မျိုးမြင့်စိတ်နေဝါဒဆိုတာ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံတူ လူမျိုးအုပ်စုတစ်စုက အခြား မတူညီတဲ့လူမျိုးအုပ်စုတစ်စုကို ပြုမူဆက်ဆံရာမှာ မိမိရဲ့ယဉ်ကျေးမှုတန်ဖိုး၊ စံနှုန်းတွေကို အဓိကဗဟိုပြု လက်ကိုင်ထားပြီး စဉ်းစား၊ ဆုံးဖြတ် ပြုမူလုပ်ဆောင်ခြင်း သဘောဖြစ်တယ်။ မူရင်းအင်္ဂလိပ်စကားလုံးက ရှေး ခေါမစကားလုံး ‘Ethno’ (လူမျိုး၊ နိုင်ငံ၊ ယဉ်ကျေးမှုတူအုပ်စု) နဲ့ လာတင် စကားလုံး ‘Centric’ (ဗဟိုပြုခြင်း) တို့ပါင်းစပ်ထားခြင်းဖြစ်တယ်။ ဒီသဘောမှာ မိမိရဲ့ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာ စတဲ့ သဘာဝအရမတူညီနိုင်တဲ့ ဝိသေသလက္ခဏာတွေကိုအခြေခံကာ အုပ်စုသဘောအနေနဲ့စဉ်းစားလေ့ရှိပြီး မိမိအုပ်စုက သူများအုပ်စုတွေထက် အရာရာမှာသာလွန်တယ်၊ ယဉ်ကျေးတယ်၊ လူပီသတယ်၊ သဘာဝကျတယ်၊ မြင့်မြတ်တယ်၊ အခြား လူမျိုးအုပ်စုများက မယဉ်ကျေး၊ လူမပီသ၊ သဘာဝမကျ၊ ယုတ်ညံဟု လွဲမှားယူဆပြီး မိမိအုပ်စုတစ်ခုတည်းသာ အခွင့်ထူးခံယူခြင်း၊ အခြားမတူတဲ့အုပ်စုတွေကို ဖိနှိပ်ခွဲခြားဆက်ဆံခြင်း၊ ကျွန်ပြုခြင်း စတဲ့ ဘက်လိုက်ဆုံးဖြတ်၊ မတရားမှုတွေလုပ်ဆောင်လေ့ရှိတာကြောင့် အကျိုးဆက်အနေနဲ့ မတူညီတဲ့အုပ်စုတွေကြား ပဋိပက္ခတွေ၊ အမုန်းတွေ၊ ရန်ညှိုးတွေဟာ ရေရှည်ကြီးထွားအမြစ်တွယ် လာစေတယ်။
ဥပမာ - ရှေးယခင် လူဖြူလူမျိုးကြီးဝါဒအရ လူဖြူတွေကသာ မြင့်မြတ်တယ်ဆိုတယ်သဘောနဲ့ အသားအရောင်ရှိတဲ့ အာဖရိကအနွယ်ဝင်လူမျိုးတွေကို အဓမ္မကျွန်ပြုခိုင်းစေခဲ့တယ်။ နောက်ပိုင်း ကျွန်စနစ် ပပျောက်သွားသည့်တိုင် အာဖရိကအနွယ်ဝင်တွေအပေါ် ဆက်လက် ခွဲခြား နှိမ်ချဆက်ဆံခဲ့တယ်။ ဒီ မတရားမှုဆိုးကျိုးအရိပ်မည်းဟာ ဆယ်စုနှစ်တွေကြာသည့်တိုင်အောင် လက်ရှိမျက်မှောက်ခေတ်
အမေရိကနဲ့ အခြား အနောက်ဥရောပလူ့အဖွဲ့အစည်းတွေမှာ လူမျိုးရေးပြဿနာတွေ၊ အသားအရောင် ကွဲပြားသူချင်းကြားပဋိပက္ခသဘောဆောင်တဲ့တင်းမာမှု ဒဏ်ရာ၊ အမာရွတ်တွေ ထင်ကျန်နေဆဲဖြစ်တယ်။
ယထဘူတကျကျစဉ်းစားရင် ကမ္ဘာမှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေမှာ မည်သည့်လူမျိုး၊ မည်သည့်ယဉ်ကျေးမှုကမှာ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ်၊ (သို့) ဆိုးတယ်၊ ယုတ်ညံ့တယ်ဆိုပြီး သတ်မှတ်လို့မရပါ။ ပူအိုက် စွတ်စိုတဲ့ဒေသမှာ ပုဆိုး၊ လုံချည်၊ သင်တိုင်း ဝတ်တယ်၊ ခေါင်းပေါင်း ပေါင်းတယ်၊ ပူပြင်းခြောက်သွေ့တဲ့ဒေသတွေမှာ ဝတ်ရုံခြုံ၊ ခေါင်းဆောင်း ဆောင်းတယ်၊ အေးတဲ့ဒေသတွေမှာ ဘောင်းဘီဝတ်တယ်၊ စတဲ့ သဘာဝအနေထားအပေါ်မူတည်ပြီး လိုက်လျောညီထွေ ကျင့်ကြံနေထိုင်ရင်းဖြစ်ပေါ်လာတဲ့ မတူညီတဲ့ယဉ်ကျေးမှုသဘောနဲ့ အလေ့အထတွေသာဖြစ်တယ်။
