Friday, July 3, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၇ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၇ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
မင်းတုန်းမင်းခေတ်မှာ အများဆုံးလုပ်တဲ့နိုင်ငံခြားဆက်ဆံရေးက အင်္ဂလိပ်နဲ့ပါပဲ။ မင်းတုန်းမင်းက တခြားဥရောပ အင်အားကြီးနိုင်ငံတွေနဲ့ပါ ဆက်သွယ်ဖို့ ကြိုးပမ်းတယ်။ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲမှာ ပဲခူးနယ်ကို ဆုံးရှုံးခဲ့ရပြီး ဘုရင့်ရဲ့မျှော်လင့်ချက်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ပါပဲ။ မြန်မာဘုရင်ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်လည်မြှင့်တင်ဖို့ပါ။ သူကိုယ်တိုင်ကတော့ နောက်ထပ်စစ်ပွဲတစ်ပွဲ မတိုက်ချင်ဘူး။ သူ့ရဲ့ မြို့တော်မှာ သောမတ်စပီးယားလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက် နေထိုင်ခဲ့တယ်။ သူက အင်္ဂလိပ်အစိုးရရဲ့ အထောက်တော်အဖြစ် ဆောင်ရွက်တာပါ။ ဘုရင့်နန်းတော်နဲ့ အနီးကပ်ထိတွေ့မှု ရှိတယ်။ သူက ပုဂ္ဂလိက ကုန်သည်ပါပဲ။ ဒါပေမဲ့ ဗြိတိသျှသံကိုယ်စားလှယ် တာဝန် မထမ်းဆောင်ခင်မှာ နှစ်နိုင်ငံ အစိုးရတွေအကြား စေ့စပ်ညှိနှိုင်းရေးသမားအဖြစ် ဆောင်ရွက်တယ်။ အင်္ဂလိပ်မြန်မာ နှစ်နိုင်ငံကြားမှာ သောမတ်စပီးယားက ရှစ်နှစ်လောက် တာဝန်ယူခဲ့တယ်။ သူ့မှာ မြန်မာဇနီးရှိတယ်။ မြန်မာလူမျိုးတွေရဲ့ ကောင်းကျိုးကို အမှန်တကယ် လိုလားသူပါ။ ပဲခူးနယ်ကို အသိအမှတ်ပြုတဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ မင်းတုန်းမင်းကို တောင်းဆိုရာမှာ ဘုရင်က ငြင်းဆိုတယ်။ ဘုရင်ဟောင်းစစ်ရှုံးလို့ နယ်မြေအပ် လက်မှတ်ထိုးရမှာ သူ့အလုပ်မဟုတ်ဘူးလို့ မင်းတုန်းမင်းက ယူဆတယ်။ ဒါပေမဲ့ သူအုပ်စိုးတဲ့ ကာလမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတယ်။ ၁၈၅၃ ခုနှစ်မှာ ပဲခူးနယ်ကို ပြန်ပေးဖို့ တောင်းဆိုရအောင် ဖယ်ယာ့ဆီကို မစ်ရှင်တစ်ဖွဲ့ စေလွှတ်တယ်။ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကို သူထိန်းသိမ်းထားနိုင်ရင် အင်္ဂလိပ်တွေ အရူးမီးဝိုင်းဖြစ်လာတဲ့တစ်နေ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေ သူ့အလိုလို ပြန်ပေးရမှာပဲလို့ ဘုရင်က မျှော်လင့်နေတယ်။ ၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်က ခရိုင်းမီးယားစစ်ပွဲ တိုက်ရတယ်။ ၁၈၅၇ ခုနှစ်မှာ အိန္ဒိယ တပ်တွင်းပုန်ကန်မှုဖြစ်တယ်။ အာဖဂန်နစ္စတန်နဲ့ ခရိုင်းမီးယားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပါ။ ဒါကြောင့် မင်းတုန်းမင်း နန်းတက်စ ကနဦးနှစ်တွေမှာ အင်္ဂလိပ်တွေဟာ အရူးမီးဝိုင်းဖြစ်နေတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်တောင်းဖို့ မင်းတုန်းမင်းက မကြိုးစားခဲ့ဘူး။ 
ဒီလို မလုပ်တဲ့အပြင် အိန္ဒိယတပ်တွင်း ပုန်ကန်မှုအပြီးမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ မင်းတုန်းမင်းက ရံပုံငွေတောင် လှူခဲ့ပါသေးတယ်။ ဒေါက်တာမတ်ရဲ့ လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် သာသနာပြု မစ်ရှင်ကို ဘုရင်က စောင့်ရှောက်ပါတယ်။ ဒေါက်တာမတ် တည်ထောင်တဲ့ကျောင်းမှာ သူ့ရဲ့သားတော်တွေကို ပညာသင်စေတယ်။ သားတော်တွေကို သမ္မာကျမ်းစာသင်ဖို့ ခွင့်ပြုတယ်။ အင်္ဂလိပ်ကို ပဲခူးနယ်ပေးတဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးဖို့ အင်္ဂလိပ်က ဘုရင်ကို ထပ်တလဲလဲ ဖျောင်းဖျဖို့ ကြိုးပမ်းတယ်။ အဲဒါကြောင့် ၁၈၅၄ ခုနှစ်မှာ အမရပူရကို ဖယ်ယာကော်မရှင် ရောက်လာတယ်။ မင်းတုန်းမင်းက ဆာအာသာ ပါဗက်စ် ဖယ်ယာကို အရေးတယူ လက်ခံတယ်။ ညီလာခံမှာရော တစ်ဦးချင်းအရပါ လက်ခံတွေ့ဆုံပါတယ်။ ဒါပေမဲ့ စာချုပ် လက်မှတ်ထိုးဖို့ကိုတော့ အပြတ်ငြင်းတယ်။ ဖယ်ယာက မင်းတုန်းခရိုင် ပြန်ပေးမယ်လို့ ကမ်းလှမ်းပေမဲ့ လက်မခံဘူး။ ဒီနောက် သိပ်မကြာခင် အိန္ဒိယ တပ်တွင်းပုန်ကန်မှု ဖြစ်တာပါ။ အင်္ဂလိပ်အုပ်စိုးတဲ့ အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်အာဏာ ယိုင်လဲနေပြီလို့ အာမေးနီးယန်း ကုန်သည်တွေဆီကတဆင့် သတင်းရတယ်။ ဒါပေမဲ့ မင်းတုန်းမင်းက အင်္ဂလိပ်ကို မူလအတိုင်း မိတ်ဝတ်မပျက် ဆက်ဆံတယ်။ နယ်စပ်ဒေသ အရာရှိတွေကို ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ တိတိကျကျ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာ အမှန်တကယ် မငြိမ်းချမ်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် မျိုးချစ်သူရဲကောင်းအဖြစ် ကြွေးကြော်ပြီး အင်္ဂလိပ်အာဏာကို စိန်ခေါ်နေတဲ့ လူလိမ်တွေ သူခိုးဓါးပြတွေကလည်း အများသားကလား။
အင်္ဂလိပ်အစိုးရက မြန်မာပြည်နဲ့ အလားအလာ သိပ်ကောင်းတဲ့ ကူးသန်းရောင်းဝယ်ရေးဆက်ဆံမှု လုပ်ချင်တယ်။ ကူးသန်းရောင်းဝယ်ရေးစာချုပ် ချုပ်ဖို့ ကိုယ်စားလှယ်တွေလွှတ်ပြီး မြန်မာအစိုးရကို ဆွဲဆောင်တယ်။ ဒါပေမဲ့ ကြိုးပမ်းသမျှ အရာမထင်ဘူး။ မြန်မာပြည်မှာ အကျိုးအမြတ်ရနိုင်တဲ့ ကုန်စည်အများစုက ဘုရင့်ရဲ့ လက်ဝါးကြီးအုပ်မှု အောက်မှာပါ။ ဘုရင်က ကျောက်မျက် ရေနံစိမ်းနဲ့ သစ်ကို နန်းတော်က လက်ဝါးကြီးအုပ်ထားတာ မစွန့်လွှတ်ချင်ဘူး။ ၁၈၆၂ ခုနှစ်ကျမှ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ဒီစကားရပ်တွေသုံးပြီး ချုပ်ဆိုတယ်။
၁။ နယ်စပ်ဒေသမှာ အခွန်လျှော့ချဖို့ နှစ်ဘက်စလုံးက သဘောတူတယ်။
၂။ ဗြိတိသျှသံကိုယ်စားလှယ်ကို မန္တလေးမှာ နေခွင့်ပြုမယ်။
၃။ ဗြိတိသျှ ကျေးတော်မျိုးကျွန်တော်မျိုးတွေကို မြန်မာပြည်အနှံ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုတယ်။
ဒီစာချုပ်ကို ဘုရင်ကိုယ်တိုင် အတည်ပြုတာပါ။ ဒါပေမဲ့ ဘုရင်က သူ့ရဲ့ လက်ဝါးကြီးအုပ်မှုကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒါကြောင့် စာချုပ်ပါ စကားရပ်တွေဟာ လက်တွေ့မှာ ဘယ်တော့မှ အကောင်အထည်မပေါ်ဘူး။ တကယ်တော့ စာချုပ်က အသက်မဝင်ပါဘူး။ ဘုရင်က ဗြိတိသျှတွေကို အလျှော့ပေးလိုက်ရမှာ စိုးရိမ်တယ်။ ကျေးတော်မျိုးကျွန်တော်မျိုးတွေက သူ့ကို လက်အောက်ခံဘုရင်ပဲလို အထင်သေးမှာလည်း စိတ်ပူတယ်။ ၁၈၆၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ရေနံစိမ်း၊ သစ်နဲ့ ကျောက်မျက်ကလွဲရင် ကုန်သည်တွေကို မင်းမိန့်နဲ့ထိန်းချုပ်တာ ၁၀ နှစ် ရပ်စဲကြောင်း ဘုရင်က ကြေညာချက်ထုတ်တယ်။ အခွန်နှုန်းကို ၅% အထိ လျှော့ချဖို့ကိုလည်း ဘုရင်က ကတိပြုတယ်။ 
အိန္ဒိယအစိုးရက နောက်ထပ် ကူးသန်းရောင်းဝယ်ရေးစာချုပ် ညှိနှိုင်းဖို့ ဖိုက်ချ်ကိုလွှတ်တယ်။ ၁၈၇၈ ခုနှစ် အောက်တိုဘာလမှာ ဒီလို စကားရပ်တွေပါတဲ့ စာချုပ်ကို ချုပ်တယ်။
၁။ သွင်းကုန်ပို့ကုန် အခွန်တွေကို ပုံသေ ၅% သတ်မှတ်တယ်။
၂။ ရွှေနဲ့ငွေကိုသုံးပြီး လွတ်လပ်စွာကုန်သွယ်နိုင်တယ်။
၃။ ဗြိတိသျှ သံကိုယ်စားလှယ်ကို နေပြည်တော်မှာ ပြန်ထားမယ်။ ဗြိတိသျှ ကျေးတော်မျိုးကျွန်တော်မျိုးအားလုံးကို ဥပဒေအရ အပြည့်အဝ တာဝန်ယူမယ်။
၄။ အကောက်ခွန်ရုံးမှာ ဗြိတိသျှကိုယ်စားလှယ် ထားမယ်။
အပြန်အလှန်အားဖြင့် ကော်မရှင်နာမင်းကြီးရဲ့ သဘောတူညီချက်နဲ့ ဘုရင်ကို ဗြိတိသျှနယ်ထဲမှာ သေနတ်ဝယ်ယူခွင့် ပေးရမယ်။
ဖိုက်ချ်က ဒီစာချုပ်မှာ နောက်ထပ် စာပိုဒ် ထပ်ဖြည့်ဖို့ ကြိုးပမ်းသေးတယ်။ အင်္ဂလိပ်ကို အသိမပေးဘဲ နိုင်ငံခြားတိုင်းပြည်တွေနဲ့ မြန်မာအစိုးရက မဆက်သွယ်ရဘူးဆိုတဲ့ သဘောပါ။ ဒီစာပိုဒ်သာ လက်ခံခဲ့ရင် အင်္ဂလိပ်ရဲ့ သြဇာလွှမ်းမိုးမှုကို အသိအမှတ်ပြုပြီး လက်အောက်ခံ မဟာမိတ်အဆင့်ကို ရောက်သွားမှာပါ။ စာချုပ်ကို တံဆိပ်ခတ်လက်မှတ်ထိုးပေမဲ့ လက်တွေ့ကတော့ ဘာမှ ဖြစ်မလာဘူး။ အကြောင်းကတော့ ဘုရင်က သူ့ရဲ့ ချုပ်ကိုင်မှုကို ဘယ်တော့မှ မစွန့်လို့ပါပဲ။ ပိုပြီးတော့တောင် တိုးလာသေးတာပါ။ အင်္ဂလိပ်ကုန်သည်တွေကို နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာခွင့်ပြုတယ် ဆိုပေမဲ့ မြန်မာ့စီးပွားရေး၊ သဘာဝရင်းမြစ်၊ ပြည်သူလူထုနဲ့ နိုင်ငံရေးအခြေအနေတွေကို လေ့လာစူးစမ်းဖို့လောက်ပဲ အခွင့်အရေးပေးထားတာပါ။ ကနဦး ၂နှစ်မှာ ကုန်သွယ်ရေးက တိုးတက်လာတယ်။ ၁၈၇၁ ခုနှစ်မှာ အက်ရှလေဒီရှင်လို့ ခေါ်တဲ့ ဗြိတိသျှကိုယ်စားလှယ် မန္တလေးကို ရောက်လာတယ်။ ကူးသန်းရောင်းဝယ်ရေး စာချုပ်အသစ် လက်မှတ်ထိုးတယ်။ ၁၈၇၇ ခုနှစ်မှာ အိန္ဒိယအစိုးရက နောက်ထပ်ပဋိညာဉ်ကို တောင်းဆိုနေတုန်းပဲ။ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်ပေမဲ့ သဘောတူညီတဲ့အဆင့်ကို ရောက်မလာဘူး။ ဒီအချိန်မှာပဲ ပြင်သစ်အစိုးရက မြန်မာပြည်နဲ့ သံတမန်ဆက်ဆံရေးဖွင့်ဖို့ ကြိုးပမ်းနေတယ်။ ပြင်သစ်လွှမ်းမိုးလာမှာကို ကြောက်တဲ့အတွက် အင်္ဂလိပ်က တနိုင်ငံလုံးသိမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ပဋိညာဉ်စာချုပ်တွေဟာ တနိုင်ငံလုံး ကျူးကျော်သိမ်းပိုက်ရေးဆီ ခြေလှမ်းနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

0 comments:

Post a Comment