Thursday, May 19, 2011

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁၁)

0 comments

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁၁) ၅လပိုင်း ၁၈ ရက် ၂ဝ၁၁နေ့က အာရ်အက်ဖ်အေ ကနေလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
ကျနော် တစ်ကြိမ်က လွိုင်ကုန်းဆာ(၈၀၆၆) လို့ခေါ်တဲ့ ခံစစ်စခန်းကြီးမှာ စခန်းထိုင်တာဝန် 
ကျဖူးပါတယ်။ ကုန်းကလည်းမြင့်၊ ရောက်တဲ့အချိန်ကလည်းဆောင်းတွင်းကြီးဆိုတော့ တုန်နေအောင်ကိုအေးပါတယ်။ စခန်းပေါ်ကနေ အောက်ဘက်တွေကို လှမ်းငေးကြည့်လိုက်
ရင် သူ့ပတ်လည်တဝိုက်က တခြားတောင်တန်းတွေအားလုံး သူ့ထက်နိမ့်နေသယောင်ပါပဲ။ တိမ်တွေပေါ်ကနေစီးကြည့်ရတာဆိုတော့ ပင်လယ်ထဲကကျွန်းလေးတကျွန်းပေါ် ရောက်နေသူလိုဖြစ်နေပါတယ်။ နေပွင့်ပြီး တိမ်စင်တဲ့အချိန်တွေများဆို အောက်ဘက် 
ဟိုးအဝေးဆီမှာ သံလွင်မြစ်ကြီးက အဖြူရောင်ဖဲကြိုးလေးတစ်စကို တွန့်လိမ်ခွေခေါက်ပြီး ဆန့်ထားဖြန့်ထားသလိုမျိုး။ ဟိုပန်၊ ပန်လုံနဲ့ တခြားရွာငယ်လေးတွေကလည်း ဟိုတကွက်
ဒီတကွက်နဲ့။ တကယ့်ကိုသာယာလှပတဲ့ လွိုင်ကုန်းဆာပါ။ စစ်မက်ကင်းပြီးငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ပြည်မှာသာဆို လွိုင်ကုန်းဆာဟာ သူ့အလှအတွက် ဂုဏ်တောင်မောက်လောက်ပါရဲ့။ 

ပန်လုံကိုရောက်ရင် ကြိုးတံတားကိုဖြတ်၊ နမ့်ဟူးကူးတို့ဆိပ်ကိုရောက်။ အဲဒီနားက ရွာလေးတစ်ရွာရဲ့အခြေကစပြီး လွိုင်ကုန်း ဆာကို တက်ရတာပါ။ စခန်းမရောက်ခင်လမ်းမှာ တာတိလင်၊ ရှောင်တိလင်၊ ရှာတိလင်ဆိုတဲ့ရွာတွေကို ဖြတ်ရတယ်။ တရုပ်နဲ့ နယ်ခြားစပ်နေတဲ့အရပ် မို့ထင်ပါရဲ့၊ အဲဒီရွာတွေမှာ လီရှောနဲ့လားဟူတချို့နေပေမယ့် တရုပ်လူမျိုးတွေသာအနေများပါတယ်။ လွိုင် ကုန်းဆာရဲ့ အရှေ့ဘက်မှာတော့ ပညက်ထန်၊ လုံထန်စတဲ့ရွာတွေ။ နေပွင့်ချိန်ဆိုရင် လွိုင်ကုန်းဆာကနေ တရုပ်မြန်မာနယ်ခြား ကျောက်တိုင်ဖြူဖြူလေးကို လှမ်းမြင်ရတတ်ပါတယ်။