တနည်းအားဖြင့် လူအုပ်စုတစ်ခုနဲ့တစ်ခု အစားအသောက်၊ အဝတ်အထည်၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အတွေးအခေါ်၊ တန်ဖိုးထားမှု စတာတွေ မတူညီနိုင်ခြင်းမှာ ရှင်သန်နေထိုင်ရာ ဒေသပထဝီ၊ ရာသီဥတု ဂေဟဗေဒ သဘောနဲ့ ပတ်ဝန်းကျင်လူမှုအသိုင်းအဝန်းမှ လူမှုနိုင်ငံရေးသဘောတွေကြောင့်လို့ဆိုနိုင်တယ်။ ဥပမာ - အာတိတ်ဒေသ နှင်းတောထဲကလူမျိုးစုတွေအတွက် အဖြူရောင်ကိုသတ်မှတ်ရာမှာ အနုအရင့် အသေးစိတ်ပုံဖော်နိုင်တဲ့စကားလုံးဝေါဟာရ အများအပြားရှိနိုင်ပြီး အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် လိုမျိုးမှာ အတိအကျပုံဖော်နိုင်တဲ့ဝေါဟာရ အားနည်းတဲ့သဘောမျိုး ဖြစ်တယ်။
သို့သော် လူတွေဟာ ဘယ်လောက်ပဲအတွေးအခေါ် မြင့်မား၊ အမြင် ကျယ်ပြန့်၊ လွတ်လပ်မျှတ လစ်ဘရယ်ကျ နေထိုင်၊ ပြုမူ၊ ပြောဆိုပါတယ်ဆိုစေဦးတော့ မျိုးမြင့်စိတ်နေဝါဒ တစိတ်တပိုင်းလို့ဆိုနိုင်တဲ့သဘောမျိုး အနည်းအများရှိနေတတ်တာဟာလည်း သဘာဝပါ။ အကြောင်းက လူတွေဟာ မတူညီတဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ ကိုယ်နဲ့ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် အသားကျပြီးသားအရာတွေကိုပဲ ပိုမို မွေ့လျော်လက်ခံလိုစိတ်၊ အသားပေးလုပ်ဆောင်လိုစိတ်ဖြစ်ပေါ်လေ့ရှိပြီး မှန်တယ်၊ မှားတယ်၊ တရားတယ်၊ မတရားဘူးဆုံးဖြတ်ရာမှာလည်း ကိုယ်နေထိုင်ကြီးပြင်းလာရာအုပ်စုဘက်ကိုသာ မသိစိတ်အနေနဲ့ဖြစ်ဖြစ် ဘက်လိုက်ဆုံးဖြတ်လိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။ အမေရိကန် အမျိုးသားသိပံ္ပအဖွဲ့အစည်းကြီး
(NAS) က ခုနောက်ဆုံးတွေ့ရှိဖော်ထုတ်ချက်အရ လူတွေမှာရှိတဲ့ အောက်စီတိုစင်းဟော်မုန်း (Oxytocin Hormone) က အုပ်စုတူလူချင်း ဓမ္မဓိဋ္ဌာန်ကျကျမဟုတ်ဘဲ ခံစားချက်အသားပေး ပုဂ္ဂလဓိဋ္ဌာန်သဘောဆောင်တဲ့ မိမိအုပ်စုကို ဂုဏ်မြှင့်ပြောဆိုမှု၊ သူတပါးအုပ်စုအပေါ် (အနည်းဆုံး စကားအရာမှာ ဖြစ်ဖြစ်) နှိမ့်ချလိုမှု၊ လူမျိုး၊ အုပ်စုတူ ထောက်ခံအားပေးမှု၊ ဘက်လိုက်ဆုံးဖြတ်
ပြုမူမှု (Favouritism) တွေကို ဖြစ်ပေါ်စေတယ်လို့ဆိုတယ်။
လူမျိုးတွေရဲ့ဘာသာဗေဒတွေမှာ ဒီလိုသဘောတွေကို တွေ့နိုင်တယ်။ ဥပမာ - အင်္ဂလိပ်ဝေါဟာရ ‘Barbarian’ (လူကြမ်း) ဆိုတဲ့စကားရဲ့မူရင်းဟာ ခေါမ စကားလုံးဖြစ်ပြီး ရှေးခေါမခေတ် ခေါမလူမှုအသိုင်းအဝန်း ဝန်းကျင်ရှိ ခေါမလူမျိုးများလောက် ယဉ်ကျေးမှုမဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ခေါမမဟုတ်တဲ့ လူမျိုးစုငယ်အားလုံးကိုညွှန်းဆိုတဲ့ စကားလုံးဖြစ်တယ်။ ခေါမ စကားလုံး ‘Barbars’ ရဲ့ အနက်အဓိပ္ပာယ်က ခွေးဟောင်သံဖြစ်ပြီး ဒီလူမျိုးစုငယ်တွေဟာ ခေါမတွေပြောတဲ့ဘာသာစကားကို နားမလည်တဲ့အတွက် ခေါမတွေက နှိမ်ချခေါ်ဝေါ်တဲ့သဘောနဲ့ သုံးနှုန်းခဲ့ခြင်းဖြစ်တယ်။ အလားတူ အာတိတ်စက်ဝန်းဒေသရှိ လူမျိုးတစ်စုကိုခေါ်တဲ့ အက်စ်ကမိုး (Eskimo) အသုံးရဲ့ မူလအနက်ကွဲတစ်ခုက “အသားစိမ်း စားသူများ” ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အက်စ်ကမိုးတွေကို အနီးမှာနေထိုင်တဲ့ အခြားမတူညီတဲ့လူမျိုးအုပ်စုတွေက သူတို့ရဲ့ကွဲပြားတဲ့အစားအသောက်၊ နေထိုင်မှုပုံစံကြောင့် နှိမ်ချခေါ်ဆိုရာမှာ ဖြစ်ပေါ်လာတယ်လို့ဆိုတယ်။ မိမိလူမျိုးကို “အမျိုး၊ ဘာသာသာသနာကို စောင့်ရှောက်သူများ” လို့ခေါ်ပြီး အခြားမတူတဲ့လူမျိုးကိုတော့ “လေ့လွင့်လာသူများ” ဟု ခေါ်ဆိုခြင်း သဘောမျိုးဖြစ်တယ်။
အခြား အစားအသောက်၊ အနေအထိုင်၊ အပြောအဆို၊ လူမှုနေထိုင်၊ ပြုမူ၊ ဆက်ဆံရေးပုံစံတွေမှာလည်း
မိမိလူမျိုးရဲ့ရိုးရာ ထုံးတမ်းတွေကို ပိုမိုတိမ်းညွတ်လေ့ရှိပြီး မတူကွဲပြားတဲ့ဓလေ့တွေနဲ့ကြုံတွေ့ရရင် စိတ်ကသိကအောင့်ဖြစ်၊ အထင်အမြင်လွဲမှားမှုကြုံတွေ့ရတာဟာ နားလည်လက်ခံနိုင်တဲ့သဘာဝပါ။ ဥပမာ -လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံရာမှာ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးတစ်ခု (Personal Space) သတ်မှတ်အရယူပြီး ပြောဆိုလေ့ရှိတယ်။ ဒီလိုသတ်မှတ်ရာမှာလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး အကွာအဝေး၊ အကျဉ်း၊ အကျယ်ယူပုံ ကွာလေ့ရှိတယ်။ မြေထဲပင်လယ်ဒေသမှ မွတ်ဆလင်တွေနဲ့ လက်တင်အမေရိကမှလူမျိုးတွေဟာ စကားပြောဆိုဆက်ဆံရာမှာ လက်ပွန်းတတီး၊ ကိုယ်ခန္ဓာချင်းထိစပ်မှုရှိသည်အထိ နီးကပ်၊ ထိစပ်၊ ခြေတို့၊ လက်တို့ရင်းရင်းနှီးနှီး ပြုမူပြောဆိုလေ့ရှိတယ်။ သူတို့တွေနဲ့ အခြား အသားချင်းထိ ပြောဆိုဆက်ဆံလေ့မရှိတဲ့ မြောက်အမေရိက (သို့) ဥရောပမှလူမျိုးတွေ ဆက်ဆံရတဲ့အခါမှာ ကွဲပြားတဲ့အလေ့အထတွေကြောင့် တစ်ဦးနဲ့တစ်ဦး မယဉ်ကျေးသူ (ဝါ) ရိုင်းစိုင်းသူ တွေလို့ စိတ်ထဲကအပြန်အလှန်သတ်မှတ်သွား နိုင်တယ်။ အာရပ်တစ်ယောက်က ရင်းနှီးဖော်ရွေကြောင်းပြသလိုမှုနဲ့ အမေရိကန်တစ်ယောက်အနားတိုးကပ်လာရင် အမေရိကန်ကလည်း သူ့ထုံးစံ၊ သူသတ်မှတ်ထားတဲ့အကွာအဝေး (Personal Space) အထိရောက်အောင် ခပ်ခွာခွာနောက်ဆုတ်သွားမှာဖြစ်တယ်။ ဒါဟာ မတူညီတဲ့ယဉ်ကျေးမှုနောက်ခံရှိတဲ့ လူမျိုးစုတွေကြား ကိုယ်အရိုးစွဲလာရာဓလေ့ထုံးစံ၊ သတ်မှတ်ချက်ကိုအခြေခံပြီး အလိုအလျောက်တုန့်ပြန်တတ်တဲ့သဘော သက်သက်သာဖြစ်ပြီး ရန်လိုမုန်းထားမှု၊ မခင်မင်လိုမှု၊ မယဉ်ကျေး၊ ရိုင်းစိုင်းတဲ့သဘောမျိုး မဆောင်ပါ။ နိုင်ငံတကာအစားအသောက်တွေယှဉ်ချထားရင် အလိုအလျောက် မိမိသက်ဆိုင်ရာ ရိုးရာအစာတစ်ခုခု (သို့)မိမိစားလေ့ရှိတဲ့ အကျင့်ရပြီးသား နီးစပ်တဲ့အစာတစ်ခုခုကို လက်လှမ်းမိတတ်တဲ့ သဘောမျိုးဖြစ်တယ်။
သို့သော် လူမှုဆက်ဆံရေး (သို့)စီးပွားရောင်းဝယ်ဆက်ဆံမှုတွေမှာ ဒီလို အသေးအဖွဲအပြုအမူများမှတဆင့် ဆက်ဆံရေးမချောမမွေ့၊ အဖုအထစ်မဖြစ်စေဖို့ရာ မတူကွဲပြားတဲ့ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းတွေကို နားလည်၊ သဘောပေါက်လိုက်လျောညီထွေ ပြုမူဆက်ဆံတတ်ဖို့လိုတယ်။
မျိုးမြင့်စိတ်နေဝါဒ စစ်စစ်ဖြစ်လာပြီဆိုရင်တော့ ယဉ်ကျေးမှုများအချင်းဖြစ်တတ်ခြင်း (Culture Clashes)၊ လူမျိုးစု တစ်ခုနဲ့တစ်ခု မုန်းတီးခြင်း (Racial Hatred) စတဲ့ ပြင်းထန်တဲ့သဘောမျိုးတွေအထိ ဖြစ်ပေါ်လာလေ့ရှိတယ်။ ဒီသဘောမှာ အဆိုးဆုံးအချက်ကတော့ လူတွေဟာ မိမိရဲ့လူမျိုးကသာ မြတ်တယ်၊ မိမိယဉ်ကျေးမှုကသာ ကောင်းတယ်၊ မိမိဘာသာတရားကမှမှန်ကန်တယ် စတဲ့ တဘက်စွန်းရောက်တွေးခေါ်၊ ပြုမူ၊ ပြောဆိုခြင်းကို မျိုးချစ်စစ်၊ နိုင်ငံချစ်စစ်၊ တိုင်းပြည်ချစ်စစ်ဟု လွဲမှားယူဆလာနိုင်မူ၊ ယူဆလာစေအောင်သွေးထိုးမြှောက်ပင့် လှုံ့ဆော်ဖို့လွယ်ကူမှုဖြစ်တယ်။ အစွန်းမရောက်တဲ့မျိုးချစ်စိတ် (Patriotism) ဆိုတာ မိမိလူမျိုးကို ချစ်တယ်၊ အကျိုးကိုဆောင်ရွက်တယ်၊ အကျိုးကိုကာကွယ်တယ် စတဲ့၊ မျှတတဲ့သဘောမျိုးသာဖြစ်ပြီး အစွန်းရောက်ပြင်းထန်တဲ့မျိုးမြင့်စိတ်နေဝါဒလို တပါးမတူညီတဲ့လူမျိုး၊
