ဗိုလ်အောင်ကြီးစာ
ရန်ကုန်မြို့
ဇွန်လ(၈)ရက်၊ ၁၉၈၈
ဇွန်လ(၈)ရက်၊ ၁၉၈၈
ဗိုလ်ချုပ်ခဗျား
ဗိုလ်ချုပ်လည်း အသက်ကြီးပါပြီ။ ကျွန်တော်တောင်မှ အသက် (၇၀) ရှိပြီပဲ။ ဗိုလ်ချုပ်အနေနဲ့ ကောင်းမယ်ထင်လို့ လုပ်ခဲ့တာပဲဟာ၊ ကောင်းတာတွေလည်း ရှိမှာပဲ။ မကောင်းတာတွေ မှားတာတွေလည်း ရှိမှာပဲ။ ဒါဟာ နိုင်ငံတော်ကို ဦးဆောင်ကြတဲ့သူတွေ အဖို့ တွေ့ကြုံရတာ ဓမ္မတာပါပဲ။
ဒါပေမယ့် ကျွန်တော် တခုတော့ ပြောချင်ပါတယ်။ ဗိုလ်ချုပ် ဖြစ်ချင်တာတွေ ဖြစ်မလာတာတို့၊ တိုင်းပြည် ဆင်းရဲသွားတာတို့၊ စီမံကိန်းတွေ မအောင်မြင်ဘဲ အောင်မြင်တယ်ဆိုပြီး စာရင်းလိမ် အပြခံရတာတို့၊ အမှန်ကို မပြောကြဘဲ ဗိုလ်ချုပ်ကြီး စိတ်မချမ်းသာ စရာတွေ မကြားရအောင် ဖုံးဖိထားကြတာ၊ နောက်ဆုံး မိမိတို့ ဘာသာ မိမိတို့ ကျူးလွန်တာတွေ၊ မှားတာတွေကိုတောင် ဗိုလ်ချုပ်ကြီး ခိုင်းလို့ လုပ်တာပါချည်း ဖြစ်ကုန်တာတွေ အပြင်မှာ ဖြစ်နေတယ်လေ။
အရင် ကျောင်းသား သမဂ္ဂဖြိုတဲ့ ကိစ္စတောင် ယခုထိ တိုင်းပြည်က မသိကြသေးဘူး မဟုတ်လား။ သမဂ္ဂကို ကျွန်တော် ဖြိုတယ်လိုလို ဗိုလ်ချုပ်ကိုပြောတဲ့ အတွက် ဗိုလ်ချုပ်က ကျွန်တော် ဖြိုတယ်လို့ စွတ်စွဲ၊ ကျွန်တော်က ကျွန်တော် မဟုတ်ရပါလို့ ၁၉၇၇ ခုနှစ်မှာ စာတမ်းဝေပြီး ဖြေရှင်းတော့ တာဝန်ဟာ ဗိုလ်ချုပ်အပေါ် ပြန်ကျပြီး ဗိုလ်ချုပ်ပဲလို့ နားလည်သွားကြ ပြန်ပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်ဟာ သမဂ္ဂဆိုတဲ့ လွတ်လပ်ရေး သမိုင်းဝင် အဓိက အဆောက်အဦးကြီးကို ဖြိုတဲ့လူ အဖြစ် ရာဇဝင် အမဲကွက်ကြီးနဲ့ စခန်းသိမ်းမလို ဖြစ်ခဲ့ရပါတယ်။
အခု ကျွန်တော် (၄၁) မျက်နှာ စာတမ်း ထွက်လာကာမှ လူတွေဟာ “ဟာ” ကနဲဖြစ်ပြီး ဒိုင်းနမိုက် ခွဲခိုင်းတာ ဗိုလ်ချုပ် မဟုတ်ကြောင်း အကြောင်းစုံ သိသွားကြတာပါ။ တကယ် ဟိုလွန်ခဲ့တဲ့ (၂၆) နှစ် ကတည်းက မွှေးကြီး (ဗိုလ်လှမြင့်)၊ ဗိုလ်မှူးဝင်း၊ ဗိုလ်ထွန်းရီ (Burma Engr) တို့ကို မေးရင် အားလုံး အမှန်ပေါ်မှာပါ။ မြန်မာပြည် ဗုဒ္ဓဘာသာ ဘယ်လောက် ထွန်းကားတယ်ဆိုတာ ရွှေတိဂုံ စေတီတော်ကြီးကို သက်သေထူရသလို၊ မြန်မာပြည် လွတ်လပ်ရေးသမိုင်း ရေးသား ဖော်ပြရရင် “ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ” အဆောက်အဦးကြီးဟာ ရွှေတိဂုံ စေတီတော်အလား အထင်အရှား ကျောက်တိုင်ကြီးအဖြစ် ပြရမယ့် အဆောက်အဦးကြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ခဗျား
အဲဒီ ကျောင်းသားသမဂ္ဂ အဆောက်အဦးဖြိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများ အတွက်သာ သိကြနားလည်ကြတဲ့ ကိစ္စတရပ်သာ ဖြစ်ပါတယ်၊ မြန်မာတွေနဲ့သာ ဆိုင်ပါတယ်။ ကမ္ဘာတခုလုံးက “ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ” ကို သိလည်းမသိ စိတ်လည်း မဝင်စား၊ ကြားလည်း ကြားဖူးကြမည် မထင်ပါ။
ယခု ၁၉၈၈ ခုနှစ်၊ မတ်လ အရေးအခင်း၊ March Affair လို့ နိုင်ငံခြား သံတမန်ရပ်ကွက်က ခေါ်တဲ့ ကျောင်းသားများ အရေးအခင်း ကိစ္စမှာတော့ ဗိုလ်ချုပ် ခေါင်းဝင်ပြီး မခံစေချင်ဘူး။ ဒီကိစ္စမှာ ဗိုလ်ချုပ် တကယ်မပါဘူးလို့ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဒါပေမယ့် နိုင်ငံခြား သတင်းစာ အားလုံးက ဗိုလ်ချုပ်ကိုပဲ ခေါင်းတပ် ရေးကြပါတယ်။
