Sunday, May 29, 2011

နူးယော့ခ်ကိုရောက်ခိုက် အရှေ့လေEast Wind ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးဖြစ်တာပါ။

0 comments
မေး။ HBO က ရိုက်တဲ့ မှတ်တမ်းရုပ်ရှင် Burma Soldier မှာ စတင်ပါဝင်ခွင့်ရပုံလေး သိပါရစေ။
ဖြေ။ ကျနော်aနာက်ဆုံးအကြိမ်ထောင်ကလွတ်(မေလ ၆ ရက် ၂၀၀၄) ပြီးနောက် ပြည်တွင်းမှာဆက်နေပြီး နိုင်ငံရေးထဲဆက်ပါနေဖို့ရာ အကျပ် အတည်းတော်တော်ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်းနဲ့ ချိတ်ဆက် လုပ်ဆောင်မှုတွေ ကို စစ်ထောက်လှမ်းရေးကရိပ်မိပုံပေါ်ပြီး မကြာမကြာဆိုသလိုမေး  တာမြန်းတာအပြင် ပြန်ဖမ်းမယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေပါလုပ်လာပါတယ်။ နောက်တကြိမ်ပြန်အဖမ်းခံရပြီး
ထောင်ချခံရလို့ရှိရင် နှစ်ကြီးပေးခံရမှာဖြစ်တာကိုလည်း ကျနော်တွက်မိတယ်။ ထောင်ထဲတင်လည်း သေ သွားနိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ စစ်ကြောရေးနဲ့ထောင်ထဲက ဒုက္ခသုက္ခတွေဟာ ဘယ်လောက်ဆိုးကြောင်း ၁၅ နှစ်တာအတွေ့အကြုံအရ သိထားပြီးသူတယောက်ဖြစ်တော့ နောက် တကြိမ်ပြန်အဖမ်းခံရမှာ၊ စစ်ကြောရေးအလုပ်ခံရမှာ၊ ထောင်အကျခံရမှာကြောက်တာနဲ့ ထိုင်းမြန်မာနယ်စပ် ကို ထွက်ပြေးတိမ်းရှောင်ဖို့ စိတ်ကိုပိုင်းဖြတ်လိုက်ပြီး ၂ဝဝ၅ ဖေဖေါ်ဝါရီလထဲမှာ ဗမာပြည်ကထွက်ခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံမဲဆောက်ကိုရောက်တယ်။ အေအေပီပီမှာကူညီလုပ်ကိုင်နေရင်း တနေ့မှာ ဓါတ်ပုံသတင်းစာဆရာ Nic Dunlop ဆိုသူ ရုံးကိုရောက်လာတယ်။ ကျနော်နဲ့စကားနည်းနည်း ပြောဖြစ်သွား တယ်။ ကျနော့် လူပုဂ္ဂိုလ်ဘဝ၊ နိုင်ငံရေးဘဝနဲ့ထောင်တွင်းဘဝတွေကို စိတ်ဝင်စားကြောင်းပြောလာတယ်။ ကျနော်အရင်က စစ်သားဖြစ်ဖူးတယ်၊ နောက် ရှေ့တန်း မှာပြည်တွင်းစစ်ကြောင့် ဒုက္ခတိဖြစ်ပြီးတပ်ကထွက် တယ်၊ နောက်တော့ ပြည်တွင်းစစ်ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြန်ဆက်သွယ်တယ်၊ နောက် ၁၉၈၈ မှာပါလာတယ်၊ ၈၈ ကာလအတွင်းစစ်တန်းလျားထဲက စစ်သားတချို့ကိုလူထုနဲ့လက်တွဲပြီး ဆန္ဒပြပွဲတွေမှာပါလာအောင် လံှု့ဆော်နိုင်ခဲ့တယ်၊ နောက်အဖမ်း ခံ ရ။  ထောင် ၃ကြိမ်ကျခဲ့တယ်၊ ထောင်ထဲမှာ ထောက်လှမ်းရေးက အပေးအယူလုပ်ပြီးလွှတ်ပေးဖို့ လာကမ်း လှမ်းတာကို ၃ကြိမ်စလုံးငြင်းခဲ့တယ်၊ အဖမ်းခံရချိန်ကတည်းက ညီဖြစ်သူက ကျောင်းသားတပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်းသွားတယ်၊ နှစ်တွေချီပြီး ညီအကိုတကွဲတပြားဖြစ်နေတယ်၊ ထိုင်းရောက် လာပြီးနောက်ပိုင်းလည်း ဗမာ့ဒီမိုကရေစီရေးအတွက် ဆက်လုပ်နေတယ် စတာတွေကိုစိတ်ဝင်စား တယ်၊ နောက်တော့ သူနဲ့အဆက်အသွယ်ပြန်ပြတ်သွားတယ်။ ၂၀၀၈ ခုနှစ်ထဲ မှာ အုန်းပြန့်ဒုက္ခသည်စခန်းထဲ ကနေ ကျနော်မဲဆောက်ကိုပြန်ဆင်းအလာမှာ သူနဲ့ပြန်တွေ့တယ်။ သူက မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူရှာလို့ ရပြီဖြစ်ကြောင်းပြောတယ်။ ဇာတ်ဝင်ခန်း၊ ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှ သိတ်ထွေထွေထူးပြောနေစရာ မလိုတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းကားဆိုတော့ နည်းနည်းပါးပါးညှိပြီးရိုက်ဖို့လက်ခံလိုက်တယ်။ ဒါနဲ့ ရိုက်ဖြစ်သွား တယ်။ HBO ကရိုက်တာမဟုတ်ပါဘူး။ HBOက ပြသခွင့်ကိုရရှိပြီး ပြသနေတာဖြစ်ပါတယ်။ အေအေပီပီက ဒုတိယအတွင်းရေးမှူး ကိုဘိုကြည်ကလည်း နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဘဝမှတ်တမ်းကိုရိုက်ချင် တယ်ဆိုရင် ကျနော်ဟာသင့်တော်တဲ့သူဖြစ်ကြောင်း Nic Dunlop ကိုတိုက်တွန်းပြောဆို အကြံပြုခဲ့တာ လည်းပါပါတယ်။
မေး။  Burma Soldier မှာပါဝင်ခွင့်ရတဲ့အတွက် ခံစားချက်နှင့် အတွေ့အကြုံကို ပြောပြပေးပါလားရှင်။
ဖြေ။ ဒီကားကို လက်ခံပြီးရိုက်မယ်ဆိုကတည်းက ကျနော်ကြိုတွေးထားတာတွေရှိပါတယ်။ ဗမာ့ဒီမိုကရေ စီရေးနဲ့ပတ်သက်လို့ မှတ်တမ်းရုပ်ရှင်တွေ အတန်အသင့်ရှိနေပြီးသားဖြစ်ပါတယ်။ အကြီးအသေး အတို အရှည်ပဲကွာတာပါ။ ကျနော့်ကားလည်း ဒီကားတွေထဲက ကားတကား။ ဒီမိုကရေစီလှုပ်ရှားမှုကို တထောင့် တနေရာက အတိုင်းအတာတခုအထိ စေ့ဆော်မှုပေးနိုင်မယ့်ကားတကား၊ ဒီလောက်ပါပဲ။ ဒီ့ထက်ပိုပြီး ဘာမှများများစားစားမမျှော်လင့်သလို တွေးလည်းမတွေးထားမိခဲ့ပါဘူး။ နောက်တခုက ဒီကားထဲမှာ ကျနော်ပြန်ပြောရတာတွေနဲ့ပတ်သက်လို့ဖြစ်ပါတယ်။ သူများကိုပြန်ပြောဖို့နေနေသာသာ ကိုယ်ကိုယ် တိုင်တောင် ဘယ်တော့မှပြန်မတွေးချင်တော့တဲ့၊ ဖြစ်နိုင်ရင် သိစိတ်နဲ့မှတ်ဉာဏ်ထဲကနေ အပြီးတိုင်ဖယ် ထုတ်လိုက်ချင်တဲ့အကြောင်းတွေကို ပြန်ပြောပြရတော့မယ်။ ပြောမယ်ဆိုရင်ပြန်တွေးရတော့မယ်။ ပြန်ခံစား ရတော့မယ်ဆိုတာ ကြိုတွက်မိတယ်။ အဲသလိုပြန်တွေးလိုက်ရုံနဲ့တင် ခြောက်အိပ်မက်တွေနဲ့ အိပ်ပျက် ညတွေ၊ ချွေးပြန်ပြီးနိုးလာမယ့် တရေးနိုးတွေအများကြီး ပြန်ရောက်လာဦးတော့မယ်ဆိုတာကိုလည်း သိနေတယ်။ ကိုယ့်ကိုယ်ကိုပြန်ပြီး နှိပ်စက်ညှဉ်းပမ်းရတော့မယ် ဆိုတာလည်းသိနေတယ်။ ဒါပေမယ့် ငါလုပ် ရမှာပဲဆိုတဲ့အသိနဲ့ စိတ်ဒုံးဒုံးချပြီးလုပ်ခဲ့ရတာပါ။ ကားရိုက်နေချိန်မှာတင် မဟုတ်ပါဘူး။ ဘယ်အချိန်ပြန် ကြည့်ကြည့် ကြည့်လိုက်ရတိုင်းမှာ အဟောင်းတွေအသစ်ဖြစ်၊ မသိစိတ်ထဲကမှတ်ဉာဏ်ဟောင်းတွေ သိစိတ်ထဲပြန် ဝင်လာပြီးအသစ်ပြန်ဖြစ်။  စိတ်ထိခိုက်ရတာချည်းပါပဲ။  
မေး။ စစ်တပ်ထဲကိုစတင်ဝင်ရောက်ဘို့အတွက် ဘယ်လိုအရာတွေကများ တွန်းအားပေးခဲ့ပါသလဲ။
ဖြေ။ ကျနော်အထက်တန်းကျောင်းသားဘဝမှာ မိသားစုစားဝတ်နေရေးပြဿနာက အိမ်မှာအတော်ရှိနေ တယ်။ ကျနော် ကျောင်းတက်ရင်း အပြင်မှာဈေးရောင်းဘာရောင်းလုပ်ပြီး ဝင်ငွေရှာခဲ့ရတယ်။ ဒါက မိသားစု ဝင်ငွေနဲ့စားဝတ်နေရေးအပိုင်း၊ နောက်တပိုင်းက ကျနော်က စစ်တပ်အဝန်းအဝိုင်းနဲ့နီးစပ်တယ်။ ကျနော့် မျက်စေ့ရှေ့မြင်နေရတဲ့ စစ်တပ်နဲ့စစ်သားတွေကို အထင်ကြီးတယ်။ လေးစားတယ်။ စစ်တပ်က တိုင်းပြည်ကို လူထုကိုကာကွယ်ပေးနေတယ်လို့လည်း ယုံကြည်နေတယ်။ ရှေ့တန်းပြန်စစ်သားတွေကို လူတွေကပန်း ကုံးတွေစွပ်လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာတွေမြင်ရရင်၊ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွေကိုမြင်ရင် အားကျမိတယ်။ ကိုယ်လည်းသူတို့လို သူရဲကောင်းဆန်ဆန် လုပ်ချင်စိတ်အခံကလေးလည်းရှိနေတယ်။ စာလေးဘာလေးလည်း နည်းနည်းပါးပါးဖတ်တော့ ဖက်ဆစ်တော်လှန်ရေးတို့ တရုပ်ဖြူ ကျူးကျော်မှုစစ်ပွဲတို့ ကိုသိပြီး စစ်သားလုပ်ချင်စိတ်လည်းဖြစ်မိတယ်။ စစ်သားဖြစ်ရင် စားဝတ်နေရေးပြဿနာလည်းငြိမ်းမယ်။ လူအထင်ကြီးတာ လေးစားတာကိုလည်း ခံရမယ်လို့တွက်မိတယ်။ ဒါနဲ့ဝင်ဖြစ်သွားတာပါ။ တိုင်းပြည်ချစ်လို့တို့ ဘာတို့လို့တော့မဟုတ်ပါဘူး။ အဲသလိုပြောနိုင်ပါတယ်။
မေး။ နောက် စစ်မှုထမ်းဟောင်းဘဝအနေနဲ့ ပြည်သူကြားမှာကိုယ်တိုင်တွေကြုံ ခံစားမှုများကိုသိပါရစေ။ 
