Wednesday, June 18, 2014

၂ဝ၁၄ ဇွန် တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဇွန် တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

(ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်နေခြင်း)
ခင်ဗျားလွတ်လပ်ခွင့်ကို
ကျနော်အသက်ပေးကာကွယ်မယ်လို့
တခါမှ ပြောမိမမှားဘူး
ခင်ဗျားရနေတဲ့လွတ်လပ်ခွင့်ဟာ
ခင်ဗျားအသက်ပေးခဲ့ရတာမဟုတ်ဘူးဆိုရင်တောင်
အသက်နဲ့လဲပြီးကာကွယ်ရမှာက
ခင်ဗျားကိစ္စ

ကျနော့်လွတ်လပ်ခွင့်ကို
ခင်ဗျားအသက်ပေးကာကွယ်ပါလို့
တခါမှ တောင်းမိမမှားဘူး
ကျနော်ရနေတဲ့လွတ်လပ်ခွင့်ဟာ
ကျနော့်တစ်ဘဝစာနဲ့အလဲအထပ်လုပ်ခဲ့ရတာမဟုတ်ဘူးဆိုရင်တောင်
ဝင်သက်ထွက်သက်နဲ့အမျှကာကွယ်သွားရမှာက
ကျနော့်ကိစ္စ

စိတ်ချ

(သန္တိဒုက္ခ)
သိန်း ၈သောင်းနဲ့ သိန်းပေါင်း တစ်သိန်းနှစ်သောင်းကြားတန်တဲ့
ဝင်ငွေသောက်သောက်လဲရပြီး
စီးပွားဖြစ်နေတဲ့ဘုန်းကြီးကျောင်းမပြောနဲ့
ဖျာတချပ်စာမြေကွက်၊
လေးတိုင်စင်သာသာကျောင်းသင်္ခန်း၊
၎ အိမ်တန်းက ဒကာ/ဒကာမ။ မြေလု ကျောင်းလု လူလု လုရင်း
လူသတ်မှုနဲ့ထောင်ကျလာတဲ့ဘုန်းကြီးတွေ ထောင်ထဲမှာဆုံခဲ့ဖူးတယ်။
ခု ဒီကျောင်းကြီးလုတာမြင်တော့ ဘာမှမဆန်းဘူးလို့တော့ မထင်ဘူး။
ဒီလုယက်မှုဟာ မြေယာ၊ ဓနဥစ္စာအသပြာနဲ့ ဒကာဒကာမလုပွဲသက်သက်မျှဆို မဆန်းဘူး။
ခု လုယက်သိမ်းပိုက်မှုဟာ နိုင်ငံရေးအရအလဲထိုးတဲ့ပွဲ။
ပီနန်ဘုန်းတော်ကြီးဟာ ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုနဲ့အတူ
ကမ္ဘာသိပေါ်ထွန်းလာတဲ့
စစ်အာဏာရှင်ဆန့်ကျင်စိတ်ရှိတဲ့
နိုင်ငံတကာရောက်
စစ်အာဏာရှင်ဆန့်ကျင်ရေးမြန်မာ့အင်အားစုတွေနဲ့
အချိတ်အဆက်ရှိရုံမက
တခဲနက်ကြည်ညိုလေးမြတ်ခြင်းပါရရှိထားတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့ပဲ။

