Wednesday, July 1, 2020

မွေးရပ်မြေ ဘာသာပြန်သူ - #မြသန်းတင့်

0 comments
မွေးရပ်မြေ ဘာသာပြန်သူ - #မြသန်းတင့်
ခိုက်ခိုက်တုန် ချမ်းသည့် အအေးဒဏ်ကို ရင်ဆိုင်ရင်း မိုင် ၇၀၀ ကျော်ဝေးသည့် ဇာတိမြို့သို့ ကျွန်တော် ပြန်ခဲ့သည်။ မြို့မှ ကျွန်တော် ထွက်ခွါ လာခဲ့သည် မှာ အနှစ် ၂၀ ရှိပြီ။ 
ဆောင်းရက်တို့ ကုန်ခါနီးချိန် ဖြစ်သည်။ ကျွန်တော် မြို့နှင့် နီးလာသည်နှင့် အမျှ တစ်နေ့လုံး နှင်းဖွဲဖွဲ စွေကာ ကောင်းကင် မှိုင်းအုံ့လျက် ရှိသည်။ အေးမြသော လေသည် သင်္ဘောခန်းထဲသို့ ဝင်လာ တတ်သည်။ ဝါးယင်းရွက် ကြားမှာ လူသူ တိတ်ဆိတ်နေသော ရွာကလေးများကို တစ်ခါတစ်ရံ မြင်ရတတ်သည်။ လူရိပ်လူယောင် ဆို၍ လုံးဝ မမြင်ရ။ ရွာငယ်များ သည် အုံ့မှိုင်းသော၊ ဝါကြင့်သော ကောင်းကင်အောက်တွင် ထီးတည်း ရှိနေကြသည်။ ပတ်ဝန်းကျင်ကို ကြည့်၍ ကျွန်တော့် စိတ်ထဲတွင် ပင်လျှင် လွမ်းရမလို၊ ဆွေးရမလို တစ်မျိုးကြီး ခံစားရသည်။ 
ကျွန်တော် အနှစ် ၂၀ လုံးလုံး စိတ်ထဲတွင် စွဲလမ်းနေသည့်အိမ် မဟုတ်တော့ ပါတကား။ 
ကျွန်တော် အနှစ် ၂၀ လုံးလုံး မြင်ယောင်နေသည့် အိမ်သည် ယခု ကျွန်တော် မြင်ရသည့် အိမ်နှင့် လားလားမျှ မတူ။ သို့ရာတွင် ကျွန်တော် နေခဲ့သည့် အိမ်၏ ချမ်းမြေ့ဖွယ် ကောင်းပုံ၊ လှပသာယာ ပုံကို ပြန်ပြောပါဟု ဆိုလျှင်မူ ကျွန်တော် ပြန်မပြောတတ်။ ကျွန်တော့်တွင် ပြောစရာ စကားလုံး မရှိ။ ယခုမူ ကျွန်တော့်အိမ်သည် ကျွန်တော့် မှတ်ဉာဏ်ထဲတွင် ကျွန်တော် မှတ်မိထားသည့် အတိုင်း မဟုတ်တော့။ 
ထို့ကြောင့် အထင်နှင့် အမြင် ကွာနေသော အဖြစ်ကိုကြည့်ကာ ကျွန်တော့်စိတ်ကို ကျွန်တော် ဖြေရသည်။ 
“ငါ့အိမ်ဟာ နဂိုကတည်းက ဒီလိုပါပဲ။ အရင်တုန်း ကလည်း ဒီလိုပဲ။ ခုလည်း ဒီလိုပဲ။ ခုလည်း ငါထင်သလောက် အိမ်က စိတ်ညစ်ညူးစရာ ကောင်းနေတာ မဟုတ်ပါဘူး။ ပြောင်းနေတာက ငါ့အိမ် မဟုတ်ဘူး။ ငါ့စိတ်တွေ။ ဒီတစ်ခေါက် တောပြန်တဲ့ အခါမှာ ငါ့မှာ တိမ်သလ္လာ ဖုံးမနေတော့ဘူး။ အမြင်ရှင်းနေပြီ။ ဒါကြောင့် အိမ်အသွင်အပြင် ပြောင်းနေတယ် ထင်ရတာ” 
ဤတစ်ကြိမ် ကျွန်တော် ပြန်လာခြင်းမှာ ကျွန်တော့်အိမ်ကို နှုတ်ဆက်ရန် လာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့သည့် အိမ်ကို ရောင်းလိုက်ပြီ ဖြစ်သဖြင့် နှစ်မကုန်မီ ဝယ်သူလက်သို့ လွှဲပေးရတော့မည်။ ထို့ကြောင့် ကျွန်တော် နှစ်ပေါင်းများစွာ နေခဲ့သော အိမ်ကို နှစ်သစ်မကူးမီ နှုတ်ဆက် ရဦးမည်။ ကျွန်တော့် မိသားစုကို ကျွန်တော် အလုပ် လုပ်နေသည့် မြို့သို့ ခေါ်ရဦးမည်။ 
နောက်တစ်နေ့ အရုဏ်တက်ချိန်၌ ကျွန်တော့်အိမ်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သည်။ အိမ်မိုးပေါ်က ခြောက်သယောင်းလျက် ရှိသည့် သက်ငယ်စများသည် လေထဲတွင် လှုပ်ရှား နေကြသည်။ အိမ်က အိုမင်းလှပြီ။ ဤအိမ်ကို ကျွန်တော် ရောင်းရတော့မည်။ ကျွန်တော်တို့ သားချင်းများ အနက် အချို့မှာ အိမ်ခွဲ သွားကြပြီ။ ထို့ကြောင့် အိမ်ကြီးသည် အမြဲတမ်းလိုလို တိတ်ဆိတ် နေတတ်သည်။ အိမ်သို့ ရောက်သည်၌ အမေက အိမ်ပေါက်ဝမှ ကျွန်တော့်ကို ထွက်ကြိုသည်။ အသက်ရှစ်နှစ်ရှိ ကျွန်တော်တူ ဟွန်အာက အမေ့နောက်မှ ပြေးလိုက်လာသည်။ 
အမေက ကျွန်တော့်ကို မြင်သည့်အခါတွင် ဝမ်းသာသည်။ သို့ရာတွင် စိတ်မကောင်း ဖြစ်နေပုံ ရသည်။ ဟန်ဆောင် နေမှန်းကို ကျွန်တော် သိလိုက်သည်။ အမေက ကျွန်တော့်ကို ခရီးပန်းသဖြင့် နားရန်၊ လက်ဖက်ရည် သောက်ရန် ပြောသည်။ အိမ်ပြောင်းရေး ကိစ္စကို တစ်ခွန်းမျှ မပြောသေး။ ကျွန်တော့်ကို မမြင်ဖူးသေးသည့် ဟွန်အာက ခပ်လှမ်းလှမ်းမှ ကျွန်တော့်ကို အကဲခတ်နေသည်။ 
