Friday, July 17, 2020

(ဘူးစင်)

0 comments
(ဘူးစင်)
ဘူးသီးပုပ်ဆိုသည်မှာ ဘူးသီးအလုံးအကြီးကြီးတွေ ဈေးထဲမှာရောင်းမကုန်၍ ပုပ်သွားခြင်းကို မဆိုလိုပါ။ ဘူးသီးကင်းလေးများဘဝတွင် ပျားထိုး၍လည်းကောင်း ပျတက်၍လည်းကောင်း အခြားအကြောင်းများကြောင့်လည်းကောင်း အသီးဆက်မကြီးနိုင်တော့ပဲ ပုပ်လိုက်သွားသည့် ဘူးသီးကင်းလေးများဖြစ်ပါသည်။ အရွယ်မှာလည်း လက်မလက်ညှိုးရွယ်မှ တမိုက်ခန့်အရွယ်အတွင်း အဖြစ်များပါသည်။ ဘူးသီးပုပ်ကလေးများမှာ ပုပ်စတွင် အရောင်ညစ်လိုက်လာကာ ထိုမှတဆင့် ညိုသွားပြီး နောက်ဆုံး မခူးပဲထားလျှင် မဲထွက်သွားပါသည်။ ပုပ်မည့်ဘူးသီးကင်းနှင့် တင်မည့်ဘူးသီးကင်းမှာ ငယ်ငယ်လေးကတည်းက သိသာပါသည်။ တင်မည့်အသီးလေးများမှာ ရိုးတံတိုတိုတုတ်တုတ် အမွှေးနုနုလေးများနှင့် စိမ်းစိမ်းဖန့်ဖန့်နေကာ ပူစီဖောင်းလေထိုးလိုက်သလို တရှိန်တည်းကြီးလာပြီး ပုပ်မည့်အသီးလေးများမှာ ကြီးမည့်အယောင်မပြရုံမက စိမ်းဖန့်၍လည်းမနေ ရိုးတံလည်းအတန်ရှည်ပါသေးသည်။ 
ကျနော်တို့ငယ်ငယ်က အိမ်တွင်ဘူးပင်စိုက်သည့်အခါ အမေက ရွာဦးထိပ်ရှိ နွားသတ်ရုံမှ နွားအရိုးဟောင်းများသွားတောင်းခိုင်းပြီး ဘူးစင်တွင် တွဲလောင်းချိတ်ဆွဲထားပါသည်။ ထိုနွားရိုးများမှာ နွားရိုးခြောက်များမဟုတ်သလို လတ်လတ်ဆတ်ဆတ် နွားရိုးစိုများလည်း မဟုတ်ပါ။ မစိုမခြောက်ဖြစ်ပြီး အနံ့လည်း အတန်ရှိပါသည်။"အမေ အဲ့သလို နွားရိုးတွေချည်တော့ ဘာဖြစ်တတ်လဲ"ဟု ကျနော်တို့ကမေးလျှင် "ဘူးသီးကို ထိုးမယ့်ပိုးက နွားရိုးဆီကိုသွားတော့ ဘူးသီးလေးတွေ ပိုးမထိုးဘူး"ဟုဖြေပါသည်။ ကျနော်တို့က အမေပြောတာဟုတ်မဟုတ်သိရန် နွားရိုးများကို အနီးကပ်ကြည့် ကြည့်၊ လှုပ်ကြည့် ခါကြည့်သည့်အခါ နွားရိုးတွေပေါ်မှာ ပိုးကောင်လေးတွေတွေ့ရသလို ခေါက်ချလိုက်လျှင် အတောင်ပျော့ပိုးကောင်လေးတွေ ထွက်ကျလာတာမြင်ရပါသည်။ 
ထိုပိုးကောင်လေးများမှာ နွားရိုးတွင်းမှချဉ်ဆီပုပ်များနှင့် နွားရိုးပေါ်မှ မခြောက်တခြောက်အရိအရွဲများကို လာစားကြခြင်းဖြစ်မည်ထင်ပါသည်။ ဘူးသီးကို ထိုးရန်လာရင်း နွားရိုးဘက် အာရုံရောက်သွားသည့် ပိုးများဟုတ်မဟုတ်တော့ ဘယ်သူမှတပ်အပ်ပြောနိုင်မည် မထင်ပါ။ သို့သော် နွားရိုးတွင် ပိုးများရှိနေတာကတော့ သေချာပါသည်။ ကျနော်က နွားရိုးမရှိလျှင် ထိုပိုးများအားလုံး ဘူးသီးတွေကိုထိုးမှာစိုးသဖြင့် နွားရိုးဆွဲလောက်အောင် အမြော်အမြင်ကြီးသည့်အမေ့အား အထင်လည်းကြီးပါသည်။ နွားရိုးဆွဲထားသည့်စင်လည်း ဘူးသီးပိုတင်သည်ဟုထင်ပါသည်။ ဘူးစင်နှင့်နွားရိုးတွဲလောင်းလည်း လိုက်ဖက်သည်ဟုထင်ပါသည်။ ထို့ကြောင့် သူငယ်ချင်းများအား "မင်းတို့ ဘူးပင်စိုက်ရင် စင်မှာ နွားရိုးဆွဲကွ"ဟု တိုက်တွန်းပါသည်။ နွားရိုးဆွဲသည့်ကြားမှ ပုပ်လာသည့် ဘူးသီးပုတ်လေးများကို အမေက ခူးပြီး ပြုတ်တတ်ပါသည်။
ဘူးသီးပုပ်လေးများ အရောင်ညစ်စပြုချိန် သို့မဟုတ် အရောင်ညိုလိုက်လာချိန်တွင် ခူး၍ ငါးပိရည် ငါးပိချက် ငါးပိထောင်းများနှင့် တို့မြှုတ်၍စားရသည်မှာ အလွန်စားကောင်းပါသည်။ အပုပ်ဘဝအပင်ပေါ်တွင် အပျော့အမာ ဘယ်လိုနေမည်ကို သေချာမပြောတတ်သော်လည်း ပြုတ်လိုက်သည့်အခါ အသီးမာသွားပြီး ကိုက်လိုက်လျှင် ကြွပ်ကြွပ်ကြွပ်ကြွပ်နှင့်နေပါသည်။ အနံ့လည်း မွှေးပါသည်။ တချို့ အပုတ်များသွားသည့် ဘူးသီးကင်းလေးများမှာ အထဲအထိပါ လိုက်မည်းနေသော်လည်း အကြွပ်မပျက် အရသာမပျက်ကြပါ။ ဘူးသီးအကောင်းကို ပြုတ်တို့လျှင် ပျော့စိစိနေပါသည်။ မကြွပ်ပါ။
ဘူးတပင်တွင် သီးကင်းမှန်သမျှသာ တင်ရကြေးဆိုလျှင် စင် ကျိုးလျှင်ကျိုး မကျိုးလျှင် အပင်မနိုင်ဖြစ်ကာခွေခေါက်နေမည်မှာ သေချာလောက်ပါသည်။ ထို့ကြောင့် သဘာဝတရားကြီးက တန်ရုံသာသီး၍ တော်ရုံသာတင်ရန် စီမံထားခြင်းလည်းဖြစ်နိုင်ပါသည်။ သီးသမျှ ဘူးသီးကင်းများအနက် ၅ ပုံ တပုံထက်နည်းသောအသီးကင်းလေးများသာ တင်ကျန်ပြီး ဘူးသီးကြီးများဘဝရောက်ကြရသည်ဟု ထင်ပါသည်။ 
ယခု ကျနော် အမေရိကန်တွင် နေပါသည်။ အမေလည်း အမေရိကန်တွင်ရှိပါသည်။ ကျနော့်အိမ်တွင် ဘူးစင်ရှိသလို အမေ့အိမ်တွင်လည်းရှိပါသည်။ ကျနော်က ဒီနှစ်မှာ ဘူးကို စင်နှင့် စစိုက်တာဖြစ်ပြီး အမေစိုက်လာတာက လေးငါးခြောက်နှစ်ရှိနေပြီဖြစ်ပါသည်။ မနှစ်ကဆိုလျှင် ကျနော့် မြေလျှောက်ဘူးတပင်မှ ၃ လုံးခန့်စားရပြီး အမေ့ စင်တင်ဘူးပင်မှ ရှစ်လုံးခန့်စားရသည်ထင်ပါသည်။ ဘူးသီးများကို အိမ်မှာ ချက်ပြုပ်စားကြသလို သူငယ်ချင်းမိတ်ဆွေတွေပါဖိတ်ပြီး ဘူးသီးကြော်လည်း ကြော်စားကြပါသည်။ ဘူးသီးနုနုကို ကြက်သား အမဲသားစသည်တို့နှင့်ရောကာ ကျနော့်နှမချက်သည့် ဘူးသီးဟင်းမှာ အလွန်စားကောင်းကာ အရသာလည်းရှိ အာဟာရလည်းပြည့်ပါသည်။
