Wednesday, June 11, 2014

၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁(မျိုးမြင့်ချို)
(ပြည်တွင်းဟာ ပြည်တွင်းစစ်)
ပြည်တွင်းစစ်ဟာ ပြည်တွင်းစစ်ပဲ။ ကချင်-ဗမာပြည်တွင်းစစ်။ ကရင်-ဗမာပြည်တွင်းစစ်၊ မွန်-ဗမာပြည်တွင်းစစ်ရယ်လို့ ခွဲပြောလို့မရဘူး။ ဖြစ်နေတာ ကချင်နဲ့ဗမာမဟုတ်ဘူး။ လက်ဝါးကြီးအုပ်စစ်အရင်းရှင်တွေနဲ့ ကချင်နဲ့အတူ တပြည်လုံး(ဗမာအပါအဝင်) လူမျိုးစုတိုင်းရင်းသားတွေနဲ့ဖြစ်နေတာဖြစ်တယ်။ "၃ နှစ်ကြာအပစ်ရပ်ပြီးမှ တကြော့ပြန်အတိုက်ခံရတဲ့ ကချင်လူမျိုးစု လွတ်မြောက်ရေးတပ်ဖွဲ့များ"ဆို တော်သေးတယ်။ ခုက ကချင်နဲ့ဗမာပဲ တိုက်နေကြသယောင်။ ခုမှ စတိုက်တာ ၃ နှစ်ပဲရှိသေးသယောင်။ ဗမာ့ပြည်တွင်းစစ် နှစ်(၇ဝ)ပြည့်အကြိုကဗျာရွတ်ပွဲဆို နားဝင်များကောင်းမလားပဲ။ ဗမာ့ပြည်တွင်းစစ်ရာပြည့်ပွဲမကြုံချင်ရင် စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်မှရပေလိမ့်မယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ရသမျှနေရာက ရသလောက်တိုးဝင်လှုပ်ရှားနေတာ အလွန်မွန်မြတ်တာပဲ။ ပြည်တွင်းစစ်ရာပြည့်ဆိုကာ ကဗျာရွတ်ပွဲတွေ ဟိန်းဟိန်းထနေမှာတော့ မြင်ရမယ်တော့မထင်ဘူး။

(ရေနံချောင်းသားကို ပြန်ပြောတဲ့စကား)
ဆောင်းပါးရှင်ဟာ စစ်အာဏာရှင်စနစ်နဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိုမကြိုက်သူမှန်ပေသိ စစ်အာဏာရှင်စနစ်ဆိုတာဘာဆိုပြီး အတွေးအခေါ်အရ နိုင်ငံရေးအရသိမြင်ဆန့်ကျင်နေသူမဟုတ်မှန်းသိသာတယ်။ စင်္ကာပူသူငယ်နာသမားမှန်း ဖြောင့်ချက်ပေးထားတာ သူ့ဆောင်းပါးအဆုံးမှာ ပေါ်နေတယ်။ အံခွနေတဲ့ စစ်ဗိုလ်စစ်သားမပြောနဲ့ မနေ့ကမှ စုဆောင်းရေးစာရင်းသွင်းလိုက်တဲ့ တပ်သားသစ်လေးတောင်မှ သူ့စာဖတ်ပြီး နားကျမယ်မမြင်ဘူး။
ကျနော့်ပုံတွေယူသုံးတာလည်း ဂျာနယ်လ်လစ်ကျင့်ဝတ်ဖေါက်မှုဖြစ်နေတယ်။ ရုပ်ပျက်ဆင်းပျက်သေးသိမ်မှုဖြစ်နေတယ်။ သူ မသိလို့ ဒီပုံသုံးသလား၊ ဘယ်သူမှမသိလောက်ဘူးထင်ပြီး ကလိန်ကျသလား၊ အယ်ဒီတာ့လက်ရာလားကတော့ ကာယကံရှင်တွေမှသိပေလိမ့်။ သစ်သားဂျိုင်းထောက် အိမ်သာနောက်ခံနဲ့ရိုက်ထားတဲ့ကျနော့်ပုံရင်းက ပုဆိုးနဲ့အပေါ်အင်္ကျီနဲ့ အတွင်းက တီရှပ်နဲ့။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ (နယ်စပ်မြို့)မဲဆောက်က အေအေပီပီရုံးခန်းထဲမှာ ဒီသတင်းဌာန http://www.ideastream.com/news/npr/209919791 က ရိုက်ခဲ့တဲ့ပုံ။ ပုံရင်း ဖော်ပြပေးလိုက်ပါတယ်။ ဘယ့်နှယ်ဘယ်လို ဂျန်းဂဲလ်ဟက်တွေဆောင်း ယူနီဖေါင်မ်းတွေဝတ် အီကွပ်မင်န့်တွေလွယ်နဲ့ ဖိုတိုရှော့ပ် လုပ်ပြစ်လိုက်ရသတုန်း။ ကို ဂျွန်ဂလင်းရဲ့လက်ရာ (အသုံးပြုပြီး ရေများများ…..)ဆိုတဲ့ သတိပေးစာလေးတောင်ပါသေး။

နောက်တချက် “သိန်း သုံးထောင်တန် လဲဆပ်စ်ကားနက်ကြီးကို အများသုံးပါကင်မှာ ဂျိုင်းထောက်နှစ်ဘက်အားကိုးပြီး ကာကွယ်နေဆဲ”က ပိုတောင်ဆိုးသွားတယ်။ အဲ့ပုံက နစ်က်ဒန်လော့ပ်လို့ခေါ်တဲ့ ဓါတ်ပုံသတင်းသမား စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ရိုက်ခဲ့တဲ့ပုံ။ ပုံရင်းလည်းရှိပါ့။ နေရာက အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မြောက်ဘက်ခြမ်းက လူနေရပ်ကွက်ထဲမှာ။ အပေါ်က ထိုင်းအမျိုးသား တိုက်ပုံနဲ့ အောက်က ကချင်ပုဆိုးနဲ့။ ကားက တိုယိုတာ ဗင်န်၊ (၈)ယောက်စီး။ အမေရိကားမှာ ချီးပေါသေးပေါ ပေါတဲ့ကား။ တစ်နာရီ ၇ ဒေါ်လာ ၂၅ ဆင့် ပုံမှန်ဝင်ငွေရှိရင် လူတိုင်းစီးနိုင်တဲ့ကားမျိုး။ ညီတော်မောင့်အိမ် ကားဂိုဒေါင်အဝင်လမ်းမှာ။ ရိုက်လိုက်တာက ကားပေါ်တက်ကာနီးဆဲဆဲ တံခါးမဖွင့်တတ်လို့ အူကြောင်ကြောင် ဖြစ်နေတုန်းကြီး။

နောက်မှ ဖြည်ဖြည်ဖြန့်ဖြန့် ရေးပါဦးမယ်။ ကျနော့်နည်းတူ အလွဲသုံးစားလုပ်ခံသူတွေလည်း ဘယ့်လောက်ရှိနေပြီလဲ မပြောတတ်။ ကြည့်ကျက်လည်းလုပ်ကြပါဦး
ဆရာသမားအမျိုးကောင်းသားတို့။ တော်ကြာနေ ခွန်းကြီးခွန်းငယ်ဖြစ်ပလားဆို ရုံးပြင်ကန္နားရောက်ပလားဆို ရှက်စရာကြီး။

အတွဲ(၁)၊ အမှတ်(၃၈)၊ ၅လပိုင်း ၁၃ ရက်၊ ၂ဝ၁၃ (ကြဿပတေး)နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ်လ်ပါ ရေနံ့သာခင်မောင်ထွေးရေး (ဗိုလ်ချုပ်တိုက်ဆောက်၊ ပြည်သူဗိုက်မှောက်၊ စစ်သားဂျိုင်းထောက်) မျက်နှာဖုံးဆောင်းပါးမှ ကောက်နှုတ်ချက်။
“တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့ဆောင်ပုဒ်ကိုဦးထိပ်ပန်ဆင်ပြီး အမိန့်ကိုနာခံတတ်တဲ့စစ်သားတစ်ယောက်ဟာ တပ်မတောိအပေါ် သူစောင့်သိခဲ့တဲ့သစ္စာတရားကို သူရဲ့ခြေတစ်စုံနဲ့အလဲအထပ်လုပ်ခဲ့ရပါပြီ။တချိန်က ရှေ့တန်းတနေရာမှာ သူ့တပ်ရင်းမှူးရဲ့အသက်ကို သူ့အသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တဲ့ရဲဘော်ဟာ အဲ့ဒီတပ်ရင်းမှူး ဗိုလ်ချုပ်ဖြစ်တဲ့ဘဝမှာစီးနေတဲ့ သိန်း ၃ ထောင်တန် Lesus 570 ကားနက်ကြီးကို ဂျိုင်းထောက်နှစ်ဘက်အားကိုးပြီး အများသုံးကားပါကင်မှာ ဆက်လက်ကာကွယ်နေဆဲပဲ ဖြစ်ပါတယ်”တဲ့။



(ပေါင်းစားတဲ့ ပုန်ကန်သူများ)
သူခိုးကြီး ဒမြ၊ ဒမြကြီး သူပုန်။ သူပုန်ကြီး အစိုးရ။ လူတိုင်းကြားဖူးပြီးသား။ အကြီးကအငယ်ကို အပြတ်ကိုင်ကို ကိုင်ရတဲ့အမျိုးပဲ။ မကိုင်နိုင်လို့ ကြီးလာရင် ကိုယ့်လာ ခွာတိုင်းမှာကိုး။ လူ့သမိုင်းမှာ ဒီအတိုင်း ကိုင်ခဲ့တာချည်းပဲ။ တခါတလေ မကိုင်နိုင်သေးခင်မှာ ဆွဲစားထားရတာရှိတယ်။ အဲ့ဒါကို အပစ်အခတ်ရပ် ဒါမှမဟုတ် စစ်ပြေငြိမ်းရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တခုခု တပ်ရတာပဲ။ ခုရွှေပြည်ကြီးကိစ္စကြတော့ တမျိုး တဘာသာ။ ဆွဲစားတာမဟုတ်ပဲ ပေါင်းစားတာ။ သူပုန်နဲ့အစိုးရပေါင်းတယ်။ အတိုက်အခံ(လိုလို)နဲ့ အစိုးရ ပေါင်းတယ်။ ပုန်ကန်သူနဲ့ အပုန်ကန်ခံ၊ အတိုက်အခံ(လိုလို)နဲ့အစိုးရပေါင်းကြပြီဆိုကတည်းက လွဲတာသေချာပြီ။ တိုင်းပြည်နဲ့ လူထုနာတာ သေချာပြီ။ သူမနာကိုယ်မနာ (ဘိုလိုဆို Win-Win)ဆိုမှ သူရောကိုယ်ပါ နာပါတော့မလား။ သူတို့နာစရာ ရှိပါ့မလား။ နာစရာရှိ ပြည်သူနာ တိုင်းပြည်နာ။ ဒီလိုနဲ့ တိုင်းပြည်မလဲ အိုင်းအနာကြီးတွေစွဲလို့။ လူထုမလဲ နူရာဝဲစွဲ လဲရာသူခိုးထောင်းလို့။

(ဘူးသီးတို့အကြောင်း)
ဘူးသီးအကြောင်းရေးမယ်ဆိုမှ ဗူးသီးလား ဘူးသီးလား မသေချာဘူး။ ဒါနဲ့ မြန်မာအဘိဓာန် ကောက်လှန်တော့ ဘူးသီး..တဲ့။ အသံထွက်ခိုင်းတော့ ဗူးသီး..တဲ့။ ဥပမာ ဘူးလည်သီးခတ်ကို ဗူးလည်သှီးဂတ်...လို့ ထွက်ရမတဲ့။ သူလုပ်ခါမှ ရှုပ်ကုန်ရော။ ကိုယ့်ဘာသာကိုယ် ဘူးလည်သီးခတ်..နေတာကောင်းရဲ့သားနဲ့။ ထားပါတော့။ ကျနော့် ဘူးပင်တွေ အညွန့်စလူပြီ။ ဘူးနှာမောင်းလေးတွေ လန်းလန်း-လန်းလန်းနဲ့ မှီရာတွယ်ရာစမ်းပြီ။ မှီရာတွယ်ရာဖမ်းမရ စမ်းမမိတဲ့ကောင်ကတော့ စပရင်လို လိမ်ကွေးကွေးလေးဖြစ်သွားမယ်။ အင်္ဂလိပ်လို Spring ကို မြန်မာတွေက စပလိန်လို့ခေါ်တယ်ဟုတ်။ တချို့ကြ ဘူးနွယ်လို့ခေါ်တယ်။ အတော်လှတဲ့စကားလုံးလေး။ ဒီဗူးနှာမောင်းလေးတွေ သိတ်မကြာဘူး စင်သာထိုးပေးလိုက်လို့ကတော့ နွယ်သွားမှာပဲ။ တက်သွားမှာပဲ။ စင်မထိုးတော့ဘူး။ မနှစ်က ဓါတ်ကြိုးမလွတ်လို့ လျှပ်စစ်ကုမ္ပဏီက အလကားလာခုတ်ချပေးသွားတဲ့ သစ်ကိုင်းခြောက်တွေရှိတယ်။ အဲ့ဒါတွေ အပင်ခြေနားကပ် ထောင်တန်တာထောင် လှဲတန်တာလှဲပြီး သဘာဝစင်လေးလုပ်ပေးမယ်။ ဒါနဲ့မှ အားမရလို့အပင်တွေသန်ပြီး ဟိုတက်ဒီတက် တက်လည်း တက်ပေ့စေ။ လွှတ်ပေးလိုက်မယ်။ ခေါင်ညွန့်ထွက်လာရင်တော့ ဖြတ်ပေးရမှယ်။ ဒါမှ အညွန့်ပွားမယ်။ ဖြတ်လိုက်တဲ့အညွန့် နုထွားထွားကြီးတွေကို အမေ့ဆီယူသွားပြီး ကြော်ချက်လေးချက်ခိုင်းပြီး အမေနဲ့အတူတူစားမယ်။ ငရုပ်သီးအညာထောင်းလေးနဲ့ ငါးခူဆီပြန် ပင်စိမ်းရွက်အုပ်လေးနဲ့ဆို ဘာပြောကောင်းမလဲ ကောင်းချက်က ထောင်းထည့်လိုက်သလိုနေမှာပဲ။
ဘူးနဲ့ပတ်သက်လို့ မြန်မာမှုဆိုရိုးတွေမနည်းလှသလို ထင်ရှားတဲ့အဖြစ်တွေလည်း ဗမာ့နိုင်ငံရေးမှာရှိတယ်။ ဒါပေမယ့် ဒီ ဘူး က ဘူးသီးက ဘူးနဲ့တော့မဆိုင်ဘူး။ ဒီ ဘူး က မလုပ်ဘူး မစားဘူး မပြောဘူးဆိုတဲ့ ဘူး။ အဝေးခေတ်ဗမာ့နိုင်ငံရေးမြင်ကွင်းကို လှမ်းမျှော်ကြည့်တော့ ကိုလိုနီခေတ်ဦးမှာ အင်္ဂလိပ်နယ်ချဲ့ကို နိုင်ငံရေးအရစီးပွားရေးအဆက်အဆံမလုပ်ဖို့ လူခွန်နဲ့သဿမေဓခွန်မပေးရေးအတွက်ဦးတည်ပြီး ဘူးအသင်းတွေဖွဲ့ဖူးတယ်။ ခေတ်လည်း အတော်စားခဲ့တယ်။ နောက်တော့လည်း စက်မှုလုပ်ငန်းတွင်ကျင်နေရာယူလာမှုနဲ့ နယ်ချဲ့ရဲ့ အုပ်ချုပ်ရေးပရိယာယ်ကြွယ်ဝမှုတွေကြောင့် ဘူးအသင်းတွေ ဘူးတောင်းမြုတ် ဇောင်းချမ်းပေါ်ဖြစ်ကုန်တယ်။ တခါ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ အင်န်အယ်လ်ဒီဦးဉာဏ်ဝင်းက ဒေါ်စုဆီကနေ အမှုကိစ္စတိုင်ပင်ပြီး ပြန်ထွက်လာတော့ ဘူးသီးကြီးယူလာတယ်ဆိုလား ဒေါ်စုကပေးလိုက်တယ်ဆိုလား လူပြောများလှတယ်။ အဓိပ္ပါယ်က ဒေါ်စုက အင်န်အယ်လ်ဒီအပါအဝင်အခြားသူတွေကို ဒီရွေးကောက်ပွဲ မဝင်ဘူးလို့အချက်ပြလိုက်တာ..တဲ့။ နောက်တခါ ထိုင်း-ဗမာနယ်စပ်မှာလည်း ခေတ်ပေါ် ဘူးအသင်းသဘောပေါ်ဖူး ဖော်ဖူးတယ်။ ခု အဲ့ ဘူးဆရာတွေ ဘာဖြစ်နေတယ်မပြောတတ်။ ထားပါတော့ ဘူးနဲ့ ဗမာ့နိုင်ငံရေးက။
ဘူးကောင်းမှစင်ခံ လင်ကောင်းမှစံဆိုတဲ့စကားကိုကြည့်ရင် တခေတ်တခါက မြန်မာ့လူ့အဖွဲ့အစည်းမှာ လင်ဆိုတဲ့အိမ်ဦးနတ်ရဲ့အနေအထားနဲ့ မိန်းမဆိုတဲ့ပါရမီဖြည့်ဘက်အနေအထားကို ကွက်ကွက်ကွင်းကွင်းပေါ်တာပဲ။ ခုခေတ်လို လင်ရောမယားပါ အိမ်ဦးနတ်တွေဖြစ်ကြတော့ လင်ကောင်းကောင်း မကောင်းကောင်း စံဖို့ဆိုတာ မိမိရွေးချယ်မှုအဖြစ် လျှောကျမသွားပေဘူးလား။ ဘူးသီးမှအရီးတော်တို့၊ ဘူးတောင်းနစ် ဇောင်းခြမ်းပေါ်တို့အပြင် နေ့စဉ်လူမှုဘဝမှာ ဘူးနဲ့ပတ်သက်တာတွေ အများကြီးရှိမှာပါ။ တချို့ကြ ဒေသိယအနေနဲ့သာသုံးကြပြီး မကျယ်ပြန့်ဘူး မဟုတ်လား။ ကဲဗျာ နိုင်သလောက် ဝိုင်းကြပါဦး။ ဘူးနဲ့ပတ်သက်တာတွေ ကွန်မန့်မှာ ဝိုင်းရေးကြပါဦး။ မရေးနိုင်ဘူးလို့တော့ မပြောပါနဲ့နော။ အလုပ်များရတဲ့ကြားထဲ ခင်ဗျားက ဘူးလေးရာဖရုံဆင့် မလုပ်ပါနဲ့ဗျာတို့၊ ဘူးနဲ့ပတ်သက်လို့ ဘာမှမသိဘူးတို့ဆိုပြီး ဘူးခံမငြင်းကြပါနဲ့ဗျာ။

ကျနော် ညီလိုခင်တဲ့ ထောင်ထွက် ဘူးသီးကတော့ နော်ဝေမှာ။ ဦးမင်းဆိုပဲ။ အကြံတော့ပေးလိုက်ပါတယ် မတောင်းပေမယ့်။ ကလေးအမည်ကို ဘူးမင်းလို့မှည့်လိုက်ဆိုပြီး။




(ဥတွေကွဲကာမှ….)
စိုင်းခမ်းလိတ်သီချင်း စိုင်းထီးဆိုင်ဆိုတဲ့(သံလွင်ချောင်းခြား)နားထားလိုက်လို့ပြောရမယ် မှတ်တာပဲ။ သီချင်းက လူမျိုးစုတွေ တိုက်ရိုက်သွယ်ဝိုက် ၂ မျိုးလုံးခံစားနေရတဲ့ ပြည်တွင်းစစ်ကို မသိမသာလှစ်ပြတာ။ ချစ်သူ ၂ ယောက်ဆုံဖို့ သံလွင်မြစ်ကြီးခြားနေတာ။ မြစ်ရေတွေကုန်မှ ခမ်းမှပဲ တို့နှစ်ယောက်ဆုံခွင့်တွေ့ခွင့် ရတော့လေမလားဆိုတဲ့ကြောင့်ကြစိတ်ကို အရဖော်သွားတာ။ ခုပဲ ရွှေပြည်ကြီးက နိုင်ငံရေးဇ မသေးတဲ့ ထောင်ထွက်မတယောက်နဲ့ ရောက်တတ်ရာရာပြောရင်း ပြန်လာလည်ဖို့စိတ်ကူးမရှိဘူးလား..လို့မေးတယ်။ လည်ဖို့တော့ရှိတဲ့အကြောင်း ဒါပေမယ့်လောလောဆယ်မှတော့ မဖြစ်လောက်သေးကြောင်း။ ကျနော်ပြောတာတွေတွေ့ပြီး မောင်မျိုးချစ်နဲ့ မယ်သာကီတွေက ဓါးကြိမ်း ကြိမ်းနေကြကြောင်းပြောတော့ သူက "ခြေဥနဲ့ မျိုးဥတွေကွဲမှ ပြန်လာမှာပေါ့"လို့ပြောတယ်။ ဟုတ်ပါ့ သူပြောမှ။ အရင်ကဆို "နိုင်ငံရေးလေနဲ့ဝမ်းမကွဲတဲ့ကောင်"လို့ ပြောတတ်တယ်မှတ်လား...ရပ်ခံချက်နဲ့ အတွေးအခေါ်အရ အူကြောင်ကြားဖြစ်နေတယ် ဆိုရင်။ ခုက အဲ့သလိုလူမျိုးတွေ့ရင် "နိုင်ငံရေးခြေဥနဲ့မျိုးဥမကွဲတဲ့ကောင်"လို့များ ပြောင်းပြောရင်ကောင်းမလားပဲ။ နောက်တခုက
ခြေဥမျိုးဥကွဲကာခါ နီးရမလား ခြေဥမျိုးဥကွဲသွားမှ တွေ့ရမလားလို့ထင်တာပဲ။

(ပြောင်းချိုတွေအကြောင်း ပြန်ပြောင်းပြော)
တညလုံး မိုးလေးတစိမ့်စိမ့်နဲ့။ ပျိုရွယ်စဉ်ခါ ရွှေပြည်ကြီးမှာလိုဆို အိပ်ယာထဲကွေးပြီး စာဖတ်နေမိမလားပဲ။ ခုတော့ ကွေးဖို့နေနေသာသာ ကိုယ်တွေလက်တွေနာလို့ မနည်းကြီး ပြန်ဆန့်ဆန့်ယူနေရတယ်။ ဆေးတွေချည်းလှိမ့်သောက် လှိမ့်လိမ်းနေရတယ်။ အထူးသဖြင့် ဂျိုင်း။ ဂျိုင်းမှာမှ ထောက်စရာလက်ဖနောင့်မရှိတဲ့ ညာဘက်ဂျိုင်းက ပိုနာတယ်။ မနေ့က တနေကုန် နွားပွဲဈေးမှာ ခြေတိုမတတ် လမ်းသလားခဲ့တာ ပါတယ်။ တခါတခါ နာဖျားရိပ်ကလေးများသန်းရင် ခြေလက်ဖြတ်ထားတဲ့နေရာနဲ့ ဟို အမျိုးကောင်းသားတွေ နှိပ်စက်ဒဏ်ထိခဲ့တဲ့ခါးက နာတယ်။ ဒဏ်ပြန်ပေါ်တယ်ဆိုမလားပဲ။ လက်ကောက်ဝတ်နာက စာမရိုက်နိုင်။
