲ့ပြောဆိုချက်ကို အပြောသက်သက်မဟုတ်ဘဲ၊ စံနမူနာပြအဖြစ် တကယ်လက်တွေ့ လုပ်ဆောင်ပြစေလိုပါတယ်။
သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အပြောအရတော့ သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ဟာ “သန္တိသုခကိစ္စက အကြောင်းအချက်တွေထဲက တစ်ခုသာလျှင်ဖြစ်တယ်၊ အဓိကမူဝါဒ ၂ ရပ် အကောင်အထည်ဖော်မှုမှာ အားနည်းချက်ချို့ယွင်းချက်တွေအများကြီးရှိတယ်၊ သမ္မတ မှာကြားတာထက် ဘောင်ကျော်လုပ်တယ်၊ ဒါကြောင့်မလွှဲမရှောင်သာ အရေးယူလိုက်ရတယ်” ပြောပါတယ်။
ဒါကြောင့် ဗိုလ်ရဲထွဋ်ပြောတဲ့စကားထဲမှာပါသလို ဗိုလ်ဆန်းဆင့်ချို့ယွင်းချက်အားနည်းချက်တွေက ဘာတွေလဲ၊ သန္တိသုခကိစ္စထက်ပိုမိုကြီးမားတဲ့၊ ပိုမိုများပြားတဲ့ အခြားကိစ္စတွေက ဘာတွေလဲ၊ ဒါတွေကို “ဖုံးဖိပြေပျောက်စေ” တာမျိုးတွေ မလုပ်ဆောင်ဘဲ။ ဒီကိစ္စတွေကို သံဃာထုနဲ့ပြည်သူလူထုသိအောင် အကျယ်တဝင့်ရှင်းပြဖို့ လိုအပ်ပါတယ်။
ယင်းသို့ ကြံ့ဖွံ့သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ဘက်က အချက်အလက်နဲ့ရှင်းပြသလို၊ ဖမ်းချုပ်ခံ ဗိုလ်ဆန်းဆင့်ကို ပြန်လည်ရှင်းလင်းထုချေခွင့်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုပေးမှလည်း မျှတမှုရှိပါလိမ့်မယ်။ ဗိုလ်သိန်းစိန်တို့ဘက်ကချည်းပဲ ပြစ်မှုတင်စွပ်စွဲ၊ ဖြုတ်ထုတ် ဖမ်းဆီး၊ ထောင်ချပစ်မယ်ဆိုရင် တရားမျှတလိမ့်မယ်မဟုတ်ပါ။
ဗိုလ်ဆန်းဆင့်ဘက်ကရေးကြတဲ့ သတင်းများအရဆိုရင် ဗိုလ်ဆန်းဆင့်ဆီမှာ “အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အကျင့်ပျက်ချစားမှု များနဲ့ပတ်သက်ပြီး သက်သေအထောက်အထားများစွာရှိကြောင်း”ကြားသိနေရပါတယ်။ ဒီတော့ ဗိုလ်ဆန်းဆင့်ကို ဥပဒေနဲ့အညီ ခုခံချေပခွင့်တော့ ဗိုလ်သိန်းစိန်တို့ဘက်ကပေးမှသာလျှင် တရားမျှတပေလိမ့်မယ်။
ဘာသာရေးဘက်က ဆုံးမသင်ကြားချက်တစ်ခုဖြစ်တဲ့ “ရန်သူမျိုး ၅ ပါး”ထဲမှာဆိုရင်လည်း “သူခိုးနဲ့မင်း(အုပ်စိုးသူ)”ကို တစ် တန်းထဲထားပြီး ဖော်ပြထားတာပါ။ ဒါ့အပြင်(မဆလ)အစိုးရ၊ (နဝတ-နအဖ)စစ်အစိုးရ၊ကြံ့ဖွံ့အစိုးရတွေထဲမှာ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမလုပ်တဲ့သူ၊ မဘုံးတဲ့သူ၊ မခိုးတဲ့သူ၊ မရှိဘူးဆိုတာကို ပြည်သူတွေကတော့ သူတို့ဘဝပေးအတွေ့အကြုံများအရ လေးလေးနက်နက်သိရှိ သဘောပေါက်ထားပြီးသား ဖြစ်ပါတယ်။
အခုလည်းပြည်သူတွေသိချင်တယ်ဆိုတဲ့အချက်က ဘယ်သူတွေဟာ ဘယ်လိုပမာဏနဲ့အတိုင်းအတာကို ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ဘုံးခဲ့ကြသလဲ၊ ဘုံးနေကြသလဲ ဆိုတဲ့အချက်ကိုသာလျှင်သိချင်နေကြတာပါ။

0 comments:

Post a Comment