Wednesday, May 4, 2011

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၉)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၉)
လွတ်လပ်သောအာရှအသံရဲ့ အပတ်စဉ်အသံလွှင့်အစီအစဉ်ကနေ ၅ လပိုင်း ၄ ရက် ၂၀၁၁ နေ့က ထုတ်လွှင့်ပြိးခဲ့တဲ့ အသံလွှင့်ဆောင်းပါးဖြစ်ပါတယ်။ မျိုးမြင့်ချို
အဲဒီအချိန်တုန်းက မ.ဆ.လအစိုးရကို လက်နက်ကိုင်နည်းနဲ့ ဆန့်ကျင်နေကြသူတွေထဲမှာ ဗ.က.ပ တင်မက တခြားအင်အားစု တွေထဲက ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်က တပ်မဟာ(၄)လည်း အရှေ့မြောက်ဒေသမှာ အခြေစိုက်ထားပါတယ်။ တစ်ကြိမ်မှာတော့ ခလရ(၉)နဲ့တွဲပြီး လှုပ်ရှားစစ်ကြောင်းထွက်ချိန်မှာ ကေအိုင်အေတပ်မဟာ(၄)ဋ္ဌာနချုပ်ကို တိုက်ဖို့ ဖြစ်လာပါတယ်။

ထုံးစံအတိုင်း ဝန်တင်တွေ၊ ဝန်ထမ်းတွေတပြုံတမကြီးနဲ့ စစ်ကြောင်းထွက်ရတာပေါ့လေ။ ကျနော်တို့စစ်ကြောင်း တပ်တည်နေရာ ကနေ အဲဒီကိုချဉ်းကပ်မိဖို့ ၃ ရက်လောက်လျှောက်ရပါတယ်။ စားချိန်ချက်ချိန်ကိုချုံ့တဲ့အနေနဲ့ လမ်းမှာစားဖို့ ခေါပုတ်၊ ဆီတို့ဟူး၊ မုန်ညှင်းချဉ်တွေ ကြိုတင်ဆောင်ထားပြီး ချီတက်ကြရတာပါ်။ လက်နက်ကြီးကျည်ဆံတွေလည်း အများကြီးသယ်ခဲ့တာဆိုတော့ လားတွေကလည်း တတန်းကြီးပါပဲ။ လားတွေထဲမှာရှားရှားပါးပါး စစ်သုံးလား ၆ ကောင်လောက်နဲ့ ထောက်/ပို့တပ်က ရဲဘော် ၂ ယောက်လည်းပါပါတယ်။

ခြေလျှင်တပ်ကမောင်တွေက တခြားဌာနကတပ်သားတွေကို ခေါ်ဝေါ်သမုတ်တဲ့ နာမည်ပြောင်တွေရှိပါတယ်။ ဆေးတပ်သားကို ဖင်လှန်အပ်စိုက်၊ ဆက်သွယ်ရေးကို တိုင်ထောင်ကြိုးဆွဲ၊ အင်ဂျင်နီယာ ဘီအီးကိုတော့ ဆူးထိုးမိုင်းရှာလို့ခေါ်ကြပါတယ်။ ထောက်/ပို့က ဝန်တင်လားကိုင်ရတဲ့ ရဲဘော်တွေကိုတော့ လားတပ်ကကြားညှပ်လို့ ပြောတတ်ကြပါတယ်။ လားတပ်က ရှေ့တန်းသုံးဖို့လိုမယ့် ဝန်တင်လားတွေ၊မြင်းတွေကို ဖြည့်ဆည်းပေးရတာဖြစ်ပေမယ့် လက်တွေ့မှာဘယ်လောက် ဖြည့်နိုင်တယ်ဆိုတာတော့ မသိပါဘူး။

