Wednesday, July 8, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၄၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၄၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
ခေတ်သစ်မြန်မာ့သမိုင်း
၁၇၅၂ - ၁၉၄၈
ဒေါက်တာသန်းထွန်း
အခန်း(၂).
ကုန်းဘောင်ခေတ်အခြေအနေများ
အဘိသေက(သို့)ဘိသိက်မြှောက်ခြင်း
ဘိသိက်မြှောက်တယ်ဆိုတာ တရားမဝင် အုပ်ချုပ်သူ အဖြစ်ကနေ တရားဝင်အုပ်ချုပ်သူအဖြစ် အသွင်ပြောင်းတဲ့ ဖြစ်စဉ်ပါ။ တရားမဝင်ဘူးဆိုတာ လက်တွေ့အုပ်ချုပ်နေတာဖြစ်ပြီး တရားဝင်တယ်ဆိုတာက အုပ်ချုပ်ခွင့်ရှိတာကို ပြောတာဖြစ်ပါတယ်။ ဒီ အဘိသေကအစဉ်အလာဟာ မူလကတော့ မဟာသမ္မတဆီကလာတာပဲလို့ ယုံကြည်ကြပါတယ်။ ကမ္ဘာကြီးကို ဖန်တီးတဲ့ အစောဦးကာလတွေမှာ လောကဟာ ဥယျာဉ်တစ်ခုလို သာယာတယ်။ လူတွေဟာ သူတို့ရဲ့ အသက်ရှင်ရေးအတွက် ပူပင်သောက မရှိကြဘူး။ အခမဲ့စားသောက်စရာတွေကလည်း အလျှံပယ်ပါ။ ဒါပေမဲ့ နောင်ကျတော့ လူတွေဟာ ယုတ်မာရိုင်းစိုင်းလာပြီး အချင်းချင်းကြားမှာ ပဋိပက္ခဖြစ်လာတယ်။ ဒါကြောင့် အမြော်အမြင်ရှိသူတွေက မုသားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ထိုးထွင်းဉာဏ်ရှိသူကို ရှာဖွေတယ်။ မနုလို့ခေါ်တဲ့ လေးစားထိုက်သူကို သမ္မတမြှောက်တယ်။ လူတွေက မနုကို "သင်ဟာ ငါတို့ရဲ့ အရှင်သခင် ဖြစ်ပါစေ။ ငါတို့ကို အုပ်စိုးပါလေ။ အသေအချာ ဝေဖန်ပိုင်းခြားပါ။ အပြစ်ရှိသူကို ဥပဒေနဲ့အညီ အရေးယူပါ။ ကောင်းမြတ်သူကို ချီးမြှောက်ပါ။ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်တဲ့အတွက် ကိုယ်စီရဲ့ဝင်ငွေက ဆယ်ဖို့တစ်ဖို့ ကောက်ယူပါ" လို့ ပြောပြီး တင်မြှောက်ခဲ့ကြတယ်။ ဒီနောက် မနုက အဘိသေက အင်္ဂါ ၃ ရပ်နဲ့အညီ အုပ်စိုးပါတယ်။ ကမ္ဘာ့ ပထမဆုံးဘုရင်ကို မဟာသမ္မတ (ရွေးချယ်တင်မြှောက်ခံရတဲ့ဘုရင်)၊ ခတၱိယ (မြေတို့ရဲ့ပိုင်ရှင်)၊ ရာဇ (တရားမျှတခြင်းနဲ့ဉာဏ်ပညာကြီးမားခြင်း ဆိုတဲ့ အမည် ၃ မျိုးနဲ့ သမုတ်တယ်။ မြေဒူးမင်းနဲ့ ဗဒုံမင်းလက်ထက် မြန်မာ့အင်ပါယာက စတုရန်းမိုင်ပေါင်း ၂၃၇၀၀၀ ရှိတဲ့ လက်ရှိအကျယ်အဝန်းထက် နည်းနည်းပဲ ကျဉ်းတာပါ။ အရှည်ဆုံးအလျား ၁၂၀၀ မိုင်နဲ့ အရှည်ဆုံးအကျယ် မိုင် ၅၀၀ ရှိပါတယ်။ ချင်းနဲ့ ကချင် ကုန်းမြင့်တွေဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်မလာသေးဘူး။
သာလွန်မင်း (၁၆၂၉ - ၁၆၄၈) က မူချပြီး မဆောင်ရွက်ခင်အထိ အုပ်ချုပ်ရေးဟာ သိပ်အများကြီး မပြောင်းလဲသေးဘူး။ နန်းတော်အုပ်ချုပ်ရေးအတွက် ဘုရင်မှာ အတွင်းဝန်တွေ ရှိတယ်။ အတွင်းဝန်ဟာ နန်းတွင်းက မင်းမှုထမ်းတွေရဲ့ အမှုအခင်းတွေကို ဆုံးဖြတ်ရတယ်။ ဘုရင်ကို လုပ်ကြံပြီး ထီးနန်းသိမ်းတဲ့အထိ ဖြစ်နိုင်တဲ့ ဘုရင်လုံခြုံရေးကလွဲရင်ပေါ့။ မြို့ဝန်ကတော့ ဘုရင်အမြဲတမ်း နန်းစိုက်တဲ့ နေပြည်တော် အတွင်းအပြင် ကိစ္စရပ်အားလုံးကို စီရင်ဆုံးဖြတ်ရတယ်။ နန်းတော်ရာ အစောင့်ဖြစ်တဲ့ ဝင်းမှူးနဲ့ ဝန်စာချီ (စာရေး) တို့ကတော့ နန်းတော် လေးပြင်လေးရပ်မှာ ပေါ်သမျှ အမှုအခင်းတွေကို ဆုံးဖြတ်ရတာပါ။ မြင်းဝန်ကတော့ မြင်းသည်တော်တွေနဲ့ သက်ဆိုင်သမျှ ကိစ္စရပ်တွေကို ဆုံးဖြတ်ရတယ်။ ဆင်ဝန်ကတော့ ဆင်အမှုထမ်းတွေရဲ့ ကိစ္စတွေကို ဆုံးဖြတ်တယ်။ ကြီးကြပ်ရေးမှူးနဲ့ မြေစာရေးအမှုထမ်းတွေက အသည်လို့ခေါ်တဲ့ သာမန်ပြည်သူတွေရဲ့ အရေးကိစ္စတွေအားလုံးကို ဆုံးဖြတ်တယ်။ အသည်ဟာ မင်းမှုထမ်း မဟုတ်ပေမဲ့ အရေးကြီးပါတယ်။ သူတို့ဆီက ငွေ(သို့) လူ (သို့) ၂ မျိုးစလုံး အမိန့်အာဏာနဲ့ ကောက်ခံရပါတယ်။ သာမန်ပြည်သူတွေကို သူတို့နေထိုင်တဲ့ ရွာအနီးဝန်းကျင်က မြေကို ခွဲဝေပေးထားတယ်။ ဒီမြေကွက်ပေါ်မှာ အလုပ်လုပ်ခွင့် ရှိပါတယ်။ အမွေဆက်ခံခွင့် ပေါင်နှံခွင့် ရောင်းချခွင့် ရှိပါတယ်။ ဘုရင့်ကိုယ်ပိုင်မြေ အရာတော်နဲ့ ဘုရင့်စိုက်ပျိုးမြေ လမိုင်းတို့မှာလည်း သူတို့ကိုယ်ပိုင် စားသုံးမှုအတွက် ထုတ်လုပ်စိုက်ပျိုးနိုင်ပြီး နှစ်စဉ်သတ်မှတ်တဲ့ ခိုင်နှုန်းယူတယ်။ အမိန့်တော်မှန်သမျှကို အုပ်ချုပ်ရေး ဗဟိုဌာနခွဲဖြစ်တဲ့ လွှတ်တော်က ဘုရင့်နာမည်နဲ့ထုတ်တာပါ။ အခွန်တော်ကိုတော့ ထန်းရွက်နှစ်ဖက်ချွန်း ပေမှာ ရေးတာပါ။ စပါးဂိုထောင် ထိန်းသိမ်းသူ ကျီဝန်၊ အနောက်မိန်းမဆောင်ကို ထိန်းသိမ်းသူ အနောက်ဝန်၊ ဘုရင့်မြေကို ကြီးကြပ်သူ လမိုင်းဝန်၊ သာသနာရေးစိစစ်သူ သာသနာ့မြေ ဝတ္တကံ ကြီးကြပ်သူ မဟာဒါန်ဝန်၊ ဆည်မြောင်းကြီးကြပ်သူ ဆည်ဝန်၊ ခရိုင်နဲ့တွဲဖက်မထားတဲ့ မြို့ကို ကြီးကြပ်သူ မြို့လတ်ဝန်၊ မြို့နယ်နဲ့တွဲဖက်မထားတဲ့ ကျေးရွာကို ကြီးကြပ်သူ ရုံးလတ်ဝန်၊ စစ်ဦးစီးချုပ် သေနာပတိတို့လို အထူးတာဝန်ယူရတဲ့ အရာရှိတွေလည်း ရှိပါတယ်။ မင်းမိန့် 'အမိန့်တော်'နဲ့ ရာထူးခန့်အမိန့်'ပြန်တမ်း'တို့ကို ဘုရင့်နာမည်နဲ့ လွှတ်တော်က စာထုတ်တယ်။ မြန်မာ့ အုပ်ချုပ်ရေးမှာ မှတ်သားစရာ ၂ ချက် ရှိပါတယ်။
၁။ လွှတ်တော်က ကိစ္စရပ်အားလုံးကို တာဝန်ခံတယ်။
၂။ ရာစုနှစ် ၂ ခုခွဲနီးပါး သာလွန်မင်းကနေ သီပေါမင်းအထိ အုပ်ချုပ်ရေးစနစ်ကို အပြင်းအထန် ပြောင်းခဲ့တယ်။ (သန်းထွန်း ၁၉၆၈၊ ၁၈၇)
ဒီစာရင်းဇယား အခြေအနေတွေအရဆိုရင် မြန်မာ့ လူမှုရေးနဲ့ စီးပွားရေးဟာ စိုက်ပျိုးမြေတွေ တောထပြီး ဆည်မြောင်းတွေ ပျက်စီးကုန်တဲ့ စစ်ပွဲကာလတွေကလွဲလို့ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ သိပ်ပြီး မပြောင်းလဲခဲ့ပါဘူး။ အောက်မြန်မာပြည်မှာတော့ ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ရှိပါတယ်။ ၁၈၆၉ ခုနှစ်မှာ စပါးပို့ကုန်အတွက် အင်္ဂလိပ်က တိုးချဲ့စိုက်ပျိုးတယ်။ အဲဒီအချိန်မှာ အထက်မြန်မာပြည်ကလူတွေ တောင်ပိုင်းကို ထောင်နဲ့ချီပြီး ပြောင်းလာကြတယ်။
အမိန့်တော်လို့ခေါ်တဲ့ ဘုရင့်အမိန့်တွေဟာ အမြဲတမ်း တရားဝင်တယ်။ အခါအားလျော်စွာ ဆောင်ရွက်တဲ့ နည်းလမ်းတွေကတော့ စစ်ဥပဒေထုတ်ပြန်တဲ့ ကာလမှာပဲ တရားဝင်တာပါ။ လွှတ်တော်က ဘုရင့်အာဏာယန္တရားရဲ့ အချုပ်အခြာအဖြစ် တာဝန်ထမ်းရတာပါ။

0 comments:

Post a Comment