စခန်းပေါ်မှာက စိုက်ထားထားတဲ့ ရွှေဖရုံပင်တွေရယ်၊ သဘာဝအလျှောက်ပေါက်နေတဲ့ ကျောက်ဂျင်း၊ ဆေးမြင်းခွာ၊ ခမ်းတောက်ပင် တွေပဲရှိတာဆိုတော့ ဟင်းစားအတွက် စခန်းကိုတစ်ပတ်တစ်ကြိမ်လောက် ဈေးလာလာရောင်းတဲ့ ဈေးသည်  လေးတွေကိုပဲ အားကိုးရတာပါ။ အရပ်သားဆိုလို့ သူတို့ကလွဲလို့မမြင်ရတတ်ပါဘူး။ နေရတာ တကယ့်ကိုငြီးငွေ့စရာကြီးလိုပါပဲ။ ယူလာတဲ့ ဖတ်စရာစာအုပ်ကလေးတွေ ကုန်တာနဲ့ အင်္ဂလိပ်မြန်မာအဘိဓာန်လေးလှန်လိုက်၊ စာလုံးတွေကျက်လိုက်နဲ့ပေါ့။ ရေဒီယိုလေးကတော့ တကယ့်ကိုအသုံးတည့်တဲ့ ပစ္စည်းလေးပါ။ မနက်ခင်းနဲ့ညနေခင်းတွေမှာ ဘီဘီစီ၊ ဗီအိုအေလိုသတင်းဋ္ဌာ နတွေအပြင် ဗ.က.ပ အသံလွှင့်ဋ္ဌာနကလွှင့်တာတွေပါ ခိုးပြီးနားထောင်ကြပေါ့လေ။ ဗြောင်တော့လည်း မဟုတ်ပါဘူး။ တပ်ထဲမှာ အဲဒါတွေနားထောင်ရင် ပြဿနာရှိတယ်မဟုတ်လား။

တစ်နေ့တော့ စခန်းကုန်းအနောက်ဘက် အောက်ခြေက လီရှောရွာတစ်ရွာကို သွားဖို့ကိစ္စပေါ်လာပါတယ်။ တပ်ခွဲတစ်ခွဲ အင်အားနဲ့ သွားမှာဖြစ်ပြီး ကျနော်လည်းလိုက်သွားရပါတယ်။ ကျနော်တို့ မထွက်ခင်ကတည်းကိုက စခန်းပေါ်ကနေ ၇၅ မမနဲ့ ၈၁ မမ လက်နက်ကြီးတွေ ကြိုတင်နေရာချထားခိုင်းတာ သိရပါတယ်။ ကျနော့်စိတ်ထဲတိုက်ပွဲဖြစ်မယ်ထင်တယ်လို့တော့တွက်မိပါတယ်။ လက်နက်ကြီးတွေဘာကြောင့် ကြိုဆင်ထားရသလဲဆိုတာတော့ ဘယ်သူ့ကိုမှ မမေးဖြစ်ပါဘူး။

သွားရင်းနဲ့လမ်းမှာ ရဲဘော်တစ်ယောက်က နောက်သလိုပြောင်သလိုနဲ့ “ဟင်းစားပြတ်တာကြာပြီ။ ဗိုက်ထဲမှာဖရုံပင်  တွေတောင် ပေါက်နေပြီ။ ဂွင်ပဲ။ ဝါးတီးတော့ ရမှာသေချာတယ်” လို့ပြောတော့ နောက်တစ်ယောက်က မျက်နှာပြောင်စပ်စပ်နဲ့ “ပြည်သူ့တပ်မတော် သားများ++ တာမားကြက်ကိုခိုးစား++တာကောလိုက်လို့ပြေးရတဲ့++ဒို့တပ်မတော်သား++” ဆိုပြီး စစ်သီချင်း တပုဒ်ကို ဖျက်တောင်ဆိုလိုက်ပါသေးတယ်။ ကျနော်က “အင်း..သူတို့ပြောတာလည်း ဟုတ်တုတ်တုတ်” လို့တွေးပြီး ပြုံးလိုက်မိ ပါသေးတယ်။ အဲဒီရွာတွေက အသားတိုးဝက်ကြီးတွေမွေး၊ ဝက်ပေါင်ခြောက်လုပ်ပြီး တရုပ်ပြည်ဘက်ကိုတင်ကြတာကိုး။