ယခင် ၁၉၆၂ ခုနှစ် ကျောင်းသားများ အရေးအခင်းဟာ သာမန် ကျောင်းသားများ အရေးအခင်းမျှသာ ဖြစ်ပါတယ်။ ယခု အရေးအခင်းဟာ သာမန် ကျောင်းသားများ အရေးအခင်း၊ ကျောင်းသား ဆူပူတာတွေ နှိမ်နင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကမ္ဘာမှာ ကျောင်းသား ဆူပူတာတွေ နှိမ်နင်းတာတွေဟာ ထမင်းစားရေသောက် ကိစ္စပါ။ တိုင်းပြည်တိုင်းလိုလိုမှာ ဖြစ်နေတာမို့ ရိုးနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ယခု ကိစ္စကတော့ Human Right ကိစ္စ ဖြစ်နေပါတယ်။ Human Right ကိစ္စကို ရုရှားနဲ့ အမေရိကန် ထိပ်သီး ဆွေးနွေးပွဲမှာတောင် ရေးကြီးခွင်ကျယ် ဆွေးနွေးကြရတဲ့ ကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အသိဆုံး ဖြစ်ပါတယ်။ တောင်အာဖရိက အစိုးရကို ကုလသမဂ္ဂမှာ Human Right ကိစ္စနဲ့ ပါတ်သက်ပြီး တကမ္ဘာလုံးက အစိုးရတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတယ် မဟုတ်လား။ ယခု ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်သွားတဲ့ မတ်လ ကျောင်းသားကိစ္စဟာ သာမန် RIT ကျောင်းသား ကိစ္စလေးကို ကမ္ဘာသိ ကမ္ဘာကျော် Human Right ကိစ္စ ဖြစ်သွားအောင် လုပ်နေမိတယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ “မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ်” သိပုံမပေါ်။ “နိုင်ငံတော် ကောင်စီ” ကလည်း ယခုထိ ရိပ်မိပုံ မပေါ်ပါ။ “အထွေထွေတွဲဖက်ကြီး” ဦးစီးသည့် ကိစ္စမို့၊ ကိစ္စမရှိဟု ထင်နေကြပါတယ်။ ပြောလည်း မပြောဝံ့ကြပါ။ Human Right ဖြစ်နေပြီဆိုတာ သိတဲ့ နားလည်တဲ့ ကောင်စီဝင်တွေကလည်း နှုတ်ပိတ်နေကြသည်ကို ကျွန်တော် နားမလည်နိုင် ဖြစ်ရပါတယ်။
“တွဲဖက်ကြီး” အနေနှင့် ကာကွယ်ရေး ဝန်ကြီးကို မပြောဘဲ ဦးစီးချုပ်ကို တိုက်ရိုက် အမိန့်ပေးပြီး တပ်မ ၂၂ ကိုဘားအံမှ ဆွဲချလာသည်ဟု သိရ၍ အံ့သြမိပါသည်။
“တွဲဖက်ကြီး” အနေနှင့် ကာကွယ်ရေး ဝန်ကြီးကို မပြောဘဲ ဦးစီးချုပ်ကို တိုက်ရိုက် အမိန့်ပေးပြီး တပ်မ ၂၂ ကိုဘားအံမှ ဆွဲချလာသည်ဟု သိရ၍ အံ့သြမိပါသည်။
ဗိုလ်ချုပ်ခဗျား
ဒီကိစ္စဟာ မကြာသော ကာလမှာ မြန်မာပြည်ကို “နာမည်အဆိုးဆုံး ပုဒ်မ” ဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက၊ ကမ္ဘာ့ သတင်းစာ အသီးသီးက ရှုံ့ချ ခံရတော့မယ့် ကိစ္စမို့ ဗိုလ်ချုပ် ဦးခေါင်း မရှိုရန် တောင်းပန် ပါရစေခဗျာ။ ဗိုလ်ချုပ် သားစဉ်မြေးဆက်တွေ အထိ ခေါင်းမဖော်ရဲအောင် ဖြစ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် ဝင်မပါပါနဲ့။ သူ့ထိုက်နဲ့ သူ့ကံ ရှိပါစေလို့ လေးလေးနက်နက် တောင်းပန်တာပါ။ သေသည့်တိုင် မြန်မာ့သမိုင်းမှာ ထာဝစဉ် “မှတ်တမ်းမဲ” ကြီး တင်ကျန်ရစ်တော့မှာမို့ ယခုလို သတိပေးရတာပါ။
RIT ကိစ္စဟာ ရိုးရိုးကိစ္စလေးပါ။ ပထမဆုံး အဖမ်းခံရပြီး အင်းစိန်ထောင်မှာ (၃) ည အိပ်ပြီး လွှတ်လိုက်တဲ့ အထဲက RIT ကျောင်းသားတယောက်ဟာ ပေါင်းတည်ကပါ။ ကျောင်းသားတွေ ဆူတော့ သူတို့လည်း အဆောင်မှာ နေကြတာမို့ ပါသွားပါတယ်။ ခဲနဲ့ ပစ်တဲ့အထဲမှာလည်း သူတို့ ပါပါတယ်။ အဲဒါ ပတ်ဝန်းကျင်မှာ ခဲတွေ မရှိလို့ မနဲရှာပြီး ပေါက်ရတယ်လို့ ဆိုပါတယ်။ နောက်တော့မှ အပြင်ဘက်က ပြစ်တဲ့ ခဲတွေကောက်ပေါက်ရတယ်လို့ ဆိုပါတယ်။ ပထမဆုံး သေနတ်သံဟာ မိုးပေါ်ထောင်ပစ်တဲ့ အသံပါ။ အဲဒီလိုပဲ သူတို့နားလည် ပါတယ်တဲ့။ နောက်တော့ သေနတ်သံနဲ့ ပစ်တယ်ဟေ့ ပြေးကြ ပြေးကြ ဆိုတော့ သူက နောက်ဆုံးအတန်းလောက်မှာ ရှိတာမို့ ပြေးတော့ ရှေ့ဆုံးက ဖြစ်ပြီး အဆောင်ထဲ ပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ နောက်ကနေ ပစ်တာမို့ သေနတ်ဒဏ်ရာဟာ နောက်ကျောကနေဝင်ပြီး ရှေ့ထွက်သွားတာပါတဲ့။ သူတို့ ပြန်လှည့်ကြည့်တော့ လေးငါးခြောက်ယောက်လောက် လဲကျန်ရစ်တယ်။ ဒဏ်ရာရတာ နှစ်ယောက်ဆိုတာ မဟုတ်ဘူးတဲ့။ နောက်ပြန်မြင်ပြီး စဉ်းစားပြောတာက (၇) ယောက်ပါတဲ့။ အင်းစိန်မှာ သူတို့ (၃) ရက်ပဲ နေခဲ့ရပြီး စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်တဲ့။ (၁၃) ရက်နေ့ ညနေဖက်မှာ ဖြစ်တယ်။ (၁၄) ရက်နေ့ အဆောင်မှာပဲ ငြိမ်နေ၊ (၁၅) ရက်နေ့ နေ့လည် (၁၂) နာရီခွဲလောက် လာဖမ်းတယ် ဆိုပါတယ်။ (၁၄) ရက်နေ့မှာ ဘတ်စ်ကားကြီးတွေ အင်းစိန်လမ်းမှာ ပြေးလျှက်လို့ ပြောပါတယ်။
RASU ဘက် (၁၈ ) ရက်နေ့မှာ ဖြစ်တာကတော့ ရင်နင့်စရာကြီးပါ။ အသံလွှင့်ရုံက အသံလွှင့်တာဟာ တဖက်သတ်ကြီး RIT ကိုချည်း အပြစ်ပုံချလို့ ကျောင်းသားတွေ နာကျည်းရာက စတာပါ။ သမဝါယမ မီးရှို့တာ ကျောင်းသားတွေ မဟုတ်ပါတဲ့။ သမဝါယမ စာရင်းပိတ်ခါနီးလို့ စာရင်းတွေ ကွာနေတာကို ဖျောက်ချင်လို့ ရောင်တော်ပြန် သူတို့ ဘာသာ ရှို့တာပါ။ ကောင်စီရုံး ရိုက်ချိုးတာတော့ ကျောင်းသားတွေပါတဲ့။
(၁၃) ရက် (၁၄) ရက် (၁၅) ရက် RIT စက်မှုတက္ကသိုလ်ဘက် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နိုင်ငံခြားသံရုံးတွေဟာ အားလုံး တပ်လှန့်ပြေးလိုက်သလို ရှိလို့ ပြင်ဆင်ချိန်တွေ ရလိုက်ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ Political အရာရှိတွေဟာ သူတို့ လူတွေကို ထောက်လှမ်းဖို့ နေရာတကာကို လွှတ်ပါတယ်။ သူတို့တတွေဟာ Well trained professional တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ ထက် MI ရော SB ထက်ရော သတင်းစုဆောင်းရာ မှာတော့ ပညာတို့ အတွေ့အကြုံတို့ ရင့်ကျက်မှုတို့ကော၊ ပစ္စည်းတို့ အသံဖမ်းစက်ကြီးတို့ လုပ်တာကိုင်တာ ကျွမ်းကျင်မှုတွေမှာတော့ မယှဉ်နိုင်ပါ။ မတ်လ (၁၈ ) ရက်နေ့ ကိစ္စမှာ သူတို့ TV သမားတွေ ဓာတ်ပုံသမားတွေ လွှတ်ရိုက်ထားတာတွေ၊ အင်မတန် အားကြီးတဲ့ အသံဖမ်းစက်ကြီးတွေနဲ့ ဒီဘက်က အမိန့်ပေးတာ အားလုံးလိုလို ဖမ်းထားကြပါတယ်။ ဒီဘက်က လက်လွတ်စပယ် ဝါယာလက်နဲ့ ပြောထားတာ သူတို့ အားလုံးရကြပါတယ်။ သူတို့သာ မဟုတ် မြို့နယ်ကောင်စီရုံးတွေမှာ ရှိတဲ့ တပ်နဲ့ တပ်ယာယီ စခန်းချတဲ့ နေရာက စက်တွေ အားလုံး ဖွင့်ထားကြရပြီး အဲဒီ အမိန့် ညွှန်ကြားတာတွေအတိုင်း
လိုက်လုပ်ကြရပါတယ်။
လိုက်လုပ်ကြရပါတယ်။
အဲဒီ အမိန့်တွေက “ခြင်္သေ့” က အမိန့်ပေးပြီး “အာဏာ” ဆိုတာကို သတင်းပို့တယ်လို့ ဆိုပါတယ်။ “စည်သူ” ကို အများဆုံး ခိုင်းတယ်လို့ ဆိုပါတယ်။ တခါတခါ “ခြင်္သေ့” က မင်းတို့ RI နဲ့ မပြောနဲ့ မရှင်းမရှင်း ဖြစ်နေတယ် လူကိုယ်တိုင် သွားပြောဆိုပြီး၊ ဖြတ်ပြီး အမိန့်ပေးတာမျိုးလည်း ရှိပါတယ်တဲ့။ RIT နေ့က ဆိုရင် ဂုန်လျှော်စက်လား၊ ချည်စက်လား မသိ၊ အဲဒီအချိန်မှာ အလုပ်ဆင်းလို့ အလုပ်သမားတွေ ပြန်တာကို မှားပြီး အလုပ်သမားတွေ စစ်ကူလာတယ် ထင်ပြီး “အဲဒီဘက်ကို လာရင် ပစ်သာပစ်ထည့်” ဆိုတာမျိုးတွေ ကောင်စီရုံးတွေက ကြားနေရတယ်တဲ့။ ကံကောင်းလို့ အလုပ်သမားတွေက ကမာရွတ်ဘက် ပြန်တာတွေများလို့ ဘာမှ မဖြစ်တာလို့ ဆိုပါတယ်။
