ခေတ်သစ်မြန်မာ့သမိုင်း - ၃၈ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
အင်းဝနန်းတော်မှာရှိတဲ့ ပထမ သံကိုယ်စားလှယ်ရုံးကို ၁၈၄၀ ပြည့်နှစ်က ရုပ်သိမ်းတယ်။ မြန်မာတွေက သံကိုယ်စားလှယ်ရုံးကို ရေရှည်လက်ခံထားရင် တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ ဗြိတိသျှအစောင့်ရှောက်ခံနိုင်ငံ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သာယာဝတီမင်းက နေပြည်တော်ကနေ အင်္ဂလိပ်တွေ ဆုတ်ခွာသွားအောင်လုပ်ပြီး အောင်ပွဲခံတယ်။ အဲဒါက မြန်မာတွေကို နောက်ထပ် နှစ်အနည်းငယ်ပဲ လွတ်လွတ်လပ်လပ်ဖြစ်စေခဲ့တာပါ။ အခု ၁၈၆၂ ခုနှစ်မှာ သံကိုယ်စားလှယ်ရုံးပြန်ပြီး တည်ထောင်လိုက်တဲ့အတွက် ဒေါက်တာဝီလျှံဟာ ဗြိတိသျှကိုယ်စားလှယ်အဖြစ် မန္တလေးကို ရောက်လာတယ်။ ဒီ့အရင်ကတော့ ပဋိညာဉ်စာချုပ်တွေကို အသုံးပြုပြီး မြန်မာပြည်ကို အင်္ဂလိပ် အစောင့်ရှောက်ခံ နိုင်ငံတစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့တာပါ။ အင်္ဂလိပ်တွေဟာ တိုင်းပြည်ကို မသိမ်းဘဲ ထိန်းချုပ်နိုင်ခဲ့ရင် မြန်မာ့လွတ်လပ်ရေးကို အမည်ခံ ထိန်းသိမ်းပေးဖို့ အသင့်ပါ။ သံကိုယ်စားလှယ်ရုံး ပြန်ဖွင့်ပြီး သိပ်မကြာခင် ကယားအရေးဖြစ်တယ်။ ကရင်နီ (သို့) ကယားစော်ဘွားဟာ မြန်မာဘုရင်အစိုးရရဲ့ လက်အောက်မှာပါ။ ဒါပေမဲ့ အခု သူတို့က အင်္ဂလိပ်က သူတို့မြေကို သိမ်းပိုက်စေချင်နေပြီ။ အကြောင်းကတော့ ကယားကို ကြားခံ နယ်မြေလုပ်ဖို့ နှစ်ဖက် သဘောတူပြီး သံကိုယ်စားလှယ်ရဲ့ ကတိကဝတ်ကိုလည်း ရထားတဲ့ အတွက်ပါ။
၁၈၇၅ ခုနှစ်မှာတော့ ဖိနပ်ပြဿနာ အကြီးအကျယ်တက်တယ်။ အင်္ဂလိပ် သံတမန်ဟာ မြန်မာဘုရင်ရှေ့မှာ ဖိနပ်မချွတ် ဒူးမထောက်ရဘူးလို့ ဘုရင်ခံချုပ်က ဆုံးဖြတ်လိုက်တယ်။ အလားတူပဲ မြန်မာသံတမန် အိန္ဒိယကိုလာရင် ကာလကတ္တားမှာ ဖိနပ်မချွတ် ဒူးထောက်စရာ မလိုဘူးလို့ဆိုတယ်။ အကျိုးဆက်ကတော့ မင်းတုန်းမင်းက သူတို့ကို ညီလာခံ တက်ခွင့်မပြုတော့ဘူး။ ဒါကတော့ အင်္ဂလိပ်ဘက်က သိပ်ကို မိုက်မဲတဲ့ မူဝါဒပါ။ ဒါက မြန်မာ့ဓလေ့ထုံးတမ်းပဲ။ သူတို့ရောက်နေတဲ့ ဘယ်တိုင်းပြည် နိုင်ငံနဲ့မဆို ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးရဖို့ ရည်ရွယ်ရင် နိုင်ငံခြားသားတွေဟာ အဲဒီနိုင်ငံရဲ့ ဓလေ့ထုံတမ်းတွေကို လိုက်နာသင့်တာပါ။ အဲဒီတုန်းက အင်္ဂလိပ်တွေဟာ အာဏာယစ်မူးပြီး စိတ်ကြီးဝင်နေတယ်။ ဒါကြောင့်လည်း ဖိနပ်ပြဿနာကြောင့် ချစ်ကြည်ရင်းနှီးမှု ဆုံးရှုံးခဲ့ရတယ်။
0 comments:
Post a Comment