Thursday, June 19, 2014

တမတ်သားကို မပြတ်သားရင် ခွေးကတက်မှာပဲနေရမယ် စိမ်းမြင့် (မန္တလေး)

0 comments
တမတ်သားကိုမပြတ်သားရင် ခွေးကတက်မှာ ပဲနေရမယ် စိမ်းမြင့် (မန္တလေး) (အဓိပတိဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

နိုင်ငံရေးအလုပ်တွင် သဘောထားကြီးတာတွေ၊ သဘောကောင်း တာတွေ၊မေတ္တာတွေစေတနာတွေ သည် တကယ်တမ်းလက်တွေ့ကျသောအရာတွေ မဟုတ်ဘဲ စိတ်ကူးယဉ်စံနှုန်းတွေ သာဖြစ်သည် ဆိုသောအချက်ကို  သမိုင်းတွင် အကြိမ်ကြိမ်အခါခါ သက်သေပြခဲ့ကြဖူးပြီ။ တကယ့်အရှိတရား၊ တကယ့်အဖြစ်တရားကို ရှိနေဖြစ်နေသည့်အတိုင်း ရှူမြင်၍ ဖြစ်သင့်ဖြစ်ထိုက်သော အရာကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားဆောင်ရွက်ရဲဖို့လိုအပ်သည်။ ဟိုလူ့မျက်နှာငဲ့ပြီး အမှန်တရားကို တဖဲ့ဖဲ့ပေးလိုက်ရ၊ ဒီလူစိတ်ဆိုးမှာစိုးသောကြောင့် အမှန်တရားကနေ တထစ်လျှော့လိုက်ရဆိုလျှင် စာရင်းချုပ်သောအခါ ငထွားသာ ခါးနာပါလိမ့်မည်။


ဆိုရှယ်လစ်စနစ်ကိုထူထောင်မည်ဆိုလျှင် ခွေးကတက်မှာပဲနေရ၊နေရဟု ဝိဓူရကြီးက ကြွေးကြော်ခဲ့ဖူးသည်။ နိုင်ငံရေးအရ သဘောထားကြီး ပြခြင်းဖြစ်သည်။ ကိုယ့်ဘက်ကနေအစွမ်းကုန် အလျှော့ပေးစေ့စပ်ခြင်းဖြစ်သည်။ သို့သော် လက်တွေ့ဖြစ်ရပ်များက ဘာကို သက်သေပြသွား ပါသနည်း။ ဝိဓူရကြီးသာ ခွေးကတက်မှာ တသက်လုံးနေသွားရသည်။ ဆိုရှယ်လစ်စနစ်ကား ဘယ်တော့မှဖြစ်မလာခဲ့ချေ။ သူ့စေတနာကား ဘာမျှ အဖတ်မတင်။ ဆိုရှယ်လစ်အတုအယောင်အောက်မှာ တိုင်းပြည်မွဲပြာကျသွားတာသာ အဖတ်တင်လေသည်။