“အင်းလျားကန်ဘောင်ပေါ် မြင်ကွင်း” နဲ့ ဂျဒ်ဆင်နဲ့ မရမ်းကုန်းဂါတ်ရှေ့ မြင်ကွင်းဟာ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ အင်းလျားလမ်းတလျှောက်နဲ့ ဘွဲ့နှင်းသဘင် ရှေ့နားမှာလည်း အလားတူလောက်ပါ။ ကျွန်တော် သိသလောက်တော့ အမိန့်ပေးအဖွဲ့ဟာ အသံလွှင့်ရုံမှာ ဖြစ်ပါတယ်။
အင်းလျားကန်ဘောင်ပေါ်မှာတော့ လုပ်နည်းလုပ်ဟန်ဟာ ဟိုဘက်ဒီဘက် ပိတ်ပြီး ရဲအဖွဲ့က လူစုခွဲနည်းမျိုး ရိုက်ပုံသဏ္ဍာန် မဟုတ်ဘဲ ချောင်ပိတ်ပြီး “လိုက်ရိုက်သတ်တာမျိုး” ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းထဲမှာ စခန်းဖွင့်ထားတဲ့ တပ်စခန်းနဲ့ ကပ်ရက်မှာ ဆရာတွေ အခန်းထဲမှာ ရှိနေကြပါတယ် “ခေါင်းကို ရိုက်သာခွဲ၊ နာနာရိုက် များများရိုက်နိုင်တဲ့ကောင် ဆုချမယ်” ဆိုတာတွ ကြားနေရပါတယ်။ အဲဒါ တစတစ တိုးတိုးကြိတ် ပြောရာက တက္ကသိုလ် တကျောင်းလုံး ဆရာတွေတိုင်း သိသွားကြပါတယ်။ အင်းလျားကန်ဘောင်ပေါ်မှာ အများဆုံး အရိုက်ခံရသူတွေဟာ မိန်းကလေးတွေပါ။ တချို့ မိန်းကလေးတွေဆိုရင် ဆံပင်ဆွဲရိုက်၊ ရေထဲကန်ချ၊ ကူးပြီး ပြန်တက်လာတဲ့ ကျောင်းသူလေးတွေဆိုရင် ထပ်ပြီးရိုက်၊ တချို့မိန်းကလေးတွေ ထိုင်ရှိခိုးတာလဲရိုက်၊ ထမီကျွတ်ပြီး ထွက်ပြေးတဲ့ မိန်းကလေးတဦးလဲ ဆံပင်ဆွဲရိုက်၊ ရေထဲကန်ချတာမျိုး နေ့ခင်းကြောင်တောင်ကြီးမှာ လုပ်ကြတာပါ။ နောက်ပိုင်းမှာ ရေထဲက မိန်းကလေး အလောင်းနှစ်လောင်း ပေါ်တယ်လို့ ဆိုပါတယ်။ စုံစမ်းကြည့်ပါ၊ ဆရာ၊ ဆရာမ မြင်တဲ့သူတွေ ရှိကြပါတယ်။
အဲဒီနေ့က RASU ကျောင်းဖွင့်တယ် တက်ကြတယ်ဆိုလို့ ကျောင်းတက်သူတွေ အများကြီးပါ။ အင်းလျားကန် တဝိုက်မှာရော RASU ထဲမှာရော တွေ့သမျှ ကျောင်းသားတွေကို ဖမ်း၊ ရိုက်၊ ကားပေါ်ဆွဲတင်၊ မိန်းခလေးတွေရဲ့ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ နာရီ အားလုံးချွတ်ယူ၊ ကားပေါ်မှာ မတော်မတရားတွေကိုင်၊ ငရဲပြည်လိုပါလို့ ပြောကြပါတယ်။ မိန်းခလေး တယောက်တလေမှ မကျန်၊ အားလုံး ပစ္စည်းအလုခံရသူ ချည်းပါ။ အင်းလျားကန်စောင်းမှာ ရိုက်တာနှက်တာတွေ၊ ရေထဲကန်ချတာတွေ ဂျာမဏီ ပရောဂျက်တခုမှာ လုပ်နေတဲ့ နိုင်ငံခြားသားတယောက်က ဓာတ်ပုံရိုက်တယ်လို့ သိရပါတယ်။ သူတို့ သံရုံးက သိမှာပါ။ တခြားမြင်သူတွေလည်း တပုံကြီးပါ။ ကန်တဖက် ခြံတွေထဲ ထွက်ပြေးရာ ခြံတွေအထိ လိုက်ရိုက်ကြပါတယ်။ အိမ်တွေက ဝှက်ထားကြပါတယ်။ အဲဒီညက အင်းစိန်ထောင်မှာ သေသူတွေ ရှိပါတယ်။ ညကိုးနာရီမှ မနက်သုံးနာရီအထိ မီးရှို့ကြပါတယ်။ ကြံတော သင်္ချိုင်းမှာပါ။ အဲဒီ လူဦးရေနဲ့ ပတ်သက်ပြီး ပါတီတခုမှာ ဂါးဒီးယန်း ဦးစိန်ဝင်းနဲ့ အင်္ဂလန်သံအမတ် စကားစပ်မိကြပါတယ်။ ဘယ်လောက်လို့ ထင်သလဲလို့ အင်္ဂလန်သံအမတ်က မေးတော့ ဦးစိန်ဝင်းက “ကြားတော့ ကြားတယ် ဘယ်လောက်လဲတော့ မသိဘူး” လို့ ပြောတဲ့အခါ သူက “မိန်းခလေး ခုနှစ်ယောက်ပါပြီး အားလုံး ၄၂ ယောက်တဲ့။ သေတဲ့သူတွေထဲမှာ ဘာဒဏ်ရာမှ မရှိဘဲ အသက်ရှုမရ (Choke) ဖြစ်ပြီး သေတဲ့လူတွေ ရှိတယ်” လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်း ရှိပါတယ်။ အင်းစိန်ထောင် လူသေတွေကို မှုခင်းဆရာဝန်ကြီး ဒေါက်တာဘချွန်း (နာမည် အတိအကျ မသိ) တစ်ဦးတည်း မနိုင်လို့ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ကုသဘက်ကို အကူအညီတောင်းလို့ ဆရာဝန် နှစ်ဦးပေးရတယ်လို့ ဆိုပါတယ်။ တစ်ယောက်စီအား လူသေ (၄၀) ကို Postmortem Exam လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ (ဟုတ်မဟုတ် မေးကြည့်ပါ။)