ခဏကြာတော့ အိမ်ကိစ္စကို စကားပြောရသည်။ မြို့တွင် အခန်း ငှါးပြီးကြောင်း၊ အိမ်ထောင် ပရိဘောဂ အချို့ကိုလည်း ဝယ်ပြီးကြောင်း ကျွန်တော်က အမေ့ကို ပြောပြသည်။ နောက်ထပ် ပစ္စည်းများ ဝယ်ရန်အတွက် အိမ်ဟောင်းက ပရိဘောဂများကို ရောင်းချရမည် ဖြစ်ကြောင်းဖြင့်လည်း အမေ့ကို ပြောပြသည်။ အမေက ဤအချက်ကို သဘောတူသည်။ အချို့ပစ္စည်းကို ထုပ်ပိုးပြီးကြောင်း၊ ရွှေ့ပြောင်းရန် မလွယ်သည့် ပရိဘောဂပစ္စည်း တစ်ဝက်လောက်ကိုမူ ရောင်းချပြီးကြောင်းဖြင့် အမေက ပြောပြသည်။ သို့ရာတွင် ကြွေးမြီ နည်းနည်းပါးပါး ပေးစရာ ကျန်နေသေးသည်။ 
“အေးလေ တစ်ရက်တန်သည် နှစ်ရက်တန်သည်တော့ နားဦးပေါ့။ ပြီး ဆွေမျိုးတွေကိုလည်း လိုက်နှုတ်ဆက်ဦး။ ပြီးတော့ သွားကြတာပေါ့” 
“သွားတာပေါ့ အမေ” 
“ဪ … ယန်တူး တစ်ယောက်ကိုလည်း သွားနှုတ်ဆက် ပါဦးကွယ်။ အိမ်ရောက်တိုင်း မင်းကို တစ်မေးတည်း မေးရှာတယ်။ မင်းနဲ့ တွေ့ချင်တယ်လို့ ပြောတာ ခဏခဏပဲ။ မင်းရောက်မဲ့ ရက်ကိုတော့ သူ့ ပြောထားတာပဲ။ ဘယ်အချိန် ပေါက်လာမလဲ မသိဘူး” 
အမေ့ စကားကို နားထောင်ရင်း ကျွန်တော့် မျက်စိထဲတွင် အတိတ်က ရုပ်ပုံလွှာ တစ်ခုကို မြင်ယောင်လာသည်။ 
ပြာလဲ့သည့် ကောင်းကင်တွင် ရွှေလကြီးက ထိန်ထိန်သာ နေသည်။ ပင်လယ်သောင်စပ်က ဖြူးနေသည်။ သောင်စပ်တွင် ပယင်းရောင် ဖရဲခင်းများက တမျှော်တခေါ်ကြီး ရှိနေကြသည်။ ဖရဲခင်းများ အလယ်၌ ၁၁ နှစ် ၁၂ နှစ်သားရွယ် လူငယ်လေး တစ်ယောက်၊ လည်တွင် ငွေဘယက် ဆွဲလျက် သူ့ခြေထောက် ကြားတွင် လိမ့်နေသော ဖရဲသီး တစ်လုံးကို ကောက်ဆွ တစ်ချောင်းဖြင့် ထိုးနေသည်။ 
ထိုသူငယ်မှာ ယန်တူး ဖြစ်သည်။ ယန်တူးကို ကျွန်တော် စတွေ့ခဲ့သည်မှာ အနှစ် ၃၀ ကျော်ပြီ။ ထိုစဉ်က ယန်တူးသည် ၁၀ နှစ် ကျော်ကျော်သာ ရှိဦးမည်။ ကျွန်တော့် အဖေလည်း မဆုံးသေး။ ကျွန်တော်တို့ တစ်တွေလည်း အခုလောက် စီးပွားရေး မကျပ်တည်းသေး။ ထိုစဉ်က ကျွန်တော်ကလည်း မိဘ အလိုက်လိုက်၍ နွဲ့ဆိုး ဆိုးနေဆဲ ဖြစ်သည်။ 
ကျွန်တော်တို့ ရိုးရာပူဇော်ပွဲကို ဆွေမျိုးသားချင်းများ တစ်လှည့်စီ အကုန်အကျ ခံ၍ လုပ်လေ့ရှိရာ နှစ်ပေါင်း ၃၀ ကြာလျှင် တစ်လှည့်စီ ကျတတ်သည်။ ထိုနှစ်မှာ ကျွန်တော်တို့က တာဝန်ယူ၍ ပူဇော်ပွဲ ကျင်းပရမည့်နှစ် ဖြစ်သဖြင့် ကျွန်တော်တို့ မိသားစုအတွက် အထွတ်အမြတ် ထားသော နှစ်တစ်နှစ် ဖြစ်သည်။ နှစ်သစ် ပထမလတွင် ရိုးရာနတ်ရုပ်များကို ပင့်ကာ ပူဇော်ပွဲများ လုပ်ရသည်။ ကန်တော့ပွဲ ပေးသည့်အုပ်များက အလွန်လှသည်။ လာ၍ ပူဇော်သူတွေ များတတ်သည်။ ထို့ကြောင့် ကန်တော့ပွဲအုပ်တွေကို အပျောက်အရှ မရှိအောင် အစောင့် ထားရတတ်သည်။ 
ကျွန်တော်တို့ အိမ်တွင် ပျံကျစာရင်းငှါး တစ်ယောက်တည်းသာ ရှိသည်။ (ကျွန်တော်တို့ နယ်တွင် စာရင်းငှါး သုံးမျိုးရှိသည်။ နှစ်လုံးပေါက် လုပ်သူကို ချိန်ပြည့် စာရင်းငှါး၊ နေ့လယ်ပိုင်းတွင်သာ လုပ်သူကို ချိန်ပိုင်း စာရင်းငှါးနှင့် ကိုယ့်လယ် ကိုယ်လုပ်ပြီး နှစ်သစ်ကူး ပူဇော်ပွဲများတွင်သာ လာလုပ် သူများကို ပျံကျ စာရင်းငှါးဟု ခေါ်ကြသည်။) ထို့ကြောင့် ရိုးရာပူဇော်ပွဲတွင် လူတစ်ယောက်တည်းဖြင့် မလုံလောက်။ ဤတွင် စာရင်းငှါး ကန်တော့ပွဲအုပ်များ စောင့်ရှောက် ထိန်းသိမ်းရန် သူ့သား ယန်တူးကို ပို့လိုက်မည်ဟု အဖေ့ကို ပြောသည်။ 
အဖေက သဘောတူသည့် အခါတွင် ကျွန်တော် ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ ယန်တူး အကြောင်းကို ကျွန်တော် မကြာခဏ ကြားဖူးသည်။ ကျွန်တော်နှင့် သက်တူ ရွယ်တူလောက် ရှိသည်။ ကျွန်တော့်ကို ဝါထပ်သည့် နှစ်တွင် မွေးသည်။ သူ့ဇာတာခွင်တွင် ဓာတ်ကြီးငါးပါး အနက် ပထဝီဓာတ် တစ်ပါး လိုနေသည်ကို တွေ့ရသဖြင့် သူ့အဖေက သူ့ကို ယန်တူး (ပထဝီဓာတ်) ဟု မှည့်သည်။ ယန်တူးသည် ညွှတ်ကွင်း ထောင်ရာတွင် အလွန်တော်သည်။ ငှက်များ မကြာခဏ မိတတ်သည်။ ထို့ကြောင့် ယန်တူးကို ခေါ်မည် ဆိုသည့် အခါတွင် ကျွန်တော် ပျော်သည်။ 