ဖြေ။ စစ်တပ်က မဖြစ်စလောက်ဆေးပင်စင်လေးနဲ့ ထွက်လာပြီးနောက်ပိုင်း အမေနဲ့ညီအကိုမောင်နှမတွေနဲ့အတူ ပြန်နေတယ်။ ရွှေတကျပ်သား ၃ထောင်လောက်ရှိတဲ့ခေတ်မှာ ကျနော့်ထိခိုက်ဒဏ်ရာရမှုအတွက် ငွေခြောက်ထောင်တလုံးတခဲတည်း လျော်ကြေးအနေနဲ့ရတယ်။ ကိုယ်တိုင် ဘာမှမလုပ်နိုင်တော့သူဆိုတော့ အကူလစာဆိုပြီးပေးတာရယ် ကျနော့်ပင်စင်ရယ် ၂ ခုပေါင်းရင်တလကို ၂၆၀ လောက်လစဉ် ပင်စင်ငွေရတယ်။ မလုံလောက်ဘူး။ ဆိုတော့ ဘဝရပ်တည်ရေးအတွက် ဝင်ငွေရှာတဲ့အနေနဲ့ စာအုပ်အငှားဆိုင်လေးဖွင့်ဖို့ရည်ရွယ်ပေမယ့် လက်တွေ့မှာ စတိုးဆိုင် အသေးစားလေးတခုဖွင့်ဖြစ်တယ်။ ဒါပေမယ့် စာဖတ်ဝါသနာအလျှောက် စာဖတ်ဝိုင်းလေးတခုပါတွဲလုပ်ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့ အနိဋ္ဌာရုံတွေကြောင့်ပဲ ကျနော့်စိတ်ကူးထဲကစစ်တပ်က ကျနော့်စစ်သားဘဝရဲ့အတွေ့အကြုံ အသိအမြင်တွေအောက်မှာ တစစီပြိုကျနေတာ ကို မြင်နေရတယ်။ ဖခင်ပျောက်သွားတဲ့သားသမီးတွေ၊ လင်သေမုဆိုးမတွေ၊ သားပျောက်ရှာနေ တဲ့မိခင်တွေ၊ ကျနော့်လိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဘဝ ရောက်သွားရရှာသူတွေရဲ့ မျက်ရည်ပေါက်ကြီးငယ်တွေကိုအရင်းတည်ပြီး စစ်အာဏာရှင်စနစ်ကိုထူထောင်၊ ဆွေမျိုးကောင်းစားရေး လုပ်နေတဲ့၊ စစ်အာဏာထူထောင်ရင်း ကိုယ်ကျိုးရှာနေတဲ့ လက်တဆုပ်စာစစ်ဗိုလ်ချုပ်တွေက စစ်တပ်ကိုလက်ကိုင်တုတ်လုပ်၊ လူမိုက်မွေးသ လိုမွေးထားတာကို မြင်လာတယ်။ တပြိုင်တည်းမှာ မဆလအရပ်ဝတ် စစ်အာဏာရှင်စနစ်ကြောင့်ပဲ တချိန်ကအရှေ့တောင်အာရှမှာ အချမ်းသာ ဆုံးနိုင်ငံအဖြစ်ကနေ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်အနေဘဝကို လျှောကျသွားရလိုက်တာကိုလည်း မြင်လိုက်ရတယ်။ စိတ်ကူးယဉ် စစ်သားအိပ်မက်ကို လက်တွေ့စစ်သားအဖြစ်က ရွံမုန်းလာတယ်။ ပြည်တွင်းစစ်မှာမသိသားဆိုးရွားစွာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတဝက်လောက် ဆုံးရှူံးသွားခဲ့ရပေမယ့် ကျန်နေသေးတဲ့ခန္ဓာကိုယ်နဲ့ လိုအပ်ရင်အသက်ပါပေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်မယ်လို့ ပိုင်းဖြတ်ချက်ချလိုက်တယ်။ ဒဏ်ရာရခဲ့တဲ့ ၁၉၈၄ ကနေ ၁၉၈၈ မတိုင်မီကာလတွေဟာ ကျနော့်ဘဝအတွက်အလွန်လည်းတန်ဖိုးရှိသလို စိတ်ပန်းလူပန်းလည်းဖြစ်ရချိန်တွေပါပဲ။ စိတ်ပိုင်းရောရုပ်ပိုင်းမှာပါ ဒဏ်ရာတွေဗလပွနဲ့ကိုး။
မေး။  နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တယ်လို့သိရပါတယ်
ဦးမျိုးရဲ့ ထောင်မကျခင် နိုင်ငံရေး ဘဝဖြတ်သန်းမှု ပုံရိပ်တချို့ကို သိပါရစေရှင်။
ဖြေ။ စတိုးဆိုင်နဲ့စာဖတ်ဝိုင်းလေးဖွင့်ပြီးနေရင်းက ကျနော့်ပိုင်းဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ကြိုးစားတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရလာတယ်။ ပြည်တွင်းစစ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ အထိုက်အလျှောက်ပြောဆိုဆွေးနွေးဖြစ် သဘောထားပေးခွင့်နဲ့ မေး ခွင့်တွေပါရလာတယ်။ ကျနော့်သဘောထားက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက်ကို ဘယ်သူနဲ့ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းနဲ့ဖြစ်ဖြစ် လက်တွဲပြီး လုပ်နိုင်တယ်။ လုပ်လည်းလုပ်မယ်။ နောက်ဆုံးကုန်ကုန်ပြောမယ် လက်ရှိစစ်တပ်က ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကို အမှန် တကယ်လုပ်တယ်ဆိုရင်၊ လုပ်နေတယ်လို့ကျနော်ယုံကြည်ရင် အဲဒီငြိမ်းချမ်းရေးကိစ္စတခုတည်းအတွက် သူတို့နဲ့တွဲလုပ်နိုင်တယ်။ ကျန်တာတွေ ကတော့ သူတို့ကျူးလွန်ခဲ့တာတွေ သူတို့လုပ်ရပ်တွေအတွက်ကတော့ သူ့တရားနဲ့သူစီရင်တာကို ခံပေ့စေပေါ့။ နောက်တော့ ၈၈အရေးတော် ပုံကြီးဖြစ်လာတယ် ကျနော်လည်းပါဝင်ခဲ့တယ်။ ကျနော့်အတွေ့အကြုံတွေကိုအခြေခံပြီး ကျနော်ဖျောင့်ဖျစည်းရုံးမယ်လို့ရည်ရွယ်တဲ့ “ပစ်မှတ်က စစ်တပ်” ပါ။ အဲဒီအချိန်မှာ ဒီမိုကရေစီရေးကိုသာ တွင်တွင်ပြောနေကြမေပယ့် အဲဒါနဲ့တွဲပြီးအရေးပါလှတဲ့ပြည်တွင်းစစ်ကိစ္စကို ပြောသံဆိုသံတွေ က နည်းနည်းအသံတိုးတယ်ထင်ပါတယ်။ ဒါနဲ့ကျနော့် “နဂိုရည်မှန်းနို င်ငံရေး”ဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ကို ဇောင်းပေးပြီးပြောတယ်ဆိုတယ် လုပ်တယ်ကိုင်တယ်။ အထိုက်အလျှောက် ထိရောက်တယ်လို့ဆိုနိုင်ပါတယ်။ တပ်မတော်သားတချို့ လူထုနဲ့လက်တွဲလာတယ်။ နောက်တော့ အရပ်ဝတ်စစ်အာရှင်စနစ်ကနေ ယူနီဖေါင်းဝတ်စစ်တပ်ဆီကို အာဏာလက်လွှဲလက်ပြောင်းလုပ်တယ်။ ပါတီတွေထောင်ခွင့်ရလာတာနဲ့ NLD ပေါ်လာတယ်။ ကျနော် ပါတီဝင် ဖြစ်လာတယ်။ NLD မှာ တစုံတရာအဆင့်အနေတခုအထိ တာဝန်ယူ လုပ်ကိုင်ခဲ့တယ်။ “မတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ” ဆိုတဲ့လှုပ်ရှားမှုမှာ မင်္ဂလာဒုံမြို့နယ်ကိုဦးဆောင်ပြီး အာဏာဖီဆန်ရေး လမ်းကြောင်းပေါ် တွန်းတင်နိုင်ခဲ့တယ်။ အဖမ်းခံရတယ် ပထမအကြိမ်။ ဇူလိုင်လ ၇ ရက် ၁၉၈၉။ စစ်ကြောရေးရောက်တယ်။ သူများနည်းတူ အနှိပ်စက်ခံရတယ်။ ထောင်ကိုပို့တယ်။ ကျနော်ထောင်ထဲမှာရှိနေတုန်းပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ မြေအောက်လှုပ်ရှားမှုကြီးတခုလုံး လိုလို ထောက်လှမ်းရေးလက် ကျသွားတယ်။ ကျနော်နဲ့သူတို့နဲ့အချိတ်အဆက်တွေ ထောက်လှမ်းရေးကရသွားတယ်။ ညီဖြစ်သူကရှောင်ရင်း တိမ်းရင်း လက်နက်ကိုင်တော်လှန်ရေးဆင်းဖို့ပြင်နေတယ်။ ဒီလိုနဲ့ သြဂုတ်လ ၄ ရက်နေ့ ၁၉၈၉ မှာပြန်လွတ်တယ်။ အပြင်မှာ ၃ ရက်နဲ့တမနက်ပဲ ထားပြီး ပြန်ဖမ်းတယ်။ သြဂုတ်လ ၈ ရက် ၁၉၈၉။ ရေကြည်အိုင်ရောက်တယ်။ ထုံးစံအတိုင်းခံရတယ်။ ဒီတကြိမ်မှာ ပိုဆိုးလာတယ်။ ကျနော့်ကို စစ်သားဟောင်းတယောက်ဖြစ်ပြီး တပ်မတော်ကိုဆန့်ကျင်သူလို့ သူတို့ကမြင်တယ်။ ဗကပ လို့စွပ်စွဲတယ်။ ဆိုတော့ပိုခံရတယ်။ နောက်တော့
ထောင်ကိုပို့တယ်။ နိုဝင်ဘာလ ၆ ရက် ၁၉၈၉ မှာ စစ်ခုံရုံးအမှတ်(၅)ကနေ ထုချေခွင့်လျှောက်လဲခွင့်ဘာမှမပေးပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ချတယ်။ စက်တင်ဘာ ၂၅ အင်းစိန်ထောင်တွင်းတိုက်ပွဲမှာပါခဲ့တယ်။ မချိမဆန့်တွေခံရတယ်။ နောက်တော့ တောင်ငူထောင်ကိုပြောင်း ခံရတယ်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သာမန်လွတ်ရက်နဲ့လွတ်ပြန်တယ်။ အပြင်ပြန်ရောက်ရောက်ချင်း ထောင်တွင်းထောင်ပြင် သတင်း၊ ဆေးဝါး၊ စားနပ်ရိက္ခာကူညီရေး လျှို့ဝှက်ဆက်သွယ်ရေးလုပ်တယ်။ အပြင်မှာ တလလောက်နေလိုက်ရပြီး  ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ၁၉၉၇ မှာပြန်အဖမ်းခံရပြန်တယ်။ စစ်ကြောရေးကနေ ရန်ကုန်ဆေးရုံကြီးအချုပ်ခန်းထဲ ရောက်ရတဲ့အခြေအနေအထိနှိပ်စက်ခံ ရတယ်။

မေး။ ဦးမျိုးကိုထောင်ထဲမှာ နှစ်ရှည်တိုက်ပိတ်ထားခံရတယ်လို့ဆိုပါတယ်။ တိုက်ပိတ်ခြင်းနှင့် ထောင်တွင်းတိုက်ပွဲ အတွေ့အကြုံတချို့ ကိုသိပါရစေရှင်။
နှစ်ရှည်တိုက်ပိတ်တာမဟုတ်ပါဘူး။ အကြိမ်ကြိမ်တိုက်ပိတ်တာခံခဲ့ရတဲ့ ကာလအရေအတွက်စုစုပေါင်း က လေးနှစ်ခွဲလောက်ဖြစ်တယ်လို့ဆိုတာပါ။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ကတော့ “တောင်းပွဲရောတိုက်ပွဲပါ” အမြဲရှိနေပါတယ်။ တချို့တိုက်ပွဲတွေက “ဂုဏ်သိက္ခာအတွက် တိုက်ရတဲ့တိုက် ပွဲ” ဖြစ်ပြီး တချို့တိုက်ပွဲတွေက “နိုင်ငံရေးအကျဉ်သားရပိုင်ခွင့်အတွက်တိုက်ရတဲ့တိုက်ပွဲ” ကျနော် လည်း အခြားနိုင်ငံရေးအကျဉ်းသားများနည်းတူ တောင်းပွဲမှာရောတိုက်ပွဲမှာပါ ပါခဲ့ပါတယ်။ အထူးခြားဆုံးတခု အနေနဲ့ပြောရမယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ထောင်တွင်းတိုက်ပွဲဖြစ်ပါတယ်။ ၁၉၈၈ နောက် ပိုင်း ဗမာပြည်ထောင်သမိုင်းမှာ လူအများဆုံးပါဝင်ခဲ့ တဲ့ ထောင်တွင်းတိုက်ပွဲတခုလို့ပြောရင် မမှားဘူးထင်ပါ တယ်။ အဲဒီအချိန်မှာ ကျနော်က ၄ တိုက်(ရှည်)မှာရှိနေပါတယ်။ ဒီတိုက်ပွဲမှာ ၄ ရှည်ကအခြားသူတွေလည်း အကုန်ပါခဲ့ပါတယ်။ ဒါပေမယ့် ကိုခွန်ဆိုင်း (သွေးသစ်လူငယ်များအစည်းအရုံး- ယခုအင်္ဂလန်) ကိုအောင်သန်း (သဲကုန်းမြို့နယ် NLD ဥက္ကဋ္ဌ) ကိုမြင့်ရီ(ဗကသ) ကိုကျော်အေး(ဒညတ) ကိုညိုထွန်း (ဗကသ) နဲ့ကျနော်တို့ ၆ယောက်တည်းကို ခွဲထုတ်သွားပြီး မြေကြီးပေါ်တနေကုန်မှောက်ထား၊ နေလှမ်းပြီးရိုက်နှက်ကန်ကျောက် ထိုးကြိတ်တာခံရပါတယ်။ ညတွင်းချင်းပဲ ကိုခွန်ဆိုင်းနဲ့ ကိုညိုထွန်းကို ဒေါက်ခြေကျဉ်းခတ်ပြီး သရက်ထောင် ကိုပြောင်းလိုက်ပါတယ်။ ကျနော်တို့ ကျန်တဲ့ ၄ယေက်ကိုတော့ ခြေကျဉ်းခတ်ပြီး ကြိုးတိုက်ကို၊ စစ်ခွေးတိုက်ကို ပို့ပါတယ်။ ပြစ်ဒဏ်ကာလမှာ ဘယ်လောက်မချိမဆန့်တွေဖြစ်ခဲ့ရ၊ ခံခဲ့ရသလဲဆိုတာ အဲဒီတိုက်ပွဲမှာပါဝင် ခဲ့သူတွေ အားလုံးသိကြပါတယ်။ ထောက်လှမ်းရေးမှာ၊ ထောင်ထဲမှာနှိပ်စက်ခံပြီး ကျဆုံးသွားကြတဲ့ ဒီမို  ကရေစီရေးသူရဲကောင်းတွေ ဂုဏ်ပြုတဲ့အခါတိုင်း စက်တင်ဘာ၂၅ မှာ ခံခဲ့ရသူတွေကိုလည်း အခုချိန်ထိ ကျနော်မှတ်မှတ်ရရနဲ့ အလေးအမြတ်ပြုနေဆဲပါပဲ။  
မေး။ ထောင်မှထွက်ပြီးတဲ့နောက် ဘဝဖြတ်သန်းမှုတချို့ သိပါရစေရှင်။
ထောင်ကလွတ်တဲ့အချိန်မှာ ကျနော် ဘယ်သူ့ကိုမှနှုတ်မဆက်ရက်တာနဲ့ နှုတ်မဆက်ပဲထွက်ခဲ့တယ်။ ကျန်နေရဦးမယ့်သူတွေရဲ့မျက်နှာ၊ အားယူပြီး ပြုံးပြမယ့်အပြုံးတွေကို ကျနော်ရင်မဆိုင်ရက်ဘူး။ နောက်ပြီး အပြင်ရောက်သွားတော့မယ့် ကျနော့်အပေါ်မှာထားမယ့် သူတို့ရဲ့မျှော်လင့်ချက်တွေ ကို ကျနော် ဘယ်လောက်ဖြည့်စွမ်းနိုင်မလဲစတာတွေလည်း ကျနော်ကတိမပေးရက်ဘူး။ ဒါနဲ့ ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ထွက်ခဲ့တာပါ။ ခံစားမှု ကတော့ “ခြင်းထဲကကြက်တကောင် ခြံထဲရောက်လာတယ်” ဆိုတာလောက်ပါပဲ။ ထောင်ကလွတ်ပြီးနောက် ကျနော် ထောင်တွင်းကသူတွေကို စိတ်ဓါတ်ရေးရာ အရရော၊ ရုပ်ဝတ္ထုပစ္စည်းအရပါ ကူညီဖို့ထောက်ပံ့ရေးတွေလုပ်ပါတယ်။ သခင်အုန်းမြင့်၊  မလှလှဝင်း(မဘဲရှုပ်) ကိုတင်လှိုင်(ကိုအီ ဗား) တို့နဲ့တွဲပြီးလုပ်ဖြစ်ခဲ့တာတွေပါ။ အေအေပီပီနဲ့လည်း အချိတ်အဆက်တွေပိုကောင်းလာပြီး ပိုလည်းအများကြီးလုပ်နိုင်ခဲ့ပါတယ်။ အဲဒါတွေ ကို ထောက်လှမ်းရေးက အနံ့နည်းနည်းရသွားပြီး ကျနော့်မေးလားမြန်းလား ခြိမ်းခြောက်လားတွေ လုပ်လာပြန်ပါတယ်။ ဒီတကြိမ် ကျနော် ပြန် အဖမ်းခံရရင် စစ်ကြောရေးတင် ဒါမှမဟုတ် ထောင်ထဲတင်သေသွားနိုင်တာကို ကျနော်တွက်မိတယ်။ ပြန်လည်းအဖမ်းခံချင်တော့ဘူး။ အဖမ်း လည်းမခံရဲတော့ဘူး။ ဒါနဲ့ ထိုင်းကိုထွက်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ “တော် လှန်ရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့ထွက်လာတာ” လို့ပြောရင်မမှန်ပါဘူး။ “ကြောက်လို့ထွက်ပြေးလာတာ” ဆိုမှ မှန်မှာပါ။ ကျနော်ကြောက်သွားပြီ။ နောက်တကြိမ်အဖမ်းခံ အနှိပ်စက်ခံရမှာကို ကြောက်နေပြီ။ ကျနော့် ယုံကြည်ချက်အတွက်ကလည်း ဆက်လုပ်မယ်ပိုင်းဖြတ်ချက်ကရှိနေပြီ။ ဆိုတော့ ကျနော့်မှာရွေးချယ်စရာက ဗမာပြည်ကနေထွက်၊ တခြားနိုင်ငံ တခုခုကနေ ရသလောက်ကလေးတော့ ဆက်လုပ်နိုင်တန်ကောင်းရဲ့ဆိုတဲ့အတွေးပေါ်အခြေခံပြီး ထွက်ပြေးလာခဲ့ရတာပါ။

မေး။ အမေရိကားရောက် မြန်မာအစိုးရစစ်မှုထမ်းဟောင်းတဦး နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ရဲ့ လူနေမှုဘဝ စိတ်ခံစား မှုကို ပြောပြပေးပါလား။
ထိုင်းမှာ ၃ နှစ်ကျော်လောက် နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးတွေကို အဆက်မပြတ်လုပ်ခဲ့ပါတယ်။ နောက်တော့ ဒုက္ခသည်စခန်းထဲကိုရောက်ပါတယ်။ ဒုက္ခသည်စခန်းလည်း လူမှုရေးနဲ့နိုင်ငံရေးကိစ္စတွေ အတန် အသင့်လုပ်နိုင်၊ လုပ်ဖြစ်ခဲ့ပါတယ်။ နောက်တော့ ဇွန်လ ၂၄ ရက် ၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်များပြန်လည်နေရာ ချထားရေးအစီအစဉ်နဲ့ ရောက်လာပါတယ်။ နှစ် ၂၀ နီးပါးကွဲကွာနေခဲ့ရတဲ့ ညီနဲ့ပြန်ဆုံပါတယ်။ ညီမနဲ့ ယောက်ဖတော်သူ (နိုင်ငံရေးအကျဉ်း သားဟောင်း ကိုရဲမော်ထူး) တို့နဲ့လည်း ပြန်ဆုံရပါတယ်။ ကျနော့်ဘဝရဲ့အပျော်ဆုံးအချိန်တွေထဲကတခုလို့ ပြောရမယ်ထင်ပါတယ်။ မသေလို့ မှပြန်ဆုံရတဲ့အဖြစ်တွေကိုး။ ဒီကအကျဉ်းထောင်တွေထဲမှာ ရာဇဝတ်သားတွေရဲ့ဘဝက ကျနော့်တို့ဗမာပြည်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝနဲ့ မိုးနဲ့မြေလောက်ကိုကွာခြားတာတွေ့ရပါတယ်။ တကယ်ဆိုရင် သူတို့တွေဟာ ရာဇဝတ်ပြစ်မှုတခုခုကိုကျူးလွန်ပြီး လူ့အသိုင်းအဝိုင်းကပေးလိုက်တဲ့ ဒဏ်ကိုသာ ခံနေကြရတာမှန်ပေမယ့် အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်နဲ့လိုက်နာရမယ့်စည်းကမ်းတွေကတော့ ဗမာပြည်နဲ့ဘယ်လိုမှ မနိုင်း သာလောက်အောင်ကို ကွာနေတာတွေ့တော့ ကျနော် စိတ်တော်တော်ထိခိုက်မိတယ်။ စိတ်ထဲမလည်း “ငါ့ကို..ဗမာပြည်မှာနိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့၊ ဒီကရာဇဝတ်သားတွေရတဲ့ အနေအထားမျိုးနဲ့သာထားမယ်ဆိုရင် သေသည်အထိတောင် ထောင်ထဲမှာနေနိုင်တန်ကောင်းရဲ့” လို့တောင် အတွေးဖြစ်မိတာအမှန်ပါပဲ။  ခံလည်းအတော်ခံစားရပါတယ်။ တချို့နေရာတွေမှာဆိုရင် ဒီကရာဇဝတ်အကျဉ်းသားတယောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားပိုင်ခွင့်၊ ဘဝလုံခြုံမှုဆိုတာတွေဟာ ဗမာပြည်ထောင်အပြင်က၊ သာမန်ပြည်သူတယောက်ရဲ့ ဘဝအနေ ထက်တောင်ပိုပြီး ကောင်းနေတာတွေ့ရပါတယ်။ ဒီရောက်ပြီးနောက် US Army ကို ကျနော်လက်လှမ်းမီသလောက် လေ့လာဖြစ်ပါတယ်။ Professional Army ဆိုတာဘာလဲ၊ စစ်တပ်ဆိုတာ ဘယ်သူ့ကိုနာခံရတာလဲ၊ စစ်တပ်တခုရဲ့သဘာဝ၊ စစ်သားရဲ့တာဝန်၊ လုပ်ပိုင်ခွင့်နဲ့အကျိုး ခံစားခွင့်က ဘာတွေလဲ၊ ဘာတွေမတူသလဲ၊ ဘာတွေတူသလဲ စတာတွေကိုနိုင်းယှဉ်ကြည့်ဖြစ်တာတွေ အများကြီးရှိပါတယ်။ ရောက်ပြီးမကြာခင် မှာပဲ ဖို့ဝိန်းမြို့ရောက် မြန်မာဒုက္ခသည်များကူညီရေးအေဂျင်စီတွေ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမေရိကန်ကြက်ခြေနီအဖွဲ့ စတာတွေနဲ့ စေတနာ့ဝန် ထမ်းအလုပ်တွေ အချိန်ပြည့်လိုလိုလုပ်ဖြစ်ပါတယ်။ လုပ်ဖြစ်တယ်ဆိုတာကလည်း ကျနော်ရောက်လာပြီး ချက်ချင်းဆိုသလိုပဲ အမေရိကန်ပြည် သူတွေကပေးတဲ့ SSI လို့ခေါ်တဲ့ လူမှုထောက်ပံ့ ကြေးငွေတလကို ၆၇၄ ဒေါ်လာပေးထားတာကြောင့် ရပ်တည်ရေးအတွက် ဝင်ငွေရှာစရာ မလိုတော့တဲ့အတူ အချိန်ပိုတွေထွက်လာပါတယ်။ အဲဒီအချိန်တွေကို လူတွေကိုကူညီဖို့၊ စာရေးစာဖတ်လုပ်ဖို့၊ နိုင်ငံရေးကိစ္စတွေမှာပါဖို့ အသုံးချနိုင် တာပါ။ ဆေးဘက်ဆိုင်ရာ၊ တရားရုံးဆိုင်ရာ၊ လူမှုအဝန်းဆိုင်ရာစကားပြန်နဲ့ ဘာသာပြန်သင်တန်းတွေအပြင် အင်္ဂလိပ်စာကို ဒုတိယဘာသာစကား အဖြစ်သင်ယူလိုသူ မြန်မာတွေကိုသင်ပေးရတဲ့ ဆရာဖြစ်သင်တန်းဆင်းလက်မှတ်လည်း ရထားပြီးဖြစ်ပါတယ်။ ဆေးရုံဆေးခန်းမှာ တရားရုံးမှာ အခါအားလျော်စွာစကားပြန်အလုပ်ကို လုပ်ပေးတာတွေရယ် အေဂျင်စီတွေ၊ အစိုးရဋ္ဌာနတွေက လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဘာသာပြန် တာတွေလုပ်နေပါတယ်။ ဒါ့အပြင် ပညာရေးကိစ္စဇောင်းပေးလုပ်တဲ့ အေဂျင်စီတခုနဲ့တွဲ့ပြီး မြန်မာလူကြီးတွေအတွက် အင်္ဂလိပ်စာသင်ပေးတဲ့ အတန်းတွေမှာလည်း အနည်းဆုံးတပတ်ကို ၂ရက်သင်ပေးနေပါတယ်။ “ဖူးပွင့်ဝေ”  အမည်နဲ့ ဖို့ဝိန်းမြို့ထုတ် မြန်မာမဂ္ဂဇင်းတစောင်မှာ အယ်ဒီတာ အဖြစ်လုပ်ခဲ့သလို Golden Moon  အပတ်စဉ် မြန်မာရုပ်/သံအစီအစဉ်ကို စတင်ထူထောင်သူထဲက တဦးအဖြစ်နဲ့ရော၊ ထုပ်လုပ်သူ တဦးအဖြစ် နဲ့ပါ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါတွေအားလုံးက အခကြေးငွေမယူတဲ့ စေတနာ့ဝန်ထမ်းအလုပ်တွေချည်းပါပဲ။ တပြိုင်တည်းမှာ လွတ်လပ်သော အာရှအသံ (Radio Free Asia) မှာ “စစ်မြေပြင်မှပုံရိပ်များ” ဆိုတဲ့အပတ်စဉ်အသံလွှင့်အစီအစဉ်ကို RFA ရဲ့ Editorial Assistance အနေနဲ့ ကိုယ်တိုင်တင်ဆက်ပေးနေပါတယ်။ ကျနော့်တယောက်တည်းအနေနဲ့ပြောရရင် ဒီမှာနေရတာ ကောင်းပါတယ်။ ကျနော်တခါမှမခံစားဘူးတဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတဲ့ အရသာကိုခံစားခွင့်ရနေတယ်။ နောက်ပြီး Open Society လွတ်လပ်ပွင့်လင်းတဲ့လူ့ဘောင်ဆိုတာကို လည်း နှစ်ခြိုက်နေမိတယ်။ အမေရိကန်ပြည်သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ဘဝနေဟန်ကလည်း ကျနော့်အတွက်ဝင်ဆန့်ရတာ မခက်လှပါဘူး။ ဒါပေမယ့် ကျနော့်တိုင်းပြည်ကိုပြန်တွေးတိုင်း၊ ကျနော့် ပြည်သူတွေရဲ့ဘဝကိုပြန်တွေးတိုင်း စိတ်ထိခိုက်ကြေကွဲရတာကတော့ အမှန်ပါပဲ။ ဒီက လူတွေလိုပဲ ဗမာပြည်သူတွေကို လွတ်လပ်စေချင်၊ ငြိမ်းချမ်းစေချင်၊ ချမ်းသာစေချင်လှပါပြီ။ ပြောရရင် လွတ်လပ်မှုတဝက် အနှောင်အဖွဲ့ တခြမ်း၊ ပျော်ရွှင်မှုတစိတ် ကြေကွဲမှုတပိုင်းဆိုတဲ့ ဆန့်ကျင်ဘက်စိတ်နှစ်စိတ်နဲ့ ရှင်သန်နေရသူလိုပါပဲ။
မေး။  ယနေ့တက်လာတဲ့ အစိုးရသစ်ရဲ့အပေါ် နိုင်ငံရေးအရအဘယ်လိုထင်မြင်သုံးသပ်မိပါသလဲ။
ဖြေ။ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်ဝတ်စစ်အာဏာရှင်စနစ်က အရင်ရှိနေတဲ့ ယူနီဖေါင်းဝတ်စစ်အာဏာရှင်စနစ်နဲ့ ဘာတွေများခြားနားပါ သလဲဆိုတာ သူတို့လုပ်ရပ်တွေကိုကြည့်ပြီး ကျနော်ကိုယ့်ကိုယ်ပြန်မေးဖြစ်တော့ ဒီလိုအဖြေထွက်ပါတယ်။ အခုဦးသိန်းစိန်အစိုးရမှမဟုတ်ပါဘူး ဗမာပြည်စစ်အာဏာရှင်အဆက်ဆက်က အရာရာကိုပြောင်းလဲနေသလို အရာရာကိုလည်းပြောင်းလဲစေခဲ့ပါတယ်။ ရိုးသားနှိမ့်ချဖြူစင် တဲ့ မြန်မာပြည်သူတွေရဲ့ ပင်ကိုယ်ဓလေ့စရိုက်ကောင်းတွေကို စနစ်တကျဖျက်လိုဖျက်ဆီးလုပ်ပြီး၊ ပျက်ဆီးအောင်ပြောင်းလဲစေခဲ့ပါတယ်။ လူတွေကိုအကြောက်တရားနဲ့မွေးဖွားပြီး အကြောက်တရားနဲ့ရှင်သန်နေတတ်အောင် ပြောင်းလဲပြစ်လိုက်ပါတယ်။ မိသားစုဝင်တွေကြား၊ ဆွေတွေ မျိုးတွေအကြား၊ မိတ်ဆွေတွေအကြား တယောက်ကိုတယောက်မယုံရဲ မကြည်ရဲဖြစ်လောက်အောင်ကို   ပြောင်းလဲစေခဲ့ပါပြီ။ တိုင်းပြည်ကို၊ မြို့တွေရွာတွေကိုအမည်ပြောင်းတယ်။ ငွေကြေးရဲ့အမှတ်အသားတွေကို၊ သမိုင်းနဲ့အဆက်အစပ်ဖြစ်မယ့်အရာမှန်သမျှကို အမည်ပြောင်းရုပ်ပြောင်း လုပ်တယ်။  သမိုင်းနဲ့လူထုကိုအဆက်ဖြတ်ထားတယ်။ ပြောင်းတာမှအကုန်ပြောင်းတာပါ စစ်ယူနီဖေါင်းကနေ ကြိုးကြီးချိတ်တွေအထိကို ပြောင်း ပါတယ်။ မပြောင်းတာဆိုလို့ နိုင်ငံရေးစနစ်ပဲရှိပါတယ်။ အာဏာကိုလက်ဆုပ်မဖြည်ပေးဘူး။ လူထုအပေါ်ဖိစီးမှု မလျှော့ဘူး။ စစ်အာဏာသက်ဇိုး ရှည်ရေး မူလရည်ရွယ်ချက်မပြောင်းဘူး။ ဆိုတော့ တကယ့်လိုအပ်တဲ့ အပြောင်းအလဲကိုမလုပ်ပဲ အရေးမပါတာတွေကိုသာ အပြောင်းအလဲ လုပ်နေတဲ့ အရပ်ဝတ်စစ်စိုးရဆိုတာအပေါ်မှာထားတဲ့ ကျနော့်သဘောထားက  အရင်ယူနီဖေါင်းဝတ် စစ်အာဏာရှင်တွေအပေါ်ထားတဲ့အတိုင်း ပါပဲ။ ဘာအပြောင်းအလဲမှမလုပ်တဲ့လူတစုအပေါ်မှာ ကျနော်ကလည်း ဘာသဘောထားအပြောင်းအလဲမှမရှိပါဘူး။ နဂိုအတိုင်းပါပဲ။ အပြောင်း အလဲမရှိပါဘူး။

မေး။
အရှေ့လေမှတဆင့် ပြည်တွင်းမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူများကို ဘာတွေများ ပြောကြားချင်ပါသလဲရှင့်။
စစ်သားဟောင်းတယောက်အနေနဲ့ လက်ရှိတပ်မတော်သားတွေကိုတော့.. စစ်သားဆိုတာ အထက်ကပေးတဲ့အမိန့်ကိုနာခံပြီးလိုက်နာ ရမှာပါပဲ။ ဒါပေမယ့် စစ်သားဆိုတာဟာလည်း လူသားပါပဲ။ လူသားတိုင်းမှာ ရွေးချယ်ခွင့်ဆိုတာရှိပါတယ်။ ပေးလာတဲ့အမိန့်ကိုနာခံပါ့မယ်လို့ရွေး ချယ်ခွင့်ရှိသလို မနာခံနိုင်ဘူးလို့ ငြင်းပယ်ခွင့်လည်းရှိပါတယ်။ ငြင်းပယ်တာရောလက်ခံတာပါ “လူသားရဲ့ရွေးချယ်ပိုင်ခွင့်”ပါ။ မိမိရဲ့ရွေးချယ်မှု အတွက် မိမိဘာသာတာဝန်ယူရဲဖို့သတ္တိတော့ မွေးယူရပါမယ်။ အခုချိန်မှာ တပ်မတော်ကိုလက်ကိုင်တုတ်လုပ်ပြီး ကိုယ်ကျိုးရှာပြည်သူကို ဖိစီးနှိပ်စက်နေတဲ့ စစ်အာဏာရှင်တစုရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနေရတဲ့ တပ်မတော်သားတယောက်အဖြစ်နဲ့ ဆက်ရပ်မလား၊ ဒါမှမဟုတ် တိုင်းပြည်လူထုအကျိုးစီးပွားကို အမှန်တကယ်အကာအကွယ်ပေးမယ့် စစ်သားကောင်းတယောက်အဖြစ် ပြောင်းလဲရပ်ခံပေးမလားဆိုတာ ကိုတော့ လက်ရှိစစ်မှုထမ်းတိုင်းပြန်တွေးစေချင်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အဆက်ဆက်မှာ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့တဲ့ ဗမာ့မျိုးချစ်တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပြန်ဆယ်မယူကြဖို့ရာ တပ်မတော်သားတိုင်းရဲ့ လက်ငင်း ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စဖြစ်ကြောင်း သတိပြုကြစေလိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အနေနဲ့ကတော့… လက်ရှိဗမာပြည်ကအကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေးနဲ့ လွတ်လာပြီးနောက် ဗမာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တိုင်းမှာ အကန့်အသတ်မထားပဲပါဝင်ခွင့်ရရေးကို တောင်းဆိုသလို၊ နိုင်ငံရေးအကျဉ်းသားများမြန်ဆုံးနဲ့ခြွင်းချက်မရှိလွတ်ရေးအတွက် ပြည်တွင်းပြည်ပက
ဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲကမလွှတ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဆိုတာ ရှာလို့ရနိုင်တဲ့အရာမဟုတ်ကြောင်း ပြောချင်ပါတယ်။
ဒီလောက်ပါပဲခင်ဗျား။ ကျေးဇူးတင်ပါတယ်။ မျိုးမြင့်။

0 comments:

Post a Comment