Sunday, July 26, 2020

နောက်ဆုံးတော့ … အာဏာလိုချင်လွန်းလို့ အာဏာသိမ်းခဲ့တာပါ။ စိုးမြင့်မိုး (ဘူမိ)

0 comments
နောက်ဆုံးတော့ … အာဏာလိုချင်လွန်းလို့ အာဏာသိမ်းခဲ့တာပါ။ စိုးမြင့်မိုး (ဘူမိ) 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (မတ်လ ၂ရက်) သည် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းခဲ့တာ ၅၄ နှစ်တင်းတင်း ပြည့်ခဲ့သော နေ့ဖြစ်သည်။ အာဏာသိမ်းခဲ့ခြင်း အကြောင်းရင်းနှင့် ပတ် သက်၍ သိမ်းခဲ့သူတို့နှင့် သိမ်းခံခဲ့ရသူတို့၏ ရေးသား တင်ပြချက်များ၊ ပြည် တွင်း ပြည်ပမှ မြန်မာ့နိုင်ငံရေး လေ့လာသူများ၏ သုံးသပ်ချက်များသည် မတူကွဲပြား အမြင်အမျိုးမျိုး ခြားနားလျက် ရှိသည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် TOMORROW NEWS ဂျာနယ် အတွဲ-၂၊ အမှတ်စဉ် ၅၀ နှင့် ၅၁ တို့၌ စာရေးဆရာ မောရနွယ်မောက် (ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ဖခင်) ၏ ““၁၉၆၂ခုနှစ် အာဏာသိမ်းပွဲနှင့် ကျွန်တော်”” ဆောင်းပါးတွင် ““အာဏာသိမ်းရန် ကြိုတင်စီစဉ်ရာမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် တင်ဖေ (ငြိမ်း) (စစ်ထောက်ချုပ်၊ တော်လှန်ရေးကောင်စီဝင်၊ လယ်/သစ်ဝန်ကြီးနှင့် သမဝါယ မဝန်ကြီး ဟောင်း) က အာဏာသိမ်းရတဲ့ အဓိက အကြောင်း ရင်းက ပြည်ထောင်စုအတွင်းမှ ရှမ်းပြည်နယ် ခွဲထွက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်တယ်လို့ နောက်ပိုင်း ကာလ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ ပြတ်ပြတ်သားသားပင် ဖြေကြားခဲ့တယ်။ ခွဲထွက်မယ့် အန္တရာယ် တားဆီးနိုင်ရေးအတွက် လိုအပ်လျှင် တပ်မတော်က အာဏာသိမ်းရန် ၁၉၆၁ခု၊ နိုဝင်ဘာလ ကတည်းက လျှို့ဝှက်စွာ စီစဉ်ခဲ့တယ်လို့လည်း ပြောပြခဲ့ပါ သေးတယ်”” ဟု ရေးသား ထားပါသည်။ ဗိုလ်မှူးချုပ်တင်ဖေ (ငြိမ်း) သည် မကြာသေးမီက ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်မှ အနားယူသွားသော ဦးနန္ဒကျော်စွာ၏ ဖခင်ဖြစ် သည်။…
ယင်းဆောင်းပါးတွင် ဆက်လက်၍ ဖော်ပြထားသည်မှာ “ပါလီမန်က ဖွဲ့စည်းပေးတဲ့ အကြံပေးအဖွဲ့ဟာ ၁၉-၁-၁၉၆၂ နေ့မှာ အဖွဲ့ရဲ့အစီရင်ခံစာကို ဝန်ကြီးချုပ်ဦးနုထံ တင်သွင်းပါတယ်။ အစီရင်ခံစာပါ အဓိကအချက်ကတော့ ရှမ်းပြည်နယ်စာတမ်းပါ ဖက်ဒရယ်မူသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို လက်တွေ့ အကောင် အထည် ဖော်နိုင်မည် မဟုတ်ပါ။ ပြည်ထောင်စုကြီး အနှေးနှင့်အမြန် ပြိုကွဲပျက်စီး စေလိမ့်မည်ဟု ပြတ်သားစွာပင် တင်ပြထားပါတယ်။ ၁၃-၂-၁၉၆၂ နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဦးနုက အကြံပေးအဖွဲ့ရဲ့ အစီရင်ကို ပါလီမန်သို့ မတင်ပြသေးဘဲ ဆိုင်းငံ့ထားရန်၊ အမျိုးသားညီလာခံ ခေါ်ယူကျင်းပရန် တင်ပြပါတယ်။ ဝန်ကြီးများက သဘောတူကြပြီး အမျိုးသား ညီလာခံကို ၂၄-၂-၁၉၆၂ ရက်နေ့ ကျင်းပရန် အစိုးရ-ပါတီ- ပြည်နယ် ကိုယ်စားလှယ် များ ဖိတ်ကြားရန် သတ်မှတ်လိုက်ပါတယ်။ တပ်မတော်ကို မဖိတ်ပါဘူး။
၂၄-၂-၁၉၆၂ နေ့ ပထမအကြိမ် ဆွေးနွေးပွဲမှာ စဝ်ခွန်ချိုက ရှမ်းပြည်နယ်ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးစာတမ်းကို (တစ်နည်း) ဖက်ဒရယ်မူကို တင်ပြပါတယ်။ စာတမ်းကို ထောက်ခံဆွေး နွေးသွားတဲ ရှမ်းစော်ဘွား ဟောင်းများနှင့် ရှမ်းညီလာခံ ကိုယ်စားလှယ် တချို့ရဲ့ စကားလုံး အသုံးအနှုန်းတွေက ကြမ်းလာပါတယ်။ ရမ်းလာပါတယ်။ အချို့က ““ဖက်ဒရယ်မူ ရရင်ရ၊ မရရင်ချမယ်” တဲ့။ ““ဒို့တောင်းတာ မပေးရင် ပုန်ကန်မယ်”” ဆိုတဲ့ စကားမျိုး ညီလာခံမှာပြောရဲ၊ ပြောဝံ့တာကို ကြည့်ခြင်းဖြင့် ဦးနုရဲ့ပထစအစိုးရ အာဏာစက် ဟာ ဘယ်လောက်ထိ လျော့ကျ နိမ့်ဆင်းနေပြီဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၁-၃-၁၉၆၂ နေ့ ကျင်းပရန် သဘာပတိဦးနုက သတ်မှတ် လိုက်ပါတယ်။
၂၄-၂-၁၉၆၂ နေ့ ပထမအကြိမ် ဆွေးနွေးကြပြီးချိန်မှာ ဖက်ဒရယ်မူကို အမှန်တကယ်ပင် အကောင်အထည် ဖော်ကြတော့မယ် ဆိုတာ ထင်ရှား ပေါ်လွင် လာပါပြီ။ ပြည်ထောင်စုမှ ရှမ်းပြည်နယ် ခွဲထွက်မယ် ပြည်ထောင်စုကြီး ပြိုကွဲမယ် ဆိုတာ သေချာပေပြီ။ ဒို့တာဝန် အရေးသုံးပါးကို အစဉ်အဆက် ဦးထိပ်ပန်ခဲ့တဲ့ တပ်မတော် အနေနှင့် ဒီ အခြေအနေကို ဘယ်လိုမှ လက်သင့် မခံနိုင်ပါဘူး။ ပြည်ထောင်စုကြီးမှရှမ်းပြည်နယ် ခွဲထွက်မယ့် အန္တရာယ်ကို တားဆီးနိုင်ရေး အတွက် တပ်မတော်က အာဏာသိမ်းရန် လိုအပ်လာပြီလို့ တပ်မတော် အကြီးအကဲများက ဆုံးဖြတ်လိုက်ပါပြီ။
၂၇-၂-၁၉၆၂ နေ့မှာ တပ်မတော် အကြီးအကဲများက သမ္မတ၊ ပထစအစိုးရအဖွဲ့ ဝန်ကြီးများ အားလုံး၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ ပြည်နယ် အကြီးအကဲများ၊ ညီလာခံတက်တဲ့ ရှမ်းကိုယ်စားလှယ်များ အားလုံး၊ ရှမ်းစော်ဘွားဟောင်းများကို ဖမ်းဆီးရန်နှင့် အရေးကြီး အဆောက်အအုံများကို သိမ်းပိုက်ရန် အတွက် ပြင်ဆင်ထားရန် တပ်မှူးကြီးများကို တာဝန်ပေးအပ် လိုက်ပါတယ်။ လိုအပ်သည်များ ပြင်ဆင် ထားရန်သာဖြစ်ပြီး အာဏာသိမ်းမည့် နေ့ရက်၊ အချိန်စသည်တို့ကို မသတ်မှတ် သေးပါ။ စစ်ဆင်ရေးပြင်ဆင်မှုများ အရှိန်အဟုန်ဖြင့် စတင်ပါပြီ။
၂၈-၂-၁၉၆၂ နေ့ညမှာပဲ ““စစ်ဆင်ရေး အတွက် အားလုံး အသင့်ဖြစ်ရင် ဆင်နွှဲရန်”” တပ်မတော် အကြီးအကဲက အမိန့် ပေးပါတော့တယ်။ စစ်ဆင်ရေး တာဝန်ခံ တပ်မှူးကြီးများ တိုင်ပင်ကြပြီး စစ်ဆင်ရေး စတင်ရက်ကို မတ်လ ၂ ရက်နေ့၊ စတင်မယ့် အချိန်နှင့် နာရီကို မတ်လ ၁ ရက် ည ၁၂ နာရီ သန်းခေါင်လို့ သတ်မှတ်လိုက်ပါတယ်။
၁-၃-၁၉၆၂ နေ့ဟာ ဒုတိယအကြိမ် ဆွေးနွေးပွဲနေ့ပါ။ တည်မြဲ ဖဆပလမှ ဦးဗဆွေ၊ ပမညတမှသခင်ချစ်မောင် စတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများက ဖက်ဒရယ်မူကို ဆွေးနွေး ကန့်ကွက်ကြ ပါတယ်။ တတိယအကြိမ်ဆွေးနွေး ပွဲကို ၇-၃-၁၉၆၂ နေ့မှာ ပြုလုပ်ရန် သဘာပတိ ဦးနုက သတ်မှတ်လိုက် ပါတယ်။ အဲဒီနေ့မှာ ဦးနုရဲ့ ပထစအစိုးရ က သူတို့ရဲ့ သဘောထား ကိုတင်ပြမယ်တဲ့။ ၂-၃-၁၉၆၂ ရက်နေ့မှာ အာဏာသိမ်းရန် တပ်မတော်က ဆုံးဖြတ်ပြီး ပါပြီ”” ဟု ရေးသားထားပါသည်။ ဆောင်းပါးရှင် မောရနွယ်မောက်သည် ဗြိတိန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် (Sandhurst) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်း တစ်ဦးဖြစ်ပြီး အာဏာသိမ်းပွဲတွင် ဗိုလ်မှူးအဆင့်ဖြင့် ကိုယ်တိုင် ပါဝင်ခဲ့ ပြီးနောက် တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည့် ဗိုလ်မှူးကြီးရွှေသန်း (ငြိမ်း) ဖြစ်သည်။ ဗိုလ်မှူးကြီးရွှေသန်း (ငြိမ်း) သည် ၁၉၇၄မှ ၁၉၇၈ ခုနှစ်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုတိယရဲချုပ်၊ ရဲချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ မှ ၁၉၉၀ ပြည့်နှစ် အထိ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော ကော်ပိုရေးရှင်း၌ ဦးဆောင်ညွှန်ကြားရေး တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် သက်ပြည့် အငြိမ်းစား ယူပြီးနောက် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ၁၉၉၈ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ ကြီး၌ ဦးနုဦးဆောင်သည့် ပြည်ထောင်စုပါတီ (ပ-ထ-စ) သည် အောင်ပွဲခံနိုင်ခဲ့၍ ၃ ကြိမ်မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဦးနုအား ၁၉၆၂ တွင် အာဏာသိမ်းပြီး ဖမ်းဆီး ခဲ့ကြသည်။ ဦးနုသည် ၄ နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၁၉၆၆ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။ ဖက်ဒရယ်မူ ကိစ္စနှင့် အာဏာသိမ်း ထိန်းသိမ်းခံခဲ့ရ ပုံများကို ဦးနုရေးသားသည့် “တာတေ စနေသား” စာအုပ် စာမျက်နှာ (၃၂၈-၃၃၁) တွင် “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့ အတွက် အဆိုများ တင်သွင်းပါလို့ ပြည်ထောင်စုအစိုးရက ဖိတ်ကြား လိုက်တာကို ပြည်နယ် အသီးသီးက ခေါင်းဆောင်တွေ သိပ် ဝမ်းသာကြတယ်။ အဲဒါကြောင့် ရှမ်းပြည်နယ်အစိုးရက ခေါင်းဆောင်ပြီး တောင်ကြီးမှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ပြည်နယ် အသီးသီးက ခေါင်းဆောင်တွေကို ဖိတ်တယ်။ မွန်နှင့် ရခိုင် အမျိုးသားတွေလည်း မကြာမီ ပြည်နယ်ရတော့မှာ ဖြစ်တဲ့အတွက် မွန်ခေါင်းဆောင်နှင့် ရခိုင်ခေါင်းဆောင် တွေကိုလည်း တောင်ကြီး အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားလိုက်တယ်။ အဲဒီ တောင်ကြီးဆွေးနွေးပွဲတွေက ဖက်ဒရယ်မူကို အမည်တပ်ထားတဲ့ အဆိုတစ်ရပ် ပေါ်ထွက်လာတယ်။ အဲဒီ ဖက်ဒရယ်မူကို ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ကိုယ်စား တောင်ကြီး အစည်းအဝေးက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်က နှီးနှောဖလှယ်ပွဲမှာ တင်ပြမယ်။
ဒီဖက်ဒရယ်မူဆိုတာ ကြောက်စရာ ကောင်းတဲ့မူ မဟုတ်ပါဘူး။ ဒီမူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို မှီပြီး ရေးဆွဲထားတဲ့မူ ဖြစ်တယ်။ ဒီမူမှာ အကြမ်းအားဖြင့် အချက်ကြီး ၃ ချက် ပါတယ်။ ဒီအချက်တွေက ဒီလိုပါ။
၁။ မြန်မာပြည်မကို တခြား ပြည်နယ်တွေလို ပြည်နယ်တစ်ခု အဖြစ်နဲ့ သတ်မှတ်ပေးရန်။
၂။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ဟာ (House of Nationa-lities, House of Representatives) အာဏာချင်း တူညီတယ်လို့ သတ်မှတ်ပေးရန်။
၃။ လူမျိုးစုလွှတ်တော်မှာ ပြည်နယ်တိုင်းရဲ့ အမတ်ဦးရေဟာ ညီတူညီမျှဖြစ်ရန်ဆိုတဲ့ အချက် ၃ ချက်ပဲဖြစ်တယ်။
အဲဒီဖက်ဒရယ်မူဟာ တင်ပြဖို့ အသင့်ဖြစ်တဲ့ အခါ ရန်ကုန်မှာ နှီးနှောဖလှယ်ပွဲကျင်းပဖို့ ၁၉၆၂ ခု၊ မတ်လ ၁ ရက် နေ့ကို ဝန်ကြီးချုပ် ဦးနုက ချိန်းလိုက်တယ်။ အဲဒီလို ချိန်းပြီး မကြာခင်ပြည်နယ် ခေါင်းဆောင်တွေဟာ နှီးနှော ဖလှယ်ပွဲမှာ ဖက်ဒရယ်မူကို တင်ပြကြလိမ့်မယ်။ ဒီလိုတင်ပြပြီး ဒီမူကို လက်ခံရင်ခံ၊ မခံရင် ပြည်နယ်တွေ အားလုံး သူပုန်ထမယ် ဆိုတဲ့ စိတ် မချမ်းမြေ့စရာ ကောင်းတဲ့ ကောလာဟလ သတင်းတွေဟာ ပြည်ထောင်စုထဲမှာ ပေါ် ထွက် လာတယ်။ ဒီ ကောလာဟလ သတင်းတွေကို ဝန်ကြီးချုပ် ဦးနု ကြားတဲ့အခါ ရယ်စရာ ပြက်လုံးတွေ အဖြစ်နဲ့ ချက်ချင်း ပယ်ပစ်လိုက်တယ်။ သူ့အစိုးရကို ထောက်ခံဖို့အတွက် ဦးနုမှာ လွှတ်တော်အမတ်တွေ လိုတာထက် အများကြီး ပိုနေတယ်။ အဲဒီတော့ ပြည်နယ်က လွှတ်တော်အမတ်တွေကို ဦးနုဟာ ဘာမှ ငဲ့စရာမလိုဘူး။ ဖက်ဒရယ်မူကို သူ ပယ်ချင်ရင် အခက်အခဲ မရှိပယ်ပစ်နိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) (Chapter-X) အရ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ဟာ ပြည်ထောင်စုထဲက ခွဲထွက်ချင်ရင် ခွဲထွက် နိုင်ခွင့်ရှိတယ်။ အဲဒီ အခန်း (၁၀) အရ ပြည်ထောင်စုထဲက ခွဲထွက်ချင်တယ်လို့ ရှမ်းခေါင်းဆောင်တွေနဲ့ ကယားခေါင်း ဆောင်တွေ တောင်းဆိုလာရင် ဒီ တောင်းဆိုချက်ကို ဦးနု မပယ်နိုင်ဘူး။ ပယ်နိုင်တဲ့ အာဏာ ဦးနုမှာမရှိဘူး။
အဲဒီတော့ ပြည်နယ်ခေါင်းဆောင်တွေဟာ သူပုန်ထဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုရင် သူတို့ မပိုင်တဲ့ ဖက်ဒရယ်မူကြီးကို ဘာဖြစ်လို့ အချိန်ကုန် လူပင်ပန်းခံပြီး တောင်းနေမလဲ။ အခန်း (၁၀) အရ ခွဲထွက်ခွင့်ကို တိုက်ရိုက် တောင်းကြ မှာပေါ့။ ရှမ်းနဲ့ကယား ခေါင်းဆောင်တွေဟာ အခန်း (၁၀) အရ သူတို့ အသေအချာပိုင်နေတဲ့ အခွင့်အရေးတွေကို တစ်ခါမှ မတောင်းဆိုခဲ့ဖူးဘူး။ အခု ပြောပြခဲ့တဲ့ အချက်တွေကြောင့် ဦးနုဟာ ကောလာဟလ သတင်းတွေကို ရယ်စရာ ပြက်လုံးတွေအဖြစ်နဲ့ ချက်ချင်း ပယ်ပစ်လိုက်တာဖြစ်တယ်။
