Sunday, July 5, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၉ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၉ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
၁၈၅၆ ခုနှစ်မှာ မြန်မာမစ်ရှင်တစ်ဖွဲ့ ဥရောပကို သွားခဲ့တယ်။ မစ္စတာမန်နွတ်က စကားပြန်အဖြစ် ဆောင်ရွက်တယ်။ ဒီသံအဖွဲ့က ပြင်သစ်မှာ နပိုလီယံ (၃) ကို ဝင်တွေ့ပါတယ်။ အင်္ဂလိပ်ကိုတိုက်ဖို့ ပြင်သစ်အကူအညီရနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ပါ။ ဒါပေမဲ့ အဲဒီရည်မှန်းချက်က မအောင်မြင်ဘူး။ နပိုလီယံက သူတို့ကို ပျူပျူငှာငှာ ဆက်ဆံပါတယ်။ ဘာကတိမှတော့ မပေးဘူး။ ၁၈၅၈ ခုနှစ်မှာ အမေရိကန် ကုန်သွယ်ရေး မစ်ရှင်တစ်ဖွဲ့ မြန်မာပြည်ကို ရောက်လာတယ်။ ၁၈၇၂ ခုနှစ်မှာ ကင်းဝန်မင်းကြီးဦးကောင်းက မြန်မာမစ်ရှင်နောက်တဖွဲ့ကို ခေါင်းဆောင်ပြီး ဥရောပထွက်ခဲ့ပါတယ်။ အင်္ဂလန် ပြင်သစ် အီတလီ ဘုရင့် နန်းတော်တွေကို ရောက်တယ်။ ဦးကောင်းဟာ အဲဒီနန်းတော်တွေနဲ့ ပြေလည်ခဲ့ပါတယ်။ သူ့ခရီးသွားမှတ်တမ်းကိုလည်း အပြည့်အစုံ ရေးတယ်။ သူပြန်ရောက်ရင်ပဲ ဥရောပကို လူငယ်ပညာတော်သင်တွေလွှတ်ဖို့ ဘုရင်ကို လျှောက်တင်ခဲ့တယ်။ ပြင်သစ်မှာ ဒီမစ်ရှင်က မိုးကုတ်ကျောက်မိုင်းတွေ တူးဖော်ခွင့်ပြုဖို့ ပဋိညာဉ်စာချုပ် ချုပ်ခဲ့တယ်။ ဒါပေမဲ့ မင်းတုန်းမင်းက အဲဒီစာချုပ်ကို အတည်မပြုခဲ့ဘူး။ မြန်မာခရီးစဉ်ရဲ့ အကျိုးဆက်အဖြစ် အီတလီသံအဖွဲ့ မန္တလေးကို ရောက်လာတယ်။ ချစ်ကြည်ရေးစာချုပ် ချုပ်တယ်။ အင်္ဂလန်မှာတော့ ဗြိတိသျှအစိုးရက မြန်မာသံအဖွဲ့နဲ့ ဘယ်လို သံတမန်ဆက်ဆံရေးကိုမှ လက်မခံပါဘူး။ အိန္ဒိယဘုရင်ခံချုပ်နဲ့ ဆက်ဆံဖို့ပဲ ပြောတာပါ။ ဘယ်နည်းမဆို သံအဖွဲ့ဟာ ဝိတိုရိယဘုရင်မကြီး၊ ဝန်ကြီးချုပ် ဂလက်စတုန်းနဲ့ အိန္ဒိယဘုရင်ခံချုပ်တို့ရဲ့ စာတွေကိုယူပြီး မင်းတုန်းမင်းဆီပြန်လာတယ်။ ဒီနိုင်ငံခြား မစ်ရှင်အဖွဲ့တွေဟာ အင်္ဂလိပ်ကိုဆန့်ကျင်ပြီး ပြင်သစ်နဲ့မဟာမိတ်ဖွဲ့ ခုခံတိုက်ခိုက်ဖို့ဆိုတဲ့ သီပေါမင်းရဲ့ကြိုးပမ်းချက် ကနဦးအစပါပဲ။ အဲဒီမစ်ရှင် အဖွဲ့ရဲ့ ဥရောပခရီးစဉ် ကာလအတွင်း အင်္ဂလိပ်က မြန်မာ့တိုးတက်မှုတွေကို မနှစ်မြို့စွာ စောင့်ကြည့်နေတာပါ။ ဖြစ်နိုင်သမျှ အမြန်ဆုံး တနိုင်ငံလုံး သိမ်းပိုက်ဖို့ အင်္ဂလိပ်က ဆုံးဖြတ်လိုက်ပါတယ်။

0 comments:

Post a Comment