Tuesday, June 24, 2014

အသွားစေခိုင်းသူ မင်းဧကရာဇ် (ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက်မှ)

0 comments
အသွားစေခိုင်းသူ မင်းဧကရာဇ်
မဟာသန္တိသုခအရေးနဲ့ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့မကျေနပ်မှု ပိုပိုပြီး တိုးပွားများပြားလာတာနဲ့အမျှ အစိုးရကလည်း ဓားစားခံတွေကို တယောက်ပြီးတယောက် ဆွဲထုတ်အရေးယူနေတယ်။ တရားခံလက်သည်အစစ်ကို ဖုံးဖိဖျောက်ဖျက်ပေးဖို့ ဝိုင်းကူကြိုးပမ်းနေသူတွေဟာ ဘယ်သူက ဘာလဲဆိုတာ ပိုမိုသဲကွဲစွာမြင်လာရချိန်ဖြစ်တယ်။
အခု ဦးအံ့မောင်ကို ဓားစာခံအဖြစ်ထိုးကျွေးချင်တဲ့သဘောမျိုးလည်း တွေ့လာရတယ်။
ဦးဆန်းဆင့်က တရားခံလား။
ဦးအံ့မောင်က တရားခံလား။
ဆန္ဒန်ဆင်မင်း ဝတ္ထုကို သွား သတိရမိတယ်။
မှတ်မိသလောက် (အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး ဤသုံးဦးသားအနက်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေစေတော့ဟု) ဆိုတဲ့စကားကို မုဆိုးပြောစကားအနေနဲ့ ရေးထားတယ်။
ဦးပုည ခွဲခြမ်းစိတ်ဖြာတဲ့နည်းလိုပဲ နိုင်ငံရေးမှာ ဓားစာခံအဖြစ်ဆွဲထုတ်အသတ်ခံလိုက်ရတဲ့အခိုင်းခံရသူတွေနဲ့ ပင်မလက်သည်တရားခံ ခွဲကြည့်ကြဖို့လိုတယ်၊
မဟာသန္တိသုခအရေးမှာသာမက လက်ပံတောင်းအရေးလိုကိစ္စအပါအဝင် ဘယ်အရေးကိစ္စမှာမဆို မြန်မာပြည်ရဲ့နိုင်ငံရေး အရေးကိစ္စတွေမှာ အဓိကတရားခံ စစ်အစိုးရဟာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်စွပ်စွဲလာမယ့်အရိပ်အခြေမြင်ရင် သူ လက်သတ်မွေးထားသူ တွေကိုပဲ တရားခံအဖြစ်ဆွဲထုတ်ကာ (သုဿန်ထုတ် ဓားခုတ်သတ်စေ)လုပ်ခဲ့တာချည်းပဲ။ ကိုယ်မွေးထားတဲ့သူပဲဆိုပြီး ညှာလိမ့်မယ်မထင်နဲ့။
အရေးအခင်း အမှုကိစ္စတွေမှာ သူတို့ဘယ်လိုပဲ ဖုံးဖုံး၊ ပြည်သူ့ဘက်တော်သားတွေကတော့ နောက်ကွယ်က တရားခံအစစ်အမှန်ကို တန်းခနဲမြင်တာချည်းပါပဲ။ ပြည်သူ့ခုံရုံး မတင်နိုင်သေးတဲ့ကာလမို့ တရားခံကို ကုပ်ဆွဲပြီးထုတ်မပြနိုင်သေးဘူးပေါ့။
နောက်တချက်က ဆန္ဒန်ဆင်မင်းကိုသတ်ရာမှာ ကျင့်သုံးတဲ့နည်းဗျူဟာကို စစ်အစိုးရကျင့်သုံးချင်နေတာကိုလည်း သတိပြုသင့်တယ်။
သားသတ်မုဆိုးက ဘုရားလောင်းဆန္ဒန်ဆင်မင်းကိုသတ်ဖို့ သင်္ကန်းကိုယူသွားပြီး သင်္ကန်းခြုံလိုက်တာပဲ။ သူ့ကို ဆန္ဒန်ဆင်မင်က
အစွယ်နဲ့ထိုးသတ်မယ်လုပ်တော့လဲ အစွယ်ပေါ် သင်္ကန်းပစ်တင်ပေးလိုက်တာပဲ။
ဘုရားအလောင်းသူမြတ်ကောင်းကို ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေး၊ ဟောင်းသည့်ခွေး-ဆိုပြီး မုဆိုးကိုပြစ်တင်ရှုတ်ချတဲ့စကားကိုလည်း သတိရမိပြန်တယ်။
ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေးပြီး ဟောင်နေကြတာတွေရော၊ သားသတ်မုဆိုးလိုပဲ သင်္ကန်းခြုံပြီး သားသတ်နေကြတာတွေရော ဒီကနေ့ တွေ့နေရပြီ မဟုတ်လား။
ဒီနေ့ ဗမာပြည်ပြဿနာက ပိုဆိုးတယ်။
သံဃာထုကြီးတရပ်လုံးကို ဖြိုခွဲချေမှုန်းဖို့အတွက် သားသတ်မုဆိုးတွေရဲ့လက်ထဲ ဧကရာဇ်က သင်္ကန်းတွေထုတ်ပေးပြီး အယုတ်မာဆုံးနည်းလမ်းတွေနဲ့ ခိုင်းစေထားတာကြောင့်ပဲ။
(ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတာဖြစ်ပါတယ်)

0 comments:

Post a Comment