နှီးနှောဖလှယ်ပွဲရဲ့ ပထမအစည်းအဝေးကို ၁၉၆၂ ခုနှစ်၊ မတ်လ၁ရက်နေ့ညမှာ ကျင်းပတယ်။ အစည်းအဝေး ပြီးတဲ့အခါ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စောခွန်ချို (စဝ်ခွန်ချို) နဲ့ ကယားပြည်နယ်ဥက္ကဋ္ဌ စောဝဏ္ဏ (စဝ်ဝဏ္ဏ) တို့ဟာ ဝန်ကြီးချုပ် ဦးနုနဲ့ အတူ ဝင်ဒါမီယာဝင်းအတွင်း ဝန်ကြီးချုပ် နေအိမ်ကို လိုက်လာကြတယ်။ စောခွန်ချို (စဝ်ခွန်ချို) က စပြီး ဝန်ကြီးချုပ်ကို ဒီလိုမေးတယ်။ 
““ဝန်ကြီးချုပ် ကျွန်တော်တို့နှင့် ပတ်သက်တဲ့ ကောလာဟလ သတင်း တွေကြား ပြီးပြီလား””၊
““ၾကားၿပီးၿပီ””၊
““ဒီကောလာဟလ သတင်းတွေကို မယုံပါနဲ့ ဝန်ကြီးချုပ်””၊
““စိတ်ချနေပါချို၊ ကျွန်တော် ဒါတွေကို မယုံပါဘူး””
““ကျွန်တော်တို့ ဝန်ကြီးချုပ်ကို အကျပ်ကိုင်ချင်ရင် ၁၉၄၈ နဲ့ ၁၉၄၉ ခုနှစ် တွေတုန်းက အကျပ်ကိုင်နိုင် ပါတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ မကိုင်ခဲ့ဖူးဘူး””၊
““ချိုတို့ကို ကျွန်တော် ယုံပါတယ်””၊
““ကျေးဇူးတင်ပါတယ် လင်ဗျာ””
““နောက်ပြီး တော့လည်း အဆို တင်သွင်းဖို့ ကိစ္စမှာ ချိုတို့က စပြီး ပြောရတာ မဟုတ်ဘူး။ ကျွန်တော်က ဖိတ်လို့ ချိုတို့က အဆိုတွေကို တင်သွင်းရမှာ။ ကောလာဟလ လွှင့်နေကြတဲ့ လူတွေဟာ ဒီအချက်ကို မသိကြဘူး ထင်တယ်””၊
““ဟုတ်ပါတယ်။ ဝန်ကြီးချုပ်က ဖိတ်လို့ ကျွန်တော်တို့က အဆို တင်ပြရမှာပါ။ တင်ပြ ပြန်တော့လည်း ဒီတင်ပြတဲ့ အဆိုအတိုင်း လုပ်ပေးရမယ် ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့မှာ မရှိပါဘူး။ အဆိုကို ဆွေးနွေးပြီး လုပ်ပေး နိုင်တာတွေကို လုပ်ပေးပါ။ မလုပ်ပေး နိုင်တာတွေ ကျတော့ ပယ်ပစ်လိုက်ပေါ့။ ကျွန်တော်တို့ နာခံပါ့မယ်””၊
““ချိုရေ၊ ဒီကောလာဟလတွေကို ဘယ်သူက လွှင့်နေတယ် ထင်သလဲ။ ဘာ ရည်ရွယ်ချက်နဲ့ လွှင့်နေတာလဲ။ ကျွန်တော်တော့ အခု အချိန်ထိ နည်းနည်းကလေးမှ စဉ်းစားလို့ မရဘူး””၊
““ကျွန်တော် တို့လည်း မတွေးတတ်ဘူး””။ 
ဒီညက စောခွန်ချို (စဝ်ခွန်ချို)၊ စောဝဏ္ဏ (စဝ်ဝဏ္ဏ) နဲ့ ဦးနုတို့ စကားထိုင် ပြောနေကြတာ ၁၁နာရီ လောက် မှပြီးတယ်။
ဦးနုဟာ ဝင်ဒါမီယာထဲက ဝန်ကြီးချုပ်အိမ်မှာ မနေဘူး။ ပြည်ထောင်စုလမ်းကြားထဲက သူ့ အိမ်တောင်ဘက်မှာ တစ်ထပ်အိမ်ကလေး တစ်လုံး ငှားနေတယ်။ ဆွေးနွေးပြီးကြလို့ ဝင်ဒါမီယာဝင်းထဲကနေ သူ့အိမ်ကို ပြန်လာခဲ့တယ်။ အဲဒီနောက် သူ့ အစဉ်အလာအတိုင်း ဘုရားဝတ်ပြုပြီး ၁၂ နာရီ ကျော်လောက်မှာ အိပ်ရာဝင်တယ်။ သန်းခေါင်ကျော် ၂ ချက်တီးလောက် ရှိတော့ သူ့ အိမ်ဝင်းထဲမှာ ဆူဆူညံညံ အသံတွေ ကြားရတဲ့အတွက် အိပ်ပျော်နေရာက နိုးလာတဲ့အခါ လက်ထဲမှာ ခြောက်လုံးပြူး ကိုင်ထားတဲ့ စစ်ဗိုလ်ကလေး တစ်ယောက်က သူ့ အခန်းထဲမှာ မတ်တတ် ရပ်နေတာကို ဦးနုတွေ့ရတယ်။
““မင်းကဘာလဲ””၊
““ကျွန်တော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ””၊
““ဒီလိုဆိုတော့ ငါ ဘာလုပ်ရမှာလဲ””၊
““ကျွန်တော်နဲ့ လိုက်ခဲ့ပါ””။
ဦးနုလည်း ဘာမှ မပြောဘူး။ သူ့ အပေါ်အကျႌကို ဝတ်ပြီး ဆီးသွားရအောင် ရေချိုးခန်း တံခါးကို ဖွင့်လိုက်တယ်။ 
““ဦး ဘာလုပ် မလို့လဲ””
““ဆီးသွားမလို့ဟေ့””၊
““ရေချိုးခန်းထဲ မဝင်ပါနဲ့၊ သူနဲ့ လိုက်ခဲ့ပါ”” လို့ပြောပြီး စစ်ဗိုလ်ကလေးဟာ ဦးနုကို ခေါ်သွားတယ်”” ဟု ရေးသား ထားပါသည်။ ဦးနု၏ ““တာတေစနေသား”” စာအုပ်ကို ငါတို့စာပေမှ ၂၀၁၂ တွင် ပထမအကြိမ်၊ ၂၀၁၃တွင် ဒုတိယအကြိမ်နှင့်၊ တတိယ အကြိမ်တိုင်အောင် ပုံနှိပ် ထုတ်ဝေခဲ့ရသည်။
လွတ်လပ်ရေး ရခဲ့ချိန်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်နှင့် ပါလီမန် ဒီမိုကရေစီခေတ်၏ နောက်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သောဦးနု (သခင်နု) သည် ၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ အသက် ၈၇ နှစ်တွင် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။
၁၉၆၂ မတ်လ ၂ ရက် အာဏာသိမ်းပွဲတွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ ပထမဆုံး သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ဖမ်းဆီးခံခဲ့ရပြီး ထိန်းသိမ်းခံထားရစဉ် အတွင်း ၁၉၆၂၊ နိုဝင်ဘာ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့ ရသည်။ သူ၏ သားတစ်ယောက် ဖြစ်သော စဝ်ဆေး ယောင်ဝေ (ယူဂျင်းသိုက်) သည် THE SHAN OF BURMA Memoirs of a Shan Exile စာအုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ်ကို ““ရှမ်းတော်လှန်ရေးသမား တစ်ယောက် အမှတ်ရချက်များ…”” အမည်ဖြင့် ဆရာမင်းအောင်မင်းက မြန်မာပြန် ဆိုပြီး ၂၀၁၅တွင် ပထမ အကြိမ် အဖြစ် ယဉ်မျိုးစာပေမှ ထုတ်ဝေခဲ့ရာ စာမျက်နှာ ၁၃၀ တွင် ““ဖက်ဒရယ်လှုပ်ရှားမှု (၁၉၆၀-၆၂) သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံအတွင်းမှ တရားဝင် လှုပ်ရှားမှုတစ်ခု အဖြစ် တွေ့ရခြင်း ဖြစ်သည်။ ရှမ်းလူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး အသိုင်းအဝန်းထဲမှ အလယ်အလတ် အင်အားစုများက လုပ်ဆောင်ခြင်းဖြစ်ပြီး လက်နက်ကိုင် ပုန်ကန်မည့် တင်းမာမှုကို လျော့ပါးစေရန် ပြည်တွင်းစစ် အခြေအနေ တစ်ရပ်ကို ရှောင်တိမ်းနိုင်ရန် ညဖစ်သည်။ စွပ်စွဲခဲ့သလို ခွဲထွက်ရန် င်္ကြစည်မှုလည်း ဘာမှမလုပ်။ သို့မဟုတ် စော်ဘွားများ အာဏာ စွန့်လွှတ်ရ၍ မကျေနပ်ခြင်းကြောင့်လည်း မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပိုဒ်များကို ဦးဆောင်ကော်မတီက ထောက်ပြခြင်း မျှသာရှိပြီး ပြင်ရမည်ဟု နောက်ဆုံး သတိပေးသည့် ရာဇသံမျိုးပင် မပါဝင်ပေ။ ရှမ်းပြည်နယ်ကို ပြည်နယ်ခွဲ တစ်ခု အဆင့်အတန်း ပြုလုပ်ရန်ဖြစ်ပြီး ထိုပုံစံအတွက် နောက်ထပ် ဆွေးနွေးရဦးမည် ဖြစ်သည်။ မည်သည့် မကောင်းသော နည်းလမ်း သို့မဟုတ် ပုန်ကန်မှုကိုမှ နှိုးဆော်ခြင်းမျိုး မဟုတ်ပေ””ဟု ရေးသား ထားပါသည်။ စဝ်ဆေးယောင်ဝေ (ခ) စဝ်ဆိုလန်ဖ (ယူဂျင်းသိုက်) သည် ရန်ကုန်မြို့ မက်သဒစ်အင်္ဂလိပ် ကျောင်းမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဝိဇ္ဇာဂုဏ်ထူးတန်း ဘွဲ့ကို ရရှိခဲ့သည်။ ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၂၄-၇-၂၀၀၄ တွင် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့၊ ၎င်း၏ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။
ဗမာ့တပ်မတော်အကြောင်း စာအုပ်စာတမ်း ပြုစုသည့် နိုင်ငံခြားသားတွေထဲမှာ လူသိများသူ တစ်ဦးဖြစ်သော အမေရိကန်နိုင်ငံသူ မေရီကယ်လဟန် (Mary P. Callahan) သည် ၁၉၉၁-၁၉၉၂ ကာလ တပ်မတော်မော်ကွန်း တိုက်မှာ ၆လ သုတေသန လုပ်ခွင့်ရ၍ စုဆောင်းမိသော အချက်အလက်၊ ပြည်တွင်းပြည်ပတွေ့ဆုံ မေးမြန်းချက်၊ တပ်မတော်နှင့် ပတ်သက်သည့် စာနယ်ဇင်းနှင့် မြန်မာ့ တက္ကသိုလ်တွေက မဟာဝိဇ္ဇာကျမ်းတွေကို ဖတ်ရှု လေ့လာတွေ့ရှိချက်၊ စစ်တပ်နှင့် လူ့အဖွဲ့အစည်းဆက်သွယ်ပုံကို လေ့လာ သုံးသပ်ပြီး “Making Enemies: War and State Building in Burma” စာအုပ်ကို ရေးသားခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနယူး ယောက်ပြည်နယ် ကော်နဲတက္ကသိုလ်မှ ထုတ်ဝေခဲ့ပါသည်။ ယင်းစာအုပ်ကို ““ငါနဲ့ မတူငါ့ရန်သူ”” ဆိုတဲ့ အမည်ဖြင့် ဒေါက်တာအောင်ခင်က မြန်မာပြန်ဆိုပြီး၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် အဖြစ် ဦးစန်းမွန်အောင် (ငါတို့စာပေ) က ထုတ်ဝေပြီးအောင်ပင်လယ် စာအုပ်တိုက်မှ ဖြန့်ချိခဲ့ပါသည်။
ယင်းစာအုပ်၏ စာမျက်နှာ ၉၁တွင်
““ပြည်ထောင်စုကြီးပြိုကွဲမှာ စိုးရိမ်လို့ အာဏာသိမ်းရတာဆိုတဲ့ ဆင်ခြေကို လည်း မေရီကယ်လဟန်က လက်မခံပါဘူး။ စစ်တပ် အဖွဲ့အစည်းဟာ အရပ်သား အဖွဲ့အစည်း၊ ပါတီ အဖွဲ့အစည်း စတာတွေထက် အများကြီး အင်အား တောင့်တင်းပြီး စည်းလုံးညီညွတ် နေတာမို့ အရပ်သား အစိုးရ အဖွဲ့အစည်းကို စစ်တပ် အဖွဲ့အစည်းနဲ့ အစားထိုးပြီး ပြဿနာကို စစ်ရေးအရ ဖြေရှင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်တဲ့”” ဟု ရေးသားထားပါသည်။
နောက်ဆုံး တစ်အုပ်အနေဖြင့် လမ်းသစ်စာပေတိုက် မူပိုင် ၂၀၁၄ ဧပြီလမှာ ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့သော နန္ဒငြိမ်း၏ ““ဦးနေဝင်း ၁၉၆၂-၁၉၈၈ ခုနှစ် နှင့် သင်ခန်းစာ ယူဖွယ်ရာများ”” စာအုပ် စာမျက်နှာ ၁၈ တွင်
““မြန်မာသတင်းစာများ ကတော့ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ သိမ်းယူခြင်း အပေါ် အသိအမှတ် ပြုခြင်းများသာ ရေးသား ဖော်ပြ ခဲ့ကြပြီး ကန့်ကွက်ခြင်း လုံးဝ မပြုလုပ်ကြ။ ဤသည်မှာလည်း ထူးဆန်းသော အချက်တော့ မဟုတ်ပါ။ တိုင်းပြည်၏ အာဏာ မှန်သမျှကို ဗိုလ်ချုပ်ကြီးနေဝင်းက ရယူထားရာတွင် ဗိုလ်ချုပ်ကြီးနေဝင်း မနှစ်သက်မည့် စကားမျိုးကို ပြောဝံ့ရေးဝံ့မည် မဟုတ်ပါ။ အထောက်တော် သတင်းစာ ဆိုလျှင် အာဏာ သိမ်းယူမှုကို လုပ်သင့် လုပ်ထိုက်သည်ဟုပင် ရေးသား ဖော်ပြခဲ့လေသည်။ မတ်လ ၆ ရက်နေ့ထုတ် အထောက်တော် သတင်းစာ၏ ရေးသားမှုကို အောက်တွင်ဖော်ပြအပ်ပါသည်။
““ဗိုလ်ချုပ်ကြီးနေဝင်း အောင်မြင်စွာ အာဏာ သိမ်းယူခဲ့မှုသည် ငါ့ဝမ်းပူဆာ မနေသာ၍ အာဏာသိမ်းခြင်း မဟုတ်ပါ။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တပ်မတော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကိုမြတ်နိုးသူ၊ လေးစားသူများ ဖြစ်ပါ သည်။ သူသည် ယခင် ဒီမိုကရေစီဘောင် အတွင်း ပျော်မွေ့စွာနေခဲ့ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ကိုလည်း အောင်မြင်စွာ ကျင်းပပေးခဲ့သည်။ ဒီမိုကရေစီ မူအရ တင်မြှောက်လိုက်သော အစိုးရ လက်အောက်သို့ ပြန်လည် ဝင်ရောက်သည်။ ပြည်ထောင်စု ပြိုကွဲမည့် အခြေအနေကို ရောက်သော အခါမှ မျက်နှာ မလွှဲသာတော့ဘဲ အာဏာ ဝင်သိမ်း လိုက်ရခြင်းဖြစ်သည်””
ယူဆချက်တစ်ခု အနေနှင့် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ သိမ်းယူမှုကို အကောင်းမြင်မှုများ ကိုလည်း အဆိုးဟု တော့ မဆိုသာ။ ထိုစဉ်က တိုင်းပြည် အခြေအနေ များကလည်း ဖရိုဖရဲ ဖြစ်နေသည် မဟုတ်လော။ သို့သော် အာဏာသည် ကြောက်မက်ဖွယ် ကောင်းလေစွ။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ထို အာဏာတွင်ပင် သာယာငြိတွယ် သွားပြီး အာဏာရှင် ဖြစ်သွားပုံမှာ တရားကျ သင်ခန်းစာ ယူဖွယ်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ကနဦး ကာလများ၌ တိုင်းပြည် ကောင်းမွန်အောင် ပြုလုပ်ပေးချင်သော ဆန္ဒ ရှိခဲ့ကြောင်း သူ၏ လုပ်ရပ်များ၌ တွေ့ရလေသည်””ဟု ရေးသားထားသည်။
ယင်းစာအုပ်၏ နောက်ဆုံး စာမျက်နှာ ၁၇၉ အဆုံးအပိုဒ်၌
““၁၉၆၂ ခုနှစ်မှစတင်၍ ၁၉၈၈ ခုနှစ်ထိ ဦးနေဝင်း အုပ်ချုပ်ခဲ့သော အချိန်ကာလ၌ တိုင်းပြည်သည် ဆင်းရဲတွင်း နက်ခဲ့ပြီး ဒီမိုကရေစီ အခွင့်အရေးများ ဆိတ်သုဉ်းခဲ့သည် ကိုတော့ မည်သူမျှ မငြင်းနိုင်ပါ”” ဟုရေးသားထားပါသည်။
အချုပ်အားဖြင့်ဆိုရသော် အာဏာ သိမ်းခဲ့သည့် ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် အာဏာသိမ်း ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ်အောင်ကြီးက
““အာဏာကို လိုချင်လွန်းလို့ မဟုတ်၊ တိုင်းပြည်ကို ဖရိုဖရဲ ဖြစ်မှာစိုး၍ အာဏာ သိမ်းခဲ့ရသည်”” ဟု ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် အာဏာသိမ်း ခေါင်းဆောင်များသည် ပြည်သူလူထုနှင့် ကင်းဝေး လာသည်နှင့်အမျှ ပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး စသော လူနေမှု အဆင့်တွေဟာ နိမ့်ကျလာပြီး ပြည်သူတို့၏ ဘဝတွေ ဖရိုဖရဲ ဖြစ်လာသည်ကို မသိ ကျိုးကျွန် ပြုနိုင်အားတာကြောင့် ““နောက်ဆုံးတော့ … အာဏာ လိုချင်လွန်းလို့ အာဏာ သိမ်းခဲ့တာပါ”” ဟု ဆိုလိုက် ချင်ပါသည်။
ကျမ်းကိုး
၁။ ဦးနေဝင်း ၁၉၆၂- ၁၉၈၈ ခုနှစ်နှင့် သင်ခန်းစာယူဖွယ်ရာများ (နန္ဒငြိမ်း)
၂။ နိုင်ငံတော်အာဏာကို ဘာကြောင့် သိမ်းလိုက်တာလဲ (ဒေါ်အုန်းကြည်သား)
၃။ ရနံ့သစ်မဂ္ဂဇင်း (၂၀၁၃၊ မတ်လ)
စိုးမြင့်မိုး (ဘူမိ)
၁၈ မတ် ၂၀၁၆