ဖြစ်နိုင်ခြေရှိတာကိုလုပ်တာနိုင်ငံရေးဟု တချို့က ဆိုကြသည်။ တကယ်တော့ အလျှော့ပေးခိုင်းခြင်းသာ ဖြစ်သည်။ လျှော့လျှော့ပေါ့ပေါ့လုပ်ပါ။ ပေးသလောက်နှင့်ကျေနပ်ပါ။ ရနိုင်သလောက်သာယူပါဟု ပြောနေခြင်းဖြစ်သည်။ ထိုသို့ပေးသလောက်ယူတာကိုပင် လက်တွေ့ကျသည်ဟု ဆိုနေကြပြန်သေးသည်။ စင်စစ်တွင်မူ ပေးသလောက်နှင့်ကျေနပ်သောနိုင်ငံရေးသည် အချောင်သမားနိုင်ငံရေးဖြစ်သည်။ ခက်ခဲသည်ကို မလုပ်ချင်သောကြောင့် သို့မဟုတ် မလုပ်ရဲသောကြောင့် အလွယ်လမ်းလိုက်သော အချောင်သမားနိုင်ငံရေးဖြစ်သည်။ ထိုနိုင်ငံရေးသည် လက်တွေ့မကျရုံသာမက စိတ်ကူးယဉ်ဆန်လွန်းလှပါသည်။ ပေးသလောက်ယူ၊ ကျွေးသလောက်စား၊ ဖြစ်နိုင်ခြေရှိသလောက်ပဲလုပ်လျှင် အစစအရာရာ အဆင်ပြေလိမ့်မည်ဟု ချောမွေ့လိမ့်မည်ဟု စိတ်ကူးယဉ်မှန်းဆသောနိုင်ငံရေးဖြစ်သည်။ ကိုယ်ကအလျှော့ပေးလျှင် တဖက်ကလည်း ကိုယ့်စေတနာကိုသိပြီး လိုက်လျောလာမည်ဟု စိတ်ကူးယဉ်သောနိုင်ငံရေးဖြစ်သည်။ လက်တွေ့တွင်မူ ကိုယ့်ဘက်က တထစ်လျှော့သောအခါ သူ့ဘက်က တထစ်တိုးလာသည်ကိုသာ တွေ့ရမြဲဖြစ်လေသည်။ ဖြစ်သင့်ဖြစ်ထိုက်သောအရာကို မဖြစ်ဖြစ်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခြင်းသည်သာ လက်တွေ့ကျသောနိုင်ငံရေးဖြစ်သည်။



ဖြစ်နိုင်ခြေမရှိတာကိုမလုပ်နှင့်ဟု အုပ်စိုးသူကိုဖားပြီး ထိုနိုင်ငံရေးသမားတို့က ရှေ့နေလိုက်ကြသေးသည်။ အကယ်စင်စစ် အုပ်စိုးသူတို့က မပေးချင်သောအရာကို မဖြစ်နိုင်ဟုစာကပ်ပြီး ရှေ့မတိုးဖို့သတိပေးနေခြင်းသက်သက်သာ ဖြစ်ပါသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းပွင့်တို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လူထုအားနှင့် စည်းရုံး ဆောင်ရွက်လာတာ တွေ့ရသည်။ နိုင်ငံရေးမှာလူထုကို ပါဝင်ခွင့်ပေးလာသည့်အတွက် ကျေးဇူးတင်ပါသည်။ နိုင်ငံရေးတွင် လူထု၏အခန်းကဏ္ဍကိုအသိအမှတ် ပြုလာသည့်အတွက် အားတက်စရာဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံရေးဆိုသည်မှာ လူထုကိုယ်တိုင်ပါဝင်ဖို့လိုပါသည်။ လူထုကိုယ်တိုင်မပါဝင်၊ မလှုပ်ရှားဘဲနှင့် ဒီမိုကရေစီနိုင်ငံရေးမဖြစ်နိုင်ပါ။



လူထုကိုယ်တိုင်ပါဝင်ဖို့ အဘယ်ကြောင့်လိုအပ်ပါသနည်း။

ပထမအချက်မှာ လူထုကသာ တကယ်တမ်း အပြောင်းအလဲကိုဆောင်ကြဉ်းနိုင်မည့်အင်အားရှင်ဖြစ်သောကြောင့် လူထုပါဖို့ မဖြစ်မနေ လိုအပ်ပါသည်။ ထိုမျှသာ မကသေး။ လူထုကိုယ်တိုင်ပါဝင်ဖို့ အရေးကြီးသောနောက်ထပ်ဒုတိယတချက် ရှိပါသေးသည်။ လူထုကိုယ်တိုင် ပါဝင်လှုပ်ရှားခြင်းအားဖြင့် လူထုကို မျက်စိဖွင့်နားဖွင့်ပေးရာရောက်သည်။ လူထုကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းအားဖြင့် လူထုကို ယုံကြည် ခိုင်မာစေ(confidence ရှိစေ)သည်။ လူထုကို နိုင်ငံရေးနားလည်တတ်ကျွမ်းစေသည်။ လူထုလှုပ်ရှားမှုဟူသောနည်းလမ်းဖြင့် လူထုကို သင်ကြားပေးခြင်းလည်းဖြစ်သည်။ တတိယတချက်မှာ ပို၍ပင်အရေးကြီးပါသေးသည်။ လူထုကိုသင်ကြားပေးရုံသာမက လူထုဆီမှ နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်များက သင်ယူကြဖို့လိုပါသည်။ လူထုနှင့်အတူလှုပ်ရှားမှ လူထုနှင့်အတူအလုပ်လုပ်မှသာ ထိုကဲ့သို့ သင်ယူနိုင်သောအခွင့်အရေးကို ရနိုင်ပါသည်။ လူထုနှင့်အတူရှိခြင်းအားဖြင့် လူထု တကယ်လိုအပ်သောအရာမှာ ဘာဟု သိလာနိုင်ပါသည်။ လူထုသည် ဘယ်အခါတွင်ယုံကြည်တက်ကြွ၍ ဘယ်အခါတွင်စိတ်ပျက်တတ်သည်ကို သိနိုင်ပါသည်။ လူထုသည် ဘယ်သောအခါတွင် ဖြိုဖျက်မရနိုင်သောအင်အားအဖြစ် စုစည်းမိလာသည်ကို သိနိုင်ပါသည်။ ထို့အပြင် အုပ်စိုးသူက အကြမ်းမဖက်နိုင်အောင်၊ အုပ်စိုးသူက အာဏာမသုံးနိုင်အောင် ဘယ်လိုတားဆီးရမည်ဆိုသည်ကို လူထုကသာသိပါသည်။ အုပ်ချုပ်သူ၏သေနတ်ကနေ ကျည်ဆံမထွက်အောင် ချုပ်ထားနိုင်သောနည်းကို လူထုကသာသိပါသည်။ လူထုဆီကမသင်ယူဘဲနှင့် မသိနိုင်ပါ။



ကျွန်တော်တို့နိုင်ငံတွင် အပေါ်ကသာလှုပ်ပြီး အောက်ကမလှုပ်သောနိုင်ငံရေးကို မြင်တွေ့နေရသည်မှာ ကြာလှပါပြီ။ အပေါ်ကသာရွေ့ပြီး အောက်ကမရွေ့သောနိုင်ငံရေးကို မြင်နေရသည်မှာ ကြာလှပါပြီ။ ထိုသို့ အပေါ်ကလှုပ်သောနိုင်ငံရေးသည် အထူးပုဂ္ဂိုလ်တို့၏နိုင်ငံရေး(elite) နိုင်ငံရေး ဖြစ်ပါသည်။ ယခုအခါ အောက်လှုပ်လာတာကို စတင်မြင်တွေ့ရခြင်းဖြစ်ပါသည်။ ထို့အတွက် အားတက်စရာဟု ဆိုချင်ပါသည်။ သို့သော် ကျေနပ်လောက်သည်ဟုကား မဆိုချင်ပါ။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းပွင့်တို့၏ဦးဆောင်မှုသည် မဝံ့မရဲအဆင့်မှာသာ ရှိနေသေးသည်။ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသေးသည်။ ထို့ကြောင့် ကျေနပ်ဖွယ်မဟုတ်ဟု ဆိုချင်သည်။ ဘာ့ကြောင့် မဝံ့မရဲဟု ဆိုရပါသနည်း။ တအုပ်လုံးမကောင်းသော၂ဝဝ၈ အခြေခံဥပဒေကြီးကို တချက်ချင်းပြင်ဖို့ကြိုးစားနေသောကြောင့် မဝံ့မရဲသွေးတိုးစမ်းနေသောအဆင့်သာရှိသေးသည်ဟု ဆိုခြင်းဖြစ်ပါသည်။ တအုပ်လုံးမကောင်းသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း သိပါသည်။ သိသောကြောင့် ပြင်ရမည့်အချက် ၁၆၈ ချက်ကို ကြေညာထားတာကိုလည်း တွေ့ရပါသည်။ ၁၆၈ ချက် မကောင်းမှန်းသိပါလျှက်နှင့် ဘာ့ကြောင့် တချက်ချင်းပြင်ချင်နေပါသနည်း။ ဘာ့ကြောင့် အချိန်ဆွဲချင်ပါသနည်း။ ဘာ့ကြောင့် တွန့်ဆုတ်နေပါသေးသနည်း။ အုပ်စိုးသူတို့ငြိုငြင်မှာကို စိုးရိမ်နေသေးသောကြောင့်ဖြစ်ပါသည်။ အလုပ်မဖြစ်နိုင်မှန်းသိပြီးဖြစ်သောလွှတ်တော်နိုင်ငံရေးကို လက်မလွှတ်ဝံ့သေးသောကြောင့် ဖြစ်ပါသည်။



တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးသည် အမှန်တကယ်သတ္တိရှိသောနိုင်ငံရေး မဟုတ်သေး။ မင်းသားချော့ပြီး ထိုးကွင်းထိုးနေသောအဆင့်သာရှိသေးသည်။ မင်းသားက ကြောက်နေသည်။ ဒေါ်စုက စိန်ခေါ်သော်လည်း ထိုးကွင်း မထိုးရဲ။ ဒေါ်စုကလည်း မင်းသားကိုဖမ်းချုပ်ပြီး ထိုးကွင်းမထိုးရဲသေး။ ချော့နေသောအဆင့်သာရှိသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးသည် လူထုပါဝင်လာသောကြောင့် အဆင့်မြင့်လာသည်။ သို့သော် တကယ်တမ်း အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်သောအခါတွင်မူ လွှတ်တော်ထဲပြန်လှည့်ရဦးမည်ဆိုသောကြောင့် နိမ့်မြဲ နိမ့်နေပြန်သေးသည်။ တွေဝေမြဲ တွေဝေနေသေးသည်။



လွှတ်တော်သည် တဆင့်ခံဒီမိုကရေစီဖြစ်သည်။ လူထုကိုယ်စားလှယ်ဖြစ်သည်(မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်ထားလျှင်)။ လူထုသည် တိုက်ရိုက် ဒီမိုကရေစီဖြစ်သည်။ လူထုကိုယ်တိုင်က သူ့သဘောထားကို ရှင်းရှင်းလင်းလင်းပြသပြီးဖြစ်ပါလျှက် ဘာ့ကြောင့် သူ့ကိုယ်စားလှယ်ဟုဆိုသောလွှတ်တော်ဆီ တခါပြန်သွားရဦးမည်နည်း။ ဒါဒီမိုကရေစီ မဟုတ်။ ဗျူရိုကရေစီဖြစ်သည်။ တကယ်တော့ ထိုလွှတ်တော်၊ ထိုကိုယ်စားလှယ်တို့နှင့် အလုပ်မဖြစ်နိုင်သည်ကိုလည်း သိပြီးဖြစ်သည်။ ဘာ့ကြောင့် ပြန်ကွေ့နေဦးမည်နည်း။ ကွေ့နေ ဝိုက်နေသည်မှာ မဆုံးနိုင်။ ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေဝေနေဆဲအချိန်တွင် ပြတ်သားသောနိုင်ငံရေး လက်တွေ့ကျသော နိုင်ငံရေးဆိုတာ ဘာဟု အုပ်စိုးသူကြံ့ခိုင်ရေးတို့က ပြလိုက်ပါသည်။ မည်သို့ပြလိုက်ပါသနည်း။ အခြားမဟုတ်။ လွှတ်တော်တွင် ပီအာစနစ်ကို အဆိုတင်သည့်နည်းဖြင့် ပြလိုက်ခြင်းဖြစ်ပါသည်။ (ဘယ်ပါတီဝင်အမတ်က တင်သည်က အကြောင်းမဟုတ်ပါ။ အကျိုးအရှိဆုံးသူမှာ လက်ရှိအုပ်စိုးသူ ကြံ့ခိုင်ရေးပါတီသာ ဖစ်သောကြောင့် ကြံ့ခိုင်ရေးပါတီကစီစဉ်သော အစီအစဉ်ဟုသာ မှတ်ယူပါသည်)



ပီအာစနစ်သည် အဘယ့်ကြောင့် ကြံ့ခိုင်ရေးပါတီအတွက် အကျိုးအရှိဆုံးဖြစ်သည်ဟူသောအချက်ကို အောက်ကြေးသမားအကြံ ပီအာသံညံ ဟူသောဆောင်းပါးတွင် ကျွန်တော် တွက်ချက်ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ မဖတ်ရသေးလျှင် ပြန်ဖတ်ဖို့တိုက်တွန်းချင်ပါသည်။



