Monday, July 6, 2020

(ဘယ်ရီသီးခြင်းအတူတူ)

0 comments
(ဘယ်ရီသီးခြင်းအတူတူ)
လွန်ခဲ့သည့် ၅ နှစ်ကျော်လောက်က ကားဂိုဒေါင် ညာဘက်အခြမ်း ၈ ကိုက် ၄ ကိုက်ခန့်မြေလွတ်နေရာတွင် ရပ်စ်ဘယ်ရီနှင့် ဘလက်ခ်ဘယ်ရီပင်တချို့ စိုက်ပျိုးခဲ့ပါသည်။ စိုက်စက ခုလောက်ဖြစ်မည်မှန်းမသိသော်လည်း ရေလောင်းပေါင်းသင် မြေဆွေးလေးတွေထည့်ပေးရာ ၃ နှစ်အတွင်း အပင်တွေ သိသိသာသာပွားပွားလာသလို အသီးလည်း တောက်လျှောက်သီးနေပါသည်။ မနှစ်ကစပြီး ကျနော် သူတို့ကို ဘာမှလုပ်မပေးခဲ့ပါ။ ကိုင်း မသင်ခဲ့ မဖြတ်ခဲ့၊ ရေမလောင်းခဲ့၊ မြေဇာမကျွေးခဲ့ပါ။ ယုတ်စအဆုံး ကြည့်ပင်မကြည့်ဖြစ်ခဲ့ပါ။ ကုန်ကုန်ပြောရလျှင် တူးဆွထုတ် မြေလှန်ပြီးရှင်းပစ်ရကောင်းမလားဟုပင် တွေးမိပါသည်။ အပင်လေးများကို အသားလွတ် မျက်စေ့စပါးမွှေးစူးခြင်းတော့ မဟုတ်ပါ။ မြက်ရိပ်ရ ခက်သောကြောင့်ဖြစ်ပါသည်။ ဂိုဒေါင်အစပ်နှင့် တဘက်ခြံ၏စည်းရိုးကြားအကျယ်မှာ အပေါ်တွင်ပြောခဲ့သလို လေးငါးကိုက်မျှသာကျယ်ပါသည်။ ထိုကြားထဲသို့ လူတက်မောင်းရသည့် မြက်ရိပ်စက်ဝင်ရထွက်ရ ကပ်သီးကပ်သတ်အတော်နိုင်ရသည့်အထဲ ဘယ်ရီပင်တွေကပါ နယ်ချဲ့လာတော့ ပိုမလွတ်မလပ်ဖြစ်လာတာကြောင့် ဖြစ်ပါသည်။ ဇနီးကတော့ "ဘယ်ရီတွေတော့ မသတ်ပါနဲ့ ငါ လက်တွန်းမြက်ရိပ်စက်လေးနဲ့ အဲ့ဒီဂျောင်ကြိုဂျောင်ကြား ဝင်ရိပ်ပေးပါ့မယ်"ဆိုသဖြင့် သင်းတို့လေးတွေ ချမ်းသာရာရသွားခြင်းဖြစ်ပါသည်။
ခုမနက် အဲ့သည်ဘက် လှည့်ပတ်ကြည့်မိတော့မှ ရပ်စ်ဘယ်ရီပင်တွေက ပင်ပွားတွေ များသထက်များလာပြီး မြေကွက်လပ်၏ ၅ ပုံ ၂ ပုံခန့်ကို သူတို့ချည်း ဖုံးလွှမ်းနေပါသည်။ အသီးတွေ သီးနေသည်မှာလည်း ပြွတ်သိပ်နေပါသည်။ ပထမတော့ ကျနော် အံ့အားသင့်သလိုဖြစ်မိပါသေးသည်။ နောက်တော့ စိတ်ထဲ ပျော်သလိုဖြစ်ကာ ဇနီးသည်အားခေါ်ပြမိပါသည်။ သူက "ငါသိသားပဲ အပွင့်တွေ ပွင့်တုန်းကတည်းက ပိတ်ဖုံးနေတာ အသီးလည်းလိုက်မယ်ဆိုတာ"ဟုပြောရင်း မှည့်နေသည့် ရပ်စ်ဘယ်ရီသီးတွေခူးလိုက်၊ ပါးစပ်ထဲပစ်သွင်းလိုက်၊ ကြိမ်ခြင်းလေးထဲ ထည့်လိုက်နှင့်နေပါသည်။ တချက်တချက် ကျနော့်လက်ထဲ အသီးမှည့်လေးတွေ ခူးထည့်ပေးရင်း "စားကြည့် မျိုး။ ဒီအပင်လေးကအသီးက ပိုချိုတယ်"ဟုဆိုပါသည်။ စားကြည့်တော့ သူပြောသလို အမှန်ပင်ချိုပါသည်။ သို့နှင့် ကျနော်လည်း ကိုယ့်ဘာသာ ဆယ့်လေးငါးလုံးခန့်ခူးစားဖြစ်ပါသည်။ တနေရာတည်း စုစိုက်ထားသည့် ဘလက်ခ်ဘယ်ရီတွေလည်း မြင်မကောင်းအောင် သီးနေကြပါသည်။ ရင့်တော့မရင့်ကြသေးပါ။ ဘလက်ခ်ဘယ်ရီက ရပ်စ်ဘယ်ရီထက် အမှည့်နောက်ကျတတ်ပါသည်။ ရပ်စ်ဘယ်ရီသီးတွေ ခူးရင်းစားရင်း အပင်တွေကြည့်တော့ အရိုင်းပင်တွေကို ဖြစ်နေပါသည်။ အပင်သေ ကိုင်းခြောက်များ၊ ရွက်ခြောက်များ၊ ပင်ခြေတွေတွင် ကပ်ရှုပ်နေသော ပေါင်းပင် မြက်ပင်များနှင့် ကြည့်မကောင်းပါ။ စစ်သားဘဝကရောက်ခဲ့သည့် ဗမာပြည်အရှေ့မြောက်ဒေသမှ ပြည်တွင်းစစ်ကြောင့်ပျက်ခဲ့ရသော့ ရွာဆိုး ရွာပျက်က လူသူပြုစုမှုကင်းသည့် သီးပင်စားပင်တွေကိုပင် ပြန်မြင်ယောင်မိပါသည်။
ကျနော်က ရပ်စ်ဘယ်ရီသီးကို ဒီလောက်မကြိုက်လှသော်လည်း ဘလက်ခ်ဘယ်ရီတို့ ဘလူးဘယ်ရီတို့ကျ ကြိုက်ပါသည်။ ကျနော့်တွင် ၅ နှစ်သား ဘလူးဘယ်ရီ ၅ ပင်ရှိသော်လည်း နွေဦးပေါက်လိုက် ကိုင်းနုရွက်နုထွက်လိုက် ယုန်ကကိုက်လိုက်ဖြင့် အပင်လေးတွေ ကောင်းကောင်းမွန်မွန်သီးဖို့ဝေးစွ နာလန်တောင် အနိုင်နိုင်ထူနေကြရပါသည်။ ရုတ်တရက်ကြည့်လျှင် ဘွန်ဆိုင်းသက်ကြီးပင်ပုလေးတွေ ထင်ရပါသည်။ ထိုသို့ ယုန်ဒဏ်ခံရသည့်ကြားမှ အနိုင်နိုင်နာလန်ထူရင်း သီးကင်းလေးတွေထွက်လာပြီး မှည့်တော့မယောင်ယောင်ရှိသည့်အခါ ကြက်တို့က ထိုးဆိတ်စားသောက်ကြသဖြင့် ဘလူးဘယ်ရီ ၅ ပင်မှ လူစားလောက်သည့်အသီးမှည့် ၅ အောင်စမျှပင် မကျန်တတ်ပါ။ သို့သော် ကျနော် စိတ်မပျက်လက်မပျက် အပင်လေးတွေကို ရေလောင်း ပေါင်းသင် အမြစ်ခြေမြေဖို့တာတွေ လုပ်ပါသည်။ ဇနီးက "နှုတ်ပစ်ရင်လည်းပစ် မပစ်ရင်လည်း ယုန်တားသံဇကာပတ်ကာထားရအောင်"ဟု ပြောပြီး သူ့ဘာသာ သံဇကာကာပါသည်။ သို့သော် မရပါ။ ယုန်လေးတွေက ရအောင်ဝင်ပြီး ကိုက်ကြပါသည်။ ကျနော်က ယုန်ကိုက်လို့ကျန်သည့် အပင်လေးတွေကို မငြီးမငြူရေလောင်းမြဲ ပေါင်းသင်မြဲ။ နောက်တနှစ်ကျ ယုန်ကလည်းကိုက်မြဲ၊ ကြက်လည်း အသီးလေးတွေ ထိုး ဆိတ်ဆွစားသောက်မြဲပင်။ ရပ်စ်ဘယ်ရီကိုကျတော့ ယုန်ကမကိုက်။ အသီးမှည့်လေးတွေကိုလည်း ကြက်ကမဆိတ်။ နည်းနည်းချဉ်လို့များလား မပြောတတ်ပါ။