Monday, July 20, 2020

(ပြည်သူတွေက သွေးခွဲသတဲ့လား)

0 comments
(ပြည်သူတွေက သွေးခွဲသတဲ့လား)
ဗမာပြည်မပြောနဲ့ လစ်ဘရယ်လ်ဒီမိုကရေစီ အသားကျနေပါပြီဆိုတဲ့ပြည်ကြီးတွေမှာတောင် ရွေးကောက်ပွဲနီးရင် အတိုက်အခံတွေ ဆော်ကြနှက်ကြ ကလော်ကြတုတ်ကြ ငယ်ကျိုးငယ်နာဖော်ကြ အောက်လုံးထိုးကြတွေရှိပါတယ်။ လုပ်တဲ့နေရာမှာ သမာတဲ့နည်းရော မသမာတဲ့နည်းရော သတင်းမှားရော သတင်းမှန်ရော နည်းမျိုးစုံသုံးပြီး ဗြောင်ရော မသိမသာရော၊ ကျယ်ကျယ်လောင်လောင်ရော တိုးတိုးတိတ်တိတ်ရောကို လုပ်တာပါ။ ဒီအထဲမှာ သူ့ဘက်ကိုယ့်ဘက် သူ့ပါတီကိုယ့်ပါတီ သူ့လိုလားရာ ကိုယ့်လိုလားရာ ပြည်သူတွေလည်း တဇောင်းစေးနဲ့မျက်ချေးသဖွယ် တူးတူးခါးခါး ဝိုင်းပြီး လှော်ကြ သမကြပါတယ်။ ဒါပေမယ့် တပါတီက တပါတီကို အမနာပပြောလို့ နိုင်ငံရေးသမားတယောက်က နိုင်ငံရေးသမားတယောက်ကို အပုတ်ချလို့ ထိုးနှက်တိုက်ခိုက်လို့ ဘယ်သူ့ဘယ်သူမှ "ဒါဟာ တပါတီနဲ့တပါတီကြား သွေးကွဲအောင်လုပ်နေတာတို့။ သွေးခွဲနေတာတို့။ အထင်အမြင်လွဲတောင်လုပ်နေတာတို့"ဆိုပြီး ပြောမနေကြပါဘူး။ ကိုယ်လုပ်စရာရှိတာလုပ် ကိုယ်ဆွယ်စရာရှိတာဆွယ် ကိုယ်ဝါဒဖြန့်စရာရှိတာ ဖြန့်နေကြတာပါ။ ပွဲပြီးသွားမှ အနိုင်ရတဲ့သူက တရားမျှတတဲ့ရွေးကောက်ပွဲလို့ပြော၊ ရှူံးတဲ့သူက မတရားဘူးမမျှတဘူးထင်ရင် မတရားကြောင်းမမျှတကြောင်းပြောပြီး ဥပ‌ဒေကြောင်းအရ ဆက်ရင်ဆိုင်ကြတာပါ။ လွတ်လပ်ပြီး တရားမျှတတယ်လို့ နှစ်ဖက်စလုံးကထင်ရင်တောာ့ ရွေးကောက်ပွဲပြီးပါတယ်။ ဒါပေမယ့် အနိုင်ရပြီး အစိုးရဖွဲ့တဲ့သူက မပြီးသေးပါဘူး။ ရွေးကောက်ပွဲကြောင့် အထိုက်အလျှောက် စိတ်ဝမ်းကွဲသွားတဲ့လူထုကိုရော မိမိရဲ့အတိုက်အခံတွေကိုရော ပြန်ပြီး စည်းစည်းလုံးလုံးရှိဖို့ "စည်းရုံးရေး"လုပ်ရပါတယ်။ အဲ့သလိုလုပ်တဲ့နေရာမှာ နိုင်ငံရေးရာထူးကြီးငယ်တွေမှာ ကိုယ့်လူတွေတင်မက သူ့လူတွေနဲ့ အတိုက်အခံတွေကို ထိုက်သလောက်နေရာပေးခြင်းလည်းပါ ပါတယ်။

ပြောချင်တာက ရွေကောက်ပွဲမဲဆွယ်ရာမှာ ဘယ်လောက်ပဲ တက်ထောင်မောင်းနင်းတွေ နင်ပဲငဆတွေ အပုတ်ချတာတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာတွေ အောက်လုံးထိုးတာတွေ ငယ်ကျိုးငယ်နာဖော်တာတွေ ငါ့မခေါ် ငါ့အိုးပုပ်ပြန်ပေးလုပ်တာတွေ ဘယ်လောက်လုပ်ကြလုပ်ကြ တယောက်ကိုတယောက် တပါတီကတပါတီကိုသာ အပြစ်ဖို့ရင်ဖို့မယ် ယိုးစွပ်ရင်ယိုးစွပ်မယ် လက်ညှိုးထိုးရင်ထိုးမယ် မှားနေရင် ပြန်ဖြေရှင်းရင်ရှင်မယ် တန်ပြန်တိုက်ခိုက်ရင်ခိုက်မယ်၊ ကိုယ့်ဘက်သူ့ဘက် ဝင်လုပ်ပေးတဲ့ပြည်သူတွေကိုတော့ "ပါတီအချင်းသွေးကွဲအောင် သွေးထိုးတယ်"ဆိုတဲ့စကားမျိုးနဲ့ အပြစ်ဖို့တာ ယိုးစွပ်တာ လက်ညှိုးထိုးတာ ရမယ်ရှာတာတော့ မလုပ်ကြဘူး။ ဗမာပြည်မှာကြတော့ သူ့ဘက်ကိုယ့်ဘက်၊ သူ့ပါတီကိုယ့်ပါတီ၊ သူ့နိုင်ငံရေးသမား ကိုယ့်နိုင်ငံရေးသမား၊ သူ့အမတ်ကိုယ့်အမတ် လုကြရင်း အပြန်အလှန်ထိုးနှက်ကြတာကို "ပါတီတွေ နိုင်ငံရေးသမားတွေ အမတ်တွေအချင်းချင်း သွေးကွဲအောင် ပြည်သူတွေကလုပ်နေကြတယ်" ဆိုတဲ့သဘောနဲ့ပြောနေသံကြားရပါတယ်။

တကယ်က ဒါဟာ မဲဆွယ်နေတာပါ။ ဘယ်သူနိုင်နိုင်ရှုံးရှုံး သွားနေတဲ့စနစ်က ဒီစနစ်ပါပဲ။ စစ်လက်ဝါးကြီးအုပ် ဓနရှင်ဗြူရိုကရေစီစနစ်ကြီး မယိုင်လဲဖို့ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ ဒီလိုအနေအထားအောက်မှာ မစို့မပို့အာဏာလေးအတွက် တယောက်နဲ့တယောက် တပါတီနဲ့တပါတီ ရာထူးနေရာလုကြရင်း ပြည်သူကို ညှိုးသူရန်ဘက်သဖွယ်လုပ်ပြီး "ပါတီချင်း နိုင်ငံရေးသမားချင်း သွေးမခွဲနဲ့"လုပ်နေတာတော့ မဟုတ်သေးဘူးနဲ့တူပါတယ်။
မျိုးမြင့်ချို
၂၀ ဇူလိုင် ၂၀၂၀

Saturday, July 18, 2020

လစ်ဘရယ်ဝါဒကို ဆန့်ကျင်ကြ (COMBAT LIBERALISM) ဥက္ကဋ္ဌ မော်စီတုန်း တရုတ်ပြည်ကွန်မြူနစ်ပါတီ ၁၉၃၇-စက္တင္ဘာလ-၇

0 comments
လစ်ဘရယ်ဝါဒကို ဆန့်ကျင်ကြ (COMBAT LIBERALISM)
ဥက္ကဋ္ဌ မော်စီတုန်း
တရုတ်ပြည်ကွန်မြူနစ်ပါတီ
၁၉၃၇-စက္တင္ဘာလ-၇
တွေးခေါ်မှုတိုက်ပွဲကို တက်တက်ကြွကြွဆင်ဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုတိုက်ပွဲဆင် တာဟာ ပါတီတွင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွင်းမှာ စည်းလုံးညီညွတ်မှု ရှိစေပြီး ပါတီနှင့် တော်လှန်ရေးအဖွဲ့အ စည်းများရဲ့ တိုက်ခိုက်ရေးအတွက် အကျိုးရှိစေတဲ့ လက်နက်ဖြစ်စေလို့ပဲ။ ကွန်မြူနစ်ပါတီဝင်တိုင်း တော်လှန်ရေးသမား တိုင်း ဒီလက်နက်ကို ကိုင်စွဲသင့်တယ်။
ဒါပေမဲ့ လစ်ဘရယ်ဝါဒကတော့ တွေးခေါ်မှုတိုက်ပွဲကို ဖျက်သိမ်းပြီး မူမဲ့တဲ့ ငြိမ်းချမ်းမှုကို လိုလားတယ်။ ဒါကြောင့် ယုတ်ညံ့ သိမ်ဖျဉ်းတဲ့ လုပ်ဟန်တွေပေါ်လာပြီး၊ ပါတီနဲ့ တော်လှန်ရေးအဖွဲ့ထဲက အဖွဲ့အစည်းအချို့နဲ့ လူတချို့ကို နိုင်ငံရေးအရ ဆုတ် ယုတ်ပျက်စီးသွားစေတယ်။ လစ်ဘရယ်ဝါဒဟာ သဏ္ဍာန်အမျိုးအမျိုးရှိတယ်။
ကိုယ့်နဲ့သိကျွမ်းသူ၊တရွာတည်းသား၊ ကျောင်းနေဖက်၊ ရင်းနှီးတဲ့ မိတ်ဆွေ ချစ်ခင်သူ၊ လုပ်ဖေါ်ကိုင်ဖက်ဟောင်း၊ လက် အောက်ငယ်သားငယ်သားဟောင်းများဖြစ်နေလို့၊ သူတို့တတွေ မှားနေမှန်းသိရက်နဲ့ မူ အရငြင်းခုံဆွေးနွေးမှု မလုပ်ဘဲ အေး အေးချမ်းချမ်းရှိအောင်နဲ့ မိတ်မပျက်အောင်ဆိုပြီး မျက်နှာလွှဲလိုက်တယ်။ ဒါမှမဟုတ် သင့်သင့်မြတ်မြတ်ရှိအောင်ဆိုပြီး ယတိပြတ်မဖြေရှင်းဘဲ၊ သာမန်ကာလျှံကာ လောက်ပဲပြောကြတယ်။ ဒီလိုလုပ်တာဟာ အဖွဲ့အစည်းအတွက်ရော၊ လူတဦး ချင်းအတွက်ပါ အကျိုး ယုတ်စေတယ်။ ဒါဟာ ပထမအမျိုးအစားဖြစ်တယ်။
အဖွဲ့အစည်းကို တက်တက်ကြွကြွအကြံမပေးဘဲ၊ ကွယ်ရာမှာ တာဝန်မဲ့ဝေဖန်ခဲ့တယ်။ ရှေ့မှာမပြောဘဲ။ ကွယ်ရာမှာ အရမ်း လျှောက်ပြောတယ်။ အစည်းအဝေးမှာ မပြောဘဲ အစည်းအဝေးပြီးမှ လျှောက်ပြောတယ်။ စုပေါင်းနေထိုင်ရေးမူကို အရေး မထားဘဲ ကိုယ်ထင်ရာပေါက်လွှတ်ပဲစားလုပ်သည်။ ဒါဟာ ဒုတိယအမျိုးအစားဖြစ်တယ်။
ကိုယ့်နှင့်မဆိုင်တဲ့ကိစ္စဆိုပြီး ဘေးချိတ်ထားလိုက်တယ်။ မှားမှန်းသိရက်သားနဲ့ ဆိတ်ဆိတ်နေထောင် တန်ဆိုတဲ့ သဘောနဲ့ နေတယ်။ လူပါးလူနပ်လုပ်ပြီး အန္တရာယ်ကင်းကင်းနဲ့ အမှားလွတ်အောင်သာ ရှောင်ကွင်းနေတယ်။ ဒါဟာ တတိယ အမျိုး အစားဖြစ်တယ်။
အမိန့်ကိုမနာခံဘဲ ကိုယ့်ထင်မြင်ချက်ကို အဓိကထားလုပ်သည်။ အဖွဲ့အစည်းရဲ့ ပြုစုစောင့်ရှောက်မှုကို သာလိုလားပြီး၊ အဖွဲ့ အစည်းရဲ့စည်းကမ်းကိုတော့ မလိုက်နာဘူး။ ဒါဟာ စတုတ္ထအမျိုးအစားဖြစ်တယ်။
ညီညွတ်ဖို့၊ တိုးတက်ဖို့နဲ့ လုပ်ငန်းများကောင်းကောင်းလုပ်ဆောင်ဖို့အတွက် မှားတဲ့ထင်မြင်ချက်များနဲ့ တိုက်ခိုက်ငြင်းခုံမှု လုပ်ရမဲ့အစား ပုဂ္ဂိုလ်ရေးအရတိုက်တယ်၊ အရွဲ့တိုက်တယ်၊ ရန်ငြိုးနဲ့လုပ်တယ်၊ လက်စားချေဖို့ကြံတယ်။ ဒါဟာပဥ္ဓမ အမျိုး အစားဖြစ်တယ်။
မမှန်တဲ့ ပြောဆိုချက်တွေကို ကြားရပေမဲ့လဲမချေပ၊ တန်ပြန်တော်လှန်ရေးသမားများရဲ့ ပြောဆိုချက်များကို ကြားရတဲ့အခါ တောင်ဆိုင်ရာကို မတိုင်ကြားဘဲ အေးအေးဆေးဆေးမသိလိုက် မသိဖါသာနေတယ်။ ဒါဟာဆဋ္ဌမအမျိုးအစားဖြစ်တယ်။
လူထုထဲရောက်တဲ့အခါ ဝါဒမဖြန့်၊ မလှုံ့ဆော်၊ မဟောပြော၊ မစုံစမ်းမမေးမြန်း၊ လူထုရဲ့အခက်အခဲကို ဂရုမစိုက်၊ဖါသိဖါသာ နေတယ်။ ကိုယ်ဟာ ကွန်မြူနစ်ပါတီဝင်ဖြစ်တယ်ဆိုတာကို မေ့နေတယ်၊ ကွန်မြူနစ်ပါတီဝင် ဖြစ်ရက်နဲ့ သာမာန်အရပ်သား လိုနေတယ်။ ဒါဟာသတ္တမအမျိုးအစားဖြစ်တယ်။
အလုပ်လုပ်ရာတွင် မစေ့စပ်မသေချာ၊ စီမံကိန်းနဲ့ ဦးတည်ချက်အတိအကျမရှိ၊ ဖြစ်ကတတ်ဆန်းလုပ်တယ်။ တော်ရိယော်ရိ လုပ်တယ်။ ဝတ်ကျေတမ်းကျေလုပ်တယ်။ ဒါဟာ နဝမ အမျိုးအစားဖြစ် တယ်။
ကိုယ့်ကိုယ်ကို တော်လှန်ရေးအတွက် အကျိုးပြုခဲ့သူလို့ ယူဆပြီး ဝါရင့်သူကြီးအဖြစ် ဂိုက်ထုတ်တယ်။ တာဝန်ကြီးများကိုလဲ မထမ်းဆောင်နိုင်၊ တာဝန်ကလေးများကိုလဲ ထမ်းဆောင်ချင်စိတ်မရှိဘူး။ အလုပ်ကို ပေါ့ပေါ့ဆဆလုပ်တယ်။ ကြိုးကြိုးစား စားမလေ့လာဘူး။ ဒါဟာ ဒသမအမျိုးအစားဖြစ်တယ်။
ကိုယ့်မှားနေမှန်း သိရက်သားနဲ့ ပြင်ချင်စိတ်မရှိ။ ကိုယ့်အပေါ်ကိုယ်လစ်ဘရယ်ဝါဒကျင့်သုံးတယ်။ ဒါဟာ ဧကဒဿမ အမျိုး အစားဖြစ်တယ်။
ဒါတွေအပြင် အခြားအမျိုးအစားအချို့ကိုဖေါ်ပြနိူင်သေးပေမဲ့ ဒီ ၁၁ မျိုးကတော့ အဓိကပဲ။ ဒါတွေ အားလုံးဟာ လစ်ဘရယ် ဝါဒရဲ့သဏ္ဍာန်တွေဘဲ။
တော်လှန်တဲ့ စုပေါင်းအဖွဲ့အစည်းများအတွင်းမှာ လစ်ဘရယ်ဝါဒဟာ အလွန်အန္တရာယ်ကြီးတယ်။ ဒီဝါဒဟာ အတွင်းက လှိုက်စားတဲ့ အဆိပ်အတောက်တမျိုးဖြစ်လို့ စည်းလုံးမှုကို ပျက်ပြားစေတယ်။ လူချင်း အစေးမကပ်ဖြစ်စေတယ်။ အလုပ် လုပ်ရာမှာ ပေါ့ပေါ့ဆဆဖြစ်စေတယ်။ စိတ်ဝမ်းကွဲစေတယ်။ ဒီဝါဒဟာ တော်လှန်ရေးတပ်ဖွဲ့ကြီးရဲ့ တင်းကြပ်တဲ့ စည်းရုံးမှုနဲ့ စည်းကမ်းများကိုလဲပျက်ပြားစေတယ်။ ပေါ်လစီများကိုလဲ ပြည့်ပြည့်ဝဝ မကျင့်သုံးနိူင်စေဘဲ ပါတီအဖွဲ့အစည်းကိုလဲ ပါတီ ရဲ့ခေါင်းဆောင်မှုအောက်မှာရှိတဲ့ လူထုနဲ့ ကင်းကွာသွားစေတယ်။ ဒါဟာ ဆိုးဝါးတဲ့ သွေးဖီမှုတမျိုးဖြစ်တယ်။
ဓနရှင်ပေါက်စလူတန်းစားရဲ့ ကိုယ့်ကျိုးကြည့်မှုဟာ လစ်ဘရယ်ဝါဒရဲ့ ရေသောက်မြစ်ဖြစ်တယ်။ တဦးချင်းအကျိုးကို ရှေ့တန်းတင်ပြီး တော်လှန်ရေးအကျိုးကို ဒုတိယအဆင့်မှာထားလို့ တွေးခေါ်မှုအရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ လစ်ဘ ရယ်ဝါဒ ဖြစ်ပေါ်လာတယ်။
လစ်ဘရယ်ဝါဒီတွေဟာ မာ့က်စ်ဝါဒမူတွေကို အကောင်အထည်မဲ့တဲ့ တရားသေများအဖြစ် သဘောထားကြတယ်။ မာ့က်စ် ဝါဒကို သူတို့လိုလားထောက်ခံကြပေမဲ့ ကျင့်သုံးဖို့ မရည်ရွယ်ကြ သူတို့မှာ မာ့က်စ်ဝါဒရော၊ လစ်ဘရယ်ဝါဒပါရှိကြတယ်။ သူတို့ ပါးစပ်ကပြောတော့ မာ့က်စ်ဝါဒ၊ လက်တွေ့လုပ်တော့ လစ်ဘရယ်ဝါဒကျင့်သုံးကြတယ်။ ဒါဟာလူတချို့ရဲ့ တွေး ခေါ်နည်းဖြစ်တယ်။
လစ်ဘရယ်ဝါဒဟာ အချောင်ဝါဒရဲ့ ပုံသဏ္ဍာန်တမျိုးဖြစ်ပြီး မာ့က်စ်ဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ဒီဝါဒဟာ အဖျက်သဘောပါတဲ့အတွက် လက်တွေ့ကျတော့ ရန်သူကို အကူအညီပေးရာ ရောက်တယ်။ ဒါကြောင့် ကျွန်တော်တို့ အ တွင်းမှာ လစ်ဘရယ်ဝါဒတည်ရှိနေဖို့ ရန်သူက လိုလားတယ်။ လစ်ဘရယ်ဝါဒမှာ ဒီလိုသဘောလက္ခဏာမျိုးရှိနေတဲ့အတွက် ကြောင့် တော်လှန်ရေးတပ်ဖွဲ့ကြီးထဲမှာ သူ့ကိုနေရာမပေးသင့်ဘူး။
ကျွန်တော်တို့ဟာ အဖျက်သဘောပါတဲ့ လစ်ဘရယ်ဝါဒကို မာ့က်စ်ဝါဒရဲ့ အပြုသဘောဖြင့် ကျော်နင်းရမည်။ ကွန်မြူနစ် ပါတီဝင်ဟာ သဘောထားပွင့်လင်းရမည်။ သစ္စာရှိရမည်။ တက်တက်ကြွကြွရှိရမည်။ တော်လှန်ရေးအကျိုးကို ကိုယ့် အသက်မက အရေးထားရမည်။ ကိုယ်ကျိုးကို တော်လှန်ရေးအကျိုးရဲ့ လက်အောက်ခံအဖြစ်ထားရမည်။ ပါတီရဲ့ စုပေါင်း နေထိုင်ရေးကို ခိုင်မြဲစေဖို့၊ ပါတီနဲ့လူထုရဲ့ ဆက်သွယ်မှုကိုခိုင်မြဲစေဖို့အတွက်၊ ဘယ်အချိန်၊ ဘယ်နေရာမဆို မှန်တဲ့မူကို စွဲစွဲ မြဲမြဲဆုပ်ကိုင်ထားပြီး၊ မမှန်တဲ့ အတွေးအခေါ်နဲ့ အပြုအမူမှန်သမျှကို မငြီးငွေ့တမ်းတိုက်ပွဲဆင်ရမည်။ ကိုယ်ရေးထက် ပါတီ အရေးနဲ့ လူထုအရေးကို ပိုဂရုစိုက်ရမည်။ မိမိထက် သူများကို ပိုဂရုစိုက်ရမည်။ ဒါမှ ကွန်မြူနစ်ပါတီဝင်ပီသတယ်လို့ ဆို နိူင်မယ်။
သစ္စာရှိတဲ့၊ ပွင့်လင်းတဲ့၊ တက်ကြွတဲ့၊ ဖြောင့်မတ်တဲ့ ကွန်မြူနစ်ပါတီဝင်အားလုံး စည်းလုံးကြ၊ လူတချို့ရဲ့ လစ်ဘရယ်ဝါဒ သွေဖီမှုကို ဆန့်ကျင်ပြီး၊ သူတို့တတွေ လမ်းမှန်ရောက်လာအောင် ဆောင်ရွက်ကြ။ ဒါဟာ တွေးခေါ်မှုစစ်မျက်နှာက တာဝန် တရပ်ဖြစ်တယ်။ ။
မော်စီတုန်း လက်ရွေးစင်ကျမ်း အတွဲ ၂ ပထမအုပ်မှ လစ်ဘရယ်ဝါဒဆန့်ကျင်ကြ (COMBAT LIBERALISM) ဆောင်းပါး ဖြစ်ပါတယ်။

Friday, July 17, 2020

(ဘူးစင်)

0 comments
(ဘူးစင်)
ဘူးသီးပုပ်ဆိုသည်မှာ ဘူးသီးအလုံးအကြီးကြီးတွေ ဈေးထဲမှာရောင်းမကုန်၍ ပုပ်သွားခြင်းကို မဆိုလိုပါ။ ဘူးသီးကင်းလေးများဘဝတွင် ပျားထိုး၍လည်းကောင်း ပျတက်၍လည်းကောင်း အခြားအကြောင်းများကြောင့်လည်းကောင်း အသီးဆက်မကြီးနိုင်တော့ပဲ ပုပ်လိုက်သွားသည့် ဘူးသီးကင်းလေးများဖြစ်ပါသည်။ အရွယ်မှာလည်း လက်မလက်ညှိုးရွယ်မှ တမိုက်ခန့်အရွယ်အတွင်း အဖြစ်များပါသည်။ ဘူးသီးပုပ်ကလေးများမှာ ပုပ်စတွင် အရောင်ညစ်လိုက်လာကာ ထိုမှတဆင့် ညိုသွားပြီး နောက်ဆုံး မခူးပဲထားလျှင် မဲထွက်သွားပါသည်။ ပုပ်မည့်ဘူးသီးကင်းနှင့် တင်မည့်ဘူးသီးကင်းမှာ ငယ်ငယ်လေးကတည်းက သိသာပါသည်။ တင်မည့်အသီးလေးများမှာ ရိုးတံတိုတိုတုတ်တုတ် အမွှေးနုနုလေးများနှင့် စိမ်းစိမ်းဖန့်ဖန့်နေကာ ပူစီဖောင်းလေထိုးလိုက်သလို တရှိန်တည်းကြီးလာပြီး ပုပ်မည့်အသီးလေးများမှာ ကြီးမည့်အယောင်မပြရုံမက စိမ်းဖန့်၍လည်းမနေ ရိုးတံလည်းအတန်ရှည်ပါသေးသည်။ 
ကျနော်တို့ငယ်ငယ်က အိမ်တွင်ဘူးပင်စိုက်သည့်အခါ အမေက ရွာဦးထိပ်ရှိ နွားသတ်ရုံမှ နွားအရိုးဟောင်းများသွားတောင်းခိုင်းပြီး ဘူးစင်တွင် တွဲလောင်းချိတ်ဆွဲထားပါသည်။ ထိုနွားရိုးများမှာ နွားရိုးခြောက်များမဟုတ်သလို လတ်လတ်ဆတ်ဆတ် နွားရိုးစိုများလည်း မဟုတ်ပါ။ မစိုမခြောက်ဖြစ်ပြီး အနံ့လည်း အတန်ရှိပါသည်။"အမေ အဲ့သလို နွားရိုးတွေချည်တော့ ဘာဖြစ်တတ်လဲ"ဟု ကျနော်တို့ကမေးလျှင် "ဘူးသီးကို ထိုးမယ့်ပိုးက နွားရိုးဆီကိုသွားတော့ ဘူးသီးလေးတွေ ပိုးမထိုးဘူး"ဟုဖြေပါသည်။ ကျနော်တို့က အမေပြောတာဟုတ်မဟုတ်သိရန် နွားရိုးများကို အနီးကပ်ကြည့် ကြည့်၊ လှုပ်ကြည့် ခါကြည့်သည့်အခါ နွားရိုးတွေပေါ်မှာ ပိုးကောင်လေးတွေတွေ့ရသလို ခေါက်ချလိုက်လျှင် အတောင်ပျော့ပိုးကောင်လေးတွေ ထွက်ကျလာတာမြင်ရပါသည်။ 
ထိုပိုးကောင်လေးများမှာ နွားရိုးတွင်းမှချဉ်ဆီပုပ်များနှင့် နွားရိုးပေါ်မှ မခြောက်တခြောက်အရိအရွဲများကို လာစားကြခြင်းဖြစ်မည်ထင်ပါသည်။ ဘူးသီးကို ထိုးရန်လာရင်း နွားရိုးဘက် အာရုံရောက်သွားသည့် ပိုးများဟုတ်မဟုတ်တော့ ဘယ်သူမှတပ်အပ်ပြောနိုင်မည် မထင်ပါ။ သို့သော် နွားရိုးတွင် ပိုးများရှိနေတာကတော့ သေချာပါသည်။ ကျနော်က နွားရိုးမရှိလျှင် ထိုပိုးများအားလုံး ဘူးသီးတွေကိုထိုးမှာစိုးသဖြင့် နွားရိုးဆွဲလောက်အောင် အမြော်အမြင်ကြီးသည့်အမေ့အား အထင်လည်းကြီးပါသည်။ နွားရိုးဆွဲထားသည့်စင်လည်း ဘူးသီးပိုတင်သည်ဟုထင်ပါသည်။ ဘူးစင်နှင့်နွားရိုးတွဲလောင်းလည်း လိုက်ဖက်သည်ဟုထင်ပါသည်။ ထို့ကြောင့် သူငယ်ချင်းများအား "မင်းတို့ ဘူးပင်စိုက်ရင် စင်မှာ နွားရိုးဆွဲကွ"ဟု တိုက်တွန်းပါသည်။ နွားရိုးဆွဲသည့်ကြားမှ ပုပ်လာသည့် ဘူးသီးပုတ်လေးများကို အမေက ခူးပြီး ပြုတ်တတ်ပါသည်။
ဘူးသီးပုပ်လေးများ အရောင်ညစ်စပြုချိန် သို့မဟုတ် အရောင်ညိုလိုက်လာချိန်တွင် ခူး၍ ငါးပိရည် ငါးပိချက် ငါးပိထောင်းများနှင့် တို့မြှုတ်၍စားရသည်မှာ အလွန်စားကောင်းပါသည်။ အပုပ်ဘဝအပင်ပေါ်တွင် အပျော့အမာ ဘယ်လိုနေမည်ကို သေချာမပြောတတ်သော်လည်း ပြုတ်လိုက်သည့်အခါ အသီးမာသွားပြီး ကိုက်လိုက်လျှင် ကြွပ်ကြွပ်ကြွပ်ကြွပ်နှင့်နေပါသည်။ အနံ့လည်း မွှေးပါသည်။ တချို့ အပုတ်များသွားသည့် ဘူးသီးကင်းလေးများမှာ အထဲအထိပါ လိုက်မည်းနေသော်လည်း အကြွပ်မပျက် အရသာမပျက်ကြပါ။ ဘူးသီးအကောင်းကို ပြုတ်တို့လျှင် ပျော့စိစိနေပါသည်။ မကြွပ်ပါ။
ဘူးတပင်တွင် သီးကင်းမှန်သမျှသာ တင်ရကြေးဆိုလျှင် စင် ကျိုးလျှင်ကျိုး မကျိုးလျှင် အပင်မနိုင်ဖြစ်ကာခွေခေါက်နေမည်မှာ သေချာလောက်ပါသည်။ ထို့ကြောင့် သဘာဝတရားကြီးက တန်ရုံသာသီး၍ တော်ရုံသာတင်ရန် စီမံထားခြင်းလည်းဖြစ်နိုင်ပါသည်။ သီးသမျှ ဘူးသီးကင်းများအနက် ၅ ပုံ တပုံထက်နည်းသောအသီးကင်းလေးများသာ တင်ကျန်ပြီး ဘူးသီးကြီးများဘဝရောက်ကြရသည်ဟု ထင်ပါသည်။ 
ယခု ကျနော် အမေရိကန်တွင် နေပါသည်။ အမေလည်း အမေရိကန်တွင်ရှိပါသည်။ ကျနော့်အိမ်တွင် ဘူးစင်ရှိသလို အမေ့အိမ်တွင်လည်းရှိပါသည်။ ကျနော်က ဒီနှစ်မှာ ဘူးကို စင်နှင့် စစိုက်တာဖြစ်ပြီး အမေစိုက်လာတာက လေးငါးခြောက်နှစ်ရှိနေပြီဖြစ်ပါသည်။ မနှစ်ကဆိုလျှင် ကျနော့် မြေလျှောက်ဘူးတပင်မှ ၃ လုံးခန့်စားရပြီး အမေ့ စင်တင်ဘူးပင်မှ ရှစ်လုံးခန့်စားရသည်ထင်ပါသည်။ ဘူးသီးများကို အိမ်မှာ ချက်ပြုပ်စားကြသလို သူငယ်ချင်းမိတ်ဆွေတွေပါဖိတ်ပြီး ဘူးသီးကြော်လည်း ကြော်စားကြပါသည်။ ဘူးသီးနုနုကို ကြက်သား အမဲသားစသည်တို့နှင့်ရောကာ ကျနော့်နှမချက်သည့် ဘူးသီးဟင်းမှာ အလွန်စားကောင်းကာ အရသာလည်းရှိ အာဟာရလည်းပြည့်ပါသည်။
ဒီနှစ်တော့ ကျနော် ဘူးကိုစင်ထိုးပြီးစိုက်ပါသည်။ သီးကင်းလေးများလည်း မနည်းရှိပါသည်။ ဘူးသီးပုပ်လေးများလည်း ရှိပါသည်။ ကျနော်က အပုပ်ကလေး လေးငါးဆယ်လုံးရသည်အထိ အပင်တွင်ထားပြီးစုရန်ရည်ရွယ်လျှက် မခူးပဲထားသည်ကို ဇနီးသည်ကမသိပဲ မနေ့ညနေက အကုန် ခူးဖြတ်ပြီး လွှင့်ပစ်လိုက်ပါသည်။ "အဲ့ဒီ အသီးတွေက တင်မယ့်ဟာတွေမဟုတ်ဘူး"ဟုပြောပါသည်။ မတင်မည်မှန်းကျနော်သိသလို အမေပြုတ်တို့ရအောင် တမင်ချန်ထားမှန်းလည်း သူ့အားမပြောမိပါ။ ခုတော့ ပြုတ်တို့ရန်ရည်ရွယ်ပြီး အပင်တွင်စုထားသည့်ဘူးသီးပုတ်လေးများ နိဌိတံသွားပါသည်။ 
သို့သော် မျှော်လင့်စရာကျန်သည်ကား နောက်ထပ်သီးကင်းများ ဝေဝေဆာဆာလိုက်နေခြင်းပင်ဖြစ်ပါသည်။ ထိုသီးကင်းများအနက် ဘယ်နှလုံးပုပ်၍ ဘယ်နှလုံးတင်မည် ကျနော် ကံသေကံမ မပြောနိုင်သော်လည်း ပုပ်သလောက်ပုပ် တင်သလောက်တင်ပါလိမ့်မည်။ ကျနော်တို့ တို့မြှုတ်စားရန် နောက်တကြော့ ဘူးသီးပုပ်လေးတွေ စုပါဦးမည်။ ဇနီးကိုလည်း ပြောထားရပါမည်။
သည်မနက်တော့ ဘူးစင်ဘက်လှည့်ရင်း "ငါ့ ဘူးစင်က တခုခုလိုနေသလိုပါလား"ဟု စိတ်တွင်ဖြစ်မိပါသည်။ ဘာလိုနေတာပါလိမ့်ဟုတွေးတော့မှ နွားရိုးလိုနေတာဖြစ်ကြောင်း စိတ်ကသိလိုက်ပါသည်။ နွားရိုးမရှိသည့်ဘူးစင်သည် ကျနော့်အမြင်တွင် တံခွန်မရှိသည့်ရထားလို အလှမစုံဖြစ်နေပါသည်။ ဘူးသီးကင်းလေးတွေ ပိုးထိုးထိုး မထိုးထိုး၊ အသီးတွေ ပိုတင်တင် မတင်တင်ဆိုသည်ကို ကျနော် ဂရုတမထားခြင်းထက် ငယ်ငယ်က ဗမာပြည်တွင် အမေစိုက်ခဲ့သည့်ဘူးပင်နှင့် နွားရိုးတွဲလောင်းအမေ့ဘူးစင်ကို ကျနော် လွမ်းဆွတ်နေခြင်း ဖြစ်နိုင်ပါသည်။ 
လူသည် တော်ရာမှာနေရသော်လည်း ချက်မြုပ်ရာတွင်ခေါင်းချချင်ကြသည်ဟုထင်ပါသည်။ အသက်ကြီးလာသောအခါ ငယ်ဘဝတွေကို ပိုတမ်းတတတ်လာပါသည်။ ကျနော့်ဘူးစင်တွင် နွားရိုးချိတ်ရကောင်းမလားဟုလည်း တွေးမိပါသည်။
မျိုးမြင့်ချို
၁၃ ဇူလိုင်။ ၂၀၂၀
(အမဲရိုးဟုသုံးလျှင် လူစားရသည့်အရိုးအရွယ်များနှင့် ရောထွေးစရာရှိသဖြင့် နွားရိုးဟုသုံးပါသည်)

ဗိုလ်အောင်ကြီးစာ

0 comments
ဗိုလ်အောင်ကြီးစာ
ရန်ကုန်မြို့
ဇွန်လ(၈)ရက်၊ ၁၉၈၈
ဗိုလ်ချုပ်ခဗျား
ဗိုလ်ချုပ်လည်း အသက်ကြီးပါပြီ။ ကျွန်တော်တောင်မှ အသက် (၇၀) ရှိပြီပဲ။ ဗိုလ်ချုပ်အနေနဲ့ ကောင်းမယ်ထင်လို့ လုပ်ခဲ့တာပဲဟာ၊ ကောင်းတာတွေလည်း ရှိမှာပဲ။ မကောင်းတာတွေ မှားတာတွေလည်း ရှိမှာပဲ။ ဒါဟာ နိုင်ငံတော်ကို ဦးဆောင်ကြတဲ့သူတွေ အဖို့ တွေ့ကြုံရတာ ဓမ္မတာပါပဲ။
ဒါပေမယ့် ကျွန်တော် တခုတော့ ပြောချင်ပါတယ်။ ဗိုလ်ချုပ် ဖြစ်ချင်တာတွေ ဖြစ်မလာတာတို့၊ တိုင်းပြည် ဆင်းရဲသွားတာတို့၊ စီမံကိန်းတွေ မအောင်မြင်ဘဲ အောင်မြင်တယ်ဆိုပြီး စာရင်းလိမ် အပြခံရတာတို့၊ အမှန်ကို မပြောကြဘဲ ဗိုလ်ချုပ်ကြီး စိတ်မချမ်းသာ စရာတွေ မကြားရအောင် ဖုံးဖိထားကြတာ၊ နောက်ဆုံး မိမိတို့ ဘာသာ မိမိတို့ ကျူးလွန်တာတွေ၊ မှားတာတွေကိုတောင် ဗိုလ်ချုပ်ကြီး ခိုင်းလို့ လုပ်တာပါချည်း ဖြစ်ကုန်တာတွေ အပြင်မှာ ဖြစ်နေတယ်လေ။
အရင် ကျောင်းသား သမဂ္ဂဖြိုတဲ့ ကိစ္စတောင် ယခုထိ တိုင်းပြည်က မသိကြသေးဘူး မဟုတ်လား။ သမဂ္ဂကို ကျွန်တော် ဖြိုတယ်လိုလို ဗိုလ်ချုပ်ကိုပြောတဲ့ အတွက် ဗိုလ်ချုပ်က ကျွန်တော် ဖြိုတယ်လို့ စွတ်စွဲ၊ ကျွန်တော်က ကျွန်တော် မဟုတ်ရပါလို့ ၁၉၇၇ ခုနှစ်မှာ စာတမ်းဝေပြီး ဖြေရှင်းတော့ တာဝန်ဟာ ဗိုလ်ချုပ်အပေါ် ပြန်ကျပြီး ဗိုလ်ချုပ်ပဲလို့ နားလည်သွားကြ ပြန်ပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်ဟာ သမဂ္ဂဆိုတဲ့ လွတ်လပ်ရေး သမိုင်းဝင် အဓိက အဆောက်အဦးကြီးကို ဖြိုတဲ့လူ အဖြစ် ရာဇဝင် အမဲကွက်ကြီးနဲ့ စခန်းသိမ်းမလို ဖြစ်ခဲ့ရပါတယ်။
အခု ကျွန်တော် (၄၁) မျက်နှာ စာတမ်း ထွက်လာကာမှ လူတွေဟာ “ဟာ” ကနဲဖြစ်ပြီး ဒိုင်းနမိုက် ခွဲခိုင်းတာ ဗိုလ်ချုပ် မဟုတ်ကြောင်း အကြောင်းစုံ သိသွားကြတာပါ။ တကယ် ဟိုလွန်ခဲ့တဲ့ (၂၆) နှစ် ကတည်းက မွှေးကြီး (ဗိုလ်လှမြင့်)၊ ဗိုလ်မှူးဝင်း၊ ဗိုလ်ထွန်းရီ (Burma Engr) တို့ကို မေးရင် အားလုံး အမှန်ပေါ်မှာပါ။ မြန်မာပြည် ဗုဒ္ဓဘာသာ ဘယ်လောက် ထွန်းကားတယ်ဆိုတာ ရွှေတိဂုံ စေတီတော်ကြီးကို သက်သေထူရသလို၊ မြန်မာပြည် လွတ်လပ်ရေးသမိုင်း ရေးသား ဖော်ပြရရင် “ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ” အဆောက်အဦးကြီးဟာ ရွှေတိဂုံ စေတီတော်အလား အထင်အရှား ကျောက်တိုင်ကြီးအဖြစ် ပြရမယ့် အဆောက်အဦးကြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ခဗျား
အဲဒီ ကျောင်းသားသမဂ္ဂ အဆောက်အဦးဖြိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများ အတွက်သာ သိကြနားလည်ကြတဲ့ ကိစ္စတရပ်သာ ဖြစ်ပါတယ်၊ မြန်မာတွေနဲ့သာ ဆိုင်ပါတယ်။ ကမ္ဘာတခုလုံးက “ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ” ကို သိလည်းမသိ စိတ်လည်း မဝင်စား၊ ကြားလည်း ကြားဖူးကြမည် မထင်ပါ။
ယခု ၁၉၈၈ ခုနှစ်၊ မတ်လ အရေးအခင်း၊ March Affair လို့ နိုင်ငံခြား သံတမန်ရပ်ကွက်က ခေါ်တဲ့ ကျောင်းသားများ အရေးအခင်း ကိစ္စမှာတော့ ဗိုလ်ချုပ် ခေါင်းဝင်ပြီး မခံစေချင်ဘူး။ ဒီကိစ္စမှာ ဗိုလ်ချုပ် တကယ်မပါဘူးလို့ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဒါပေမယ့် နိုင်ငံခြား သတင်းစာ အားလုံးက ဗိုလ်ချုပ်ကိုပဲ ခေါင်းတပ် ရေးကြပါတယ်။
ယခင် ၁၉၆၂ ခုနှစ် ကျောင်းသားများ အရေးအခင်းဟာ သာမန် ကျောင်းသားများ အရေးအခင်းမျှသာ ဖြစ်ပါတယ်။ ယခု အရေးအခင်းဟာ သာမန် ကျောင်းသားများ အရေးအခင်း၊ ကျောင်းသား ဆူပူတာတွေ နှိမ်နင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကမ္ဘာမှာ ကျောင်းသား ဆူပူတာတွေ နှိမ်နင်းတာတွေဟာ ထမင်းစားရေသောက် ကိစ္စပါ။ တိုင်းပြည်တိုင်းလိုလိုမှာ ဖြစ်နေတာမို့ ရိုးနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ယခု ကိစ္စကတော့ Human Right ကိစ္စ ဖြစ်နေပါတယ်။ Human Right ကိစ္စကို ရုရှားနဲ့ အမေရိကန် ထိပ်သီး ဆွေးနွေးပွဲမှာတောင် ရေးကြီးခွင်ကျယ် ဆွေးနွေးကြရတဲ့ ကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အသိဆုံး ဖြစ်ပါတယ်။ တောင်အာဖရိက အစိုးရကို ကုလသမဂ္ဂမှာ Human Right ကိစ္စနဲ့ ပါတ်သက်ပြီး တကမ္ဘာလုံးက အစိုးရတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတယ် မဟုတ်လား။ ယခု ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်သွားတဲ့ မတ်လ ကျောင်းသားကိစ္စဟာ သာမန် RIT ကျောင်းသား ကိစ္စလေးကို ကမ္ဘာသိ ကမ္ဘာကျော် Human Right ကိစ္စ ဖြစ်သွားအောင် လုပ်နေမိတယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ “မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ်” သိပုံမပေါ်။ “နိုင်ငံတော် ကောင်စီ” ကလည်း ယခုထိ ရိပ်မိပုံ မပေါ်ပါ။ “အထွေထွေတွဲဖက်ကြီး” ဦးစီးသည့် ကိစ္စမို့၊ ကိစ္စမရှိဟု ထင်နေကြပါတယ်။ ပြောလည်း မပြောဝံ့ကြပါ။ Human Right ဖြစ်နေပြီဆိုတာ သိတဲ့ နားလည်တဲ့ ကောင်စီဝင်တွေကလည်း နှုတ်ပိတ်နေကြသည်ကို ကျွန်တော် နားမလည်နိုင် ဖြစ်ရပါတယ်။
“တွဲဖက်ကြီး” အနေနှင့် ကာကွယ်ရေး ဝန်ကြီးကို မပြောဘဲ ဦးစီးချုပ်ကို တိုက်ရိုက် အမိန့်ပေးပြီး တပ်မ ၂၂ ကိုဘားအံမှ ဆွဲချလာသည်ဟု သိရ၍ အံ့သြမိပါသည်။
ဗိုလ်ချုပ်ခဗျား
ဒီကိစ္စဟာ မကြာသော ကာလမှာ မြန်မာပြည်ကို “နာမည်အဆိုးဆုံး ပုဒ်မ” ဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက၊ ကမ္ဘာ့ သတင်းစာ အသီးသီးက ရှုံ့ချ ခံရတော့မယ့် ကိစ္စမို့ ဗိုလ်ချုပ် ဦးခေါင်း မရှိုရန် တောင်းပန် ပါရစေခဗျာ။ ဗိုလ်ချုပ် သားစဉ်မြေးဆက်တွေ အထိ ခေါင်းမဖော်ရဲအောင် ဖြစ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် ဝင်မပါပါနဲ့။ သူ့ထိုက်နဲ့ သူ့ကံ ရှိပါစေလို့ လေးလေးနက်နက် တောင်းပန်တာပါ။ သေသည့်တိုင် မြန်မာ့သမိုင်းမှာ ထာဝစဉ် “မှတ်တမ်းမဲ” ကြီး တင်ကျန်ရစ်တော့မှာမို့ ယခုလို သတိပေးရတာပါ။
RIT ကိစ္စဟာ ရိုးရိုးကိစ္စလေးပါ။ ပထမဆုံး အဖမ်းခံရပြီး အင်းစိန်ထောင်မှာ (၃) ည အိပ်ပြီး လွှတ်လိုက်တဲ့ အထဲက RIT ကျောင်းသားတယောက်ဟာ ပေါင်းတည်ကပါ။ ကျောင်းသားတွေ ဆူတော့ သူတို့လည်း အဆောင်မှာ နေကြတာမို့ ပါသွားပါတယ်။ ခဲနဲ့ ပစ်တဲ့အထဲမှာလည်း သူတို့ ပါပါတယ်။ အဲဒါ ပတ်ဝန်းကျင်မှာ ခဲတွေ မရှိလို့ မနဲရှာပြီး ပေါက်ရတယ်လို့ ဆိုပါတယ်။ နောက်တော့မှ အပြင်ဘက်က ပြစ်တဲ့ ခဲတွေကောက်ပေါက်ရတယ်လို့ ဆိုပါတယ်။ ပထမဆုံး သေနတ်သံဟာ မိုးပေါ်ထောင်ပစ်တဲ့ အသံပါ။ အဲဒီလိုပဲ သူတို့နားလည် ပါတယ်တဲ့။ နောက်တော့ သေနတ်သံနဲ့ ပစ်တယ်ဟေ့ ပြေးကြ ပြေးကြ ဆိုတော့ သူက နောက်ဆုံးအတန်းလောက်မှာ ရှိတာမို့ ပြေးတော့ ရှေ့ဆုံးက ဖြစ်ပြီး အဆောင်ထဲ ပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ နောက်ကနေ ပစ်တာမို့ သေနတ်ဒဏ်ရာဟာ နောက်ကျောကနေဝင်ပြီး ရှေ့ထွက်သွားတာပါတဲ့။ သူတို့ ပြန်လှည့်ကြည့်တော့ လေးငါးခြောက်ယောက်လောက် လဲကျန်ရစ်တယ်။ ဒဏ်ရာရတာ နှစ်ယောက်ဆိုတာ မဟုတ်ဘူးတဲ့။ နောက်ပြန်မြင်ပြီး စဉ်းစားပြောတာက (၇) ယောက်ပါတဲ့။ အင်းစိန်မှာ သူတို့ (၃) ရက်ပဲ နေခဲ့ရပြီး စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်တဲ့။ (၁၃) ရက်နေ့ ညနေဖက်မှာ ဖြစ်တယ်။ (၁၄) ရက်နေ့ အဆောင်မှာပဲ ငြိမ်နေ၊ (၁၅) ရက်နေ့ နေ့လည် (၁၂) နာရီခွဲလောက် လာဖမ်းတယ် ဆိုပါတယ်။ (၁၄) ရက်နေ့မှာ ဘတ်စ်ကားကြီးတွေ အင်းစိန်လမ်းမှာ ပြေးလျှက်လို့ ပြောပါတယ်။
RASU ဘက် (၁၈ ) ရက်နေ့မှာ ဖြစ်တာကတော့ ရင်နင့်စရာကြီးပါ။ အသံလွှင့်ရုံက အသံလွှင့်တာဟာ တဖက်သတ်ကြီး RIT ကိုချည်း အပြစ်ပုံချလို့ ကျောင်းသားတွေ နာကျည်းရာက စတာပါ။ သမဝါယမ မီးရှို့တာ ကျောင်းသားတွေ မဟုတ်ပါတဲ့။ သမဝါယမ စာရင်းပိတ်ခါနီးလို့ စာရင်းတွေ ကွာနေတာကို ဖျောက်ချင်လို့ ရောင်တော်ပြန် သူတို့ ဘာသာ ရှို့တာပါ။ ကောင်စီရုံး ရိုက်ချိုးတာတော့ ကျောင်းသားတွေပါတဲ့။
(၁၃) ရက် (၁၄) ရက် (၁၅) ရက် RIT စက်မှုတက္ကသိုလ်ဘက် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နိုင်ငံခြားသံရုံးတွေဟာ အားလုံး တပ်လှန့်ပြေးလိုက်သလို ရှိလို့ ပြင်ဆင်ချိန်တွေ ရလိုက်ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ Political အရာရှိတွေဟာ သူတို့ လူတွေကို ထောက်လှမ်းဖို့ နေရာတကာကို လွှတ်ပါတယ်။ သူတို့တတွေဟာ Well trained professional တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ထက် MI ရော SB ထက်ရော သတင်းစုဆောင်းရာ မှာတော့ ပညာတို့ အတွေ့အကြုံတို့ ရင့်ကျက်မှုတို့ကော၊ ပစ္စည်းတို့ အသံဖမ်းစက်ကြီးတို့ လုပ်တာကိုင်တာ ကျွမ်းကျင်မှုတွေမှာတော့ မယှဉ်နိုင်ပါ။ မတ်လ (၁၈ ) ရက်နေ့ ကိစ္စမှာ သူတို့ TV သမားတွေ ဓာတ်ပုံသမားတွေ လွှတ်ရိုက်ထားတာတွေ၊ အင်မတန် အားကြီးတဲ့ အသံဖမ်းစက်ကြီးတွေနဲ့ ဒီဘက်က အမိန့်ပေးတာ အားလုံးလိုလို ဖမ်းထားကြပါတယ်။ ဒီဘက်က လက်လွတ်စပယ် ဝါယာလက်နဲ့ ပြောထားတာ သူတို့ အားလုံးရကြပါတယ်။ သူတို့သာ မဟုတ် မြို့နယ်ကောင်စီရုံးတွေမှာ ရှိတဲ့ တပ်နဲ့ တပ်ယာယီ စခန်းချတဲ့ နေရာက စက်တွေ အားလုံး ဖွင့်ထားကြရပြီး အဲဒီ အမိန့် ညွှန်ကြားတာတွေအတိုင်း
လိုက်လုပ်ကြရပါတယ်။
အဲဒီ အမိန့်တွေက “ခြင်္သေ့” က အမိန့်ပေးပြီး “အာဏာ” ဆိုတာကို သတင်းပို့တယ်လို့ ဆိုပါတယ်။ “စည်သူ” ကို အများဆုံး ခိုင်းတယ်လို့ ဆိုပါတယ်။ တခါတခါ “ခြင်္သေ့” က မင်းတို့ RI နဲ့ မပြောနဲ့ မရှင်းမရှင်း ဖြစ်နေတယ် လူကိုယ်တိုင် သွားပြောဆိုပြီး၊ ဖြတ်ပြီး အမိန့်ပေးတာမျိုးလည်း ရှိပါတယ်တဲ့။ RIT နေ့က ဆိုရင် ဂုန်လျှော်စက်လား၊ ချည်စက်လား မသိ၊ အဲဒီအချိန်မှာ အလုပ်ဆင်းလို့ အလုပ်သမားတွေ ပြန်တာကို မှားပြီး အလုပ်သမားတွေ စစ်ကူလာတယ် ထင်ပြီး “အဲဒီဘက်ကို လာရင် ပစ်သာပစ်ထည့်” ဆိုတာမျိုးတွေ ကောင်စီရုံးတွေက ကြားနေရတယ်တဲ့။ ကံကောင်းလို့ အလုပ်သမားတွေက ကမာရွတ်ဘက် ပြန်တာတွေများလို့ ဘာမှ မဖြစ်တာလို့ ဆိုပါတယ်။ 
“အင်းလျားကန်ဘောင်ပေါ် မြင်ကွင်း” နဲ့ ဂျဒ်ဆင်နဲ့ မရမ်းကုန်းဂါတ်ရှေ့ မြင်ကွင်းဟာ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ အင်းလျားလမ်းတလျှောက်နဲ့ ဘွဲ့နှင်းသဘင် ရှေ့နားမှာလည်း အလားတူလောက်ပါ။ ကျွန်တော် သိသလောက်တော့ အမိန့်ပေးအဖွဲ့ဟာ အသံလွှင့်ရုံမှာ ဖြစ်ပါတယ်။
အင်းလျားကန်ဘောင်ပေါ်မှာတော့ လုပ်နည်းလုပ်ဟန်ဟာ ဟိုဘက်ဒီဘက် ပိတ်ပြီး ရဲအဖွဲ့က လူစုခွဲနည်းမျိုး ရိုက်ပုံသဏ္ဍာန် မဟုတ်ဘဲ ချောင်ပိတ်ပြီး “လိုက်ရိုက်သတ်တာမျိုး” ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းထဲမှာ စခန်းဖွင့်ထားတဲ့ တပ်စခန်းနဲ့ ကပ်ရက်မှာ ဆရာတွေ အခန်းထဲမှာ ရှိနေကြပါတယ် “ခေါင်းကို ရိုက်သာခွဲ၊ နာနာရိုက် များများရိုက်နိုင်တဲ့ကောင် ဆုချမယ်” ဆိုတာတွ ကြားနေရပါတယ်။ အဲဒါ တစတစ တိုးတိုးကြိတ် ပြောရာက တက္ကသိုလ် တကျောင်းလုံး ဆရာတွေတိုင်း သိသွားကြပါတယ်။ အင်းလျားကန်ဘောင်ပေါ်မှာ အများဆုံး အရိုက်ခံရသူတွေဟာ မိန်းကလေးတွေပါ။ တချို့ မိန်းကလေးတွေဆိုရင် ဆံပင်ဆွဲရိုက်၊ ရေထဲကန်ချ၊ ကူးပြီး ပြန်တက်လာတဲ့ ကျောင်းသူလေးတွေဆိုရင် ထပ်ပြီးရိုက်၊ တချို့မိန်းကလေးတွေ ထိုင်ရှိခိုးတာလဲရိုက်၊ ထမီကျွတ်ပြီး ထွက်ပြေးတဲ့ မိန်းကလေးတဦးလဲ ဆံပင်ဆွဲရိုက်၊ ရေထဲကန်ချတာမျိုး နေ့ခင်းကြောင်တောင်ကြီးမှာ လုပ်ကြတာပါ။ နောက်ပိုင်းမှာ ရေထဲက မိန်းကလေး အလောင်းနှစ်လောင်း ပေါ်တယ်လို့ ဆိုပါတယ်။ စုံစမ်းကြည့်ပါ၊ ဆရာ၊ ဆရာမ မြင်တဲ့သူတွေ ရှိကြပါတယ်။
အဲဒီနေ့က RASU ကျောင်းဖွင့်တယ် တက်ကြတယ်ဆိုလို့ ကျောင်းတက်သူတွေ အများကြီးပါ။ အင်းလျားကန် တဝိုက်မှာရော RASU ထဲမှာရော တွေ့သမျှ ကျောင်းသားတွေကို ဖမ်း၊ ရိုက်၊ ကားပေါ်ဆွဲတင်၊ မိန်းခလေးတွေရဲ့ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ နာရီ အားလုံးချွတ်ယူ၊ ကားပေါ်မှာ မတော်မတရားတွေကိုင်၊ ငရဲပြည်လိုပါလို့ ပြောကြပါတယ်။ မိန်းခလေး တယောက်တလေမှ မကျန်၊ အားလုံး ပစ္စည်းအလုခံရသူ ချည်းပါ။ အင်းလျားကန်စောင်းမှာ ရိုက်တာနှက်တာတွေ၊ ရေထဲကန်ချတာတွေ ဂျာမဏီ ပရောဂျက်တခုမှာ လုပ်နေတဲ့ နိုင်ငံခြားသားတယောက်က ဓာတ်ပုံရိုက်တယ်လို့ သိရပါတယ်။ သူတို့ သံရုံးက သိမှာပါ။ တခြားမြင်သူတွေလည်း တပုံကြီးပါ။ ကန်တဖက် ခြံတွေထဲ ထွက်ပြေးရာ ခြံတွေအထိ လိုက်ရိုက်ကြပါတယ်။ အိမ်တွေက ဝှက်ထားကြပါတယ်။ အဲဒီညက အင်းစိန်ထောင်မှာ သေသူတွေ ရှိပါတယ်။ ညကိုးနာရီမှ မနက်သုံးနာရီအထိ မီးရှို့ကြပါတယ်။ ကြံတော သင်္ချိုင်းမှာပါ။ အဲဒီ လူဦးရေနဲ့ ပတ်သက်ပြီး ပါတီတခုမှာ ဂါးဒီးယန်း ဦးစိန်ဝင်းနဲ့ အင်္ဂလန်သံအမတ် စကားစပ်မိကြပါတယ်။ ဘယ်လောက်လို့ ထင်သလဲလို့ အင်္ဂလန်သံအမတ်က မေးတော့ ဦးစိန်ဝင်းက “ကြားတော့ ကြားတယ် ဘယ်လောက်လဲတော့ မသိဘူး” လို့ ပြောတဲ့အခါ သူက “မိန်းခလေး ခုနှစ်ယောက်ပါပြီး အားလုံး ၄၂ ယောက်တဲ့။ သေတဲ့သူတွေထဲမှာ ဘာဒဏ်ရာမှ မရှိဘဲ အသက်ရှုမရ (Choke) ဖြစ်ပြီး သေတဲ့လူတွေ ရှိတယ်” လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်း ရှိပါတယ်။ အင်းစိန်ထောင် လူသေတွေကို မှုခင်းဆရာဝန်ကြီး ဒေါက်တာဘချွန်း (နာမည် အတိအကျ မသိ) တစ်ဦးတည်း မနိုင်လို့ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ကုသဘက်ကို အကူအညီတောင်းလို့ ဆရာဝန် နှစ်ဦးပေးရတယ်လို့ ဆိုပါတယ်။ တစ်ယောက်စီအား လူသေ (၄၀) ကို Postmortem Exam လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ (ဟုတ်မဟုတ် မေးကြည့်ပါ။)
