Wednesday, June 18, 2014

၂ဝ၁၄ ဇွန် တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် တတိယပတ်ထဲ ရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)
(အမျိုးကောင်းသားတွေ မကြားစေနဲ့)
"ကုလ" ဆိုတာက အမျိုးကောင်းသားများ၊ "သ" ဆိုတာက အတူတကွ၊ "မဂ္ဂ" ဆိုတာက ခရီး ဒါမှမဟုတ် ခရီးသွားခြင်း။ ဆိုတော့ "ကုလသမဂ္ဂ" ဆိုတာ အမျိုးကောင်းသားတို့အတူတကွသွားတဲ့ခရီး ဒါမှမဟုတ် အမျိုးကောင်းသားများ အတူတကွခရီးသွားခြင်းပေါ့ဗျာ။ ခုလိုပြောတာကို အမျိုး ဘာသာ သာသနာတွေသိသွားမှ အဲ့ဒီအဖွဲ့အစည်းကြီးပါ နံမည်ပြောင်းပြစ်ဆိုပြီး ထလုပ်နေဦးမယ်။ တိုးတိုးပြော အဲ့လူတွေမကြားစေနဲ့။

(ပြင်ပြင်မပြင်ပြင် ဝင်မယ်)
ပြင်ပြင် မပြင်ပြင်ဝင်မယ်ဆိုတာကို မပြင်ရင်မဝင်ဘူးနဲ့ အစားထိုးလှုပ်ရှားမှုတွေအတွက် ပြင်ဆင်သင့်ပြီတွေးမိတယ်။ ၄၃၆ ပြင်ဆင်ရေးကြိုးပမ်းမှုဟာ နိုင်ငံရေးလှုပ်ရှားမှုနဲ့စည်းရုံးရေးသဘောပါတာ၊ စစ်အာဏာဆန့်ကျင်ရေးလက္ခဏာ (တစုံတရာ) ဆောင်တာမှန်ပေသိ ပြင်မပေးရင် ဘာလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက် တိတိကျကျ မရှိသေးတာတွေ့ရတယ်။ လူထုလှုပ်ရှားမှုအစပျိုးချက်အဖြစ်ရှူမြင်ချင်ပေမယ့် (လွှတ်တော်ထဲကနေပြင်မယ်) ဆိုတဲ့စကား ခံထားတော့ လူထုလှုပ်ရှားမှု အစပျိုးဖော်ဆောင်ချက်လို့ ပြောဖို့ခက်တယ်။
(ကျွဲကြားညပ်မယ့်မြေဇာပင်)

(ချက်မြုတ်ခေါင်းချနေရာလွဲခြင်း)
ကျနော့်ချက်မြုတ်ရာမှာ
ကျနော့်ခေါင်းချချင်တာပါပဲ

ဒါဆို
ကျနော်လူကြီးဖြစ်ပြီထင်တာပဲ
ဒါဆို
ကျနော်ပြည်လွမ်းနာကျပြီမှတ်တာပဲ

ဒါဆို
ကျနော်
ပျော်ရာတွေ
တော်ရာတွေကို
အရည်မရအဖတ်မရတွေမှန်း
သိခဲ့ပြီထင်တာပါပဲ

အီရတ်ကို ဝင်တိုက်တာမှာ တိုက်ပြီးရင် နိုင်ငံပြန်တည်ဆောက်ဖို့ တိုင်းပြည်ပြန်ထူထောင်ပေးဖို့ (State Building and Nation Building) ဘာအစီအစဉ်မှမချပဲ မပါပဲ၊ ယူအင်န်အပါအဝင် နိုင်ငံကြီးတွေတားနေတဲ့ကြားက လူအမြောက်အမြားသေစေနိုင်တဲ့လက်နက်ကြီးတွေရှိတယ်လို့ မဟုတ်တမ်းတရားလိမ်ညာပြီး ဇွတ်အဓမ္မဝင်ချတာ။ ဆက်ဒမ်ကိုကြိုးစင်ပို့နိုင်ပေမယ့် စစ်အပြီးမှာ ရေနံအပါအဝင် ကုန်သွယ်ခွင့်အများစုက ရုရှားနဲ့တရုတ်ကရသွားတယ်။ ကြိတ်မနိုင်ခဲမရဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာ။ လက်လွတ်စပယ် ပစ်ထားလိုက်မယ်ဆိုလည်း ပစ်ထားလိုက်ချင်စရာပဲ။ ကြံရာပါမဟုတ်သူတွေက တိုက်ရာပါဝေစုအများဆုံးရသွားကြတာကိုး။