လူသေတွေကို မီးရှို့ရာမှာ ဘာမှ နာမည်တွေကို မစူးစမ်း မရေးခဲ့ မှတ်တမ်း မပြုစုခဲ့ပဲ သက်ဆိုင်ရာ အကြောင်းမကြားဘဲ တိတ်တဆိပ် ဖျောက်ပစ်တဲ့ သဘောမျိုး မီးရှို့တယ်လို့ သိရပါတယ်။ မီးရှို့သူတွေကိုလည်း ဘယ်သူမှ မပြောရ ပြောလျှင် သတ်မည်ဟု ကြိမ်းကြောင်း မီးရှို့သူတွေက ပြောကြောင်း သိရပါတယ်။ ဒါဟာ Human Right ကမ္ဘာ့ မှတ်တမ်းတင် ခံရမယ့် ကိစ္စဖြစ်ပါတယ်။ တလလောက်ကြာမှ တချို့ ကျောင်းသားမိဘတွေကို စာရွက်ကလေး လာပေးတယ်လို့ ဆိုပါတယ်။ သေဆုံးသွားလို့ ကောင်းမွန်စွာ သဂြိုလ် ပြီးစီးကြောင်းပါ။ တိုးတိုးတိတ်တိတ် နေပါ။ ရပ်ရွာသိအောင် မငိုရ။ သပိတ်မသွတ်ရ ဆိုလို့ ဘုန်းကြီးကျောင်း တခုခုမှာ တိတ်တိတ်သွားပြီး ဆွမ်းသွတ်ရပါတယ်။ ဒါဟာလဲ Human Right တွေပါ။ မွတ်ဆလင် ကလေးတဦး ကိစ္စမှာ ပြဿနာပေါ်ပါတယ်။ ဗလီကိုတိုင်တယ်ကြားပါတယ်။ စွတ် မီးရှို့လို့ပါ။
မွန်းသေတဲ့ အထဲမှာ ၁၀ နှစ် ကလေးပါပါတယ်။ တချို့ကတော့ ဒဏ်ရာ ရသူရော မရသူပါ ကားတစီးတည်း ပြွတ်သိပ်ထည့်ပိတ်ပြီး မွန်းသေတယ်လို့ ပြောပါတယ်။ တချို့ကတော့ အင်းစိန်ထောင်ထဲ သွင်းတော့ ထောင်အပြင်ကလည်း မြို့သူမြို့သားတွေ ထောင်ဝိုင်းကြပြီး ဆူတော့ ထောင်ထဲကလည်း ကျောင်းသားတွေက ဆူလို့ ထောင်ထဲမှာ ဆိုးသွမ်းအကျဉ်းသားတွေ တိုက်ပိတ်တဲ့ ၁ ယောက် ၂ ယောက်တည်း ထည့်တဲ့ ပြတင်းအမြင့်ကြီးနဲ့ အထဲကို လေးငါးဆယ် ထည့်ပိတ်လို့ အောက်ဆီဂျင် မရလို့ သေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ထောင်ထဲရောက်နေတဲ့ သူတွေကို ထောင်နဲ့ မဆိုင်တဲ့ ပြင်ပရဲ ဖြစ်တဲ့ လုံထိန်းပုလိပ်တွေ ဝင်လာပြီး ရိုက်ကြပါတယ်။ ရိုက်တာမှ မီးမှိတ်ပြီး ရိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဥပဒေအရတော့ .......... သိရပါတယ်။ ထောင်ထဲဝင်ပြီး သတ်ကြတာ ဖြစ်ပါတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ညတော့ အတိအကျ မသိရပါ။ ထောင်ထဲဝင်ပြီး သတ်ကြ ဖြတ်ကြပါတယ်။ အဲဒီအချိန်မှာ ဆူရမလား ဆိုပြီး ကျောင်းသူတချို့ကို ရိုက်ပြီး လုံထိန်းတွေက မုဒိန်းကျင့်တယ်လို့ ဆိုပါတယ်။ မိန်းခလေးတွေဟာ မပြောရဲ မဆိုရဲ အချို့ လေးငါးဆယ်ရက်အထိ ကြောင်နေတာ ငေးနေတာတွေ အချို့ အိမ်က ဘာမှ မေးမရပဲ သူ့ကို သီလရှင်ကျောင်းပို့ပြီး သီလရှင် ဝတ်ပါရစေတော့လို့ ငိုပြောတာတွေ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အပြင် ဧည့်ခံပွဲ တခုမှာ ကျွန်တော့် မိတ်ဆွေတဦးနဲ့ ဂျာမဏီ သံအမတ်ကြီးက တကယ်ဟုတ်မှန်ကြောင်း သူ ခိုင်လုံသော နေရာမှ သိရကြောင်း ပြောပါတယ်။ စစ်ဆေးတဲ့ Postmortem ဆရာဝန်ထံမှ သိရှိဟန်တူပါတယ်။ (ဗိုလ်ချုပ် စုံစမ်းကြည့်ပါ။)