ကျွန်တော်သည် အတာကူးသည့် အခါကိုသာ စောင့်နေသည်။ အတာကူးလျှင် ယန်တူး လာမည် မဟုတ်လော။ နှစ်ကုန်၍ အမေက ယန်တူး လာပြီဟု ပြောသည့် အခါတွင် ကျွန်တော်သည် ဝမ်းသာအားရ ပြေးလာခဲ့သည်။ ယန်တူးသည် မီးဖိုထဲတွင် ရပ်လျက်ရှိသည်။ သူ့မျက်နှာက ဝိုင်း၍ နီမြန်းသည်။ ခေါင်းပေါ်တွင် ဦးထုပ်ပျော့ကလေး တစ်လုံးကို ဆောင်းထားသည်။ သူ့ရင်ဘတ် ပေါ်တွင် ငွေဘယက်ကလေး ဆွဲထားသည်ကို ကြည့်လျှင် သူ့အဖေက သူ့ကို အလိုလိုက်ဟန် တူသည်။ ယန်တူးတစ်ယောက် ကျန်းမာအောင် အဆောင်သဘော ဆွဲပေးခြင်း ဖြစ်သည်။ ယန်တူးက အရှက်အကြောက် ကြီးသည်။ ကျွန်တော် တစ်ယောက်ကို သာလျှင် ရဲရဲတင်းတင်း ဆက်ဆံတတ်သည်။ ကျွန်တော်တို့ချည်း ကျန်ရစ်သည့် အခါ၌ ယန်တူးနှင့် ကျွန်တော် စကားလက်ဆုံ ကျကြသည်။ သို့ဖြင့် ချက်ချင်း မိတ်ဆွေဖြစ် သွားကြသည်။ 
ထိုစဉ်က ကျွန်တော်တို့ နှစ်ယောက် ပြောခဲ့ကြသည့် စကားများကို ကျွန်တော် မမှတ်မိတော့။ သို့ရာတွင် ထိုစဉ်က ယန်တူး ပျော်နေသည်။ မြို့ရောက်သဖြင့် မမြင်ဖူးသည် များကို မြင်ရသည်ဟု ကျွန်တော် မှတ်မိတော့သည်။ 
နောက်တစ်နေ့တွင် ကျွန်တော်က သူ့ကို ငှက်ထောင် ခိုင်းသည်။ 
“ဟာ၊ မရဘူးဗျ” ယန်တူးက ပြောသည်။ “ညဦးပိုင်းမှာ နှင်းခါးကြီး ကျမှ ငှက်ထောင်လို့ လွယ်တာ။ ကျုပ်တို့ တောမှာဆိုရင် နှင်းခါးကြီး ကျပြီးလို့ နှင်းတွေ ဖွေးနေတော့ နှင်းတွေကို ရှင်း၊ မြေကြီးပြောင်ပြောင် ပေါ်မှာ ခြင်းကြားကြီးကို တုတ်နဲ့ ထောင်ထား၊ တောင်းအောက်ကို စပါးစေ့တွေ ပက်၊ ငှက်တွေလာ အစာကောက်တော့ ဘေးကနေပြီး ကြိုးကလေးနဲ့ တုတ်ကို ဆွဲချလိုက်ရော။ ဘာပြော ကောင်းမလဲ ငှက်တွေ ငှက်တွေ။ ခါလည်း ရတယ်။ တောကြက်လည်း ရတယ်။ ချိုးသိမ်းလည်း ရတယ်။ ငှက်တော်လည်း ရတယ်” 
ယန်တူး ပြောသဖြင့် နှင်းခါးကြီး ကျမည့်ရက်ကို ကျွန်တော် မျှော်ရသည်။ 
“တကယ်ကတော့ ခုအချိန်က သိပ်ပြီး ငှက်ထောင်လို့ မကောင်းဘူးဗျ။ သိပ်အေးတယ်” ယန်တူးက တစ်ခါက ပြောဖူးသည်။ “နွေကျရင် ကျုပ်တို့ တောကို လိုက်ခဲ့၊ နေ့လယ်ကျရင် ပင်လယ်ကမ်းစပ် ထွက်ပြီး ခရုကောက်။ ခရုကလည်း စုံလို့ ပဲ။ အစိမ်းရှိတယ်၊ အနီရှိတယ်၊ ပြီးတော့ ဝင်ကစွပ်လည်း ပေါတယ်။ ဂုံးခွံကလေးတွေ ကလည်း အများကြီးပဲ။ ညနေကျတော့ အဖေနဲ့ ကျုပ် ဖရဲခင်းထဲ သွားမယ်။ ခင်ဗျားလည်း လိုက်ခဲ့ပေါ့ဗျ” 
“ဖရဲသီးသူခိုး သွားစောင့်တာလား” 
“ဟင့်အင်း။ ကျုပ်တို့ဆီမှာ ဖရဲသီးကို လူမခိုးပါဘူး။ လမ်းသွားလို့ ရေငတ်ရင် တွေ့ရာ ဖရဲခင်းထဲ ဝင်ပြီး ဖရဲသီး ဆွတ်စားတာပဲ။ ပိုင်ရှင်ကလည်း ဘာမှ မပြောဘူး။ သိပ်ပေါတာပဲ။ ဖရဲခင်း သွားတာက ဖြူကောင်တို့၊ ရှဉ့်တို့၊ ယုန်တို့ သွားစောင့်တာ။ ည လသာသာ ဖရဲခင်းထဲက ဝါးသံကြားပြီ ဆိုရင် ဖြူကောင် တွေ့ပြီသာ အောက်မေ့။ ကောက်ဆွကလေး ကိုင်ပြီး တိတ်တိတ်ကလေး ကပ်သွား” 
ဖြူကောင် ဆိုသည်ကို ထိုအချိန်တွင် ကျွန်တော် ဘာမှန်း မသိသေး။ ယခုထိလည်း ကောင်းကောင်း မသိသေး။ သို့ရာတွင် ခွေးပေါက်စ ကလေးလို သတ္တဝါမျိုး ဖြစ်မည်။ ကိုက်တတ် လိမ့်မည်ဟု ကျွန်တော် ထင်သည်။ 
“အဲဒီ ဖြူကောင်က မကိုက်ဘူးလား” 
“လက်ထဲမှာ ကောက်ဆွ ပါသားပဲ။ ဘာကြောက်စရာ ရှိသလဲ။ အနား ရောက်သွားရင် ကောက်ဆွဲနဲ့ လှမ်းရိုက်ရုံပဲ။ ဖြူကောင်က သိပ်ပါးတယ်။ လူနား ရောက်ရင် ဖြူဆူးတွေကို ချပြီး လုံးလုံးကြီး ဖြစ်အောင် လုပ်ထားတယ်။ လူခြေထောက်ကြားထဲ အတင်း တိုးဝင်လာတာပဲ။ ဖမ်းဖို့လည်း မလွယ်ဘူး။ လုံးထားရင် အမွေးတွေက သိပ်ချောတာပဲ” 
လောက၌ ဤလို အရာမျိုးတွေ ရှိလိမ့်မည်ဟု ကျွန်တော် တစ်ခါမျှ မသိဖူးခဲ့။ ပင်လယ်စပ်တွင် သက်တံ့ရောင်လို ရောင်စုံလက် နေကြသည့် ခရုခွံများ၊ လသာသည့် ညများတွင် ဖြူကောင် ဝင်တတ်သော ဖရဲခင်းများ စသည် တို့ကိုလည်း ကျွန်တော် တစ်ခါမျှ မမြင်ဖူး။ ကျွန်တော် သိသည်မှာ ကုန်စိမ်းဆိုင်တွင် ရောင်းသည့် ဖရဲသီးများသာ ဖြစ်သည်။ 