လူသေတွေကို မီးရှို့ရာမှာ ဘာမှ နာမည်တွေကို မစူးစမ်း မရေးခဲ့ မှတ်တမ်း မပြုစုခဲ့ပဲ သက်ဆိုင်ရာ အကြောင်းမကြားဘဲ တိတ်တဆိပ် ဖျောက်ပစ်တဲ့ သဘောမျိုး မီးရှို့တယ်လို့ သိရပါတယ်။ မီးရှို့သူတွေကိုလည်း ဘယ်သူမှ မပြောရ ပြောလျှင် သတ်မည်ဟု ကြိမ်းကြောင်း မီးရှို့သူတွေက ပြောကြောင်း သိရပါတယ်။ ဒါဟာ Human Right ကမ္ဘာ့ မှတ်တမ်းတင် ခံရမယ့် ကိစ္စဖြစ်ပါတယ်။ တလလောက်ကြာမှ တချို့ ကျောင်းသားမိဘတွေကို စာရွက်ကလေး လာပေးတယ်လို့ ဆိုပါတယ်။ သေဆုံးသွားလို့ ကောင်းမွန်စွာ သဂြိုလ် ပြီးစီးကြောင်းပါ။ တိုးတိုးတိတ်တိတ် နေပါ။ ရပ်ရွာသိအောင် မငိုရ။ သပိတ်မသွတ်ရ ဆိုလို့ ဘုန်းကြီးကျောင်း တခုခုမှာ တိတ်တိတ်သွားပြီး ဆွမ်းသွတ်ရပါတယ်။ ဒါဟာလဲ Human Right တွေပါ။ မွတ်ဆလင် ကလေးတဦး ကိစ္စမှာ ပြဿနာပေါ်ပါတယ်။ ဗလီကိုတိုင်တယ်ကြားပါတယ်။ စွတ် မီးရှို့လို့ပါ။
မွန်းသေတဲ့ အထဲမှာ ၁၀ နှစ် ကလေးပါပါတယ်။ တချို့ကတော့ ဒဏ်ရာ ရသူရော မရသူပါ ကားတစီးတည်း ပြွတ်သိပ်ထည့်ပိတ်ပြီး မွန်းသေတယ်လို့ ပြောပါတယ်။ တချို့ကတော့ အင်းစိန်ထောင်ထဲ သွင်းတော့ ထောင်အပြင်ကလည်း မြို့သူမြို့သားတွေ ထောင်ဝိုင်းကြပြီး ဆူတော့ ထောင်ထဲကလည်း ကျောင်းသားတွေက ဆူလို့ ထောင်ထဲမှာ ဆိုးသွမ်းအကျဉ်းသားတွေ တိုက်ပိတ်တဲ့ ၁ ယောက် ၂ ယောက်တည်း ထည့်တဲ့ ပြတင်းအမြင့်ကြီးနဲ့ အထဲကို လေးငါးဆယ် ထည့်ပိတ်လို့ အောက်ဆီဂျင် မရလို့ သေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ထောင်ထဲရောက်နေတဲ့ သူတွေကို ထောင်နဲ့ မဆိုင်တဲ့ ပြင်ပရဲ ဖြစ်တဲ့ လုံထိန်းပုလိပ်တွေ ဝင်လာပြီး ရိုက်ကြပါတယ်။ ရိုက်တာမှ မီးမှိတ်ပြီး ရိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဥပဒေအရတော့ .......... သိရပါတယ်။ ထောင်ထဲဝင်ပြီး သတ်ကြတာ ဖြစ်ပါတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ညတော့ အတိအကျ မသိရပါ။ ထောင်ထဲဝင်ပြီး သတ်ကြ ဖြတ်ကြပါတယ်။ အဲဒီအချိန်မှာ ဆူရမလား ဆိုပြီး ကျောင်းသူတချို့ကို ရိုက်ပြီး လုံထိန်းတွေက မုဒိန်းကျင့်တယ်လို့ ဆိုပါတယ်။ မိန်းခလေးတွေဟာ မပြောရဲ မဆိုရဲ အချို့ လေးငါးဆယ်ရက်အထိ ကြောင်နေတာ ငေးနေတာတွေ အချို့ အိမ်က ဘာမှ မေးမရပဲ သူ့ကို သီလရှင်ကျောင်းပို့ပြီး သီလရှင် ဝတ်ပါရစေတော့လို့ ငိုပြောတာတွေ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အပြင် ဧည့်ခံပွဲ တခုမှာ ကျွန်တော့် မိတ်ဆွေတဦးနဲ့ ဂျာမဏီ သံအမတ်ကြီးက တကယ်ဟုတ်မှန်ကြောင်း သူ ခိုင်လုံသော နေရာမှ သိရကြောင်း ပြောပါတယ်။ စစ်ဆေးတဲ့ Postmortem ဆရာဝန်ထံမှ သိရှိဟန်တူပါတယ်။ (ဗိုလ်ချုပ် စုံစမ်းကြည့်ပါ။) 
ဒဏ်ရာရပြီး ဆေးရုံတင်ရတဲ့ လူနာတွေအားလုံး ခြေချင်းခတ်ခံထား ရပါတယ်။ တချို့သေမယ့် လူနာတွေ ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆေးရုံက ဆရာဝန်ကြီးတဦးကတော့ သူ့လူနာကို လက်ထိပ် ခြေထိပ်ခတ်ခွင့် လုံးဝခွင့်မပြုပါ။ ခေါင်းကို ရိုက်ထားရာ သတိမရသူများပါ ဒဏ်ရာရသူများကို အပြင်မှ ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးပါ။ တာဝန်ကျနေသည့် ဒေါက်တာမလေးတွေက တိတ်တဆိတ် လူနာ့ထံမှ လိပ်စာမေးပြီး အိမ်သွားပြောမှ အိမ်ကလိုက်လာပြီး ဇွတ်တွေ့မှ လူနာရော၊ မိဘရော၊ သူနာပြုဆရာမတွေရော၊ ဆရာဝန်မတွေရော ရောနှောပြီး ငိုကြယိုကြကြောင်း ပါဝင်သူ ဆရာဝန်မ ကိုယ်တိုင်ပြောလို့ သိရပါတယ်။
ထောင်ထဲမှာ ရိုးရိုးရိုက်တာတွေ မကပါ။ တော်တော်ကြီး နှိပ်စက်တာ ညှင်းပန်းတာမျိုးတွေ တော်တော်များများ ကျူးလွန်ကြပါတယ်။ အရိုးကု ဆေးရုံအုပ်ကြီး ပါရဂူ ဒေါက်တာဘညွန့်ရဲ့သားကို မေးကြည့်ပါ။ သူကိုယ်တိုင် မသေရုံ တမယ်ပါ။ နေ့စဉ် အခန်းထဲကထုတ်၊ ကျောက်စရစ်ခဲလေးတွေ ခင်းထားတဲ့ မြေကြီးပေါ် ဒူးထောက်ခိုင်းထားပြီး ရိုက်ရိုက်နေတာပါ။ ပထမတော့ ရိုက်တဲ့သူကို မျက်နှာ သေသေချာချာ မှတ်ထားပါတယ်တဲ့။ နောက်နေ့ကျတော့ ရိုက်တဲ့သူကို လှည့်ထားလေ့ရှိတာကြောင့် မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ တခြားနည်းတွေနဲ့လည်း ခံနေရသူတွေ ရှိပါတယ်။ နာမည် မဖော်ရဲကြပါ။ ကျွန်တော့်ဆိုင်ဟာ လဖက်ရည်ဆိုင်ပါ။ လူပေါင်းစုံ လာကြပါတယ်။ အချို့ သူတို့ ခံခဲ့ရပုံတွေကို လာပြီး ပြောပြပါတယ်။ လိပ်စာနဲ့ အမည်တွေကိုပါ ပြောရဲတဲ့ သူတွေ ရှိကြပါတယ်။ ကျွန်တော်က အားကိုးတကြီးနဲ့ လာပြောသူတွေ ဒုက်္ခ မရောက်စေချင်လို့ လိပ်စာကိုတော့ လက်မခံရဲပါ။
RASU မှာ ကျောင်းသား တသောင်းကျော် ရှိပါတယ်။ ဆေး သွားကောလိပ်တွေမှာ ငါးထောင်လောက်၊ RIT မှာလည်း တသောင်းလောက်တော့ ရှိကြပါတယ်။March အရေးအခင်းဟာ သူတို့ တသက်မမေ့စရာပါ။ ကျွန်တော်တို့တတွေ အားလုံး သေတောင် သူတို့ ကျန်နေကြဦးမှာပါ။ ဒီကိစ္စဟာ ရာဇဝင်ရဲ့ အမဲစက် ဖြစ်တော့မှာပါ။ Human Right ကို မြန်မာပြည်မှာ ဘယ်သူတွေ ကျူးလွန်တယ် ဘယ်လို ကျူးလွန်တယ် ဆိုတာ ပေါ်မှာပါ။ “အင်းလျားကန်မှာ သွေးချောင်းစီးသောနေ့ တနေ့” ဆိုတဲ့ မှတ်တမ်းကို သားသမီးတွေ မြေးမြစ်တွေ ဖတ်ရမှာ မုချပါ။
မြန်မာပြည်ရှိ နိုင်ငံခြားသံရုံးတွေမှာ သတင်းစုံ ရှိနေပါတယ်။ ဓာတ်ပုံတွေ Video တွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ Embarrass ဖြစ်မှာမို့ ဒီမှာ ဘာမှ မပြောပေမဲ့ သူတို့ နိုင်ငံကိုတော့ သတင်းစုံ ပို့မှာပါ။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး သတင်းစုံပါတယ်။ သာယာဝတီထောင်မှာ ဘာဖြစ်တယ် ကျွန်တော်တို့ မသိ သူတို့ သိပါတယ်။ သူတို့ဘက်က နောက်ဆုံးကြားတာကတော့ သေဆုံးသူ (၂၈၃) ယောက်။ နောက်ပိုင်းမှာ ကုလားဒိန်တွေ အများဆုံးလို့ ဆိုပါတယ်။ အင်းစိန်ထောင်ပိုင် ကိုယ်တိုင် ရိုက်သတ်တာတောင် ရှိတယ်လို့ ဆိုပါတယ်။
ဂျနီဗာမှာ ကုလသမဂ္ဂ Human Right နဲ့ ပတ်သက်တဲ့ အဖွဲ့တွေ ရှိနေပါတယ်။ မြန်မာနိုင်ငံကလည်း သံအမတ်အဆင့်ရှိ ရုံးရှိနေတယ် ထင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အဲဒီ Amnesty International အဖွဲ့ရုံးမှာ တိုင်စာတွေ တခုပြီးတခု ရောက်နေပြီလို့ ကြားရပါတယ်။ ဦးအောင်သန်းလား ဘာလားမသိ ကျွန်တော်တို့ ကိုယ်စားလှယ်တွေဟာ တချိန်ချိန်မှာ ဖြေရတော့မှာပါ။ အဲဒီအပြင် ပြင်ပ Human Right အဖွဲ့အစည်း ၃ ခုလောက် ရှိပါသေးတယ်။ မကြာခင် (ယခုတောင် စချင်စနေမှာပါ) တဖြည်းဖြည်း ကမ္ဘာကို သတင်းဖြန့်မှာ သေချာပါတယ်။
ဧပြီလဆန်း (၂) ရက်နေ့လောက်က သိမ်ကြီးဈေးကို ဈေးသွားပါတယ်။ ကျွန်တော်တို့ သွားခါနီးလောက်မှာ ဧည့်သည်ရောက်လာလို့ ကျွန်တော်မပါ ဇနီးနှင့် ကလေးများ သွားကြပါတယ်။ မကြာခင် ဇနီးနှင့် ကလေးများ မျက်စိ မျက်နှာပျက်ပျက်နှင့် ပြန်လာကြပါတယ်။ သူတို့ ပြောပြတဲ့ မြင်ကွင်းကတော့ ဆေးရုံကြီးဒေါင့် သိမ်ကြီးဈေးဘက် အချိုး မီးပွိုင့်မှာ မီးနီပြထားလို့ ကားရပ်ထားစဉ် ရဲမော်တော်ဆိုင်ကယ် နောက်က RTB မှာ ခေါင်းပြာထရပ်ကားတစီး ထူးဆန်းလို့ ကားပေါ်လှမ်းကြည့်တဲ့အခါ အလောင်းတော်တော်များများ ပုံထားတာကို တွေ့ရပါတယ်။ နောက် ဆေးရုံကြီးရဲ့ ရင်ခွဲရုံဘက် မောင်းချိုးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဧပြီ (၂) ရက်နေ့ပါ။ နောက်စုံစမ်းကြည့်တော့ အားလုံးက လူသေ ၂၀ ဖြစ်ပါတယ်။ ၄ ယောက်က အသက်ရှူပိတ်ပြီး သေတာလို့ သိရပါတယ်။
ဗိုလ်ချုပ်ခဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် တောင်းပန်ပါရစေ။ ဗိုလ်ချုပ်ဝင်ပြီး လက်မရှိုပါနဲ့၊ နောင် အရိုးတွေ တွန်မည့် Human Right ကိစ္စ ဖြစ်ပါတယ်။ ရာဇဝင်ရိုင်းတော့မည့် ကိစ္စပါ။ ဗိုလ်ချုပ် တကယ်တမ်းလည်း မပါပါ။
စုံစမ်းရေး ကော်မရှင်က သတင်းပို့ဖို့ ဖိတ်ကြားတဲ့အခါ (၁) သတင်းပေးပို့သူက အရင် သူသိတာ ရေးတင်၊ အဲဒီထဲကမှ သင့်တော်သူကို ခေါ်မေးမည်။ (၂) ဟိုက်ကုတ်ကို သတင်းပေးဖို့ သွားသူတွေဟာ ဂိတ်ဝမှာ MI ထဲ လက်မှတ်ရေးထိုးပြီးမှ ဝင်ရပါတယ်။ (၃) သာမန် ဝင်နေကျ ရှေ့နေရုံးတက်တဲ့ ရှေ့နေတွေပါ လက်မှတ် ရေးထိုးရပါတယ်။ (ဦးတင်အောင်ဟိန်း အသိပါ။)
နောက် အကျဉ်းထောင်တွင် ဆရာဝန်တွေ ဝင်စစ်သည်ဟု ကြားသိရပါသည်။ ပထမ သေနတ်မှန်သူတွေကို ဆူးအချွန်အတက်နဲ့ ထိုးမိသည်ဟု ဆရာဝန်ကို ရေးခိုင်းသည်။ (ဟုတ်မဟုတ် စုံစမ်းပါ။) နောက်ဆုံး ကော်မရှင် Report တင်သည်။ ထိုအစီရင်ခံစာကို မထုတ်ပြန်သေး၊ ကောင်စီမှ ဖုန်းအုပ်တဲ့ လိမ်ထားတဲ့ ကြေငြာစာတမ်း ထုတ်ပြန်သည်။ အမှန်ကို အမှန်အတိုင်း မကြေငြာ ဖမ်းထားသူတွေကို စာရင်းဖျောက်ထားသည်။ သေသူကို နှစ်ဦးပဲ ဆက်ပြထားပါသည်။ အစထဲက ကော်မရှင် မဖွဲ့လျှင် ကိစ္စမရှိပါ၊ ယခုလို ဗလောင်းဗလဲ လုပ်ပြီး ကြေငြာတာကတော့ ရာဇဝင် ရိုင်းလှပါသည်။
ဗိုလ်ချုပ်ခဗျား ဒီကိစ္စဟာ သေးသေးမဟုတ်ပါ။ နိုင်ငံတကာက သိနေသည့် Human Right ကိစ္စကြီး တိုက်ရိုက် ပါနေပါသည်။ မှန်အောင် ပြန်ပြင်စေချင်ပါသည်။
ရဲချုပ်၊ ဒုရဲချုပ်၊ ဗိုလ်မှူးကြီးဖေကြည်၊ ဆရာဝန်များ၊ ဦးတင်အောင်ဟိန်း၊ ပါမောက္ခချုပ် RASU လောက် မေးလျှင် အမှန်သိမည် ဖြစ်ပါသည်။
ဗိုလ်ချုပ်အနေနဲ့ လက်ဝဲရံ၊ လက်ယာရံတွေအတွက် လက်မရှိုလိုက်ပါနဲ့လို့ တကယ်လေးလေးနက်နက် တောင်းပန်ပါတယ်။
လေးစားစွာဖြင့်
(အောင်ကြီး )
အငြိမ်းစား
ကျောင်းဆရာ၊ ပါမောက္ခများသည် လခစား ကျောက်ရုပ်များ မဟုတ်၊ ကျောင်းသား ကျောင်းသူများ၏ အပူဇော်ခံထိုက်သူများ ဖြစ်ရန်လိုပါသည်။ ရှေ့နေ ဝတ်လုံ တရားသူကြီးများသည် တရားရုံးများတွင် အခကြေးငွေအတွက်သာ လုပ်နေသူများ မဟုတ် တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ်ရမည့်သူများ ဖြစ်ရန်လည်း လိုပါသည်။
မိတ္တူကို -
တော်လှန်ရေးကောင်စီဝင်ဟောင်းများ
တပ်မတော်ရဲဘော်ဟောင်းများ
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ
မြန်မာနိုင်ငံ ရှေ့နေအသင်း
ပါမောက္ခနှင့် ဆရာ ဆရာမကြီးများ
ကျောင်းသားများကို လှုံ့ဆော်ရာ ရောက်မည်စိုး၍ တက္ကသိုလ် ပိတ်သည်အထိ စောင့်ပြီးမှ အသိပေးခြင်း ဖြစ်ပါသည်။
ရန်ကုန်မြို့
ဇွန်လ(၂၂)ရက်၊ ၁၉၈၈
ဗိုလ်ချုပ်
မနေ့က မလိုလားအပ်ပဲ မဖြစ်သင့်တာတွေ ထပ်ဖြစ်ပြန်ပါပြီ။ အဆိုးဆုံးကတော့ စင်္ကာပူသံရုံးကို လုံထိန်းတွေက ဝိုင်းထားပြီး အထဲဝင်ပြေးတဲ့ ခိုလှုံတဲ့ ကလေးတွေကို ဝင်းတံခါး ပိတ်ထားတာ ခဲတွေနဲ့ပေါက်ပြီး ဝင်းတံခါး ဖွင့်ခိုင်းတာ၊ သံရုံးတခုလုံး မှန်တွေကွဲ၊ တံခါးတွေ ပြတင်းတွေ ပျက်ဆီးသည်ထိ ဖြစ်ပွားသွားတာ အရုပ်အဆိုးဆုံးပါ ဒီသံရုံးဟာ သခင်တင် အိမ်နဲ့ ကပ်လျက်ပါ။
နောက်တခု အရုပ်ဆိုးတာက ကလေးတွေကို ကားနဲ့တိုက်သတ် အလောင်း၊ ဒဏ်ရာရသူ ကလေးတွေကို ကားပေါ်ဆွဲတင်၊ အဲဒီကလေးတွေဟာ ကျောင်းစိမ်း လုံချည်ကလေးတွေနဲ့၊ St Flormeinor က ကလေးများ၊ ကြံတောဘက်က အထက်တန်းကျောင်း (စာပေဗိမာန်နောက် ကပ်လျက်) က ကလေးတွေ ဖြစ်ပါတယ်။ အဲဒီ ကျောင်းသားတွေဟာ ၁၀/၁၁ နှစ် ပတ်ဝန်းကျင် ကလေးတွေ ဖြစ်ပါတယ်။ မိန်းကလေး ၂ ယောက် ရှေ့ဆုံးကပါပြီး တယောက်သေတယ် ထင်ပါတယ်။ ကားနဲ့တိုက်တဲ့ ကားဟာ နံပါတ်တော့ မမှတ်မိပါ လုံထိန်းကား ဖြစ်ပါတယ်။ မီးပွိုင့်နားမှာ ဖြစ်ပါတယ်။
မိန်းကလေးတယောက် (အလံကိုင်) ကို စမ်းချောင်း လမ်းဆုံ မီးပွိုင့်နားက ဂါတ်တဲထဲ ဆွဲခေါ် သွားတာကို ကျောင်းသားတွေ လိုက်အတင်းလုတာကို ဂါတ်တဲ မီးရှို့တယ် ကြေငြာတာ ဖြစ်ပါတယ်။
မီးရှို့ခံရတယ် ကြေငြာတဲ့ ရုပ်ရှင်ရုံဟာ အကောင်းပါ ဘာမှ မဖြစ်ပါဘူး၊ ကြိုက်တဲ့သူ လွှတ်ကြည့်ပါ၊ အစိုးရတန်းလျားတခု မီးရှို့တယ် ဆိုတာလဲ လိမ်တာ ဖြစ်ပါတယ်။ အဲဒီအနားက အိမ်တအိမ်ထဲ ကျောင်းသားတွေ ပြေးဝင်ပုန်းလို့ လုံထိန်းတွေ လိုက်တာ နောက်ဘေးပေါက်က လစ်ကြပါတယ်။ အဲဒီအိမ်မှာ မိန်းမကြီး နှစ်ယောက်လောက်ဘဲ ရှိပါတယ်။ အဲဒီအိမ်မှာ ကလေးတွေ မမိလို့ အဲဒီအိမ်ကို ဖျက်ဆီးရိုက်ချိုး လုပ်ခံရတာကို လုံထိန်းတွေ အပြန်မှာ မိန်းမကြီးတွေက စုပြီး မီးရှို့ပြစ်တာပါ။ လူတရပ်စာလောက် မီးတောက်တောင် မရှိပါဘူး။ အသံလွှင့်တာ အညာကြီး လိမ်ပြီး တိုင်းပြည်ကို ကြေငြာတာပါ။
အဲဒါ နောက်ဆုံး အရပ်က မခံနိုင်လို့ လုံထိန်းတွေ ဝင်ရိုက်ကြတာပါ။ မီးပွိုင့်နားက မြေနီကုန်း ဈေးကလေး၊ ကြက်တန်း၊ စမ်းချောင်းနဲ့ လာကြည့်တဲ့ အရပ်သားတွေ ဝိုင်းရိုက်လို့ လုံထိန်း ၁၀ ယောက်လောက် သေပါတယ်။ ဗိုလ်ရဲထွဋ် ဆိုင်ရှေ့မှာ အလောင်း ၂ လောင်း၊ မီးပွိုင့်မှာ ရုပ်ရှင်ရုံရှေ့မှာ ၂ လောင်း ၃ လောင်း တော်တော်နဲ့ အလောင်းမကောက်နိုင်ပါဘူး။ ဒဏ်ရာ (အလောင်းများချည်း ဖြစ်ဟန်တူ) နဲ့ လုံထိန်းကား ဆေးရုံကြီးရှေ့ သယ်ယူလာရာ MC 1 ရှေ့လောက်မှာ လူအုပ်ကြီးက မီးရှို့လိုက်ကြပါတယ်။