ကျနော်က ရပ်စ်ဘယ်ရီတောကိုကြည့်ရင်း တွေငေးနေခိုက် အသီးခူးနေသည့်ဇနီးက " နင် သူတို့ကို ဘလူးဘယ်ရီတွေကို ပြုစုသလိုသာပြုစုလို့ကတော့ သီးလိုက်မယ့်ဖြစ်ခြင်း"ဟုပြောပါသည်။ သူ့လေသံတွင် ပြစ်တင်သည့်သဘောလေး မသိမသာစွက်နေတာကို ကျနော် သတိထားမိပါသည်။ ဟုတ်ပါသည်။ သူပြောမည်ဆိုလျှင်လည်း ပြောလောက်ပါသည်။ ကျနော်သည် ကျနော် ကြိုက်သော ဘလူးဘယ်ရီပင်များအတွက် အချိန်ပေးသလောက် သူတို့ကိုအချိန်ပေးခဲ့လျှင် ရပ်စ်ဘယ်ရီတွေ ခုထက်မကရမည်မှာ သေချာပါသည်။ ရပ်စ်ဘယ်ရီကို ကျနော်မကြိုက်သော်လည်း ကျနော့်ဇနီးကကြိုက်ပါသည်။ ကျနော်သည် ဇနီးသည်ကြိုက်သောရပ်စ်ဘယ်ရီပင်များကို ဘာ့ကြောင့် ပစ်ထားရပါလိမ့်ဟု ကိုယ့်ဘာသာတွေးမိပါသည်။ နောက်ဆုံးတော့ အဖြေရသွားပါသည်။ ကျနော်သည် တပါးသူ၏ အကြိုက်မကြိုက်ကိုထက် မိမိ၏အကြိုက်မကြိုက်ကိုသာ ဦးစားပေးတတ်သူပါလား၊ သီးပင်စားပင်ချင်းအတူတူ မိမိကြိုက်သည့်အသီးပင်အတွက်သာ လုံ့လစိုက်ထုတ်ပြီး မိမိမကြိုက်သည့်သီးပင်ကိုကား ပစ္စလက်ခတ်ထားတတ်သူပါလားဟု တွေးမိသွားပါသည်။ မြက်ရိပ်ရခက်လို့ ရှင်းပစ်မည်ဆိုသည့်အတွေးမှာလည်း မိမိမကြိုက်သည့်အပင်များဖြစ်နေခြင်းကြောင့်ပင်။ တကယ်တမ်းမြက်ရိပ်ရခက်၍ ရှင်းကြကြေးဆိုလျှင် စပျစ်ပင်တန်းတွေအရင် ရှင်းပစ်ရမည်မဟုတ်ပါလား။ စပျင်ပင်တန်းတွေကြား လူစီးမြက်ရိပ်စက်မဝင်နိုင်ရုံမက လက်တွန်းစက်နှင့်ပင် အတော် ဒုက္ခခံရိပ်ရသည်မဟုတ်ပါလား။ သို့သော် စပျစ်တွေကို ကျနော်မရှင်းခဲ့။ ရှင်းပစ်ဖို့ စိတ်ကူးပင်မရခဲ့။ ကျနော် စပျစ်ကိုကြိုက်သည်ကိုး။
ရပ်စ်ဘယ်ရီပင်တွေနားရပ်ရင့် ကျနော့်ကိုယ်ကျနော် တချက်ပြန်မြင်လိုက်ပါသည်။ ကျနော့်အတွေးလည်းဆုံး ရုတ်တရက်ကြီး အိမ်ထဲပြန်ဝင်မည်ပြုတော့ ဇနီးက "ဘာလုပ်မလို့လဲ၊ နေပူကြီးထဲမှာ"ဟုမေးပါသည်။ "ငါ ရပ်စ်ဘယ်ရီပင်တွေကို ရေလောင်းမယ်။ ပေါင်းသင်မယ်၊ ကိုင်းခြောက်တွေ ဖယ်မယ်။ ကြက်ခြေးမြေဆွေးလည်း နည်းနည်းထည့်ပေးမလို့"ဟု ဆိုတော့ ဇနီးက "ညနေ နေအေးမှလုပ်လေ၊ အဲ့ဒီအခါကျ ငါလည်း ကူလုပ်ပေးမှာပေါ့"ဟု ဆိုပါသည်။ သူ့လေသံနှင့် အမူအယာသည် အလွန်ဝမ်းမြောက်နေမှန်း သိသာလှပါသည်။ ကျနော်လည်း စိတ်လက်ပေါ့ပါးကာ ဝမ်းသာကြည်နူးမိပါသည်။
ဟုတ်သည်။ ခု နေပူလွန်းအားကြီးနေချိန်ကြီး ဖြစ်ပါသည်။ ညနေ နေအေးလျှင် ကျနော် ရပ်စ်ဘယ်ရီပင်တွေကို ပြုစုရပါမည်။ ကျနော်မကြိုက်သော်လည်း ကြိုက်သူတို့ စားသုံးနိုင်ရန် ရပ်စ်ဘယ်ရီပင်တွေကို တတ်နိုင်သမျှ မြေတောင်မြှောက်ပေးပါမည်။
မျိုးမြင့်ချို
၅ ဇူလိုင်။ ၂၀၂၀

0 comments:

Post a Comment