“ကျုပ်တို့ ပင်လယ်ပိုင်းမှာ ငါးပျံတွေလည်း ရှိတယ်။ ခြေနှစ်ချောင်းနဲ့။ ဖားများလိုပဲ သိပ်ခုန်နိုင်တာပဲ။ ဒီရေ တက်ပြီဆိုရင် ငါးပျံတွေ အများကြီး ပါလာတတ်တယ်” 
ယန်တူး၏ ဦးနှောက်သည် ဤလို အထူးအဆန်း ဗဟုသုတတွေ သိုမှီးထားရာ ဘဏ္ဍာတိုက် ဖြစ်သည်။ ဤလို ဗဟုသုတမျိုးကို ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် မရနိုင်။ ကျွန်တော့် အသိုင်းအဝိုင်းက ဤအကြောင်းများကို နားမလည်။ ယန်တူးက အပြောကျယ်သော ပင်လယ်တွင် ကြီးပြင်းလာသူ ဖြစ်ပြီး၊ ကျွန်တော်တို့က အိမ်တံတိုင်း၏ အထက်က ကောင်းကင်လောက် ကိုသာ မြင်ဖူးကြသူများ ဖြစ်သည်။ 
သို့ရာတွင် ယန်တူးနှင့် ကြာကြာ မနေလိုက်ရ။ အတာ ကူးပြီးသည့် နောက်တွင် ယန်တူး တောသို့ ပြန်ရတော့သည်။ ထိုသောအခါ ကျွန်တော် ငိုသည်။ ယန်တူးလည်း မျက်ရည် တရှုပ်ရှုပ်ဖြင့် မီးဖိုထဲက မထွက်တော့။ သူ့အဖေ သွားခေါ်မှ မီးဖိုထဲတွင် ကုပ်နေရာမှ ထွက်လာသည်။ နောင်တွင် ယန်တူးက ကျွန်တော်ဖို့ ခရုခွံ တစ်အိတ်နှင့် ငှက်တောင်လှလှ ကလေးများကို ပေးလိုက်သည်။ ကျွန်တော်ကလည်း သူ့ထံ တစ်ကြိမ် နှစ်ကြိမ် လက်ဆောင် ပေးဖူးသည်။ သို့ရာတွင် လူကိုယ်တိုင်ကား နောက်ထပ် မတွေ့ကြတော့။ 
ယခု ယန်တူး အကြောင်းကို အမေ့ထံမှ ကြားရသည့် အခါ၌ ငယ်ငယ်က အကြောင်းများသည် လျှပ်စီး လက်သလို လက်ခနဲ ပေါ်လာကြသည်။ ငယ်ငယ်က ကျွန်တော်တို့ နေခဲ့သော အိမ်သစ်ကြီး ကိုလည်း ကျွန်တော် သတိရသည်။ 
“ဟုတ်လား အမေ။ ခု ယန်တူးကော ဘယ့်နှယ်လဲ” 
ကျွန်တော်က အမေ့ကို မေးသည်။ 
“ခမျာများ ကျပ်တည်း ပါတယ်ကွယ်” အမေက ပြော၍ ပြတင်းမှ အပြင်သို့ လှမ်းကြည့် နေသည်။ “ဟော အမေတို့ အိမ်ထောင်ပစ္စည်း တွေကို ဝယ်ဖို့ဆိုပြီး လူတွေ လာကြပြန်ပြီ။ တကယ်လည်း ဝယ်ကြတာ မဟုတ်ဘူး။ လစ်ရင် လစ်သလို ဆွဲသွားကြတာ။ အမေ သွားကြည့် လိုက်ဦးမယ်” 
အမေက အိမ်ပြင်သို့ ထွက်သွားသည်။ အိမ်ပြင်မှ မိန်းမသံများကို ကျွန်တော် ကြားနေရသည်။ ကျွန်တော်က ကျွန်တော့်တူ ဟွန်အာကို ခေါ်၍ သူနှင့် စကားပြောသည်။ စာရေး တတ်ပြီလော။ အိမ်ပြောင်းရမည် ဆို၍ ဝမ်းသာသလော။ 
“ကျွန်တော်တို့က မီးရထားကြီးနဲ့ သွားမှာလား” 
“ဒါပေါ့ကွ” 
“ပြီးတော့ လှေနဲ့ သွားရဦးမှာလား” 
“ဒါပေါ့။ ပထမ လှေနဲ့ ဟိုဘက်ကမ်းကို ကူးရမယ်” 
“အလိုတော်။ မုတ်ဆိတ်ရှည်ကြီး တွေနဲ့ ပါလား” 
စူးရှသည့် အသံ တစ်သံကို ကျွန်တော် ရုတ်တရက် ကြားလိုက်ရသည်။ မိန်းမကြီး တစ်ယောက် ခါးထောက် ရပ်နေသည်ကို တွေ့ရသည်။ သူ့မေးရိုးကြီးများက ကြံ့ခိုင် တောင့်တင်းသည်။ နှုတ်ခမ်းများက ပါးသည်။ ကွန်ပါ သေတ္တာထဲက ကွန်ပါ တစ်ချောင်းလို ခြေထောက်ကို ချဲကား ရပ်ထားသဖြင့် ဘောင်းဘီ ဝတ်ထားကြောင်းကို တွေ့ရသည်။ 
ကျွန်တော်က ဘာပြန် ပြောရမှန်း မသိ။ 
“ငါ့ကို မှတ်မိရဲ့လား။ နင် ငယ်ငယ်တုန်းက ငါ ထိန်းလာခဲ့ရတာပဲ” 
ကျွန်တော် ကြောင်နေသည်။ ထိုစဉ် အမေ ရောက်လာကာ 
“ငါ့သားက အိမ်ပြန် မရောက်တာ ကြာပြီ မဟုတ်လားအေ့။ ညည်းကို ဘယ်မှတ်မိ ပါတော့မလဲ” အမေက ကျွန်တော့်ဘက်သို့ လှည့်ပြောသည်။ 
“ဟဲ့ လူလေး။ မင်း သူ့ကို မမှတ်မိဘူးလား။ မျက်စောင်းထိုး အိမ်က မရန် လေ။ တို့ဟူးရောင်းတဲ့ မရန်” 
ကျွန်တော် မှတ်မိပြီ။ ကျွန်တော် ငယ်ငယ်တုန်းက လမ်းထိပ်တွင် တို့ဟူးရောင်းသည့် မရန် ဆိုသည့် မိန်းမတစ်ယောက် ရှိသည်။ သူ့ကို တို့ဟူးမရန်ဟု ခေါ်ကြသည်။ ထိုစဉ်က မရန်က မျက်နှာကို မှုန်နေအောင် သ ထားသည်။ ထိုအခါ၌ သူ့မေးရိုးများသည် ယခုလောက် မကား။ နှုတ်ခမ်းများ သည်လည်း ယခုလောက် မပါးဟု ထင်ရသည်။ ကျွန်တော် ငယ်စဉ်က မြင်ရသော မရန်၏ပုံမှာ တစ်ချိန်လုံး တို့ဟူးဆိုင်(?)