Saturday, May 7, 2011

လွမ်းဆွတ်အမှတ်တရ စနေ (ကမာပုလဲ)

0 comments

လွမ်းဆွတ်အမှတ်တရ စနေ


အဲဒီနေ့က
ကမ္ဘာကြီးဟာ စနေနေ့ ဖြစ်သွားတယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်ဖြစ်တယ်
စက်ဘီးကလေးတစီးဖြစ်တယ်
သနပ်ခါး ပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးလည်းဖြစ်တယ်
(
ကျနော့်ဘက်က တဘက်သတ်ချစ်နေလို့ ဖြစ်ချင်ဖြစ်မှာပေါ့)

အဲဒီစနေနေ့ဟာ
မနက်ဖြန်ကို ချရောင်းနေတဲ့လူတွေကို ထမ်းပိုး
စကားကြီးစကားကျယ်ပြောနေတဲ့
လူ့လျှောမွေးတွေ အလေ့ကျပျော်ရာ
မြိုင်သာယာလည်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဘဝကို
ရင်းစားစရာ ခန္ဓာကိုယ်ကလွဲလို့
တလွဲဆံပင်ကောင်းနေတဲ့လူတွေ
တွင်ကျယ်နေတဲ့အရပ်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ရေလောင်းပေါင်းသင်ဖို့ကို မေ့နေတဲ့
ဥယျာဉ်မှူးတယောက်ရဲ့လက်ထဲ
နွမ်းလျရင်ကွဲနာကျနေတဲ့
ပန်းတပွင့်ရဲ့ အနာဂတ်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဖူးရမလို ပွင့်ရမလို
ငုံရမလို မြုံရမလို
ရေမဝတဲ့ မိခင်နို့အုံကို
အတင်းငုံကာ စို့နေတဲ့
ကလေးတယောက်လို ခရေပွင့်လေးတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
လွတ်မြောက်ရေးတိုက်ပွဲတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အလံတလက်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သမိုင်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အသစ်အသစ်တွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
တိုင်တည်သစ္စာတေးတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သူရဲကောင်းတွေ ကျဆုံးတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
လမ်းခွဲတွေဝေ အဆိပ်သင့်ညနေတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သေတနေ့ ရှင်တနေ့ကို
ငတ်မွတ်စိမ်ခေါ်နေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ညောင်ညိုပင် လမ်းခွဲနေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်ကို
ခွဲခြားနေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အနာဂတ်စစ်စစ်ကို မွေးဖွားဖို့
သစ္စာတရားကို ကိုယ်ဝန်ဆောင်တဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အနှစ်နှစ်ဆယ်မြောက်ခဲ့ပြီလည်းဖြစ်တယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်
စက်ဘီးကလေးတစီး
သနပ်ခါးပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးတယောက်လည်းဖြစ်တယ် ။

ကမာပုလဲ
၂၀၀၈

Monday, September 29, 2008

0 comments:

Post a Comment