ဒဏ်ရာရပြီး ဆေးရုံတင်ရတဲ့ လူနာတွေအားလုံး ခြေချင်းခတ်ခံထား ရပါတယ်။ တချို့သေမယ့် လူနာတွေ ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆေးရုံက ဆရာဝန်ကြီးတဦးကတော့ သူ့လူနာကို လက်ထိပ် ခြေထိပ်ခတ်ခွင့် လုံးဝခွင့်မပြုပါ။ ခေါင်းကို ရိုက်ထားရာ သတိမရသူများပါ ဒဏ်ရာရသူများကို အပြင်မှ ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးပါ။ တာဝန်ကျနေသည့် ဒေါက်တာမလေးတွေက တိတ်တဆိတ် လူနာ့ထံမှ လိပ်စာမေးပြီး အိမ်သွားပြောမှ အိမ်ကလိုက်လာပြီး ဇွတ်တွေ့မှ လူနာရော၊ မိဘရော၊ သူနာပြုဆရာမတွေရော၊ ဆရာဝန်မတွေရော ရောနှောပြီး ငိုကြယိုကြကြောင်း ပါဝင်သူ ဆရာဝန်မ ကိုယ်တိုင်ပြောလို့ သိရပါတယ်။
ထောင်ထဲမှာ ရိုးရိုးရိုက်တာတွေ မကပါ။ တော်တော်ကြီး နှိပ်စက်တာ ညှင်းပန်းတာမျိုးတွေ တော်တော်များများ ကျူးလွန်ကြပါတယ်။ အရိုးကု ဆေးရုံအုပ်ကြီး ပါရဂူ ဒေါက်တာဘညွန့်ရဲ့သားကို မေးကြည့်ပါ။ သူကိုယ်တိုင် မသေရုံ တမယ်ပါ။ နေ့စဉ် အခန်းထဲကထုတ်၊ ကျောက်စရစ်ခဲလေးတွေ ခင်းထားတဲ့ မြေကြီးပေါ် ဒူးထောက်ခိုင်းထားပြီး ရိုက်ရိုက်နေတာပါ။ ပထမတော့ ရိုက်တဲ့သူကို မျက်နှာ သေသေချာချာ မှတ်ထားပါတယ်တဲ့။ နောက်နေ့ကျတော့ ရိုက်တဲ့သူကို လှည့်ထားလေ့ရှိတာကြောင့် မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ တခြားနည်းတွေနဲ့လည်း ခံနေရသူတွေ ရှိပါတယ်။ နာမည် မဖော်ရဲကြပါ။ ကျွန်တော့်ဆိုင်ဟာ လဖက်ရည်ဆိုင်ပါ။ လူပေါင်းစုံ လာကြပါတယ်။ အချို့ သူတို့ ခံခဲ့ရပုံတွေကို လာပြီး ပြောပြပါတယ်။ လိပ်စာနဲ့ အမည်တွေကိုပါ ပြောရဲတဲ့ သူတွေ ရှိကြပါတယ်။ ကျွန်တော်က အားကိုးတကြီးနဲ့ လာပြောသူတွေ ဒုက်္ခ မရောက်စေချင်လို့ လိပ်စာကိုတော့ လက်မခံရဲပါ။
RASU မှာ ကျောင်းသား တသောင်းကျော် ရှိပါတယ်။ ဆေး သွားကောလိပ်တွေမှာ ငါးထောင်လောက်၊ RIT မှာလည်း တသောင်းလောက်တော့ ရှိကြပါတယ်။March အရေးအခင်းဟာ သူတို့ တသက်မမေ့စရာပါ။ ကျွန်တော်တို့တတွေ အားလုံး သေတောင် သူတို့ ကျန်နေကြဦးမှာပါ။ ဒီကိစ္စဟာ ရာဇဝင်ရဲ့ အမဲစက် ဖြစ်တော့မှာပါ။ Human Right ကို မြန်မာပြည်မှာ ဘယ်သူတွေ ကျူးလွန်တယ် ဘယ်လို ကျူးလွန်တယ် ဆိုတာ ပေါ်မှာပါ။ “အင်းလျားကန်မှာ သွေးချောင်းစီးသောနေ့ တနေ့” ဆိုတဲ့ မှတ်တမ်းကို သားသမီးတွေ မြေးမြစ်တွေ ဖတ်ရမှာ မုချပါ။
မြန်မာပြည်ရှိ နိုင်ငံခြားသံရုံးတွေမှာ သတင်းစုံ ရှိနေပါတယ်။ ဓာတ်ပုံတွေ Video တွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ Embarrass ဖြစ်မှာမို့ ဒီမှာ ဘာမှ မပြောပေမဲ့ သူတို့ နိုင်ငံကိုတော့ သတင်းစုံ ပို့မှာပါ။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး သတင်းစုံပါတယ်။ သာယာဝတီထောင်မှာ ဘာဖြစ်တယ် ကျွန်တော်တို့ မသိ သူတို့ သိပါတယ်။ သူတို့ဘက်က နောက်ဆုံးကြားတာကတော့ သေဆုံးသူ (၂၈၃) ယောက်။ နောက်ပိုင်းမှာ ကုလားဒိန်တွေ အများဆုံးလို့ ဆိုပါတယ်။ အင်းစိန်ထောင်ပိုင် ကိုယ်တိုင် ရိုက်သတ်တာတောင် ရှိတယ်လို့ ဆိုပါတယ်။
ဂျနီဗာမှာ ကုလသမဂ္ဂ Human Right နဲ့ ပတ်သက်တဲ့ အဖွဲ့တွေ ရှိနေပါတယ်။ မြန်မာနိုင်ငံကလည်း သံအမတ်အဆင့်ရှိ ရုံးရှိနေတယ် ထင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အဲဒီ Amnesty International အဖွဲ့ရုံးမှာ တိုင်စာတွေ တခုပြီးတခု ရောက်နေပြီလို့ ကြားရပါတယ်။ ဦးအောင်သန်းလား ဘာလားမသိ ကျွန်တော်တို့ ကိုယ်စားလှယ်တွေဟာ တချိန်ချိန်မှာ ဖြေရတော့မှာပါ။ အဲဒီအပြင် ပြင်ပ Human Right အဖွဲ့အစည်း ၃ ခုလောက် ရှိပါသေးတယ်။ မကြာခင် (ယခုတောင် စချင်စနေမှာပါ) တဖြည်းဖြည်း ကမ္ဘာကို သတင်းဖြန့်မှာ သေချာပါတယ်။