နေသော မရန်၏ပုံ ဖြစ်၍ ယခု ကွန်ပါ တစ်ချောင်းလို ခြေနှစ်ချောင်းကို ကား၍ ရပ်နေသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် ရုတ်တရက် မမှတ်မိ။ ထိုစဉ်က မရန်က ရုပ်ကလေးကလည်း သနရုပ္ပ ရှိသည်။ မှုန်နေအောင် ခြယ်သထားသည်။ ထို့ကြောင့် သူ့တို့ တို့ဟူးဆိုင်တွင် လူစည်တတ်သည်။ သို့ရာတွင် ထိုစဉ်က ကျွန်တော့်မှာ “ချာတိတ်” မျှသာဖြစ်၍ သူ့ကို စိတ်ဝင်စားရမှန်း မသိသေး။ သို့ဖြင့် ကျွန်တော် သူ့ကို လုံးလုံး သတိမရတော့။ ယခု မရန်က ခြေနှစ်ချောင်းခွဲ၍ ရပ်ရင်း ကျွန်တော့်ကို အထင်သေးသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။ သူကြည့်ပုံက နပိုလီယန် အကြောင်းကို မကြားဖူးသော ပြင်သစ် တစ်ယောက်၊ သို့မဟုတ် ဂျော့ဝါရှင်တန် နာမည်ကို မကြားဖူးသော အမေရိကန် တစ်ယောက်ကို ကြည့်ပုံမျိုး ဖြစ်သည်။ 
သူက ကျွန်တော့်ကို ခပ်လှောင်လှောင် ပြုံးကြည့်ရင်း 
“ဘာလဲ။ နင် ငါ့ကို မမှတ်မိတော့ဘူး မဟုတ်လား။ မြို့ရောက်လို့ သွေးကြီးမွေးကြီး ဖြစ်ပြီး တို့လို တောသူတွေကို မသိတော့ဘူးပေါ့” 
“မဟုတ်ပါဘူးဗျာ” 
ကျွန်တော်က အထစ်ထစ် အငေါ့ငေါ့ ပြောရင်း ထိုင်ရာမှ ထသည်။ 
“နင်တို့ ပြောင်းတော့ အကြွင်းအကျန်လေး ဘာလေး တောင်းရအောင် လာတာဟေ့။ အိမ်ထောင် ပရိဘောဂလေး ဘာလေး ပေါ့ဟယ်။ နင်တို့ မြို့ကျတော့ ဒါမျိုးတွေ သုံးလည်းသုံးမှာ မဟုတ်ပါဘူး။ ပြီးတော့ သယ်ရ ပိုးရတာလည်း တာဝန်ကြီး ပါဘိသနဲ့။ နင်တို့လို သူဌေးတွေက ဒါမျိုးတွေ မသုံးပါဘူး။ တို့ ဆင်းရဲသားတွေသာ” 
“သူဌေး မဟုတ်ပါဘူးဗျာ။ ခုပစ္စည်းတွေ ပြန်ရောင်းပြီးမှ အသစ် ဝယ်နိုင်မှာပါ” 
“ဘာလဲ၊ နင်က ဝေ့လည်ကြောင်ပတ် လုပ်ဦးမလို့လား။ ဘယ်ကလာပြီး သူဌေး မဟုတ်ရမှာလဲ။ မယားက သုံးယောက်။ အပြင်ထွက်ရင် လူရှစ်ယောက် ထမ်းတဲ့ ဝေါနဲ့။ ဒါ သူဌေး မဟုတ်လို့ ဘာလဲ။ မရှိချင်ယောင် ဆောင်မနေပါနဲ့” 
ကျွန်တော် ဘာမှ မပြောနိုင်တော့။ တစ်ချီတည်း ပါးစပ်ပိတ် သွားသည်။ 
“ပိုက်ဆံရှိတဲ့ လူများ သိပ်ကပ်စေးနှဲ တာပဲ။ ကပ်စေးနှဲ လာပြီဆိုရင် ပိုက်ဆံလည်း သိပ်စုတော့တာပဲ” 
မရန်က ပြောသည်။ မရန်သည် သည်တစ်ခွန်းသာ ပြောကာ လှည့်ထွက် သွားသည်။ ပြန်အလှည့်တွင် အမေသုံးသည့် လက်အိတ်ကို ဆတ်ခနဲ ကောက်ကာ သူ့အိတ်ထဲသို့ ထည့်သွားသည်။ 
ထိုရက်များတွင် ဆွေမျိုးများ ရောက်လာကာ နှုတ်ဆက်ကြသဖြင့် ဧည့်ခံစကား ပြောနေရသည် နှင့် အချိန်ကုန် နေသည်။ ဧည့်သည် ပါးသည့် အချိန်ကလေးတွင် ထုပ်ပိုးစရာများကို ထုပ်ပိုး သိမ်းဆည်းရသည်။ သို့ဖြင့် သုံးလေးရက် အချိန်ကုန် သွားသည်။ 
တစ်ညနေတွင် ချမ်းချမ်းဖြင့် ကျွန်တော် လက်ဖက်ရည်ကြမ်း ထိုင်သောက်နေစဉ် အိမ်ပေါက်ဝမှ ခြေသံ ကြားရသဖြင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။ ရုတ်တရက်တော့ ကျွန်တော် လန့်သွားသည်။ ထို့နောက် ရုတ်ခနဲထကာ သူ့ကို ဆီးကြိုသည်။ 
ဧည့်သည်က တခြားသူ မဟုတ် ယန်တူး ဖြစ်သည်။ သူ့ကို ယန်တူးမှန်း ချက်ချင်း သိလိုက်သော်လည်း ကျွန်တော့် မျက်စိထဲတွင် တရေးရေး မြင်နေသည့် ယန်တူး မဟုတ်တော့။ သူ့ခန္ဓာကိုယ်သည် ယခင်ကထက် နှစ်ဆမျှ ကြီးနေသည်။ သူ့မျက်နှာ ဝိုင်းဝိုင်းသည် ယခင်က နီမြန်းနေသည်။ ယခု ဖျော့တော့ ဝါထိန်ကာ ပါးရေတွေ တွန့်နေပြီ။ ပင်လယ်ကမ်းစပ် လေတိုက်ထဲတွင် နေကုန်နေခန်း လုပ်ရသော လယ်သမားများ ထုံးစံအတိုင်း သူ့မျက်လုံးများက သူ့အဖေ မျက်လုံးများလို မျက်ကွင်းတွေ နီရဲကာ ခပ်မို့မို့ ဖြစ်နေကြသည်။ သူ့ခေါင်းတွင် ဦးထုပ် ခပ်စုတ်စုတ် တစ်လုံးကို ဆောင်းသည်။ ခပ်ပါးပါး ဂွမ်းကပ်အကျႌ တစ်ထည်တည်းကို ဝတ်ထားသဖြင့် ခိုက်ခိုက်တုန်လျက် ရှိသည်။ သူ့လက်ထဲတွင် အထုပ် တစ်ထုပ်နှင့် ဆေးတံ တစ်ချောင်းကို ကိုင်ထားသည်။ သူ့လက်များ သည်လည်း ငယ်ငယ်က ကျွန်တော် မြင်ခဲ့ဖူးသည့် နီနီရဲရဲ ဖောင်းဖောင်းကစ်ကစ် လက်ကလေးများ မဟုတ်တော့။ ကိုင်းပင် တစ်ပင်က အခေါက်လို ကြမ်းရှ ကွဲအက်နေပြီ။ 