(ပြင်တော်မူဖို့ စာကိုချီတယ်)
ပြင်တော်မူကိုကိုကြီးတို့ ၈၈-ငြိမ်း/ပွင့်နဲ့ ယုံတော်မူဒေါ်စုရဲ့အင်န်အယ်လ်ဒီတို့ လွှတ်တော်ထဲကနေ ၄၃၆ ပေါင်းပြင်ရေးဇယား ခဏထားဦး။ ၅၉(စ)ကို မပြင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးလွှတ်တော်ကော်မတီက မဲခွဲဆုံးဖြတ်လိုက်ပြီ။
တပြိုင်တည်းမှာပဲ PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားလှယ်စနစ်ကို အတည်ပြုလိုက်ပြီ။ ဆိုတော့........စကားနာတွေ ခနိုးခနဲ့တွေ......နဲ့ စစ်အုပ်စု ညစ်တာ ကတိမတည်တာ နိုင်ငံရေးကလိန်ခြုံတဲ့အကြောင်းတွေကတော့ တော်လောက်ပါပြီ။
တူတဲ့အကျိုးစီးပွားကို နည်းနာခွဲပြီးဆန့်ကျင်သူတွေမှာ ဘယ်သူကအပျော့ ဘယ်သူကအမာ ဘယ်သူကပြင်ဆင်လိုသူ ဘယ်သူကမပြင်ဆင်လိုသူဆိုပြီး ခွဲပြနေတာကြည့်ပြီး ကာ/လုံအစည်းအဝေးမှာ ရယ်ပွဲဖွဲ့နေမှာမြင်ယောင်တယ်။
အကျိုးစီးပွားလို့ဆိုရာမှာ
ရှိနေတဲ့စည်းစိမ်ဓနနဲ့အာဏာကို ထိမ်းသိမ်းချဲ့ထွင် ဆက်ခံသွားဖို့လောက်တင်မက တိုင်းပြည်နဲ့လူထုအပေါ် ကျူးလွန်ခဲ့သမျှရာဇဝတ်မှုတွေကနေ ကိုယ့်ဘာသာလွတ်ငြိမ်းချမ်းသာခွင့်ယူထားတဲ့အချက်လည်းပါတယ်။
ဆိုတော့
၂ဝဝ၈ ဖွဲ့စည်းပုံဟာ သူတို့ရဲ့အသက်ဗူး သူတို့ရဲ့ဓနစည်းစိမ်ရဲ့အာမခံချက်ပဲ။
၂ဝဝ၈ နဲ့ အလုပ်ဖြစ်နေသေးသရွေ့
၂ဝဝ၈ နဲ့ဆက်သွားနေမှာပဲ။
၂ဝဝ၈ နဲ့အလုပ်မဖြစ်တော့ရင်
၂ဝဝ၈ ထဲမှာပါတဲ့အတိုင်း အစိုးရက ကာချုပ်လက်ထဲတိုင်းပြည်ကို ထိုးအပ်လိုက်မှာပဲ။
ဒါလည်း ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အညီပဲ။
ခုထိတော့ ၂ဝဝ၈ နဲ့အလုပ်ဖြစ်နေသေးတယ်။

(ဘုန်းကြီးကို ဘုန်းကြီးနဲ့ကိုင်ခြင်း)
စစ်တပ်ကိုင်ပြီး လူထုကိုဖိနှိပ်ချင်ရင် စစ်တပ်ကို အရင်ဖိနှိပ်ပြစ်ရတယ်။ မျက်မွှေးထော်မော်ကြည့်ဝံ့တဲ့ကောင် တကောင်တမြီးမှမကျန်တဲ့အထိ ဖိထားနိုင်လေလေ လူထုကိုပြားနေအောင် နင်းထားနိုင်လေလေပဲ။ ဒါပေမယ့် လူထု(လူတွေ)ထဲမှာက တော်လှန်တဲ့အတွေးအခေါ်ပေါက်ဖွားဖို့ ရေခံမြေခံကရှိတယ်။ မခဲယဉ်းဘူး။ ကြာကြာဖိထားလို့တော့မရဘူး။ ဒါ ကမ္ဘာ့သမိုင်းသက်သေပဲ။ ကျေးပိုင်ကျွန်ပိုင်ခေတ်ကနေ ဒီနေ့အထိ လူ့သမိုင်းဟာ မဆုတ်စတမ်း ရှေ့ကိုချီတက်ခဲ့တာ ငြင်းမရဘူး။

အဲ့ဒီပုံသေသဘောနဲ့ ရွှေပြည်ကြီးက စစ်အုပ်စု ဘုန်းကြီးတွေအပေါ်ကိုင်တွယ်ပုံကို သတ္တုချကြည့်တော့ တထေရာတည်းဖြစ်နေတာတွေ့ရတယ်။ ဘုန်းကြီးကိုင်ဖို့ ဘုန်းကြီး အရင်ပြန်နှိပ်ကွပ်တာပဲ။ ၂ဝဝ၇ ရွှေဝါရောင်ထိုးချက်ဟာ စစ်အုပ်စုရဲ့
အရှိုက်တည့်တည့်မိသွားတဲ့ အသက်ထွက်လုလုပြင်းတဲ့ ထိုးနှက်ချက်ပဲ။
ပီနန်ဘုန်းတော်ကြီးဟာ အဲ့ဒီလှုပ်ရှားမှုနဲ့အတူ နိုင်ငံတကာမှာထွန်းတောက်လာတဲ့ ပုံရိပ်ပဲ။
ခု ပုံရိပ်နဲ့ ရွှေဝါရောင်ရဲ့ဂုဏ်သိန်ကို ၉၆၉ လှုပ်ရှားမှု မဘသအရေးတော်ပုံ
မျိုးစောင့်ဥပဒေစတာတွေနဲ့ အပင်းသွင်းလိုက်တာ ရစရာမရှိအောင်ပျက်စီးသွားပြီ။ ကမ္ဘာပုံအလည်မှာထည်ဝါခဲ့ဖူးတဲ့ ဗမာ့ထေရဝါဒဗုဒ္ဓသာသာနာဟာ
အကြမ်းဖက်ပုံရိပ်မှာ တစိတ်တပိုင်းနစ်မွန်းသွားခဲ့ပြီ

၁၉၈ဝ သာသနာတော် သန့်ရှင်းတည်တန့်ပြန့်ပွားရေး ကနေစလို့ ဘောင်းတော်ညှိတ်စိတ်တော်သိ ဘုန်းကြီးတွေနဲ့ဂိုဏ်းဂဏတွေကိုင်ပြီး အယူတူချင်းပြန်နှိပ်ကွပ်သင်းခွဲလာခဲ့တာ ခု ၉၆၉ တို့ မဘသတို့လို လက်မရွံ့အကြမ်းဖက်ဂိုဏ်းသားတွေ အောင်သေအောင်သားစားတဲ့အထိပဲ။

ကိုယ့်ကိုဖိနှိပ်နေသူကို ပြန်တွန်းလှန်ဖို့ကြ ဘုန်းကြီးနဲ့လူ မတူဘူး။ လူတွေမှာလို ဘုန်းကြီးတွေမှာက တော်လှန်တဲ့အတွေးအခေါ်အစို့အညှောက်ပြူဖို့
အလွန့်ကိုမလွယ်ကူတာပဲ။ ပဒေသရာဇ်ခေတ်အဘိဓမ္မာက
သူတို့ကိုယ်တိုင်ရဲ့အမွန်အမြတ်ပြုရာ ပူဇော်ရာမဟုတ်လား။ (လူကောင်ကြီး)ရုပ်ခန္ဓာကလည်း ခေတ်ထဲမှာ၊ ၂၁ ရာစုထဲမှာကျင်လည်နေတယ်၊ နေ့တဓူဝ ခေတ်မီအသုံးအဆောင်နဲ့
ကိရိယာတွေကိုလည်း လူတွေနည်းတူ မှီဝဲသုံးစွဲကိုင်တွယ်နေပေမယ့်
ခေါင်းက အတွေးအခေါ်က လောကအမြင်က ထောင်စုနှစ် ၂ နှစ်စာကျော်လောက်ထဲမှာ ကျန်နေတယ်။

ဆိုတော့ ဘုန်းကြီးကိုင်ပြီး ဘုန်းကြီးနှိပ်ကွပ်ရတာဟာ စစ်တပ်ကိုင်ပြီး လူထုကိုနှိပ်ကွပ်ရတာထက်စာရင် ပိုလွယ်ကူတယ်လို့ဆိုရင် သိတ်မမှားတန်ဘူး။