တကယ့်အကြောင်းရင်းတွေထဲမှာ အီရတ်နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကို ဒေါ်လာကနေ ယူရိုငွေပြောင်းထားလိုက်တာလည်း ပါတယ်။ အီရတ်က ရုရှားနဲ့
အနေနီးသွားတာလည်းပါတယ်။ ပြီးတော့ အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းပေါ်လစီမှာ အီရန်ရဲ့အနေအထားကိုလျှော့တွက်ပြီး အစ္စရေးလ်ကိုကိုင်ပြီး အရင်အတိုင်း ဆက်ကစားရင်ရတာပဲဆိုတဲ့ အတွက်အချက်မှားကြီးနဲ့ အိမ်ဖြူတော်ဘဝင်မြင့်ရောဂါ အကင်းမသေတာလည်းပါတယ်။

ခု အီရတ်မှာ နိုင်ငံရေးစစ်ရေးပူပြီး သူ့ရုပ်သေးအစိုးရ မရှူနိုင်မကယ်နိုင်ဖြစ်တော့ အီရတ်ပြည်သူတွေကို ပေယာလျကံသဘောထားပြီး အမေရိကန်နိုင်ငံသားတွေ ဘေးလွတ်ရာကဲ့ထုတ်ဖို့သာ အန်ကယ်လ်ဆမ်ကြီး စိတ်စောနေလေရဲ့။ အီရတ်ပြည်သူတွေကိုတော့ အရပ်ပြော ပြောရရင်
(ကန်တော့ပါရဲ့) -ိုးကပြစ်ထားနေတာပဲ။

တရုတ်-အမေရိကန် မီးစလည်း ပျိုးနေပြီ။ မီးဖွားတွေလည်း ဒေသတွင်းနိုင်ငံတိုင်းမှာ ကြဲထားပြီးပြီ။ တရုတ်-အမေရိကန်အနေအထားက စီးပွားကုန်သွယ်အခြေခံ ငွေကြေးစစ်ကနေ သံတမန်စစ်၊ အဲ့ဒီကနေ သေနတ်ကိုင်ချတဲ့စစ် ဖြစ်မလာနိုင်ဘူးလို့ ဘယ်နိုင်ငံရေးစစ်ရေးဂုရုက ကျိန်းသေပေါက် ဟောကိန်းထုတ်နိုင်သတုန်း။ မဖြစ်ဘူး ဖြစ်ခဲ့ရင်ဆိုတာတွေနဲ့ချည်း စာတမ်းတွေအဆုံးသတ်သတ်သွားတာတွေ့ရတယ်။

သိန်းစိန်တို့ကို အတင်းဝင်လုံးနေတာ အလကားမဟုတ်ဘူး။ တရုပ်-မြန်မာနယ်နမိတ်ခြင်းက မိုင်ထောင်ချီထိစပ်နေတာ။ တရုတ်ကို ကုန်းတွင်းပိုင်းကနေ တပ်နဲ့ဝင်မယ်ဆို ဗမာပြည်လောက်ကောင်းတဲ့ စစ်ချီလမ်းမရှိဘူး။ စစ်လမ်းကြောင်းကတည့်တည့်ကြီးနဲ့ ဖြူးလို့။

သမိုင်းကိုပြန်လှန်ရင်လည်း မော်စီတုန်းတို့တရုတ်ကွန်မြူနစ်တွေတိုက်ထုတ်လိုက်လို့
ခွေးပြေးဝက်ပြေးပြေးလာတဲ့ ကူမင်တန်လို့ခေါ်တဲ့တရုပ်ဖြူတွေ စစ်ရေးအကူအညီပေးတာ
(ငွေ လက်နက် လေယဉ် အမြောက် ကျည်ဆန်လိုရုပ်ဝတ္ထုတွေတင်မက စစ်သင်တန်းနဲ့ ထောက်လှမ်းရေးသတင်းတွေပါပေးပြီး) မြန်မာပြည်ဘက်ကနေ တရုတ်ကွန်မြူနစ်တွေကိုဖြုတ်ချဖို့လုပ်ခဲ့တာ အတိအကျတွေ့ရမှာပဲ။

ကျနော်တို့ သမိုင်းအသိနဲ့သမိုင်းသင်ခန်းစာကို မှန်မှန်ကန်ကန်နားလည်ထားဖို့ပဲ။ ဗမာစစ်အုပ်စုကတော့ သူတို့ကိုယ်ကျိုးရှိမယ်ဆို ဘယ်သူသေသေငတေမာပြီးရောတွေမို့ တိုင်းပြည်ထိုးအပ်လိုက်ရလည်း ဘာမှမဖြစ်ဘူး။ ရောင်းစားလိုက်ရလည်း ဘာမှမဖြစ်ဘူး။ နောက်ဆုံး စစ်ပူလို့ တရုပ်-အမေရိကန်ကြားညပ်မယ်ဆိုတောင် တိုင်းပြည်နဲ့လူထုကိုအညပ်ခံပြီး ချကြွေးပြီး သူတို့စစ်အုပ်စုအကျိုးစီးပွားကို အသက်နဲလဲကာကွယ်ထိမ်းသိမ်းမှာပဲ။

ကျနော်တို့ အနေတတ်ဖို့ပဲ။ အနေမတတ်ရင် ကျွဲနှစ်ကောင်ကြားကမြေဇာပင်ဘဝနဲ
တိုင်းပြည် လူလုံးမလှဖြစ်မှာပဲ ကြေမွသွားမှာပဲ။ ကျနော်တို့ အမျိုးသားစည်းလုံးညီညွတ်မှု အကျအနတည်ဆောက်ထားဖို့ပဲ။

စစ်တပ်ကြီး ခေါဘဏီလောက် ကြီးနေပေ့စေ၊ ကြောက်ခမန်းလိလိလက်နက်တွေ
ရှိနေပေ့စေ အမျိုးသားသွေးစည်းညီညွတ်မှုမရှိရင် ဘယ်ကျူးကျော်မှုကိုမှအနိုင်တိုက်ဖို့မပြောနဲ့ ခုခံဖို့တောင်မဖြစ်နိုင်တာ အနီးကပ်သမိုင်းမှာ အီရတ်ကိုကြည့်။ အမျိုးသားသွေးစည်းညီညွတ်မှုရှိရင် ဗီယက်နမ်ကနေ ပြင်သစ်-အမေရိကန်တို့ ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင်ပြေးခဲ့ရတာကိုကြည့်။ ကျနော်တို့ပြောတဲ့ အမျိုးသားသွေးစည်းညီညွတ်မှုဆိုတာ သူတို့ပြောတဲ့ ဒို့တာဝန်အရေး(၃)ပါးမဟုတ်ဘူး။

(ဘာသာရေးပုလိပ်ကြီးများ)
နောက်ဆို ကျည်ကာသင်္ကန်းခြုံ၊ သစ်ခေါက်ဆိုးရောင်ဝေါ်ကီတော်ကီ၊ သင်္ကန်းသားနံပတ်တုတ်၊ ဦးပြည်းလုံဒိုင်းကြီးတွေနဲ့ ဘာသာရေးပုလိပ်တွေများ မြင်ရတော့မလားပဲ။

(အိမ်အပြန်မျက်နှာပန်း)
ဒေါ်စု နိုင်ငံခြားခရီးစဉ်အပြန်တွေမှာ ကြိုဆိုသူတွေ တဖြည်းဖြည်းနည်းနည်းလာတာ သတိထားမိတယ်။ အရင်ကဆို လေဆိပ်မှာကြိတ်ကြိတ်တိုးသလို လမ်းဘေးဝဲယာ တလျှောက်မလည်း သောင်းသောင်းဖြဖြရှိလှတယ်။ ခုတော့ လူတွေအလာကျဲသွားသလို မီဒီယာသမားတွေလည်း သိသိသာသာကြီးကို ရှဲနေကြတယ်။

(အတိုက်အခံဆို နားခါးလှချည့်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ပါတီ)ကို အတိုက်အခံပါတီကြီး အတိုက်အခံပါတီကြီးလို့ ဘာ့ကြောင့် သုံးသုံးနေရသလဲကို နားမလည်နိုင်အောင်ဖြစ်ရတယ်။ ဒေါ်စုကိုယ်တိုင်က အတိုက်အခံလို့သုံးတာ မကြိုက်ကြောင်းနဲ့ Opposition ဆို ပိုတောင်မကြိုက်ကြောင်း အတန်တန်ပြောနေပါရက်နဲ့များ။


(အဆဲသန်တဲ့ အာဂလူ)
"ကျနော့်အတွေးအမြင် အကောက်အယူတွေကိုမနှစ်ခြိုက်ရင် မကြိုက်ရင် လက်မခံရင် ပြန်ရေးပေါ့ဗျာ၊ ဘာလို့များ မကြားဝံ့မနာသာ ဖရုဿ ဝါစာတွေနဲ့ ဆဲဆိုနေရသလဲ"လို့ ဆဲဆိုနေသူတယောက်ကိုပြောတော့ "ခင်ဗျားလိုမပြောတတ်လို့ ဆဲတာပေါ့ဗျ၊ ခင်ဗျားလည်း ဆဲတာတွေကို ချောအောင်ရေးတာပဲ မဟုတ်ဘူးလား။ ကျုပ်တို့က ချောအောင်မရေးတတ်တော့ အဆဲသက်သက်ဖြစ်တာပေါ့။ ဒါပေမယ့် အတူတူပါပဲ။ ဆဲတာလည်း ရေးပြီးမှဆဲရတာ မဟုတ်လားဗျ"တဲ့။ သူ့အလိုအရဆို ရေးတာလည်း ဆဲနည်းတမျိုးဖြစ်သလို၊ ဆဲတာလည်းရေးနည်းတမျိုးဖြစ်ရပါပေါ့။ တကယ့်လူ အာဂပဲ။

(ဇ မသေးတဲ့နိုင်ငံရေး)
ပုဒ်မ(၅၉-စ) မပြင်ဖို့အပြင်းအထန် အရေးဆိုကန့်ကွက်တာနဲ့ PR ကိစ္စကန့်ကွက်တာဟာ စစ်အုပ်စုနိုင်ငံရေးအဝါးဝမှုရဲ့ ပြယုဂ်တစ်ခုမျှပဲ။ တစ်ခုကို(၅၉-စ မပြင်ရေး)ထောက်ခံပြီး၊ အခြားတစ်ခု(ပီအာမဖြစ်ရေး)ကန့်ကွက်တယ်လို့ဆိုပေမယ့် (၂)ခုလုံးကို တပ်က ကန့်ကွက်တယ်လို့ အဓိပ္ပါယ်ထွက်တယ်။

(၅၉-စ)ကို ပြင်တယ်/မပြင်ဘူးဆိုတာ ဒေါ်စုသမ္မတဖြစ်ရေး/မဖြစ်ရေး ဇောင်းပေးရှူမြင်ချက်မျှ မဟုတ်ဘူး။ (၅၉-စ) မရှိလည်း ဒေါ်စု ခုထက်ပို ဘာမှဖြစ်မလာအောင်လုပ်ဖို့ မသမာတဲ့အခြားနည်းတွေရှိနိုင်တာပဲ။ ကန့်ကွက်ပြလိုက်တာရဲ့အနက်က ဘုန်းကြီးဆိုးတွေနဲ့မဘသအကြိုက်လုပ်ပြပြီး စစ်တပ်က ပဏာဝင်ယူပြတဲ့သဘော ထွက်တယ်။ နောက်တချက်က ဗိုလ်သန်းရွှေလက်နဲ့ရေးခဲ့တာမို့ ဘယ်နောက်ပေါက်မှ ခြေနဲ့မဖျက်ဝံ့တာလည်း ပါတယ်။ အဖော်ပြချင်ဆုံးအချက်က
ကာ/လုံမှာ သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်းဆိုတာပဲ။

ပီအာကို ကန့်ကွက်ပြလိုက်တာလည်း ဒီနည်းနှင်နှင်ပဲ။ ပီအာရ်ကိုမကြိုက်တဲ့နေရာမှာ စစ်တပ်နဲ့အင်န်အယ်လ်ဒီ အကြိုက်ညီပါတယ်ဆိုတဲ့သဘော၊ ပြည်တွင်း ပြည်ပကိုအချက်ပြလိုက်တာပဲ။ အထူးသဖြင့် အနောက်အုပ်စုကိုပေးတဲ့ မက်ဆေ့ဂ်ျပဲ။ ပီအာက သူ့ဘာသာသူ အာအာ/မအာအာ လွှတ်တော်ထဲကစစ်အမတ် ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်အသာစီးယူထားတဲ့နိုင်ငံရေးအနေအထားကို တစ်ပြားသားမှ မထိခိုက်ဘူး။ နေသာသပ လေညှာကပဲ။ သူတို့ အကျိုးစီးပွားမထိခိုက်မယ့်ကိစ္စမို့ ဝင်ကန့်ကွက်ပြပြီး နိုင်ငံရေးအမြတ်ထုတ်သွားတာပဲ။ ပီအာကန့်ကွက်ပြလို့ စစ်အမတ်တွေနဲ့စစ်တပ် ကောင်းချီးပေးသံ ဘဝဂ်ညံကြမှာတောင် မြင်တယ်။

ထောင်စကားနဲ့ပြောရရင် ဇယားရွှေ့တာပဲ။ အရပ်စကားနဲ့ဆို ကလိန်ခြုံတာပဲ။ ကာလပေါ်နိုင်ငံရေးစကားနဲ့ဆို ပရော်ဖက်ရှင်နယ်လ်ကျကျ ပလေးတယ်ဆိုမလား။


(မယ်တုံးလုံးတို့အရေး)
ဦးလေးတို့ဆီမှာ မိန်းမတွေ ခဏခဏ ကိုယ်တုံးလုံးချွတ်ပြီးဆန္ဒပြကြတာပဲနော်။
အေးလကွာ ဘာဖြစ်လို့တုန်း။
မရှက်ကြဘူးလား မသိဘူးနော်။
ကိုယ်တုံးလုံးချွတ်တာထက် ပိုရှက်စရာကောင်းတဲ့ကိစ္စရှိနေလို့နေမှာပေါ့ကွာ။
လူတွေကရော သွားကြည့်တာပဲလား ဦးလေး။
သတ်သတ်ကြီး သွားကြည့်စရာမလိုပါဘူးကွာ..သူတို့က လမ်းပေါ်ထွက်ပြီးလာပြကြတာပဲဟာ။
ဦးလေးရော လာပြရင် ထွက်ကြည့်သလား။
တခါမှ ကိုယ့်မျက်စေ့ရှေ့မှာ လူအကောင်လိုက်ကြီးတွေ မတွေ့ဖူးဘူးကွ။
တွေ့ရင်ရော ကြည့်မလား ဦးလေး။
ကြည့်မှာပေါ့ကွ ဘာဇြစ်လို့တုန်း။
ဦးလေး မရှက်ဘူးလား။
ကြည့်တာထက် ရှက်စရာပိုကောင်းတဲ့ကိစ္စရှိရင်တော့ ကြည့်ဖို့ရှက်မိမှာသေချာတာပေါ့ကွာ။
(ရွှေပြည်ကြီးက လူငယ်တယောက်နဲ့ ကဘောက်တိကဘောက်ချာ ဒိုင်ယာလော့ခ်)


0 comments:

Post a Comment