ဝမ်းသာ လွန်းသဖြင့် ကျွန်တော် ဘာပြောရမှန်းမသိ။ “ဟေ့ - ယန်တူး” ဟုသာ အော်နိုင်တော့သည်။ 
ငယ်ငယ်က ရှေးဟောင်း နှောင်းဖြစ်တွေကို ပုတီးစေ့ သွန်ချလိုက်သလို ကျွန်တော် ပြောချင်သည်။ တောကြက်ထောင်သည့် အကြောင်း၊ ငါးပျံများ အကြောင်း၊ ခရုခွံများ၊ ဖြူကောင်များ အကြောင်း စသည်တို့ကို ကျွန်တော် မေးချင်သည်။ သို့ရာတွင် အာစေးထည့် ထားသလို ကျွန်တော့် ပါးစပ်က စကား တစ်လုံးမျှ မထွက်။ 
ယန်တူးက တွေတွေကြီး ရပ်နေသည်။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း စသည့် ဝေဒနာများ သည် သူ့မျက်နှာတွင် အထင်းသား ပေါ်နေကြသည်။ သူ့နှုတ်ခမ်းများက တရွရွ လှုပ်နေကြသည်။ သို့ရာတွင် အသံထွက်မလာ။ အတန်ကြာမှ လှိုက်လှဲ လေးစားစွာဖြင့် - 
“ဆရာ” ဟု ခေါ်သည်။ 
ကျွန်တော့် တစ်ကိုယ်လုံး တုန်သွားသည်။ သူနှင့် ကျွန်တော့်ကြားတွင် ကြေကွဲစရာ ထူထဲသည့် တံတိုင်းကြီး ခြားနေကြပြီ။ ကျွန်တော် ဘာမျှ ပြန်မပြောနိုင်သေး။ 
ယန်တူးက နောက်သို့ လှည့်ကာ 
“ဟဲ့ - ငရှန် ဆရာ့ကို ကန်တော့” ဟု ဆိုကာ သူ့နောက်တွင် ပုန်းနေသည့် သူငယ်ကလေး တစ်ယောက်ကို ရှေ့သို့ တွန်းလိုက်သည်။ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က ယန်တူး၏ ရုပ်မျိုး။ သို့ရာတွင် ယန်တူးထက် ပိန်သည်။ အသားဖြူသည်။ သူ့လည်ပင်းတွင် ငွေဘယက်ကလေးတော့ မပါ။ 
“ဒါ ကျွန်တော့် အငယ်ဆုံး ကောင်လေ ဆရာ” ယန်တူးက ပြောသည်။ “လူထဲသူထဲ တစ်ခါမှ မရောက်ဖူးတော့ ကြောက်နေတယ်” 
အမေက ဟွန်အာနှင့်အတူ အိမ်ပေါ်မှ ဆင်းလာသည်။ ကျွန်တော်တို့ စကား ပြောနေသံကို ကြားဟန်တူသည်။ 
“အရီး ပေးလိုက်တဲ့စာ ရတယ် ခင်ဗျ” ယန်တူးက ပြောသည်။ “ဆရာ ပြန်လာမယ် ဆိုတော့ ဝမ်းသာလိုက်တာ ခင်ဗျာ” 
“အမလေး နင့် အစ်ကိုလေးကို ဒီလောက် ရိုသေ မနေစမ်းပါနဲ့။ နင်တို့ ကစားဖက်ပဲ” အမေက ရွှင်မြူးစွာ ပြောသည်။ “ငယ်ငယ်တုန်းကလို အစ်ကိုလေးလို့ပဲ ခေါ်ပေါ့” 
“ဟာ အရီးကလည်း ဗျာ၊ ရိုင်းရာကျ နေမှာပေါ့။ ဟိုတုန်းက ကလေးဆိုတော့ နားမလည်လို့ ခေါ်တာ” 
စကားပြောရင်း ယန်တူးက သူ့သားငယ်ကို ခေါ်ကာ ကျွန်တော့်ကို ကန်တော့ခိုင်းသည်။ သို့ရာတွင် သူငယ်က ရှက်သဖြင့် သူ့အဖေ နောက်တွင် တွယ်ကပ်နေသည်။ 
“ဪ … ငရှန် တဲ့လား” 
အမေက မေးသည်။ “တို့က လူစိမ်းတွေ ဆိုတော့ ရှက်နေဟန် တူပါရဲ့။ ဟွန်အာရေ သွား သူနဲ့ ကစားချေကြ” 
ဟွန်အာက ယန်တူးနောက်တွင် ရပ်နေသည့် ငရှန်ကို သွားခေါ်သည်။ ထိုအခါကျမှ ငရှန် ရှောရှောရှူရှူ ပါသွားသည်။ အမေက ယန်တူးကို ကုလားထိုင်တွင် အထိုင်ခိုင်းသည်။ သို့ရာတွင် ယန်တူးက ရုတ်တရက် မထိုင်။ အတန်ကြာ တွေနေပြီးမှ မဝံ့မရဲဖြင့် ထိုင်သည်။ ထို့နောက် အရိုးရှည် ဆေးတံကြီးကို နံရံတွင် လှမ်းထောင်ကာ၊ လက်ထဲက အထုပ်ကို လှမ်းပေးသည်။ 
“ဆောင်းတွင်းကြီး ဆိုတော့ လက်ဆောင် ပေးစရာ ဘာမှ ကောင်းကောင်းမွန်မွန် မရှိဘူး။ ရှိတဲ့ ပဲဆံကလေးပဲ ယူခဲ့ရတယ်” 
ကျွန်တော်က သူ့စီးပွားရေး အခြေအနေကို မေးသည်တွင် ယန်တူးက ခေါင်းယမ်းကာ- 
“မကောင်းပါဘူး အစ်ကိုလေးရာ။ အိမ်ရှိလူကုန် အလုပ်လုပ်တာပဲ။ ငရှန်ထက် အငယ်ကောင်တောင် ဝင်လုပ်တာပဲ။ ဒါပေမဲ့ မစားလောက်ပါဘူး။ ပြီးတော့ အေးအေးချမ်းချမ်းလည်း မရှိပါဘူး။ ဟိုလူကလာ ဆက်ကြေးတောင်း၊ ဒီလူကလာ ဆက်ကြေးတောင်းနဲ့၊ တောင်းသမျှ ပေးနေရတာပဲ။ တစ်ယောက်လာ ဥပဒေတစ်မျိုး၊ နောက်တစ်ယောက် တစ်မျိုးနဲ့။ စပါးကလည်း သိပ်မကောင်းဘူး။ အထွက် သိပ်နည်းတယ်။ အထွက် ကောင်းပြန်တော့လည်း သွားရောင်းရင် ဟိုအခွန်ပေးရ ဒီအခွန်ပေးရနဲ့ လက်ထဲ ဘာမှ မကျန်ပါဘူး။ မရောင်းပြန်ရင်လည်း ကိုယ့်မှာ စားစရာ မရှိ” 
ယန်တူးက ခေါင်းကို ယမ်းမြဲ ယမ်းနေသည်။ ပါးရေများ တွန့်နေပြီ ဖြစ်သော်လည်း သူ့မျက်နှာပေါ်က အကြောအချဉ်များသည် လှုပ်ရှားခြင်း မရှိ၊ ကျောက်ရုပ် တစ်ခုလို ခံစားချက် ကင်းနေသည်။ ယန်တူး၏ ဘဝသည် ခါးသီး နာကြည်းဖွယ် ကောင်းသည်မှာ ဘာမျှ အငြင်းထွက်စရာ မလို။ သို့ရာတွင် ယန်တူးသည် သူ့နာကြည်းမှုကို မဖော်ပြတတ်။ ခဏအကြာတွင် ယန်တူးသည် အရိုးရှည် ဆေးတံကြီးကို တိတ်ဆိတ်စွာ ဖွာနေသည်။ 
အမေက သူနှင့် စကား ပြောကြည့်သည့် အခါတွင် သူ့၌ အိမ်အလုပ်တွေ ကျန်ရစ်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရွာသို့ ပြန်ရမည် ဖြစ်ကြောင်းဖြင့် သိရသည်။ သူတို့ သားအဖ နံနက်စာ မစားရ သေးသဖြင့် ထမင်းကြမ်းကြော် စားရန် မီးဖိုချောင်သို့ အမေက လွှတ်လိုက်သည်။ 
သူ ထွက်သွားသည့် အခါ၌ အမေနှင့် ကျွန်တော်သည် ယန်တူး၏ ဆင်းရဲ မွဲတေလှသော အဖြစ်ကို ကြည့်၍ ခေါင်းယမ်းမိကြသည်။ သားသမီးများခြင်း၊ သရောခိုင်းခြင်း၊ အခွန်အတုတ် ကြီးလေးခြင်း၊ ဓားပြများ သောင်းကျန်းခြင်း၊ အရာရှိများနှင့် မြေရှင်များ မင်းမူခြင်း စသည့် အရာ အားလုံးသည် ယန်တူး၏ အဆီအသားတို့ကို ဖျစ်ညှစ်ဝါးမျို ပစ်ခဲ့ပြီ။ ယန်တူး၏ ဘဝသည် ကျပ်စည်းထားသည့် အလောင်းကောင် အခြောက်လို ခန်းခြောက်နေပြီ။ ကျွန်တော်တို့ သယ်မသွားနိုင်သည့် ပစ္စည်းများကို ယန်တူးအား ပေးပစ်ခဲ့မည်ဟု အမေက ဆိုသည်။ သူကြိုက်ရာကို သူ ရွေးယူပစေတော့။ 
ထိုညနေတွင် ယန်တူးသည် သူလိုချင်သည့် ပစ္စည်းများကို ရွေးသည်။ စားပွဲရှည် နှစ်လုံး၊ ကုလားထိုင် လေးလုံး၊ ဖယောင်းတိုင်တင်ခုံ၊ ဖယောင်းတိုင်များနှင့် ချိန်ခွင် တစ်လက်တို့ ဖြစ်သည်။ မီးဖိုထဲက ပြာများကိုလည်း သူယူမည်ဟု ဆိုသည်။ (ကျွန်တော်တို့ အရပ်တွင် ကောက်ရိုးကို မီးဆိုက်သည်။ ကောက်ရိုးပြာက သဲမြေတွင် မြေဩဇာ လုပ်၍ ကောင်းသည်။) ကျွန်တော်တို့ ပြောင်းသွားသည့် အခါတွင် ထိုပစ္စည်းများကို လှေဖြင့် လာတင်မည်ဟု ယန်တူးက ပြောသည်။ 
ထိုညတွင် ကျွန်တော်တို့ နှစ်ယောက် ရှေးဟောင်းစကား ပြောကြသည်။ သို့ရာတွင် လေးလေးနက်နက် မဟုတ်။ နောက်တစ်နေ့ မနက်တွင် ယန်တူးတို့ သားအဖ ပြန်သွားကြသည်။ 
နောက်ကိုးရက် အကြာတွင် ကျွန်တော်တို့လည်း ပြောင်းရန် ပြင်ကြသည်။ ပြောင်းမည့်နေ့ မနက်တွင် ယန်တူး နောက်တစ်ခေါက် ပေါက်လာ ပြန်သည်။ ထိုအကြိမ်တွင်မူ သူ့သား ငရှန် မပါလာတော့။ သူ့လှေကို စောင့်ရန် ငါးနှစ် သမီးကလေးကို ခေါ်လာခဲ့သည်။ ဤနေ့က ကျွန်တော်တို့ ကလည်း အလုပ်များ နေကြသဖြင့် စကားပြောချိန် မရ။ ဧည့်သည်တွေ ကလည်း ပြည့်နေသည်။ အချို့က နှုတ်ဆက်ရန် လာကြခြင်း ဖြစ်သည်။ အချို့က ပစ္စည်းယူရန် လာကြခြင်း ဖြစ်သည်။ အချို့ကလည်း ထိုနှစ်ခုစလုံး အတွက် လာကြခြင်း ဖြစ်သည်။ မော်တော်ပေါ်သို့ ကျွန်တော်တို့ ရောက်ချိန်တွင် ညနေ စောင်းနေပြီ။ အိမ်တွင် ရှိသမျှပစ္စည်း အစုတ်အပြတ်၊ အကြီးအသေး၊ အကောင်းအဆိုး ဟူသမျှကို ရှင်းလင်းပြီးပြီ။ 
မြစ်ကမ်း တစ်ဖက်တစ်ချက်ရှိ စိမ်းညို့သော တောင်တန်းကြီး များသည် ဆည်းဆာတွင် မှုန်ပြာ ရီဝေလျက် ရှိကြသည်။ ကျွန်တော်နှင့် ဟွန်အာက မော်တော်ဦးခန်း ပြတင်းပေါက်ဝမှာ ကိုယ်တစ်ပိုင်း ထွက်ကာ ရေးရေးမှုန်မှုန် မြင်ရသော ရှုခင်းကို ငေးကြည့် လိုက်လာကြသည်။ 
“ကျွန်တော်တို့ ဘယ်တော့ ပြန်လာမှာလဲဟင် ဦးလေး” 
ဟွန်အာက ရုတ်တရက် မေးလိုက်သည်။ 
“ဘယ်တော့ ပြန်လာမလဲ ဟုတ်လား။ ပြောင်းပြီ ဆိုမှတော့ ဘာလို့ ပြန်လာဦးမှာလဲကွ” 
“ငရှန်က သူတို့ ရွာကို လာဦးလို့ ခေါ်ထားတယ် ဦးလေးရ” 
ဟွန်အာက နက်ပြောင်သော မျက်လုံးများ အပြူးသားဖြင့် စိုးရိမ်တကြီး ပြောသည်။ 