ဖြစ်ချင်တော့ အဲဒီအပတ် စစ်ကြောင်းအထွက်မှာ နောက်တန်းကတည်းက မိုင်းရှာစက်က ထုတ်မပေးလိုက်နိုင်ဘူးလေ။ ပြီးတော့ ရှေ့တန်းရောက်လို့မှ မကြာဘူး၊ ကျနော့်စီနီယာရဲဘော်ကို သင်တန်းတက်ဖို့ နောက်တန်းပြန်ခေါ်လိုက်ပါတယ်။ သူ့နေရာအတွက် လူစားလည်းရောက်မလာသေးပါဘူး။ သွားရမှာကလည်း စခန်းတိုက်၊ လူကလည်းတယောက်တည်း၊ မိုင်းရှာစက်ကလည်း မပါ ဆိုတော့ စိတ်ထဲအားငယ်တာလိုလို ဘာလိုလိုတောင်ဖြစ်မိပါသေးတယ်။ တပ်မတို့ ဗျူဟာတို့မှာသာ မိုင်းရှာစက်တွေပုံနေပေမယ့် တကယ့်စစ်ထွက်ရတဲ့ ဘီအီးတပ်သားတွေကျတော့ မိုင်းရှာစက်ရဖို့ဆိုတာ ဘုရားဆုပန်ရသလို အဖြစ်မျိုးပါ။ ဒါကြောင့်လည်း ဆူးထိုး မိုင်းရှာလို့ခေါ်ကြတာထင်ပါရဲ့။

ဒီလိုနဲ့ ကျနော်တို့စစ်ကြောင်းလည်း ကေအိုင်အေတပ်မဟာ(၄)ဋ္ဌာနချူပ်အခြေနားရောက်ခဲ့ပါပြီ။ လျှိုထဲမှာနားကြပေမယ့် သူ့ဘက် ကိုယ့်ဘက်လှမ်းပစ်လို့ လျှိုစောင်းမှာကျကျကွဲတဲ့လက်နက်ကြီးတွေကလည်း တဂျိမ်းဂျိမ်းနဲ့ပါပဲ။ လျှိုကြားထဲတိုက်ရိုက် မကျတာ သာရှိတယ် လန့်ချင်စရာသွေးပျက်ချင်စရာကြီးပါ။ မနက်လင်းအားကြီးအချိန်မတော့ အပေါ်ဆက်တက်ဆိုတဲ့အမိန့်နဲ့အတူ တက်ခဲ့ကြ ရပါတယ်။ တက်မယ့်သာတက်ရတာပါ၊ လူတွေက အတော်လေး ပင်ပန်းနေကြပါတယ်။ လျှိုထဲကနေထွက်လိုက်တယ်ဆိုရင်ပဲ တပ်မ ဟာ(၄) ဋ္ဌာနချူပ်ကို ဘွားကနဲ တန်းပြီးမြင်လိုက်ရပါတယ်။ အတော်ကို နီးနေတာကိုး။

နောက်တော့ တပ်ခွဲတွေတခွဲပြီးတခွဲ ကျနော်တို့ကိုချန်ထားပြီး ရှေ့ကိုဆက်တက်သွားပါတယ်။ အခြားဘက်တွေကနေလည်း ဒီစခန်း ကိုဝိုင်းတိုက်နေတာကိုး။ တမနက်ခင်းလုံး တိုက်လိုက်တဲ့အတိုက်။ အလောင်းတွေ၊ ဒဏ်ရာရတဲ့ရဲ့ဘော်တွေလည်း ကျနော်တို့နေရာကို တသုတ် ပြီး တသုတ် လာလာပို့။ ကျနော်လည်း တတ်နိုင်သမျှဝိုင်းဝန်းကူရင်း သွေးတွေ၊ သေနတ်သံတွေ၊ အော်ဟစ်ညီးညူသံတွေ၊ ပေါက်ကွဲသံတွေ၊ ယမ်းညှော်နံ့တွေကြားမှာ စိတ်မသက်မသာဖြစ်နေပါတယ်။

ညနေစောင်းလောက်ကျတော့မှ ပစ်သံခတ်သံ စဲသွားပါတယ်။ သူတို့စခန်းလည်းကျသွားပြီ။ သူတို့လည်းဆုတ်သွားပါပြီ။ ကျနော်တို့ စစ်ကြောင်းရုံးအဖွဲ့တွေလည်း စခန်းပေါ်အထိဆက်တက်ရမယ်ဆိုတော့ လှုပ်လှုပ်ရှားရှားပြန်ဖြစ်လာတယ်။ ဒီလိုနဲ့ စခန်းရဲ့ပင်မ ကုန်းပေါ် ရောက်လာကြတယ်။ ရင်းမှူးအမိန့်အရ လက်နက်တိုက်၊ စစ်ဝတ်နဲ့ရိက္ခာဂိုဒေါင်တွေကို ကျနော်မိုင်းလိုက်ရှင်းပေးရပါတယ်။ စစ်ဆိုတဲ့သဘောမှာက မဖြစ်မနေဆုတ်ရတော့မယ်ဆိုရင် မသယ်နိုင်တဲ့အရာမှန်သမျှကို ဖြစ်နိုင်သမျှဖျက်ဆီးပစ်ခဲ့၊  မိုင်းတွေ၊ ထောင်ချောက်တွေဆင်ခဲ့ရတာ မဟုတ်လား။ ဆိုတော့ အဲဒီနေရာတွေကိုရှင်းရလင်းရတာ အန္တရာယ်သိတ်များပါတယ်။ တွေ့ လည်းတွေ့ပါတယ်။ ဖြုတ်လိုက်ရ၊ ရှင်းလိုက်ရတဲ့မိုင်းတွေမှ။ နားချိန်လေးတောင်မရပါဘူး။   စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားပြီးသာလုပ်နေရပေမယ့် တယောက်တည်း ဆိုတော့ စိတ်မောလူမောပါပဲ။