၎ နာရီလောက်လျှောက်မိတော့ ရွာစပ်ကိုကပ်မိပါတယ်။ ရွာထဲက အချက်ပေးတုံးခေါက်သံတွေလည်း ခပ်သဲ့သဲ့ကြားလိုက် ရပါတယ်။ တုံးခေါက်တဲ့သဘောက “စစ်တပ်လာနေပြီ၊ လူတွေရှောင်ကြ” လို့ ရွာစဉ်အလိုက်အချက်ပေးတာပါပဲ။ အဲဒီအချိန်မှာ ကျနော်က ခွဲရုံးကလူတွေနဲ့အတူရှိနေတာပါ။ ခွဲမှူးက ၉၀၆ ဆက်သွယ်ရေးစက်ကနေ စစ်ကြောင်းမှူးနဲ့စကားပြောရင်း စစ်သုံးမြေ ပုံပေါ်မှာ နီပြာတံနဲ့ခြစ်လိုက်ဖျက်လိုက် လုပ်နေပါတယ်။ တပ်စုတွေကတော့ ရွာထဲဝင်ရှင်းဖို့ပြင်ဆင်နေကြတာပေါ့။ စက်လတ်ကိုင်တဲ့ ရဲဘော် ၂ ယောက်ကတော့ ခွဲမှူးနဲ့မလှမ်းမကမ်းက အမြင့်နေရာလေးမှာ စက်လတ်ကိုဆင်နေပါတယ်။

နောက်တော့ ခွဲမှူးအမိန့်နဲ့ တပ်စုတွေရွာထဲစဝင်ပါတယ်။ ဝင်ဝင်ချင်းပဲ အမ်၂၂ သေနတ်သံ၊ အမ် ၂၃ တရုပ်စက်လတ် အသံတွေ ဖျော ကနဲထွက်လာပါတယ်။ ကျနော်တို့ဘက်က ပြန်လှန်ပစ်ခတ်သံတွေ၊ အနားကစက်လတ်သံတွေ၊ ခွဲမှူးရဲ့လက်ကိုင် စကားပြောစက်ကတဆင့် ဆက်သွယ်အမိန့်ပေးနေသံတွေ အားလုံးညံနေတာပါပဲ။ ရွာထဲကပစ်သံတွေအရမှန်းကြည့်ရတာ  အနည်းဆုံးသေနတ် ၁၀ လက်လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျနော် ခေါင်းထောင်ပြီးလှမ်းကြည့်မိတော့ ရွာထဲက ကျောက်ခင်း လမ်းတွေပေါ်မှာ ပြေးလွှားနေတဲ့လူတွေ၊ တိရိစ္ဆာန် တွေကို ရိပ်ကနဲရိပ်ကနဲတွေ့နေရပါတယ်။ တချို့လူရိပ်တွေက ခပ်သေးသေး  လေးတွေဆိုတော့ ကလေးတွေဖြစ်မယ်ထင်ပါတယ်။

နောက်တော့ တပ်စုတွေကနေပစ်လိုက်တဲ့ စိန်ပြောင်းသံတွေထွက်လာပါတယ်။ ရွာလည်မှာ၊ ရွာအစွန်အစပ်တွေမှာ ကျကွဲသံတဝုန်း ဝုန်းနဲ့၊ မီးခိုးတွေလည်း အူထလာတာတွေ့နေရပါတယ်။ တချိန်ထဲမှာပဲ လွိုင်ကုန်းဆာကနေလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးအသံတွေ တလ စပ်ထွက်ကြားနေရပါတယ်။ ရွာထဲမှာ ဗုံးဆန်ဘယ်လောက် ကျတယ်ဆိုတာသာမသိပေမယ့် ကျကျကွဲနေတာတော့ အတိုင်းသားမြင်နေရပါ တယ်။ တရွာလုံးမီးခိုးတွေဖုံးနေပါပြီ။ တချက်တချက် မီးတောက်ကြီးတွေ ဟုန်းကနဲဟုန်းကနဲ ထထတောက်တာတောင် တွေ့နေရပါတယ်။

စိတ်ထဲမှာ အခုဘယ်သူတွေနဲ့များချနေတာပါလိမ့်။ ဘာတွေများဆက်ဖြစ်လိမ့်ဦးမလဲ ဆိုတာလောက်ပဲတွေးမိပြီး၊ မိနစ်ပိုင်းအတွင်းမှာ တင် ကိုယ့်မျက်စေ့တောင်ကိုယ်မယုံနိုင်မယ့်အဖြစ်ဆိုးကြီးတခု တွေ့ရတော့မှာပါလားလို့တော့ တစက်မှမတွေးမိခဲ့ဖူးပါဘူး။

ကျနော်မျိုးမြင့်ပါခင်ဗျား

0 comments:

Post a Comment