ခေတ်သစ်မြန်မာ့သမိုင်း - ၄၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
အလောင်းမင်းတရားဟာ စစ်ရေးမှာ အောင်မြင်ပေမဲ့ နိုင်ငံပြုပုဂ္ဂိုလ်အနေနဲ့ မအောင်မြင်ဘူး။ သူ့ကို ဆက်ခံသူတွေကလည်း ပြည်သူကို ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် အထွတ်အထိပ်ကို ရောက်နေချိန်မှာတောင် အခြေအနေဆိုးတွေရဲ့ ရင်းမြစ်ကို မပြေလည်စေနိုင်ခဲ့ဘူး။
၁။ ဘုရင့်ရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးကို ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘူး။ ဘုရင်က အချုပ်အခြာ အာဏာပိုင်ဖြစ်ပြီး သူ့စကားက ဥပဒေပဲ။ ဘုရင် တရားလက်လွတ် အုပ်ချုပ်မှာကို ထိန်းကြောင်းတဲ့ နည်းလမ်း မရှိဘူး။ ပါလီမန်လို ပြည်သူ့အခွင့်အရေးကို ဆုပ်ကိုင်ထားတဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံမျိုး မရှိပါဘူး။
၂။ လူမှုရေး စီးပွားရေးနဲ့ ယဉ်ကျေးမှုအခြေအနေတွေ တိုးတက်မြင့်မားလာအောင် ပြည်သူကိုရှေ့ဆောင်မယ့် လူလတ်တန်းစား ပြည်သူလူထုလည်း မရှိဘူး။
၃။ မြန်မာပြည် လူမှုရေးစနစ်က လျော့ရဲပါတယ်။ ဆိုလိုတာက မြန်မာ မင်းဆွေမင်းမျိုးတွေကြားမှာ ခိုင်မာတဲ့ မိသားစု အနှောင်အဖွဲ့ မရှိဘူး။ မင်းဆွေမင်းမျိုးတွေ သဘာဝအတိုင်း မယားတွေ မှိုလိုပေါက်အောင် ယူတဲ့ဓလေ့က အားနည်းချက်တွေ ဖြစ်စေတယ်။ ဒါကြောင့် ဘုရင်သေပြီးနောက်ပိုင်းမှာ သူ့အရိုက်ရာကို ဘယ်သူဆက်ခံမလဲဆိုတာ အငြင်းပွားမှုတွေ အများကြီး ဖြစ်ခဲ့တယ်။
၄။ အစိုးရ ဖွဲ့စည်းပုံလည်း မရှိဘူး။ ဘုရင်နဲ့ သူ့လူယုံတွေက တိုင်းပြည်ကို အုပ်ချုပ်တယ်။ ဒါကြောင့် ဖော်လံဖားတွေ သိပ်များတယ်။ အရာရှိငယ်တွေက တာဝန်မခံနိုင်ကြဘူး။ လစာငွေစနစ် မရှိဘူး။ အဲဒါကြောင့် လာဘ်ပေးလာဘ်ယူ ခြစားမှုတွေ သိပ်များပါတယ်။
၅။ မြန်မာ့ အမျိုးသားရေးဝါဒက လမ်းလွဲနေတယ်။ ပြည်သူ့လွတ်လပ်ခွင့်တွေကို ဖော်ထုတ်ရမယ့်အစား အမျိုးသားရေး စိတ်ဇောထက်သန်မှုကြီးက လူ့အဖွဲ့အစည်းကို ကန့်လန့်တိုက်နေတယ်။ ဒါကြောင့် မြန်မာတွေမှာ နိုင်ငံရေးအသိ မရှိသေးဘူးလို့ ကျွန်တော်တို့ စိတ်ချလက်ချ ပြောနိုင်တယ်။
၆။ စိတ်ကြီးဝင်ပြီး အထီးကျန်တယ်။ မြန်မာတွေက နိုင်ငံခြား ဆက်ဆံရေးကို လျစ်လျူရှုထားတယ်။ အကြောင်းကတော့ နိုင်ငံခြားသားဟူသမျှ အရိုင်းအစိုင်းချည့်ပဲဆိုတဲ့ အယူအဆကို မြန်မာတွေ စွဲလမ်းနေလို့ပဲ။ ဥရောပတိုက်သားတွေက ခေတ်သစ်လမ်းကြောင်းပေါ်မှာ ဖွံ့ဖြိုးတိုးတက်နေကြပြီ။ ကျွန်တော်တို့က အတိတ်မှာ ကျန်ရစ်နေတုန်းပဲ။ ကျွန်တော်တို့ဟာ နိုင်ငံခြားကုန်သွယ်မှုရဲ့ အကျိုးကျေးဇူးကို မမြင်ခဲ့ဘူး။ တိုင်းတပါးက နိုင်ငံရေးအဆောက်အုံတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့က သိပ်ပြီး အာရုံမစိုက်ခဲ့ဘူး။
၇။ မြန်မာတွေက ဘာသာရေး စိတ်သန်တယ်။ ဘာသာရေး ပြင်းထန်တာကလည်း လမ်းလွဲကို ရောက်စေတယ်။ အုပ်စိုးသူလူတန်းစားက အောက်ခြေလူတန်းစားရဲ့ အကျိုးစီးပွားကို ရက်ရက်စက်စက် မျက်ကွယ်ပြုထားတယ်။ အမှန်တရား၊ သနားကြင်နာမှုနဲ့ မျှတမှုဆိုတာတွေကို အုပ်စိုးသူလူတန်းစားက အလေးမထားပါဘူး။ သာမန်ပြည်သူတွေကတော့ ဘာသာရေးအမြင်ဆိုတာထက် ဘာသာရေးပွဲလမ်းသဘင်ကိုသာ ပိုပြီး စိတ်ဝင်စားတာပါ။
မြန်မာပြည်မှာ နှစ်ပေါင်း ၁၅၀ လောက် အုပ်ချုပ်ခဲ့ပြီးနောက် အလောင်းမင်းတရားဆက် ကျဆုံးခဲ့ရတာ ဒီအချက်တွေကြောင့်ပါပဲ။
0 comments:
Post a Comment