ခုမနက်လင်းတော့ မိုးလေးစွက်စွက်အောက်မှာ မနေ့ကဝယ်လာတဲ့ကြက်သစ်လေးတွေနဲ့ ကြက်ဟောင်းတွေ အကြောင်းပေါင်းသင့်/မသင့် သွားကြည့်တော့ မဆိုးပါဘူး။ နည်းနည်းပါးပါး ဗိုလ်ကျတာကလွဲလို့ အေးဆေးပဲ။ ရှစ်စိတ်ကွဲပြောင်းဆန်နဲ့ ဥကြက်မစာ ရောသမပြီးကျွေးတော့ သိတ်မကြိုက်ဘူးလားမသိ မက်မက်စက်စက်စားတာမဟုတ် တို့ကနန်းဆိတ်ကနန်းလုပ်နေတယ်။
ပြောင်းဆန်ကျွေးရင်း ပြောင်းချို၊ု ပေအစိတ်ပတ်လည်တကွက်စာ ချထားတာ ဘယ့်နေတုန်းသိချင်တာနဲ့ အခင်းလေးဘက်သွားကြည့်တယ်။ ထွက်နေပြီ ပြောင်းပင်လေးတွေ စီရရီတန်းနေတာပဲ။ တမိုက်တောင်ကျော်ပြီ။
ဒီမှာ ပြောင်းကို အဓိကအားဖြင့် ၅ မျိုးခွဲတယ်။ မျက်စေ့တဆုံးမြင်ရတဲ့ကွင်းကျယ်ကြီးတွေထဲက လူ့ လက်တဖေါင်မကမြင့်တဲ့ ပြောင်းခင်းကြီးတွေက ပြောင်းက ပြောင်းကြမ်း။ ဒီမှာ Field corn လို့ခေါ်တယ်။ အဖူးထွားသလောက် အဆံကြီးတယ်။ တိရိစ္ဆာန်အစာနဲ့ ပြောင်းမှုန့်လုပ်တာမှာသုံးတယ်။ နောက်တမျိုးက ပြောင်းချို။ ဒီမှာ Sweetcorn လို့ခေါ်တယ်။ သူက လူစာသက်သက်ပဲ။ ပြုတ် ဖုတ် ကြော် စားတယ်။ အမှုန့်လုပ်ပြီး ကိတ်ဖုတ်တယ်။ တခြားလည်း အမျိုးမျိုးလုပ်စားကြတယ်။ နောက်တမျိုးက ပေါက်ပေါက်ဖေါက်တဲ့ပြောင်း။ သူ့ကို Popcorn လို့ခေါ်ပြီး ပြောင်းဖူးပေါက်ပေါက်ဖေါက်တဲ့နေရာမှာပဲသုံးတာ။ ပေါက်ပေါက်ကိုလည်း အနံ့အရသာအမျိုးမျိုးနဲ့ ဖေါက်စားတဲ့နေရာမယ် အမေရိကန်တွေလောက်စုံတာရှိပါ့မလားတောင် ထင်ရတယ်။ စားလည်း တကယ်စားတဲ့လူမျိုး။ ရွှေပြည်ကြီးမှာ ပြောင်းဖူးပေါက်ပေါက်ဆိုတာ ကျနော်တို့ငယ်ငယ်က ကလေးစာလေ။ ဒီမှာတော့ လူတကာစာ ဆိုပါတော့။ နောက်တမျိုးက ရွှေပြည်ကြီးမှာ ဟော်တယ်လ်ပြောင်းလို့ခေါ်တဲ့ ပြောင်းပိစိကွေးလေးတွေ။ သူ့ကြ အစေ့အဆန်စားတာမဟုတ်ပဲ တဖူးလုံးစားတာ။ အမယ် အစိမ်းလိုက် သုတ်စားတာတောင်ရှိသေး။ ကောင်းမှကောင်း ချိုမှချိုပဲ။ ပါးစပ်ထဲ ဝါးလိုက်ရင် ဂျိုးဂျိုးဂျွတ်ဂျွတ်လေးမို့ ကြက်ရိုးနုလေးများကိုက်ရသလို။ နောက်တမျိုးက Broom corn သူက တံမျက်စည်းလုပ်ဖို့ အိမ်ဧည့်ခန်းအလှဆင်ဖို့ စတာတွေမှာသုံးတာပဲ။ တံမျက်စည်းက ဗမာပြည်မယ် ကိုင်းတံမျက်စည်း မြက်တံမျက်စည်း အုန်းတံမျက်စည်း စသည်ဖြင့်ရှိသလို ဒီကိုတော့ ပြောင်းတံမျက်စည်းလို့ခေါ်မှသင့်မယ်ထင်တာပဲ။ ဒီ ပြောင်းတံမျက်စည်းကို မြို့ကြီးသူတွေမသုံးကြဘူး။ ဖုံစုပ်စက်နဲ့ ပလပ်စတစ်မွှေးတံမျက်စည်းနဲ့ပြီးကြတာမဟုတ်လား။ တောနယ်တွေမှာနဲ့