Wednesday, July 8, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၄၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
ခေတ်သစ်မြန်မာ့သမိုင်း
၁၇၅၂ - ၁၉၄၈
ဒေါက်တာသန်းထွန်း
အခန်း(၂).
ကုန်းဘောင်ခေတ်အခြေအနေများ
အဘိသေက(သို့)ဘိသိက်မြှောက်ခြင်း
ဘိသိက်မြှောက်တယ်ဆိုတာ တရားမဝင် အုပ်ချုပ်သူ အဖြစ်ကနေ တရားဝင်အုပ်ချုပ်သူအဖြစ် အသွင်ပြောင်းတဲ့ ဖြစ်စဉ်ပါ။ တရားမဝင်ဘူးဆိုတာ လက်တွေ့အုပ်ချုပ်နေတာဖြစ်ပြီး တရားဝင်တယ်ဆိုတာက အုပ်ချုပ်ခွင့်ရှိတာကို ပြောတာဖြစ်ပါတယ်။ ဒီ အဘိသေကအစဉ်အလာဟာ မူလကတော့ မဟာသမ္မတဆီကလာတာပဲလို့ ယုံကြည်ကြပါတယ်။ ကမ္ဘာကြီးကို ဖန်တီးတဲ့ အစောဦးကာလတွေမှာ လောကဟာ ဥယျာဉ်တစ်ခုလို သာယာတယ်။ လူတွေဟာ သူတို့ရဲ့ အသက်ရှင်ရေးအတွက် ပူပင်သောက မရှိကြဘူး။ အခမဲ့စားသောက်စရာတွေကလည်း အလျှံပယ်ပါ။ ဒါပေမဲ့ နောင်ကျတော့ လူတွေဟာ ယုတ်မာရိုင်းစိုင်းလာပြီး အချင်းချင်းကြားမှာ ပဋိပက္ခဖြစ်လာတယ်။ ဒါကြောင့် အမြော်အမြင်ရှိသူတွေက မုသားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ထိုးထွင်းဉာဏ်ရှိသူကို ရှာဖွေတယ်။ မနုလို့ခေါ်တဲ့ လေးစားထိုက်သူကို သမ္မတမြှောက်တယ်။ လူတွေက မနုကို "သင်ဟာ ငါတို့ရဲ့ အရှင်သခင် ဖြစ်ပါစေ။ ငါတို့ကို အုပ်စိုးပါလေ။ အသေအချာ ဝေဖန်ပိုင်းခြားပါ။ အပြစ်ရှိသူကို ဥပဒေနဲ့အညီ အရေးယူပါ။ ကောင်းမြတ်သူကို ချီးမြှောက်ပါ။ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်တဲ့အတွက် ကိုယ်စီရဲ့ဝင်ငွေက ဆယ်ဖို့တစ်ဖို့ ကောက်ယူပါ" လို့ ပြောပြီး တင်မြှောက်ခဲ့ကြတယ်။ ဒီနောက် မနုက အဘိသေက အင်္ဂါ ၃ ရပ်နဲ့အညီ အုပ်စိုးပါတယ်။ ကမ္ဘာ့ ပထမဆုံးဘုရင်ကို မဟာသမ္မတ (ရွေးချယ်တင်မြှောက်ခံရတဲ့ဘုရင်)၊ ခတၱိယ (မြေတို့ရဲ့ပိုင်ရှင်)၊ ရာဇ (တရားမျှတခြင်းနဲ့ဉာဏ်ပညာကြီးမားခြင်း ဆိုတဲ့ အမည် ၃ မျိုးနဲ့ သမုတ်တယ်။ မြေဒူးမင်းနဲ့ ဗဒုံမင်းလက်ထက် မြန်မာ့အင်ပါယာက စတုရန်းမိုင်ပေါင်း ၂၃၇၀၀၀ ရှိတဲ့ လက်ရှိအကျယ်အဝန်းထက် နည်းနည်းပဲ ကျဉ်းတာပါ။ အရှည်ဆုံးအလျား ၁၂၀၀ မိုင်နဲ့ အရှည်ဆုံးအကျယ် မိုင် ၅၀၀ ရှိပါတယ်။ ချင်းနဲ့ ကချင် ကုန်းမြင့်တွေဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်မလာသေးဘူး။
သာလွန်မင်း (၁၆၂၉ - ၁၆၄၈) က မူချပြီး မဆောင်ရွက်ခင်အထိ အုပ်ချုပ်ရေးဟာ သိပ်အများကြီး မပြောင်းလဲသေးဘူး။ နန်းတော်အုပ်ချုပ်ရေးအတွက် ဘုရင်မှာ အတွင်းဝန်တွေ ရှိတယ်။ အတွင်းဝန်ဟာ နန်းတွင်းက မင်းမှုထမ်းတွေရဲ့ အမှုအခင်းတွေကို ဆုံးဖြတ်ရတယ်။ ဘုရင်ကို လုပ်ကြံပြီး ထီးနန်းသိမ်းတဲ့အထိ ဖြစ်နိုင်တဲ့ ဘုရင်လုံခြုံရေးကလွဲရင်ပေါ့။ မြို့ဝန်ကတော့ ဘုရင်အမြဲတမ်း နန်းစိုက်တဲ့ နေပြည်တော် အတွင်းအပြင် ကိစ္စရပ်အားလုံးကို စီရင်ဆုံးဖြတ်ရတယ်။ နန်းတော်ရာ အစောင့်ဖြစ်တဲ့ ဝင်းမှူးနဲ့ ဝန်စာချီ (စာရေး) တို့ကတော့ နန်းတော် လေးပြင်လေးရပ်မှာ ပေါ်သမျှ အမှုအခင်းတွေကို ဆုံးဖြတ်ရတာပါ။ မြင်းဝန်ကတော့ မြင်းသည်တော်တွေနဲ့ သက်ဆိုင်သမျှ ကိစ္စရပ်တွေကို ဆုံးဖြတ်ရတယ်။ ဆင်ဝန်ကတော့ ဆင်အမှုထမ်းတွေရဲ့ ကိစ္စတွေကို ဆုံးဖြတ်တယ်။ ကြီးကြပ်ရေးမှူးနဲ့ မြေစာရေးအမှုထမ်းတွေက အသည်လို့ခေါ်တဲ့ သာမန်ပြည်သူတွေရဲ့ အရေးကိစ္စတွေအားလုံးကို ဆုံးဖြတ်တယ်။ အသည်ဟာ မင်းမှုထမ်း မဟုတ်ပေမဲ့ အရေးကြီးပါတယ်။ သူတို့ဆီက ငွေ(သို့) လူ (သို့) ၂ မျိုးစလုံး အမိန့်အာဏာနဲ့ ကောက်ခံရပါတယ်။ သာမန်ပြည်သူတွေကို သူတို့နေထိုင်တဲ့ ရွာအနီးဝန်းကျင်က မြေကို ခွဲဝေပေးထားတယ်။ ဒီမြေကွက်ပေါ်မှာ အလုပ်လုပ်ခွင့် ရှိပါတယ်။ အမွေဆက်ခံခွင့် ပေါင်နှံခွင့် ရောင်းချခွင့် ရှိပါတယ်။ ဘုရင့်ကိုယ်ပိုင်မြေ အရာတော်နဲ့ ဘုရင့်စိုက်ပျိုးမြေ လမိုင်းတို့မှာလည်း သူတို့ကိုယ်ပိုင် စားသုံးမှုအတွက် ထုတ်လုပ်စိုက်ပျိုးနိုင်ပြီး နှစ်စဉ်သတ်မှတ်တဲ့ ခိုင်နှုန်းယူတယ်။ အမိန့်တော်မှန်သမျှကို အုပ်ချုပ်ရေး ဗဟိုဌာနခွဲဖြစ်တဲ့ လွှတ်တော်က ဘုရင့်နာမည်နဲ့ထုတ်တာပါ။ အခွန်တော်ကိုတော့ ထန်းရွက်နှစ်ဖက်ချွန်း ပေမှာ ရေးတာပါ။ စပါးဂိုထောင် ထိန်းသိမ်းသူ ကျီဝန်၊ အနောက်မိန်းမဆောင်ကို ထိန်းသိမ်းသူ အနောက်ဝန်၊ ဘုရင့်မြေကို ကြီးကြပ်သူ လမိုင်းဝန်၊ သာသနာရေးစိစစ်သူ သာသနာ့မြေ ဝတ္တကံ ကြီးကြပ်သူ မဟာဒါန်ဝန်၊ ဆည်မြောင်းကြီးကြပ်သူ ဆည်ဝန်၊ ခရိုင်နဲ့တွဲဖက်မထားတဲ့ မြို့ကို ကြီးကြပ်သူ မြို့လတ်ဝန်၊ မြို့နယ်နဲ့တွဲဖက်မထားတဲ့ ကျေးရွာကို ကြီးကြပ်သူ ရုံးလတ်ဝန်၊ စစ်ဦးစီးချုပ် သေနာပတိတို့လို အထူးတာဝန်ယူရတဲ့ အရာရှိတွေလည်း ရှိပါတယ်။ မင်းမိန့် 'အမိန့်တော်'နဲ့ ရာထူးခန့်အမိန့်'ပြန်တမ်း'တို့ကို ဘုရင့်နာမည်နဲ့ လွှတ်တော်က စာထုတ်တယ်။ မြန်မာ့ အုပ်ချုပ်ရေးမှာ မှတ်သားစရာ ၂ ချက် ရှိပါတယ်။
၁။ လွှတ်တော်က ကိစ္စရပ်အားလုံးကို တာဝန်ခံတယ်။
၂။ ရာစုနှစ် ၂ ခုခွဲနီးပါး သာလွန်မင်းကနေ သီပေါမင်းအထိ အုပ်ချုပ်ရေးစနစ်ကို အပြင်းအထန် ပြောင်းခဲ့တယ်။ (သန်းထွန်း ၁၉၆၈၊ ၁၈၇)
ဒီစာရင်းဇယား အခြေအနေတွေအရဆိုရင် မြန်မာ့ လူမှုရေးနဲ့ စီးပွားရေးဟာ စိုက်ပျိုးမြေတွေ တောထပြီး ဆည်မြောင်းတွေ ပျက်စီးကုန်တဲ့ စစ်ပွဲကာလတွေကလွဲလို့ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ သိပ်ပြီး မပြောင်းလဲခဲ့ပါဘူး။ အောက်မြန်မာပြည်မှာတော့ ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ရှိပါတယ်။ ၁၈၆၉ ခုနှစ်မှာ စပါးပို့ကုန်အတွက် အင်္ဂလိပ်က တိုးချဲ့စိုက်ပျိုးတယ်။ အဲဒီအချိန်မှာ အထက်မြန်မာပြည်ကလူတွေ တောင်ပိုင်းကို ထောင်နဲ့ချီပြီး ပြောင်းလာကြတယ်။
အမိန့်တော်လို့ခေါ်တဲ့ ဘုရင့်အမိန့်တွေဟာ အမြဲတမ်း တရားဝင်တယ်။ အခါအားလျော်စွာ ဆောင်ရွက်တဲ့ နည်းလမ်းတွေကတော့ စစ်ဥပဒေထုတ်ပြန်တဲ့ ကာလမှာပဲ တရားဝင်တာပါ။ လွှတ်တော်က ဘုရင့်အာဏာယန္တရားရဲ့ အချုပ်အခြာအဖြစ် တာဝန်ထမ်းရတာပါ။