ဒီနှစ်တော့ ကျနော် ဘူးကိုစင်ထိုးပြီးစိုက်ပါသည်။ သီးကင်းလေးများလည်း မနည်းရှိပါသည်။ ဘူးသီးပုပ်လေးများလည်း ရှိပါသည်။ ကျနော်က အပုပ်ကလေး လေးငါးဆယ်လုံးရသည်အထိ အပင်တွင်ထားပြီးစုရန်ရည်ရွယ်လျှက် မခူးပဲထားသည်ကို ဇနီးသည်ကမသိပဲ မနေ့ညနေက အကုန် ခူးဖြတ်ပြီး လွှင့်ပစ်လိုက်ပါသည်။ "အဲ့ဒီ အသီးတွေက တင်မယ့်ဟာတွေမဟုတ်ဘူး"ဟုပြောပါသည်။ မတင်မည်မှန်းကျနော်သိသလို အမေပြုတ်တို့ရအောင် တမင်ချန်ထားမှန်းလည်း သူ့အားမပြောမိပါ။ ခုတော့ ပြုတ်တို့ရန်ရည်ရွယ်ပြီး အပင်တွင်စုထားသည့်ဘူးသီးပုတ်လေးများ နိဌိတံသွားပါသည်။ 
သို့သော် မျှော်လင့်စရာကျန်သည်ကား နောက်ထပ်သီးကင်းများ ဝေဝေဆာဆာလိုက်နေခြင်းပင်ဖြစ်ပါသည်။ ထိုသီးကင်းများအနက် ဘယ်နှလုံးပုပ်၍ ဘယ်နှလုံးတင်မည် ကျနော် ကံသေကံမ မပြောနိုင်သော်လည်း ပုပ်သလောက်ပုပ် တင်သလောက်တင်ပါလိမ့်မည်။ ကျနော်တို့ တို့မြှုတ်စားရန် နောက်တကြော့ ဘူးသီးပုပ်လေးတွေ စုပါဦးမည်။ ဇနီးကိုလည်း ပြောထားရပါမည်။
သည်မနက်တော့ ဘူးစင်ဘက်လှည့်ရင်း "ငါ့ ဘူးစင်က တခုခုလိုနေသလိုပါလား"ဟု စိတ်တွင်ဖြစ်မိပါသည်။ ဘာလိုနေတာပါလိမ့်ဟုတွေးတော့မှ နွားရိုးလိုနေတာဖြစ်ကြောင်း စိတ်ကသိလိုက်ပါသည်။ နွားရိုးမရှိသည့်ဘူးစင်သည် ကျနော့်အမြင်တွင် တံခွန်မရှိသည့်ရထားလို အလှမစုံဖြစ်နေပါသည်။ ဘူးသီးကင်းလေးတွေ ပိုးထိုးထိုး မထိုးထိုး၊ အသီးတွေ ပိုတင်တင် မတင်တင်ဆိုသည်ကို ကျနော် ဂရုတမထားခြင်းထက် ငယ်ငယ်က ဗမာပြည်တွင် အမေစိုက်ခဲ့သည့်ဘူးပင်နှင့် နွားရိုးတွဲလောင်းအမေ့ဘူးစင်ကို ကျနော် လွမ်းဆွတ်နေခြင်း ဖြစ်နိုင်ပါသည်။ 
လူသည် တော်ရာမှာနေရသော်လည်း ချက်မြုပ်ရာတွင်ခေါင်းချချင်ကြသည်ဟုထင်ပါသည်။ အသက်ကြီးလာသောအခါ ငယ်ဘဝတွေကို ပိုတမ်းတတတ်လာပါသည်။ ကျနော့်ဘူးစင်တွင် နွားရိုးချိတ်ရကောင်းမလားဟုလည်း တွေးမိပါသည်။
မျိုးမြင့်ချို
၁၃ ဇူလိုင်။ ၂၀၂၀
(အမဲရိုးဟုသုံးလျှင် လူစားရသည့်အရိုးအရွယ်များနှင့် ရောထွေးစရာရှိသဖြင့် နွားရိုးဟုသုံးပါသည်)

0 comments:

Post a Comment