ခေတ်အသုံးအဆောင် လျှပ်စစ်မီးမသုံးတဲ့လူတွေဆီမှာတော့ အများဆုံးသုံးကြတယ်။ အရောင်စုံဆိုးထားတဲ့ ပြောင်းတံမျက်စည်းတွေက သိတ်လှတယ်။ နိုင်ငံခြားအိပ်စပို့တ်လုပ်တာ များတယ်။ နောက်ဆုံးတမျိုးက နှံစားပြောင်း။ သူ့ကြ အနှံကထွက်တဲ့ပြောင်းဆန်ကို လူလည်းစား လို့ရတယ်။ မုန့်တွေဘာတွေထဲလည်း ထည့်တယ်။ ကြက်စာလည်းလုပ်တယ်။ ဒါပေမယ့် များသောအားဖြင့် ငှက်စာကုမ္ပဏီကြီးတွေက ငှက်စာလုပ်ရောင်းတယ်။ နိုင်ငံခြားလည်း အိပ်စပို့တ်လုပ်တယ်။ ငှက်စာလုပ်ရောင်းတယ်ဆိုလို့ ပေါ့ပေါ့တော့မမှတ်လေနဲ့။ အဲ့ကုမ္ပဏီကြီးတွေက ဒေါ်လာမီလီယံချီကြီးကျယ်သလို ကိုယ်ပိုင်စိုက်ခင်း မြေဧကသိန်းချီပိုင်ပြီး သူများထွက်သမျှ ချုပ်ထားကြတာ။ ရွှေပြည်ကြီးမှာ ငှက်စာက ကျနော်တို့ငယ်ငယ်ကလိုဆို စပါးနှံလေးတွေကိုစုစည်းထားတဲ့ စပါးခက် အဖျားကားကားလေး။ အိမ်တံစက်မြိတ်မှာချိတ်လို့ မိုးလင်းမျိုးချုပ်စာကလေးတွေ တကျီကျီတကျာကျာနဲ့ တည်စည်ကားသကိုး။ နောက်ပြီး ဆူးလေလမ်းမကြီးပေါ်က မြို့တော်ခမ်းမရှေ့ကခိုတွေအတွက်တော့ ခိုစာက ကုလားပဲခြမ်း။ ခု ဆင်းရဲသားတွေတောင် ကုလားပဲစားနိုင်ဖို့ခက်နေပြီလား မပြောတတ်။ ပဲထဲမှာ ကုလားပဲက စားကောင်းသလို အာဟာရလည်းပြည့်ပြီး ဈေးလည်းသိတ်မှမကြီးပဲကိုး။ နောက်ပြီး အမျိုးမျိုးလုပ်စားလို့လည်း ရတယ်မဟုတ်လား။ ခုတော့ အမျိုးဘာသာ သာသနာ လူ့အကျင့်တန်တွေနဲ့ မင်းဆိုးမင်းညစ် ဘုန်းကြီးယုတ်တချို့မွှေးတဲ့မီးကြောင့် ကုလားဆိုတဲ့ မွန်မြတ်တဲ့အနက်အဓိပ္ပါယ်ပါ အသရေကင်းရပြီမဟုတ်လား။ ကုလားပဲခြမ်းလို့တောင် လူတွေခေါ်ကြသေးရဲ့လားမသိ။ အိမ်မှာတော့ အမေက ထမင်းကြမ်းခဲလေးတွေ အိုးဆေးပန်ကန်ဆေး ကပ်ကျန်ထမင်းစေ့လေးတွေ အမြဲတမ်းပက်ပက်ကျွေးတာမှတ်မိတုန်း။ ငှက်စာလို့ပြောရင် ဒါပဲမြင်တာ ဒီရောက်မှသိရတာ ဒီကစာကလေးတွေ ဆန်စေ့မစားတတ်ဘူး။ ထမင်းလုံးကတော့ ဝေလာဝေးပဲ။ အဲ..ပေါင်မုန့်ကတော့ ကြိုက်သလောက်ကျွေး ပြိုက်ကနဲပဲ။ မဖဲ့အားလို့ အလုံးလိုက်ကြီးပစ်ချလိုက်တောင် အုံခဲထိုးဆွပြီးစားပြစ်လိုက်တာများ မျက်စေ့အောက်တင် စက္ကန့်ပိုင်းအတွင်း ပျောက်ထွက်သွားတယ်။

ကျနော်စိုက်ထားတာက ပြောင်းချိုတွေ။ များတော့မများလှဘူး။ ပေအစိတ်ပတ်လည် အပင်နဲ့ဆို ၃ဝဝ လောက်ရှိမယ်မှတ်တယ်။ နည်းတော့လည်း သိတ်အနည်းကြီးမဟုတ်ဘူး။ ပြောင်းဖူးတွေမရင့်ခင်မှာချိုးပြီး ပြုတ်စားစား ဖုတ်စားစား ဘေးတိုက်ဒေါင်လိုက် ဓါးနဲ့လှီးလှီးချပြီး ကြက်သွန်နီလေးနဲ့ဆားလေးဖြူး ထောပတ်လေးဆီသတ်ပြီးကြော်စားစား စားကောင်းတယ်။ အချိုမှုန့်ထည့်ဖို့မလိုဘူး။ မွှေးပြီးချိုနေတာပဲ။ မနှစ်က သူများခြံမှာ ကိုယ်တိုင်ချိုးပြီးသွားဝယ်တာ တစ်ဒါဇင်ကို ၄ ဒေါ်လာပေးရတယ်။ ဒီနှစ်တော့ ဝယ်စားဖို့ မလိုတော့ဘူး။ ကိုယ်လည်းစားမယ်။ ချစ်သူခင်သူတွေလည်း ဝေတန်သလောက်ဝေမယ်။ စားလို့ ဝေလို့ပိုရင် ရောင်းမယ်။ ကြက်ကလေးတွေအစာ ပြောင်းကြမ်းရှစ်စိတ်ကွဲတွေ ပြန်ဝယ်ရမယ်။ သူက ပေါင် ၅ဝ ပါ တစ်အိပ်ကို ၁ဝ ဒေါ်လာလောက်ပေးရတယ်။ ပြန်တွေးကြည့်တော့ ကုန်ထုတ်လုပ်ငန်းဆိုတာ ဘာဆိုပြီး ရေးရေးထင်လာတယ်။ ဆန်နဲ့ဆေးလဲလှယ်တဲ့စနစ်ကိုလည်း ပိုသိလာသလိုပဲ။ ကျနော်လည်း ပြောင်းဖူးစိုက်တာပဲ။ ကျနော်လည်း ပြောင်းဆန်ဝယ်ရတာပဲ။

အင်း...ပြောရင်းနဲ့ ဟောဒီပိုင်းကပြောင်းဖူးပြုတ်ဆိုတဲ့အော်သံနဲ့အတူ အုပ်ထားတဲ့ပိတ်စကြီးများလှန်ထည့်လိုက်ရင် အငွေ့နဲ့အနံ့ တထောင်းထောင်းထွက်တဲ့ ပြောင်းဖူးပြုတ်တောင်းကြီး ခေါင်းရွက်လို့၊ မြင်လိုက်တိုင်း ခုပဲ ရေမိုးချိုး ဖီးလိမ်းပြီးထွက်သလာမျိုး အမြဲတမ်းသန့်ပြန့်နေတဲ့ခန္ဓာ ကြည်လင်နေတဲ့အပြုံး အေးချမ်းတဲ့မျက်နှာနဲ့ ရာသီပေါ်သွားရည်စာမှန်သမျှ ၁၂ ရာသီ လည်လည်ရောင်းတဲ့ ဘောလုံးကွင်းရပ်ကွက်က ဒေါ်လေးမသန်းစိန်ကို သတိရတယ်။ ခုလောက်ရှိ ဆုံးပြီမှတ်တယ်။ မချမ်းသာတဲ့တိုင်းပြည်က ဆင်းရဲသားတွေဆိုတော့ အသက်လည်း တိုကြတယ်မဟုတ်လား။


0 comments:

Post a Comment