ပီအာစနစ်ဘယ်လောက်ကောင်းကြောင်း သူ့ရှေ့နေများက နည်းမျိုးစုံဖြင့် ရှင်းလင်းကြပါသည်။ ဘယ်နိုင်ငံတွေမှာ ဘယ်လောက် သုံးနေပြီဖြစ်ကြောင်းလည်း ပြောကြပါသည်။ အခွင့်အရေးတူလျှင်၊ ကွင်းညီလျှင် (level playing field) ဆိုလျှင် ဘာစနစ်ဖြစ်ဖြစ် အကြောင်း မဟုတ်ပါ။ အခွင့်အရေးမညီသောကြောင့် ဆိုးနေခြင်းဖြစ်သည်။ ယခုအုပ်စိုးသူ ကြံ့ခိုင်ရေးတို့ဘက်တွင် သေချာပေါက်ရပ်တည်သော စစ်တပ်ကိုယ်စားလှယ် ၂၅ % သည် မဲအသာစီးယူထားသော တဖက်စောင်းနင်းအခြေအနေကြီး ဖြစ်ပါသည်။ သမ္မတရွေးသောအခါ ထို ၂၅% က ဒုတိယသမ္မတ တယောက်ရွေးခွင့်ရှိနေပါသည်။ ဒုတိယသမ္မတ သုံးယောက်ထဲကနေ သမ္မတကိုမဲပေးရွေးချယ်သောအခါ ထို စစ်တပ်ကိုယ်စားလှယ် ၂၅% ၏မဲသည် အလွန်ပင်အချက်ချာကျသော အဆုံးအဖြတ်ပေးနိုင်သော မဲများဖြစ်ပါသည်။ ထိုသို့ တဖက်သတ် အသာစီးယူထားသောအခြေအနေနှင့် ပီအာစနစ်ပေါင်းလိုက်လျှင် ကြံ့ခိုင်ရေးပါတီနှင့် စစ်အုပ်စုများမှာရွေးကောက်ပွဲ မဝင်ခင်ကပင် သေချာပေါက်အနိုင်ရပြီး ဖြစ်သွားပါပြီ။



အဘယ်ကြောင့် သေချာပေါက်အနိုင်ရပြီးဖြစ်ကြောင်းကို အောက်ကြေးသမားအကြံ ပီအာသံညံ ဆောင်းပါးတွင် ကိန်းဂဏန်းဖြင့် အသေအချာ တွက်ပြထားပြီးဖြစ်ပါသည်။ ပီအာစနစ်သည်ပါတီတခုနှင့်တခု မဲအပြတ်အသတ် အသာစီးမရနိုင်သောစနစ်ဖြစ်ပါသည်။ အရင်က ကျွန်တော်တို့ ကျင့်သုံးသော နိုင်သူယူစတမ်းမဲစနစ်မှာ မဲဆန္ဒနယ်တခုတွင် မဲရေတွက်ပြီးလျှင် ရှူံးသောသူ၏မဲများမှာလုံးဝ အဟောသိကံဖြစ်သွားသော စနစ်ဖြစ်သည်။ အခုပီအာစနစ်ကတော့ ရှူံးမဲတွေကိုပြန်စုပြီး အကျိုးခံစားစေသောနည်းဖြစ်သည်။ ထို့ကြောင့် မဲများများစားစား မပြတ်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် တစညသည် နိုင်သူယူစနစ်အရ အပြတ်အသတ်ရှူံးသည်။ အကယ်၍ ပီအာစနစ်သာသုံးခဲ့မည် ဆိုလျှင် နေရာတော်တော်များများရနိုင်သည့်အခွင့်အရေး ရှိသည်။ (ကျွန်တော်၏ အောက်ကြေးသမား အကြံပီအာသံညံကို ပြန်ဖတ်ဖို့ ထပ်မံတိုက်တွန်း ချင်ပါသည်) ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ပီအာစနစ်ကိုသာကျင့်သုံးလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသည့်တိုင်အောင် ကြံ့ခိုင်ရေးအတွက်ကလည်း သူတို့ရှူံးမဲတွေကိုပေါင်းလိုက်လျှင် တော်တော်တန်တန်စုမိမည်မှာ သေချာသည်။ ထိုရှူံးမဲများနှင့်အလကား ရထားသော ၂၅%ကို ပေါင်းလိုက်လျှင် စစ်အုပ်စု၏မဲအရေအတွက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် သေချာပေါက်သာပါလိမ့်မည်။ ဒီချုပ်က နိုင်/ရှူံး ဖြစ်ပြီး ကြံ့ခိုင်ရေးက ရှူံး/နိုင်ဖြစ်သွားလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် သမ္မတမှာ စစ်အုပ်စုကလူသာလျှင် သမ္မတဖြစ်ပါမည်။ သမ္မတကသာ အစိုးရတခုလုံးကို ဖွဲ့ခွင့်ရပါမည်။ တကယ်တော့ အစိုးရမှာသာနိုင်ငံရေးအာဏာရှိပါသည်။ လွှတ်တော်က လေထိုးလေလျော် လောက်သာ တတ်နိုင်ပါသည်။



ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်

၁။ ပီအာစနစ်ကို ရအောင်တားနိုင်လျှင်တား

၂။ ပီအာကိုမှ မတားနိုင်လျှင် မတရားအသာစီးယူထားသော မဲတမတ်သားကိုပြတ်ပြတ်သား ကန့်ကွက်ဖျက်သိမ်းနိုင်ဖို့ ကြိုးစားရပါလိမ့်မည်။



အထက်ပါနှစ်ချက်တွင် တချက်ကိုမှ မပြင်နိုင်၊ မတားနိုင်လျှင်၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မပြိုင်ခင်ကပင် ရှူံးနေပြီဟု ဆိုချင်ပါသည်။



ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို သူများထက်အခွင့်အရေးပိုမယူဖို့ စိန်ခေါ်သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စိန်ခေါ်ချက်ကို တပ်မတော်အပါအဝင်ဖြစ်သော စစ်အုပ်စုဟောင်းသစ်တို့ကပေးလိုက်သောအဖြေမှာ ပီအာပင် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က အခွင့်အရေးပိုမယူဖို့စိန်ခေါ်ချက်ကို ရသမျှအခွင့်အရေးအကုန်ယူမည်ဟု အဖြေပေးလိုက်ခြင်းဖြစ်ပါသည်။ သူတို့အဖြေမှာ အလွန်ပြတ်သားပါသည်။ အလွန်လက်တွေ့ကျပါသည်။ အခွင့်အရေးကို တကယ်ပြတ်ပြတ်သားသားလုပ်ပြီးတကယ် ပြတ်ပြတ်သားသားယူတာထက် ဘာကများပိုပြီး လက်တွေ့ကျနိုင်ပါဦးမည်နည်း။



ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် သူပြတ်သားသလို ကိုယ်ဘက်ကလည်း ပြတ်သားဖို့အချိန်တန်ပြီ ဖြစ်ပါသည်။ မပြတ်သားလျှင် ခံရပါတော့မည်။ အခြေအနေကား မင်းသားချော့ ထိုးကွင်းထိုးနေရမည့်အချိန် မဟုတ်တော့။ လက်တွေ့ကျသောနိုင်ငံရေးကို လုပ်ပြရတော့မည့်အချိန် ဖြစ်သည်။ တမတ်သားကို မပြတ်သားလျှင် ခွေးကတက်မှာ တသက်လုံးပျော်ပိုက်ရပါတော့မည်။



အချိန်က သိပ်မရတော့။ နည်းနည်းပင် နောက်ကျနေပါပြီ။ ယခုဆိုလျှင် အမျိုးသားလွှတ်တော်ကပင် ပီအာကို အတည်ပြုလိုက်လေပြီ။ ပြည်သူ့လွှတ်တော်တွင်လည်း အဆိုတင်နေလေပြီ။

စာရေးဆရာကြီး Mark Twain ၏ အောက်ပါစကား တခွန်းကိုသာ သတိရမိပါတော့သည်။

“သစ္စာက ဖိနပ်စီးနေချိန်တွင် မုသားက ကမ္ဘာတပတ်ပတ်နေလေပြီတကား။”

စိမ်းမြင့် (မန္တလေး)

ယူတာက ဒီနေရာကပါ https://www.facebook.com/same.myint



0 comments:

Post a Comment