ခေတ်သစ်မြန်မာ့သမိုင်း - ၄၃ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄၃ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
ဘုရားသခင်အလိုကျ ဘုရင်ဖြစ်မှု သဘောတရားဟာ မြန်မာဘုရင်နဲ့ မသက်ဆိုင်ဘူး။ ဘုရားသခင်အလိုကျ သဘောတရားဟာ ပကတိလူသားကို ဘုရားသခင်က ကောင်းချီးပေးပြီး အုပ်ချုပ်စေတယ်ဆိုတာကို လက်ခံထားတယ်။ မြန်မာဘုရင်တွေရဲ့ ဘုရင်ဖြစ်မှုသဘောတရားကတော့ ဇာတိသန္ဓေ အမြတ်ဆုံးလူက အုပ်စိုးရတယ်ဆိုတဲ့ ဗုဒ္ဓအဘိဓမ္မာက လာတာပါ။ မြန်မာတွေက လက်ရှိဘဝမှာ ကောင်းတာလုပ်သူဟာ နောင်ဘဝမှာလည်း ကောင်းကျိုးပေးတယ်ဆိုတဲ့ အယူအဆနဲ့ လူဝင်စားဆိုတာကိုလည်း ယုံကြည်ကြတယ်။ ဘုရင်ဟာ အတိတ်ကံကြီးလို့ ပစ္စုပ္ပန်အကျိုးပေးတာပဲ။ ဘုရင့်ထက် ဘုန်းကံပိုကြီးလာရင် နောင်ဘဝမှာ ဘုရားအလောင်း ဖြစ်ရတော့တယ်။ နောက်တခုက မြန်မာဘုရင်ဟာ သွေးသားမျိုးဆက်အရ ဘုရင်ဖြစ်တာကိုလည်း တွေ့ပါတယ်။ အလောင်းမင်းတရား ဘုရင်ဖြစ်လာတော့ ရာဇဝင်ဆရာတွေက သူ့ကို ပုဂံအနော်ရထာကနေ ဆင်းသက်တာလို့ ကောက်ချက်ဆွဲဖို့ ကြိုးစားကြတယ်။ အနော်ရထာကိုလည်း ကမ္ဘာအစ မဟာသမ္မတကနေ ကောက်ကြောင်းဆွဲခဲ့တာပါ။ 
မြန်မာရာဇောဝါဒမှာ ကွဲပြားတဲ့ အသွင် ၂ ရပ်ရှိတယ်။ ပထမတစ်ခုက စစ်နိုင်တဲ့သူက သေချာပေါက် အုပ်စိုးခွင့်ရတယ်။ ဒုတိယကတော့ မျိုးရိုးဆက်ခံခွင့်ပဲ။ အဲဒီပုံစံ ၂ မျိုးမှာ ပထမတစ်ခုက အသေချာဆုံးပဲ။ ဒါကြောင့်လည်း မင်းညီမင်းသားတွေ မကြာခဏ သူပုန်ထကြတာပါ။ ထီးရေးနန်းရေး ပေါ်တဲ့အခါတိုင်း မင်းဆွေမင်းမျိုးလူသတ်ပွဲတွေ သွေးထွက်သံယိုမှုကြီးတွေ ဖြစ်ခဲ့ရတာပါ။ မြန်မာဧကရာဇ်လောက် ဆိုးတဲ့ညစ်တဲ့မင်းမျိုး ကမ္ဘာမှာ မရှိတော့ဘူး။ သူစိတ်တိုင်းမကျလို့ကတော့ သေဒဏ်ပေးလိုက်တာပဲ (ဆန်ဂျာမနဲနို၊ ၁၉၆၆၊ ၇၃)။ ဘုရင့်အာဏာကို ထိန်းညှိထားတဲ့ပုံစံ တစ်ခုမှမရှိဘူး။ ဗုဒ္ဓဘာသာစည်းမျဉ်းတွေကို ဘုရင်ကိုယ်တိုင်က အလေးထားမှသာ ဗုဒ္ဓဘာသာက ဘုရင့်အာဏာရဲ့တစ်ခုတည်းသော အကန့်အသတ်ဖြစ်လာနိုင်တာပါ။ သနားကြင်နာမှုနဲ့အုပ်ချုပ်ရမယ်ဆိုတဲ့ အသိတော့ ရှိပါတယ်။ တစ်နည်းအားဖြင့် ဘုရင်ဟာ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်အားလုံးရဲ့ အရှင်သခင်ပါပဲ။ ဘုရင့်နိုင်ငံထဲမှာ ဘိုးစဉ်ဘောင်ဆက် အမွေခံနိုင်တဲ့ ဘွဲ့ထူးရာထူး မရှိပါဘူး။ အလုပ်အကိုင် အဆင့်အတန်းကသာ ရာထူးရဲ့ တစ်ခုတည်းသော အမှတ်လက္ခဏာပါ။ အလုပ်အကိုင်တွေကိုလည်း ဘုရင့်စိတ်တိုင်းကျ ခန့်အပ်နှုတ်ပယ်တယ်။ အလုပ်ပြုတ်တယ်ဆိုတာ ဘဝပျက်တာပါပဲ။ ဒါက နန်းတွင်းကနေ အောက်ခြေအထိ သက်ရောက်တယ်။ တစ်နည်းဆိုရင် ကျေးကျွန်နဲ့ အပယ်ခံတွေကို နိုင်ငံရဲ့ အမြင့်ဆုံး ရုံးတော်ကသာ ပယ်ဖျက်ပေးနိုင်တာပါ။
နိုင်ငံသားတိုင်းဟာ ဘုရင့်ကျွန်အဖြစ် မွေးဖွားလာရတာပါ။ ဒါကြောင့် လူတိုင်းကို ဘုရင်က ငါ့ကျွန်လို့ ခေါ်တယ်။ သူ့ကို အရိုအသေပေးရမယ်လို့ ယူဆတယ်။ သူတို့ရဲ့ ဂါဝရတရားကို ဖော်ပြဖို့ရာ ဘုရင့်အနားကိုရောက်တာနဲ့ ခယဝတ်တွားပြီး ခစားရတယ်။ ခေါင်းပေါ်မှာ လက်အုပ်ချီပြီး ခေါင်းငုံ့ထားရတယ်။ မျက်နှာကို မော်မဖူးရဘူး။ တိုင်းသူပြည်သားမှန်သမျှ အစေအပါးချည့်ပဲလို့ ဘုရင်က မှတ်ယူတယ်။ လစာငွေမပေးဘဲ အမှုတော်ထမ်းခိုင်းတယ်။ အမှုထမ်းတာကို ကျေနပ်လို့ ဆုလာဘ်ပေးတာကလည်း တရားမျှတမှုရှိအောင်ပေးတဲ့ သဘောမျိုး မဟုတ်ဘူး။ ချီးမြှင့်မြှောက်စားတာ သက်သက်ပါ။ သူမြတ်နိုးတဲ့ ဘယ်အမျိုးသမီးကိုမဆို ကိုယ်လုပ်တော်အဖြစ် သိမ်းယူတယ် (ဥမ္မာဒန္တီဇာတက၊ နံပါတ် ၃၂၇)။ အမှန်တော့ လက်ထပ်ပြီးသား အမျိုးသမီး လင်ကစွန့်ပြီးသူ မဟုတ်ရင် ခြွင်းချက်ပေးပါတယ်။ 
အဘိသေကလို့ခေါ်တဲ့ ဘုရင်မြှောက်တဲ့ အခန်းအနားမှာ မင်းဆိုးမင်းညစ်နဲ့ ဆိုင်တာတွေကို ဖြစ်နိုင်သမျှ ထပ်စစ်ပါတယ်။ ဘုရင်ဟာ ကျိန်စာသင့်သူမဟုတ်ကြောင်း ဥပဒေကို လိုက်နာစောင့်ရှောက်ဖို့ တာဝန်ရှိသူအဖြစ် အသေအချာခံယူကြောင်း သစ္စာပြုရတယ်။ ဗုဒ္ဓါဘိသေကသဘင် ဆင်ယင်သူ ဘုရင်ဟာ သူ့ရဲ့လက်အောက်ခံ ပြည်သူအားလုံးက ရိုသေကိုင်းညွှတ်ဖွယ် ဂုဏ်ရှိသူဖြစ်ရမယ်။ အရာရှိရာထူးတွေကို အရိုးအစဉ်အတိုင်း ဆက်ခံခွင့် မရှိဘူးဆိုပေမဲ့ ကျေးရွာသူကြီးတာဝန် ထမ်းဆောင်သူတွေကိုတော့ အရိုးအစဉ်အတိုင်း ဆက်ခံခွင့်ပေးပါတယ်။ အရိုးအစဉ်အတိုင်း ဆက်ခံခွင့်ရှိတဲ့ မူဝါဒကို ကျင့်သုံးတာက
၁။ ကျေးရွာသူကြီးဆက်ခံခွင့်
၂။ ရိုး၊ စော်ကဲနဲ့ မှူးတို့မှာ သင့်တော်တဲ့ အကြီးဆုံးသားကို အာဏာလွှဲအပ်ပြီး မျိုးရိုးအရ ဆက်ခံစေတယ်။ အဲဒီလို မျိုးရိုးအရ ဆက်ခံနိုင်တဲ့ အရာရှိတွေရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အရေးကြီးပါတယ်။ အဲဒီအလုပ်တွေကို လူ ၂ ယောက် ခွဲဝေပြီး အာဏာမပေးနိုင်ဘူး။ 
အမျိုးသမီးတွေကိုလည်း မျိုးရိုးအရ ဆက်ခံခွင့်ပြုထားတယ်။ တချို့ကျေးရွာ ဒေသတွေမှာ မိန်းမသူကြီးတွေ ရှိကြတယ်။ ရှမ်းစော်ဘွား ရာထူးဟာလည်း အရိုးအစဉ်အတိုင်း ဆက်ခံခွင့် ရှိတယ်။ အရိုးအစဉ်အတိုင်း ဆက်ခံခွင့်ရှိတဲ့ ရာထူးတွေက အောက်ပါတို့ပါပဲ။
၁။ ထောင်ကဲ (အကျဉ်းထောင် အရာရှိ)
၂။ ကူးတို့ကဲ(သယ်ယူပို့ဆောင်ရေး လိုင်စင်ရသူ)
၃။ ဝင်းမှူး(နန်းတော်ရာကို ထိန်းသိမ်းစောင့်ရှောက်ရသူ)
၄။ အိုးစားကြီး(သို့) သွေးသောက်(ရဲမက်အကြီးအကဲ၊ တပ်ကြပ်ကြီး)
၅။ မြင်းခေါင်း(သို့) ပဲ့နင်း(မြင်းစီးရဲမက်ခေါင်းဆောင်(သို့) လှေသူကြီး)စသူများ
တွင်းစား(သို့) တွင်းရိုး (ရေနံတွင်းပိုင်ရှင်သူဌေး) တို့ကိုလည်း အရိုးအစဉ် စားခွင့်ပြုထားတယ်။ သူတို့ကို အထူးအခွန် ကင်းလွတ်ခွင့် ပြုထားတယ်။ မြေကို အိမ်ဆောက်ဖို့ #နေမြေ နဲ့၊ စိုက်ပျိုးဖို့ #စားမြေ ဆိုပြီး ပေးထားတယ်။ သွေးသောက်ကိုတော့ အင်္ဂလိပ် သူကောင်းမျိုး အစဉ်အလာအတိုင်း ဖွဲ့စည်းထားတာပါ။ လက်မှုပညာသည် #စုမှူး နဲ့ #တွင်းသင်း လို အစောင့်တပ်ဖွဲ့ခေါင်းဆောင် #သင်းမှူး ရာထူးတွေကိုလည်း မိသားစုအလိုက် ထိန်းသိမ်းထားကြတယ်။ နေရာလပ်မှာ ဆက်ခံသူမရှိတော့မှ အဖွဲ့ဝင်တွေထဲက အကောင်းဆုံးလူကို ရွေးပြီး ခေါင်းဆောင်သစ် ခန့်တာပါ။

ခေတ်သစ်မြန်မာ့သမိုင်း - ၄၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အလောင်းမင်းတရားဟာ စစ်ရေးမှာ အောင်မြင်ပေမဲ့ နိုင်ငံပြုပုဂ္ဂိုလ်အနေနဲ့ မအောင်မြင်ဘူး။ သူ့ကို ဆက်ခံသူတွေကလည်း ပြည်သူကို ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် အထွတ်အထိပ်ကို ရောက်နေချိန်မှာတောင် အခြေအနေဆိုးတွေရဲ့ ရင်းမြစ်ကို မပြေလည်စေနိုင်ခဲ့ဘူး။
၁။ ဘုရင့်ရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးကို ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘူး။ ဘုရင်က အချုပ်အခြာ အာဏာပိုင်ဖြစ်ပြီး သူ့စကားက ဥပဒေပဲ။ ဘုရင် တရားလက်လွတ် အုပ်ချုပ်မှာကို ထိန်းကြောင်းတဲ့ နည်းလမ်း မရှိဘူး။ ပါလီမန်လို ပြည်သူ့အခွင့်အရေးကို ဆုပ်ကိုင်ထားတဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံမျိုး မရှိပါဘူး။
၂။ လူမှုရေး စီးပွားရေးနဲ့ ယဉ်ကျေးမှုအခြေအနေတွေ တိုးတက်မြင့်မားလာအောင် ပြည်သူကိုရှေ့ဆောင်မယ့် လူလတ်တန်းစား ပြည်သူလူထုလည်း မရှိဘူး။
၃။ မြန်မာပြည် လူမှုရေးစနစ်က လျော့ရဲပါတယ်။ ဆိုလိုတာက မြန်မာ မင်းဆွေမင်းမျိုးတွေကြားမှာ ခိုင်မာတဲ့ မိသားစု အနှောင်အဖွဲ့ မရှိဘူး။ မင်းဆွေမင်းမျိုးတွေ သဘာဝအတိုင်း မယားတွေ မှိုလိုပေါက်အောင် ယူတဲ့ဓလေ့က အားနည်းချက်တွေ ဖြစ်စေတယ်။ ဒါကြောင့် ဘုရင်သေပြီးနောက်ပိုင်းမှာ သူ့အရိုက်ရာကို ဘယ်သူဆက်ခံမလဲဆိုတာ အငြင်းပွားမှုတွေ အများကြီး ဖြစ်ခဲ့တယ်။
၄။ အစိုးရ ဖွဲ့စည်းပုံလည်း မရှိဘူး။ ဘုရင်နဲ့ သူ့လူယုံတွေက တိုင်းပြည်ကို အုပ်ချုပ်တယ်။ ဒါကြောင့် ဖော်လံဖားတွေ သိပ်များတယ်။ အရာရှိငယ်တွေက တာဝန်မခံနိုင်ကြဘူး။ လစာငွေစနစ် မရှိဘူး။ အဲဒါကြောင့် လာဘ်ပေးလာဘ်ယူ ခြစားမှုတွေ သိပ်များပါတယ်။ 
၅။ မြန်မာ့ အမျိုးသားရေးဝါဒက လမ်းလွဲနေတယ်။ ပြည်သူ့လွတ်လပ်ခွင့်တွေကို ဖော်ထုတ်ရမယ့်အစား အမျိုးသားရေး စိတ်ဇောထက်သန်မှုကြီးက လူ့အဖွဲ့အစည်းကို ကန့်လန့်တိုက်နေတယ်။ ဒါကြောင့် မြန်မာတွေမှာ နိုင်ငံရေးအသိ မရှိသေးဘူးလို့ ကျွန်တော်တို့ စိတ်ချလက်ချ ပြောနိုင်တယ်။
၆။ စိတ်ကြီးဝင်ပြီး အထီးကျန်တယ်။ မြန်မာတွေက နိုင်ငံခြား ဆက်ဆံရေးကို လျစ်လျူရှုထားတယ်။ အကြောင်းကတော့ နိုင်ငံခြားသားဟူသမျှ အရိုင်းအစိုင်းချည့်ပဲဆိုတဲ့ အယူအဆကို မြန်မာတွေ စွဲလမ်းနေလို့ပဲ။ ဥရောပတိုက်သားတွေက ခေတ်သစ်လမ်းကြောင်းပေါ်မှာ ဖွံ့ဖြိုးတိုးတက်နေကြပြီ။ ကျွန်တော်တို့က အတိတ်မှာ ကျန်ရစ်နေတုန်းပဲ။ ကျွန်တော်တို့ဟာ နိုင်ငံခြားကုန်သွယ်မှုရဲ့ အကျိုးကျေးဇူးကို မမြင်ခဲ့ဘူး။ တိုင်းတပါးက နိုင်ငံရေးအဆောက်အုံတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့က သိပ်ပြီး အာရုံမစိုက်ခဲ့ဘူး။
၇။ မြန်မာတွေက ဘာသာရေး စိတ်သန်တယ်။ ဘာသာရေး ပြင်းထန်တာကလည်း လမ်းလွဲကို ရောက်စေတယ်။ အုပ်စိုးသူလူတန်းစားက အောက်ခြေလူတန်းစားရဲ့ အကျိုးစီးပွားကို ရက်ရက်စက်စက် မျက်ကွယ်ပြုထားတယ်။ အမှန်တရား၊ သနားကြင်နာမှုနဲ့ မျှတမှုဆိုတာတွေကို အုပ်စိုးသူလူတန်းစားက အလေးမထားပါဘူး။ သာမန်ပြည်သူတွေကတော့ ဘာသာရေးအမြင်ဆိုတာထက် ဘာသာရေးပွဲလမ်းသဘင်ကိုသာ ပိုပြီး စိတ်ဝင်စားတာပါ။ 
မြန်မာပြည်မှာ နှစ်ပေါင်း ၁၅၀ လောက် အုပ်ချုပ်ခဲ့ပြီးနောက် အလောင်းမင်းတရားဆက် ကျဆုံးခဲ့ရတာ ဒီအချက်တွေကြောင့်ပါပဲ။