(ဘယ်အချိန်မှာ စကျန်ခဲ့သလဲ)
ပဒေသရာဇ်ခေတ်ကြီးတလျှောက် တရုတ်လည်း စက္ကူနဲ့ယမ်း စ တွေ့ပြီး လက်မထောင်နိုင်ခဲ့တာပဲ။ အာရဗ်တွေလည်း အဂ္ဂိရတ်ထိုးရင်း ဓါတုဗေဒမှာထိပ်ဆုံးရောက်ခဲ့တာပဲ။ အီဂျစ်တွေလည်း ဗိသုကာအတတ်မှာ ပြိုင်စံရှားခဲ့တာပဲ။ ဟိန္ဒူတွေလည်း စာပေအနုပညာအဖွဲ့အနွဲတွေနဲ့
ဒဿ နဆိုင်ရာတွေနဲ့ ခေတ်ရှေ့ပြေးခဲ့တာပဲ။ မြန်မာတွေမှာ အဲ့သလိုသာ ပြောစရာမရှိပေသိ သူ့ခေတ်နဲ့သူ လူလူသူသူတော့ရှိခဲ့တာပါပဲ။ အဲအချိန်မှာ ဥရောပကြီးက အမှောင်ခေတ်ထဲ မွန်းကောင်းတုန်း။

နောက်တော့ တယ်မကြာလိုက်ဘူး။ ဥရောပက နှာအဖျားပေါင်းများစွာ ကျော်တက်ရုံတင်မကဘူး။ ရှေ့ဆောင်နွားလားကြီးတွေရဲ့ နှာအဖျားကိုဖေါက်ကာ နဖါးကြိုးပါထိုးနိုင်သွားတယ်။ အဲ့ဒါကို တခွန်းတည်းပြောရရင် ခေတ်မီခြင်းပဲ။ အာရှမှာ ဂျပန်တနိုင်ငံသာ အချိန်မီထိန်းညှိနိုင်လွန်းလို့ မင်ဂျီခေတ်ပြုပြင်ပြောင်းလဲရေးလုပ်ပြီး စက်မှုနိုင်ငံဆီရွေ့ရွေ့ဝင်ခဲ့တာ

အဲ့ဒီအချိန် ပဒေသရာဇ်ခြင်းအတူတူ ဥရောပပဒေသရာဇ်စနစ်မှာတော့
ဘယ်သူသေရင် ဘယ်သူဘုရင်။ ဘယ်သူပြီး ဘယ်သူမင်းလုပ်ဆိုပြီး သတ်မှတ်ပေးနိုင်တဲ့အနေအထားအထိ ယဉ်ကျေးလာတယ်။
နောက်တော့ ဘုရင်ကို ဘုရားခန့်ပါဝါကနေ လွှတ်တော်အပ်အာဏာထဲသွင်းပြီး လခစားစည်းမျဉ်းခံအထိ ဆွဲချလိုက်နိုင်တယ်။

အဲ့ဒီအချိန် ကိုယ်တွေဆီပြန်ကြည့်တော့ ထီးမွေနန်းမွေအတွက်
သားအဖချင်း ရန်စောင်တုန်း၊ ညီအကိုချင်းသတ်ကောင်းတုန်း။
ဒါကိုပဲ နန်းတွင်းအရေးတော်ပုံဆိုကာ ဘုံမြှောက်သူက မြှောက်တုန်း။ တိုင်းပြည်ကိုလိုနီဖြစ်ခဲ့တာမှာ လက်နက်အင်အားခြင်းမမျှလို့ပေါ့ကွာဆိုတဲ့
ရုပ်ဝတ္ထုပစ္စည်းအခြေခံမယှဉ်သာမှုတချက်တည်း ကွက်ပြီးကောက်ချက်ချတာဟာ
ခုဖြစ်နေတဲ့ အစွန်းရောက်ဘာသာရေးလူမျိုးရေးအတွေးအခေါ်ရဲ့ သန္ဓေတည်ရာပဲ။
ကာလလရေကြည်ပဲ။ စစ်အာဏာတည်ဖို့ရာ ရေခံမြေခံပဲ။

အတွေးအခေါ်အရခေတ်မီတယ်ဆိုတာ ကမ္ဘာကြည့်ကြည့်မြင်တတ်ခြင်းပဲ။
ကမ္ဘာကြည့် ကြည့်မြင်တတ်ဖို့ဆို ဝါးလုံးခေါင်းထဲ လသာမနေမိဖို့အရေးကြီးတာပဲ။
ဒေသ လူမျိုး ဘာသာစတာတွေကိုကျော်ပြီး ကြည့်မြင်နိုင်စွမ်းရှိမှုပဲ။


0 comments:

Post a Comment