အမေနှင့် ကျွန်တော်လည်း စိတ်မကောင်းကြ။ နှစ်ယောက်သား ယန်တူး အကြောင်းကို ပြောမိကြသည်။ ကျွန်တော်တို့ အိမ်ပြောင်းတော့မည်ဟု ကြားကတည်းက တို့ဟူးသည် မရန်တစ်ယောက် အိမ်သို့နေ့တိုင်း ပေါက်လာတတ်ကြောင်း၊ တမြန်နေ့ကမူ ကျွန်တော်တို့ အိမ်ထဲက ပြာကျင်းကို မရန် လာတူးကြောင်း၊ ထိုပြာကျင်းထဲမှ အိုးပန်းကန် တစ်ဒါဇင်လောက် ရကြောင်း၊ ဤအရာများကို ယန်တူး ဝှက်ထားလိမ့်မယ် ထင်ကြောင်း၊ ယန်တူးသည် ပြာကျင်း လာတူးသည့် အခါကျမှ ယူမည်ဟု ရည်ရွယ်ထားဟန် ရှိကြောင်းဖြင့် မရန်က ပြောပြသည်ဟု အမေက ပြောပြသည်။ မရန်သည် ထိုအရာများကို တွေ့သည့် အခါတွင် ဝမ်းသာအားရ ဖြစ်လျက်ရှိသည်။ ခွေးလှောင်ခွက်ကို ယူ၍ ခပ်သုတ်သုတ် ထွက်သွားသည်။ (ခွေးလှောင်ခွက် ဆိုသည်မှာ ကျွန်တော်တို့ အရပ်က မွေးမြူရေး သမားများ အသုံးပြုသည့် အရာ ဖြစ်သည်။ သစ်သား လှောင်အိမ်ကလေး ကဖစ်၍ အထဲတွင် အစာထည့် ထားသည်။ ကြက်များက ခေါင်းဝင်၍ အစာကောက် နိုင်သော်လည်း ခွေးများက စားမာန်ထကာ ဟောင်နေတတ်သဖြင့် ခွေးလှောင်ခွက်ဟု ခေါ်ကြသည်။) ဤပန်းကန် ခွက်ယောက်များကို ယူ၍ မရန် အားရဝမ်းသာ ပြေးပုံကို ကျွန်တော် မြင်နေသည်။ သူ့ခြေထောက် သေးသေးကလေးများဖြင့် ဤမျှ မြန်မြန် ပြေးနိုင်သည်ကို ကျွန်တော် အံ့ဩရသည်။ 
ကျွန်တော်တို့ မော်တော်သည် မြို့နှင့် ဝေးသည်ထက် ဝေးလာသည်။ ကျွန်တော့် မွေးရပ်မြေက တောင်များနှင့် မြစ်များလည်း အဝေးတွင် တဖြည်းဖြည်း ဝေး၍ ကျန်ရစ်ကြပြီ။ မွေးရပ်မြေမှ ခွဲခွါရသဖြင့် ကျွန်တော် ဝမ်းမနည်း။ သို့ရာတွင် ကျွန်တော့်ဘေး ပတ်ပတ်လည်၌ ကျွန်တော့် ပေါင်းဟောင်း သင်းဟောင်းများနှင့် ကျွန်တော့်ကို တစ်ကွဲတပြားစီ ခွဲခြား ပစ်လိုက်သည့် မမြင်နိုင်သော တံတိုင်းကြီးတစ်ခု ကာဆီးနေပြီဟုကား ကျွန်တော် ခံစားရသည်။ ဤသို့ တွေးမိတိုင်း ကျွန်တော် ဝမ်းနည်းသည်။ ဖရဲခင်းထဲက ငွေဘယက်ကလေး ဆွဲထားသည့် ကျွန်တော့် သူရဲကောင်းသည် ယခင်က ကျွန်တော့် မျက်စိထဲ၌ ပီပီသသကြီး ပေါ်လာတတ်သည်။ ယခု ကျွန်တော့် မျက်စိထဲတွင် ရုတ်တရက် မှုန်ဝါး ပျောက်ကွယ် သွားပြီ။ ဤသည်ကို တွေးမိလျှင် ပို၍ ဝမ်းနည်းသည်။ 
အမေနှင့် ဟွန်အာက အိပ်ပျော် နေကြပြီ။ 
ကျွန်တော်က အိပ်ရာပေါ်တွင် လှဲရင်း မော်တော်ဦးသို့ လာ၍ ရိုက်နေသည့် လှိုင်းသံများကို နားထောင်နေသည်။ ကျွန်တော်က ကျွန်တော့်လမ်းကို သွားနေပြီ။ ကျွန်တော်နှင့် ယန်တူးကြားတွင် အတားအဆီး ကြီးနေသော်လည်း ကျွန်တော်တို့ ကလေးများကမူ တူညီချက်တွေ ရှိကြသေးသည်။ ယခုပင် ဟွန်အာသည် ငရှန် အကြောင်းကို ပြောနေသေးသည် မဟုတ်လော။ သူတို့ခေတ် ရောက်လျှင် ကျွန်တော်တို့လို ဖြစ်လိမ့်မည်ဟု ကျွန်တော်မထင်။ သူတို့ကြားတွင် တံတိုင်းကြီး ခြားနေသည့် အဖြစ်မျိုးကို ခွင့်ပြုလိမ့်မည်ဟု ကျွန်တော် မမျှော်လင့်။ သို့ရာတွင် သူတို့ကိုလည်း ကျွန်တော့်လို မောင်းကျောက်တုံး ဘဝသို့ မရောက်စေချင်။ ယန်တူးကိုလည်း မဖြစ်စေချင်။ အခြား သူများကဲ့သို့ သောက်စား ပျော်ပါး၍ ပျက်စီးသည့် ဘဝမျိုးသို့ မရောက်စေချင်။ သူတို့ခေတ်သည် ခေတ်သစ်ဖြစ်ဖို့ ကောင်းသည်။ ကျွန်တော်တို့ မကြုံဖူးသေးသော ဘဝသစ် ဖြစ်သင့်သည်။ 
ကျွန်တော်သည် မျှော်လင့်ချက်တွေကို တွေးရင်း ရုတ်တရက် မောဟိုက်သွားသည်။ 
ကျွန်တော်သည် ငိုက်မြည်းစ ပြုလာသည်။ ပယင်းရောင် စိမ်းနေသော ပင်လယ်ကမ်းစပ်၊ ပြာလဲ့ ကြည်စင်သော ကောင်းကင်တွင် ထွန်းလင်းနေသော ရွှေလမင်း စသည်တို့ကို ကျွန်တော် မြင်ယောင်နေသည်။ 
မျှော်လင့်ချက် ဆိုသည်မှာ တကယ်ရှိသည်ဟု ပြောနိုင်သည့် အရာမျိုးလည်း မဟုတ်။ မရှိဟု ပြောနိုင်သည့် အရာလည်း မဟုတ်။ စင်စစ် မျှော်လင့်ချက် ဆိုသည်မှာ မြေကြီးပေါ်က လမ်းကြောင်းများနှင့် တူသည်။ ပထမတုန်းက မြေကြီးပေါ်တွင် လမ်းဟူ၍ ရှိသည်မဟုတ်။ သို့ရာတွင် လူများစွာ ဖြတ်သန်း သွားလာကြသည့် အခါ၌မူ မြေကြီးပေါ်၌ လမ်းကြောင်းတစ်ခု ပေါ်ပေါက် လာရသည် မဟုတ်လော။ 
မျှော်လင့်ချက် ဆိုသည်မှာလည်း ထို့အတူတူ ကျွန်တော် တွေးမိသည်။ 
(My Old Home by Lu Hsun)

0 comments:

Post a Comment