အုပ်စုက ယုတ်ညံ့တယ်၊ မကောင်းဘူးဆိုတဲ့ဖိနှိပ်ခွဲခြားလိုမှု၊ မတရားပြုအသာစီးရလိုမှု သဘောမျိုးမပါပါ။ မျိုးချစ်စိတ်ရှိကြောင်းသက်သေပြုနိုင်ဖို့ အမျိုးသားရေး နိုးကြားစေဖို့ရာမှာ တပါးလူမျိုးအုပ်စု တစ်ခုခုကို မတရားဖိနှိပ်ဆက်ဆံ၊ မုန်းတီးပြစရာလည်း မလိုပါ။
ဒီလို တဘက်စွန်းရောက်တဲ့သဘောတရားတွေ၊ အတွေးအခေါ်တွေကြောင့် ဂျူးလူမျိုး (၆) သန်းနဲ့ အခြား အရှေ့ဥရောပမှ သန်းနဲ့ချီတဲ့လူမျိုးစုနွယ်တွေဟာ အာရီယန်မျိုးသန့်ရေးအတွက်ဆိုပြီး နာဇီတွေရဲ့အကျဉ်းစခန်း၊ အဆိပ်ငွေ့ခန်းတွေမှာ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတယ်။ လက်ရှိ မျက်မှောက်ခေတ်မှာလည်း ဗမာအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ လူမျိုးရေးကိုအခြေခံတဲ့မုန်းတီးမှုတွေ၊ ခွဲခြား၊ နှိမ်ချ ဆက်ဆံမှုတွေ၊ ရန်ပွဲတွေ၊ စစ်ပွဲတွေဟာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး (၂၁) ရာစုခေတ်သစ် လူ့အဖွဲ့အစည်းကို အချိန်ကာလအားဖြင့် ရောက်ရှိနေထိုင်ခွင့်ရနေပေမယ့် အတွေးအခေါ်၊ အနေအထိုင်၊ အပြူအမူ၊ အပြောအဆိုအားဖြင့် လက်တွေ့မရောက်နိုင်၊ အတွေးအခေါ် လွတ်လပ်ကျယ်ပြန့်၊ သမမျှတ၊ လူလူချင်း စာနာထောက်ထားမှုမထားနိုင်၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးဘဲ ကျောက်ခေတ်အတွေးအခေါ်၊ ဖက်စစ်နာဇီခေတ်ဓလေ့စရိုက်တွေဟာ ရှင်သန်နေဆဲပဲ ဖြစ်တယ်။
ဗမာပြည်ရဲ့အဓိကပြဿနာဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြားပဋိပက္ခ (Ethnic Conflicts) ရှေရှည်တည်တံ့မဖြေရှင်းနိုင်ဖြစ်နေတာရဲ့အကြောင်းရင်းဟာ စစ်အစိုးရအဆက်ဆက် အသားပေးဖော်ဆောင်ခဲ့တဲ့ မြန်မာ (ဗမာ) လူမျိုးကြီးဝါဒ၊ တနည်းအားဖြင့် အစွန်းရောက်မျိုးမြင့်စိတ်နေဝါဒကြောင့်လို့ ဆိုနိုင်တယ်။ လက်ရှိ မျက်မှောက်ခေတ်ဗမာပြည်မှာ မြန်မာ (ဗမာ) တွေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအားဖြင့် အသာစီးရနေသလိုရှိနေပေမယ့် ရှေးသမိုင်းအစဉ်အဆက်အရ အခြား တိုင်းရင်းသားလူမျိုးစုတွေဟာလည်း တချို့က မြန်မာ (ဗမာ)တွေထက် အရင်၊ တချို့က မရှေးမနှောင်း ဒီဒေသ၊ ဒီမြေ၊ ဒီရေမှာ ဓားမဦးချ နေထိုင်၊ လုပ်ကိုင်၊ စားသောက်၊ မြို့တည်၊ နန်းတည်လာခဲ့ကြတာပါ။ ဒီနေရာကို ရှေ့က ရောက်ရောက်၊ နောက်ကျမှ ရောက်ရောက်၊ အခုအချိန်မှာ အရေအတွေက် ဘယ်သူ၊ ဘယ်လို၊ ဘယ်လောက်များများ လူမျိုးစုတစ်စုနဲ့တစ်စုကြား ငါသာတယ်၊ သူညံ့တယ်၊ ငါက အင်အားရှိတဲ့လူမျိုးကြီး၊ သူတို့က အင်အားနည်းတဲ့လူမျိုးငယ်တွေဆိုတဲ့သဘောနဲ့ ခွဲခြား၊ ဖိနှိပ်၊ ချယ်လှယ်လိုခြင်းမျိုးကို လက်ရှိအသာရနေတဲ့ မြန်မာ (ဗမာ) တွေဘက်က လုံးလုံးရှောင်ကျဉ်နိုင်ရင် တိုင်းပြည်မှာ နှစ်ရှည်လများစွဲကပ်နေတဲ့ တိုင်းရင်းသားပြဿနာဟာ ပြေလည်သွားမှာ ဖြစ်တယ်။
မြန်မာ (ဗမာ)တွေ အနေနဲ့ မကြာသေးတဲ့နှစ်ပိုင်းကအထိ တိုင်းပြည်မှာခိုင်မာရှင်သန်နေခဲ့တဲ့၊ လက်ရှိအချိန်ထိလည်း ပုံရိပ်ထင်ကြွင်းကျန်ရုံမက တစိတ်တပိုင်း အမြစ်တွယ်ရှင်သန်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်က နှစ်ပေါင်းများစွာအင်တိုက်တားတိုက်ဖော်ထုတ်ခဲ့တဲ့ လူမျိုးကြီးဝါဒ (Racial Supremacism) ရဲ့ အပြစ်သဘော၊ ချို့ယွင်းအားနည်းချက်ကို မမြင်မသိယောင်ပြုကာ ပြင်ဖို့မကြိုးစာဘဲ နှစ်ပေါင်း (၆၀) ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ကိုလိုနီအမွေဆိုးကိုသာလက်ညှိုးထိုး၊ အပြစ်ပုံချပြီး တိုင်းရင်းသားမကျေမလည်ဖြစ်နေမှုပြဿနာကို ကိုယ်လွတ်ရုန်းအဖြေရှာနေရင် တိုင်းပြည်ဟာလည်း တင်းမာမှု၊ ပဋိပက္ခ၊ စစ်ပွဲနွံထဲမှာ နစ်သထက်နစ်၊ ဆိုးကျိုးဒဏ်ကို ခံသထက်ခံနေရဦးမှာဖြစ်တယ်။ လူမျိုးကြီးသဘောအခြေခံ ပြင်းထန်တဲ့မျိုးမြင့်စိတ်နေဝါဒနဲ့ တိုင်းရင်းသားအားလုံးခွင့်တူညီမျှမှုကိုအားပေးတဲ့ ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ခွင့် (Peaceful Co-Existence)၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် (Self-Determination) တို့ရဲ့ဆန့်ကျင်ဖက်သဘောတွေကို ဗမာ့လူအဖွဲ့အစည်းမှ မြန်မာ (ဗမာ) အများစု အခြေခံကျကျ နားလည်သဘောပေါက်ထားမှသာ တစ်နိုင်ငံလုံးသာတူညီမျှ ရေရှည်တည်ငြိမ်အေးချမ်း သာယာဝပြောမှုကိုအာမခံတဲ့ ဖဒရယ်ပြည်ထောင်စုစစ်စစ်ကို မဝေးတဲ့အနာဂတ်မှာ တည်ထောင်နိုင်မှာ ဖြစ်တယ်။
လူမျိုးတိုင်းဟာ မိမိတို့ရဲ့အစဉ်အလာထုံးတမ်းမှ ကောင်းမြတ်တဲ့သဘော၊ စံနှုန်းနဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တာ သဘာဝကျပါတယ်။ ထိန်းသိမ်းဖို့လည်း လိုပါတယ်။ သို့သော် အတူယှဉ်တွဲနေထိုင်ရတဲ့ဌာနေတိုင်းရင်းသား လူမျိုးစုအချင်းချင်း၊ အရှိန်၊ အဟုန်နဲ့ပြောင်းလဲ၊ ထိစပ်၊ နီးကပ်လာတဲ ခေတ်သစ်ကမ္ဘာလုံးဆိုင်ရာသဘောထားကြောင့် ထိတွေ့ဆက်ဆံလာရတဲ့ အခြားလူမျိုးကွဲ၊ ဘာသာခြား လူမျိုးစုများကို ထိခိုက်နစ်နာစေတဲ့ အမြင်ကျဉ်းမြောင်း၊ ပြင်းထန်၊ တဘက်စွန်းရောက်မျိုးမြင့်စိတ်နေသဘောထားတွေ၊ အတွေးအခေါ်တွေကိုတော့ ရှောင်နိုင်ဖို့ လိုပါတယ်။ လူသားမျိုးနွယ်အားလုံးရဲ့၊ အထူးသဖြင့် မိမိလူ့အဖွဲ့အစည်းနဲ့ဒွေးရောယှက်တင်နေထိုင်နေရတဲ့
မတူညီတဲ့အုပ်စုငယ်တွေရဲ့ ကွဲပြားတဲ့ယဉ်ကျေးမှုသဘော၊ ဓလေ့၊ စံနှုန်းတွေကို လေ့လာဖို့လိုပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုနိုင်ဖို့လိုပါတယ်။ အင်အားကြီးသူ၊ အရေအတွက်များသူက ဖိနှိပ်ဗိုလ်ကျနေခြင်းမျိုး မဖြစ်ဖို့လိုပါတယ်။ သေသေချာချာ ဂဂဏဏ မလေ့လာ၊ မသိရှိဘဲနဲ့ ကြိုတင်ကောက်ချက်ချဆုံးဖြတ်ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်းမျိုးမဖြစ်အောင် ကြိုးစားရပါမယ်။ ဒါမှသာ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ စည်ပင်ရှင်သန်ဖွံ့ဖြိုးတဲ့ (၂၁) ရာစု ခေတ်သစ်ကမ္ဘာ လူ့အဖွဲ့အစည်းအနေနဲ့ လူသားတွေအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရင်း လူမှုဘဝတိုးတက်သာယာလာအောင် တွဲလျက်ကြံဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး
(ယူတာကဒီနေရာကပါ)http://www.facebook.com/notes/nyein-chan-aye/မျိုးမြင့်စိတ်နေဝါဒ-ethnocentrism/10150987104283704
လစဉ်ထုတ် အွန်လိုင်း ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၂) မှ
(“ခေတ်မောင်း” ကို ပြည်တွင်း၊ ပြည်ပ ရှိ လူငယ်များ ပူးပေါင်း ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချီသည်။)
(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည်ဖော်ပြလိုပါက "ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၂) မှ" ဟု ဖော်ပြပေးပါရန်။)
Ref:
Collected Psychology articles (in Burmese) by Dr. Myint Lwin (Psyco), 2004.
De Dreu, Carsten K. W., "Oxytocin promotes human ethnocentrism," Proceedings of the National Academy of Sciences, Jan. 10, 2011.
Kaplan, Lawrence, "Inuit or Eskimo: Which names to use?". Alaska Native Language Center, University of Alaska Fairbanks, 2002.
Justin Marozzi, The Way of Herodotus: Travels with the Man who Invented History, 2010, pages 311–315.