ဧပြီလဆန်း (၂) ရက်နေ့လောက်က သိမ်ကြီးဈေးကို ဈေးသွားပါတယ်။ ကျွန်တော်တို့ သွားခါနီးလောက်မှာ ဧည့်သည်ရောက်လာလို့ ကျွန်တော်မပါ ဇနီးနှင့် ကလေးများ သွားကြပါတယ်။ မကြာခင် ဇနီးနှင့် ကလေးများ မျက်စိ မျက်နှာပျက်ပျက်နှင့် ပြန်လာကြပါတယ်။ သူတို့ ပြောပြတဲ့ မြင်ကွင်းကတော့ ဆေးရုံကြီးဒေါင့် သိမ်ကြီးဈေးဘက် အချိုး မီးပွိုင့်မှာ မီးနီပြထားလို့ ကားရပ်ထားစဉ် ရဲမော်တော်ဆိုင်ကယ် နောက်က RTB မှာ ခေါင်းပြာထရပ်ကားတစီး ထူးဆန်းလို့ ကားပေါ်လှမ်းကြည့်တဲ့အခါ အလောင်းတော်တော်များများ ပုံထားတာကို တွေ့ရပါတယ်။ နောက် ဆေးရုံကြီးရဲ့ ရင်ခွဲရုံဘက် မောင်းချိုးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဧပြီ (၂) ရက်နေ့ပါ။ နောက်စုံစမ်းကြည့်တော့ အားလုံးက လူသေ ၂၀ ဖြစ်ပါတယ်။ ၄ ယောက်က အသက်ရှူပိတ်ပြီး သေတာလို့ သိရပါတယ်။
ဗိုလ်ချုပ်ခဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် တောင်းပန်ပါရစေ။ ဗိုလ်ချုပ်ဝင်ပြီး လက်မရှိုပါနဲ့၊ နောင် အရိုးတွေ တွန်မည့် Human Right ကိစ္စ ဖြစ်ပါတယ်။ ရာဇဝင်ရိုင်းတော့မည့် ကိစ္စပါ။ ဗိုလ်ချုပ် တကယ်တမ်းလည်း မပါပါ။
စုံစမ်းရေး ကော်မရှင်က သတင်းပို့ဖို့ ဖိတ်ကြားတဲ့အခါ (၁) သတင်းပေးပို့သူက အရင် သူသိတာ ရေးတင်၊ အဲဒီထဲကမှ သင့်တော်သူကို ခေါ်မေးမည်။ (၂) ဟိုက်ကုတ်ကို သတင်းပေးဖို့ သွားသူတွေဟာ ဂိတ်ဝမှာ MI ထဲ လက်မှတ်ရေးထိုးပြီးမှ ဝင်ရပါတယ်။ (၃) သာမန် ဝင်နေကျ ရှေ့နေရုံးတက်တဲ့ ရှေ့နေတွေပါ လက်မှတ် ရေးထိုးရပါတယ်။ (ဦးတင်အောင်ဟိန်း အသိပါ။)
နောက် အကျဉ်းထောင်တွင် ဆရာဝန်တွေ ဝင်စစ်သည်ဟု ကြားသိရပါသည်။ ပထမ သေနတ်မှန်သူတွေကို ဆူးအချွန်အတက်နဲ့ ထိုးမိသည်ဟု ဆရာဝန်ကို ရေးခိုင်းသည်။ (ဟုတ်မဟုတ် စုံစမ်းပါ။) နောက်ဆုံး ကော်မရှင် Report တင်သည်။ ထိုအစီရင်ခံစာကို မထုတ်ပြန်သေး၊ ကောင်စီမှ ဖုန်းအုပ်တဲ့ လိမ်ထားတဲ့ ကြေငြာစာတမ်း ထုတ်ပြန်သည်။ အမှန်ကို အမှန်အတိုင်း မကြေငြာ ဖမ်းထားသူတွေကို စာရင်းဖျောက်ထားသည်။ သေသူကို နှစ်ဦးပဲ ဆက်ပြထားပါသည်။ အစထဲက ကော်မရှင် မဖွဲ့လျှင် ကိစ္စမရှိပါ၊ ယခုလို ဗလောင်းဗလဲ လုပ်ပြီး ကြေငြာတာကတော့ ရာဇဝင် ရိုင်းလှပါသည်။
ဗိုလ်ချုပ်ခဗျား ဒီကိစ္စဟာ သေးသေးမဟုတ်ပါ။ နိုင်ငံတကာက သိနေသည့် Human Right ကိစ္စကြီး တိုက်ရိုက် ပါနေပါသည်။ မှန်အောင် ပြန်ပြင်စေချင်ပါသည်။
ရဲချုပ်၊ ဒုရဲချုပ်၊ ဗိုလ်မှူးကြီးဖေကြည်၊ ဆရာဝန်များ၊ ဦးတင်အောင်ဟိန်း၊ ပါမောက္ခချုပ် RASU လောက် မေးလျှင် အမှန်သိမည် ဖြစ်ပါသည်။
ဗိုလ်ချုပ်အနေနဲ့ လက်ဝဲရံ၊ လက်ယာရံတွေအတွက် လက်မရှိုလိုက်ပါနဲ့လို့ တကယ်လေးလေးနက်နက် တောင်းပန်ပါတယ်။
လေးစားစွာဖြင့်
(အောင်ကြီး )
အငြိမ်းစား
အငြိမ်းစား
ကျောင်းဆရာ၊ ပါမောက္ခများသည် လခစား ကျောက်ရုပ်များ မဟုတ်၊ ကျောင်းသား ကျောင်းသူများ၏ အပူဇော်ခံထိုက်သူများ ဖြစ်ရန်လိုပါသည်။ ရှေ့နေ ဝတ်လုံ တရားသူကြီးများသည် တရားရုံးများတွင် အခကြေးငွေအတွက်သာ လုပ်နေသူများ မဟုတ် တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ်ရမည့်သူများ ဖြစ်ရန်လည်း လိုပါသည်။
မိတ္တူကို -
တော်လှန်ရေးကောင်စီဝင်ဟောင်းများ
တပ်မတော်ရဲဘော်ဟောင်းများ
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ
မြန်မာနိုင်ငံ ရှေ့နေအသင်း
ပါမောက္ခနှင့် ဆရာ ဆရာမကြီးများ
တော်လှန်ရေးကောင်စီဝင်ဟောင်းများ
တပ်မတော်ရဲဘော်ဟောင်းများ
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ
မြန်မာနိုင်ငံ ရှေ့နေအသင်း
ပါမောက္ခနှင့် ဆရာ ဆရာမကြီးများ
ကျောင်းသားများကို လှုံ့ဆော်ရာ ရောက်မည်စိုး၍ တက္ကသိုလ် ပိတ်သည်အထိ စောင့်ပြီးမှ အသိပေးခြင်း ဖြစ်ပါသည်။
ရန်ကုန်မြို့
ဇွန်လ(၂၂)ရက်၊ ၁၉၈၈
ဇွန်လ(၂၂)ရက်၊ ၁၉၈၈
ဗိုလ်ချုပ်
မနေ့က မလိုလားအပ်ပဲ မဖြစ်သင့်တာတွေ ထပ်ဖြစ်ပြန်ပါပြီ။ အဆိုးဆုံးကတော့ စင်္ကာပူသံရုံးကို လုံထိန်းတွေက ဝိုင်းထားပြီး အထဲဝင်ပြေးတဲ့ ခိုလှုံတဲ့ ကလေးတွေကို ဝင်းတံခါး ပိတ်ထားတာ ခဲတွေနဲ့ပေါက်ပြီး ဝင်းတံခါး ဖွင့်ခိုင်းတာ၊ သံရုံးတခုလုံး မှန်တွေကွဲ၊ တံခါးတွေ ပြတင်းတွေ ပျက်ဆီးသည်ထိ ဖြစ်ပွားသွားတာ အရုပ်အဆိုးဆုံးပါ ဒီသံရုံးဟာ သခင်တင် အိမ်နဲ့ ကပ်လျက်ပါ။
နောက်တခု အရုပ်ဆိုးတာက ကလေးတွေကို ကားနဲ့တိုက်သတ် အလောင်း၊ ဒဏ်ရာရသူ ကလေးတွေကို ကားပေါ်ဆွဲတင်၊ အဲဒီကလေးတွေဟာ ကျောင်းစိမ်း လုံချည်ကလေးတွေနဲ့၊ St Flormeinor က ကလေးများ၊ ကြံတောဘက်က အထက်တန်းကျောင်း (စာပေဗိမာန်နောက် ကပ်လျက်) က ကလေးတွေ ဖြစ်ပါတယ်။ အဲဒီ ကျောင်းသားတွေဟာ ၁၀/၁၁ နှစ် ပတ်ဝန်းကျင် ကလေးတွေ ဖြစ်ပါတယ်။ မိန်းကလေး ၂ ယောက် ရှေ့ဆုံးကပါပြီး တယောက်သေတယ် ထင်ပါတယ်။ ကားနဲ့တိုက်တဲ့ ကားဟာ နံပါတ်တော့ မမှတ်မိပါ လုံထိန်းကား ဖြစ်ပါတယ်။ မီးပွိုင့်နားမှာ ဖြစ်ပါတယ်။
မိန်းကလေးတယောက် (အလံကိုင်) ကို စမ်းချောင်း လမ်းဆုံ မီးပွိုင့်နားက ဂါတ်တဲထဲ ဆွဲခေါ် သွားတာကို ကျောင်းသားတွေ လိုက်အတင်းလုတာကို ဂါတ်တဲ မီးရှို့တယ် ကြေငြာတာ ဖြစ်ပါတယ်။
မီးရှို့ခံရတယ် ကြေငြာတဲ့ ရုပ်ရှင်ရုံဟာ အကောင်းပါ ဘာမှ မဖြစ်ပါဘူး၊ ကြိုက်တဲ့သူ လွှတ်ကြည့်ပါ၊ အစိုးရတန်းလျားတခု မီးရှို့တယ် ဆိုတာလဲ လိမ်တာ ဖြစ်ပါတယ်။ အဲဒီအနားက အိမ်တအိမ်ထဲ ကျောင်းသားတွေ ပြေးဝင်ပုန်းလို့ လုံထိန်းတွေ လိုက်တာ နောက်ဘေးပေါက်က လစ်ကြပါတယ်။ အဲဒီအိမ်မှာ မိန်းမကြီး နှစ်ယောက်လောက်ဘဲ ရှိပါတယ်။ အဲဒီအိမ်မှာ ကလေးတွေ မမိလို့ အဲဒီအိမ်ကို ဖျက်ဆီးရိုက်ချိုး လုပ်ခံရတာကို လုံထိန်းတွေ အပြန်မှာ မိန်းမကြီးတွေက စုပြီး မီးရှို့ပြစ်တာပါ။ လူတရပ်စာလောက် မီးတောက်တောင် မရှိပါဘူး။ အသံလွှင့်တာ အညာကြီး လိမ်ပြီး တိုင်းပြည်ကို ကြေငြာတာပါ။
အဲဒါ နောက်ဆုံး အရပ်က မခံနိုင်လို့ လုံထိန်းတွေ ဝင်ရိုက်ကြတာပါ။ မီးပွိုင့်နားက မြေနီကုန်း ဈေးကလေး၊ ကြက်တန်း၊ စမ်းချောင်းနဲ့ လာကြည့်တဲ့ အရပ်သားတွေ ဝိုင်းရိုက်လို့ လုံထိန်း ၁၀ ယောက်လောက် သေပါတယ်။ ဗိုလ်ရဲထွဋ် ဆိုင်ရှေ့မှာ အလောင်း ၂ လောင်း၊ မီးပွိုင့်မှာ ရုပ်ရှင်ရုံရှေ့မှာ ၂ လောင်း ၃ လောင်း တော်တော်နဲ့ အလောင်းမကောက်နိုင်ပါဘူး။ ဒဏ်ရာ (အလောင်းများချည်း ဖြစ်ဟန်တူ) နဲ့ လုံထိန်းကား ဆေးရုံကြီးရှေ့ သယ်ယူလာရာ MC 1 ရှေ့လောက်မှာ လူအုပ်ကြီးက မီးရှို့လိုက်ကြပါတယ်။
0 comments:
Post a Comment