“ကိုဘီအီး..ရေဆိပ်ဘက်ကို တချက်လိုက်ပေးပါဦး..ရေခပ်ဆင်းမယ်..ခွဲမှူးကပြောလို့” ဆိုပြီးစုမှူးတယောက်က လာပြောပါတယ်။ ဒီမှာ ကလည်းရင်းမှူးအမိန့်နဲ့က လုပ်ရက်တန်းလန်းကြီး ဟိုကိုလည်းချက်ချင်းထလိုက်ရမယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ဒါနဲ့ “ကျနော် ရင်းမှူကိုသတင်းသွားပို့လိုက်ပါဦးမယ်” ပြောပြီး ရင်းမှူးရှိရာပြန်လာပါတယ်။ သတင်းပို့တာကိုနားထောင်ပြီး ရင်းမှူးက ကျနော့်ကို “မင်းလုပ်စရာရှိ တာဆက်လုပ်”  စုမှူးကိုတော့ “ခွဲမှူးကို ငါ့ဆီလာဖို့ပြောလိုက်”ဆိုတာနဲ့ ကျနော်လည်း စောစောက ဂိုဒေါင်တွေဘက်ပြန်လာပြီး ရှင်းစရာရှိတာတွေဆက်ရှင်းနေပါတယ်။ နောက်တော့ ခွဲမှူးက ပေါ်တာတွေနဲ့ရေသွားခပ်ဖို့ တပ်စိတ် တစိတ်ပြင်ခိုင်းတာတွေ့ရပါတယ်။ ခနလေးနားပြီး ကြည့်နေတုန်းမှာပဲ ရေသယ်မယ့်ဝါးဘိုးဝါးဗူးတွေထမ်းပြီး ပေါ်တာ ၆ ယောက် လောက်နဲ့ တပ်စိတ်တစိတ်ထွက်သွားတာ တွေ့လိုက်ရပါတယ်။ ကျနော့်စိတ်ထဲမှာ “ရေဆိပ်မှာမိုင်းထောင်ထားခဲ့ရင်တော့ ဒုက္ခပဲ”လို့ တချက်တွေးမိလိုက်သေးတယ်။

သူတို့ဆင်းသွားပြီး မိနစ် ၂၀ လောက်ရှိတယ်ဆိုရင်ပဲ ရေဆိပ်ဘက်က “ဂျိုင်း” ကနဲ မိုင်းကွဲသံတချက်ထွက်လာပါတော့တယ်။ နောက်တော့ ဆက်တိုက်ဆိုသလိုပဲ အေကေသံ၊ အမ်၁၆ သံတွေနဲ့အတူ ဂျီတူး ဂျီဖိုးသံတွေလည်း ဝေါကနဲ့ထွက်ချလာတယ်။ ခနလေးပဲ။ သေနတ်သံတွေပြန်တိတ်သွားတယ်။ သေချာတာကတော့ ရေဆိပ်မှာမိုင်းထောင်ထားပြီး ဆင်းအလာကို စောင့်အတိုက် ခံလိုက်ရပြီဆိုတာပါပဲ။ “ကိုဘီအီး..ရင်းမှူးက..ခွဲမှူးကိုသတင်းသွားပို့ပါပြောတယ်”ဆိုတာနဲ့ ကျနော်လည်း လုပ်လက်စတွေတန်းလန်း ထားခဲ့ပြီး ခွဲမှူးနဲ့အတူရေဆိပ်ဘက်ကို ဆင်းချလာခဲ့ပါတယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment