ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(၂၃)
(ဖြစ်တည်မှုဝါဒီတို့သည်
အခြား ခေတ်ပြိုင် နာမ်ဝါဒီဆရာများကဲ့သို့ပင် ရုပ်ဝါဒနှင့်နာမ်ဝါဒ အငြင်းပွားမှုပြဿနာကိုရှောင်ကွင်းရန်
ကြိုးပမ်း အားထုတ်ကြသည်)
သူတို့က
စိတ်နှင့်ရုပ် သို့မဟုတ် ပြုသူ ကတ္တားပိုင်းနှင့် အပြုခံကမ္မပိုင်းတို့သည် 'ဖြစ်တည်မှု'တွင်ပေါင်းစည်းနေကြသည်ဟုဆိုကြသည်။
ယင်း ဖြစ်တည်မှုကိုဆင်ခြင်မှုဖြင့်သာလျှင် ထိုးထွင်းသိမြင်နိုင်ပေသည်။ ဖြစ်တည်မှုဝါဒသည်
လွတ်လပ်မှုပြဿနာကို အထူးဂရုထားကာ တင်ပြကြ သည်။ ဤသို့တင်ပြရာတွင်ဆင်ခြင်ခြင်းကို ဘေးချိတ်ထားကာ
ဓမ္မဌိဓာန်ကျသော လောကနိယာမတရားကို လုံးဝဥပေက္ခာပြုထားကြသည်။ လွတ်လပ်မှုကို ပုဂ္ဂလစိတ်အလိုအတိုင်းသာ
နားလည်ကြသည်။ ဓမ္မဌိဓာန်ကျသော လိုအပ်ချက်တရားနှင့် လုံးဝကင်းလွတ်သောသဘော အဖြစ် မှတ်ယူကြသည်။
ပုဂ္ဂလလူသားတိုင်းသည်
လူ့အဖွဲ့အစည်းအပေါ် တည်မှီနေမည်ဟူသောအယူအဆကို လုံးဝငြင်းဆိုကြသည်။ ပုဂ္ဂလလူသားသည် လူ့အဖွဲ့အစည်းနှင့်
လုံးဝမပတ်သက်ဘဲ မိမိဘဝကို မိမိဘာသာမိမိ လွတ်လပ်စွာတည်ဆောက်ဖော်နိုင်စွမ်း ရှိသည်ဟု
မှတ်ယူကြသည်။ လူတန်းစားတိုက်ပွဲရှိသောလူ့အဖွဲ့အစည်းတွင် ထိုယူဆချက်သည် မည်သို့မျှ မဖြစ်နိုင်ပေ။
စင်စစ်မူ
ဖြစ်တည်မှုဝါဒသည် အရင်းရှင်လူ့အဖွဲ့အစည်းတွင်းရှိလူသားတို့၏ မျှော်လင့်ချက်မဲ့အနေအထားနှင့်
အဆိုးမြင်အယူအဆတို့၏ ရောင်ပြန်ဟပ်ချက်မျှသာ ဖြစ်ပေသည်။ ယင်းဝါဒသည် မျက်မှောက်ခေတ် လူမှုရေးဘဝအကြပ်အတည်းပြဿနာများကို
သိပ္ပံနည်းကျ ဖြေရှင်း ပေးနိုင်သည် မဟုတ်ပေ။ ထို့ပြင် ဘူဇွာလူ့အဖွဲ့အစည်း၏ ပဋိပက္ခအကြပ်အတည်းများကိုပင်
ဖြေရှင်းပေးနိုင်ခြင်း မရှိပေ။ အချုပ်ဆိုရလျှင် ဖြစ်တည်မှုဝါဒသည်သိပ္ပံနည်းမကျပေ။ ဒိုင်ယာလက်တစ်နည်းက
ျရုပ်ဝါဒဒဿနနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပေသည်။
(ဖြစ်တည်မှုဝါဒသည်
ကျွန်ုပ်တို့ခေတ်၏ လွှမ်းမိုးသြဇာအပြုနိုင်ဆုံးသော နာမ်ဝါဒဒဿနတရပ်ဖြစ်သည်) အခြားသောခေတ်ပြိုင်နာမ်ဝါဒဒဿနများကဲ့သို့ပင်
ယင်းဝါဒသည် အရင်းရှင်စနစ်၏ အထွေထွေအကြပ်အတည်းမှ ထွက်ပေါ်လာသော ရလဒ် ဖြစ်၏။ သို့သော်
အခြား ဘူဇွာဒဿနများနှင့်မတူဘဲ ဘူဇွာလူ့အဖွဲ့အစည်းသည် ဆိုးဆိုးရွားရွားကြီးကို ဖျားနာနေပြီဖြစ်ကြောင်း
ဖြစ်တည်မှုဝါဒ က အသိအမှတ်ပြုခံယူလေသည်။ ထို့နောက် အရင်းရှင်မဟုတ်သော ကြွယ်ဝသည့်လူ့အဖွဲ့အစည်းတရပ်သို့
အသွင်ပြောင်းရန် နှိုးဆော်ခြင်း ပြုပေသည်။ ဤသည်ကြောင့်လည်း အရင်းရှင်စနစ်နှင့် ယင်းစနစ်၏
အနာဂတ်ယုံကြည်မှုအပေါ် အယုံအကြည်ကင်းမဲ့လာ သူတို့အား ဖြစ်တည်မှုဝါဒက ဆွဲဆောင်နိုင်ခြင်းဖြစ်ပေသည်။
သို့ရာတွင်
ဖြစ်တည်မှုဝါဒသည် ဘူဇွာလူ့အဖွဲ့အစည်း၏ အကြပ်အတည်းမှ ထွက်ပေါက်ကိုမညွှန်ပြနိုင်ပေ။ အနည်းဆုံး
လူမှုပြောင်းလဲရေးကို မျှပင် မပေးနိုင်ပေ။ ဖြစ်တည်မှုဝါဒက တောင်းဆိုသည်မှာ လူ့အရှိတရား၏
အဓိပ္ပါယ်နှင့်အနှစ်သာရဖြစ်သည်ဟုဆိုသော မိမိ၏ ပုဂ္ဂလ သဘောကို ပြုစုပျိုးထောင်ကြရန် ဖြစ်ပေသည်။
ဖြစ်တည်မှုဝါဒသည်
အရင်းရှင်စနစ်၏အကြပ်အတည်းကို လူသားမျိုးနွယ်အားလုံး လူ့အဖွဲ့အစည်းတရပ်လုံး၏ အကြပ်အတည်းအဖြစ်
မှတ်ယူသည်။ ဤဝါဒအရ အရင်းရှင်စနစ်၏ဝိရောဓိများ အကြပ်အတည်းများသည် သမိုင်းစဉ်ပြဌာန်းမှုအရဖြစ်ပေါ်ခြင်း
မဟုတ်ပေ။ လူသား၏ မနုဿဗေဒဆိုင်ရာအနှစ်သာရ သဘောလက္ခဏာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လူ့ဘဝဖြစ်တည်မှုတွင်ရှိနေသော
မဆီလျှော်မညီညွတ် ချက်များ၏ ထုတ်ဖော်ချက်တရပ် ဖြစ်ပေသည်။
ပုဂ္ဂလလူသားတို့သည်
လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြသော်လည်း လူအဖွဲ့အစည်းနှင့်မဆိုင်ဘဲ လုံးဝ လွတ်လပ်နေသည်ဟူသော
ဖြစ်တည်မှုဝါဒခံယူချက်မှာ စိတ်ကူးယဉ်ဆန်လှပေသည်။ လူမှုရေးဆက်နွယ်မှုများ၊ အဖွဲ့အစည်းအသင်းအပင်းသဘောတို့ကို
လုံးဝ မျက်ကွယ် ပြုရာလည်း ရောက်ပေသည်။ ပုဂ္ဂလဓိဌာန်ဝါဒကို တဘက်စောင်းနင်း အသားပေးလွန်းသောဝါဒဖြစ်သည်ဟု
ဆိုနိုင်ပေသည်။
'လူသားတဦးချင်းစီသည်
ပုဂ္ဂလဓိဌာန်သဘောဖြစ်သည်ဟူသောအယူမှတဆင့် လူသား၏လွတ်လပ်မှုသည် ပြဌာန်းမှုလုံးဝကင်းမဲ့သော
လွတ်လပ်မှုဖြစ်သည်။ လုံးဝ လွတ်လပ်မှုဖြစ်သည်' ဟူသော ခံယူချက်သို့ရောက်ရှိပေသည်။ ယင်း
ခံယူချက်သည် ပြဌာန်းခံဝါဒကို စိတ်လိုက် မာန်ပါငြင်းဆန်လိုက်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
လူသားအပြုအမူ၏ ဓမ္မဓိဌာန်အခြေအနေကို အစွန်းရောက်အောင် ငြင်းပယ်လိုက် ခြင်း ဖြစ်ပေသည်။
(အမှန်စင်စစ်ဖြစ်တည်မှုဝါဒသည်
လူသား၏အနာဂတ်မျှော်လင့်ချက်များကို တစစီဖဲ့ခြွေပစ်လိုက်သောဝါဒဖြစ်၏) ဆင်ခြင်တုံတရားဖြင့်
ဖွဲ့စည်းထားသည့် လူမှုရေးဘဝကို ပြက်ရယ်ပြု နှိမ့်ချသောဝါဒဖြစ်သည်။ လူ့ဘဝ၏အဓိပ္ပါယ်ကို
လူ့သမိုင်းတွင်အခြေခံ၍မရှာဘဲ သေခြင်း တရားတွင်သွားရောက် စောင်ရှော့က်ရှာဖွေသည့်ဝါဒ
ဖြစ်ပေသည်။ နိုင်ငံရေးအရဆိုပါလျှင် ဖြစ်တည်မှုဝါဒီတို့ကို ဖောက်ပြန်ရေးသမားများ၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမားများမှသည်
တိုးတက်သောလူမှုရေးအင်အားစုများအထိ အသွင်အမျိုးမျိုးဖြင့် တွေ့ရပေသည်။ မည်သို့ဆိုစေ
ဆင်ခြင်မှုဆန့်ကျင်ဝါဒ၊ အဆိုးမြင်ဝါဒ၊ ပုဂ္ဂလအခြေပြုဝါဒဖြစ်သော ဖြစ်တည်မှုဒဿနသည် လူမှုဆက်နွယ်ပြောင်းလဲမှုများတွင်
အခြေခံကျကျ အသုံးပြုရမည့် တော်လှန်ရေးဒဿနတရပ် မဖြစ်နိုင်ပါချေ။
(၁၉ရာစုတွင်မိမိကိုယ်ကိုယ်မိမိ
ရိုမန်တစ်(ဘဝအလွမ်းသမား)ဟုခေါ်ကြသော ကဗျာဆရာများသည် ဤကမ္ဘာလောကအား ငြင်းပယ်သော သဘောထားကို
ခံယူလာကြသည်) ဤလောက ဤကမ္ဘာသည် ပျင်းရိငြီးငွေ့ဖွယ်ရာလောက ဖြစ်သည်။ ကြေကွဲဝမ်းနည်းစရာများဖြင့်
ပြည့်လွှမ်းနေသောလောကဖြစ်သည်ဟု သူတို့က ယုံကြည်ကြသည်၊ ကဗျာဆရာသည် ဤလောကကြီးအတွက် ဘယ်တော့မှ
မရည်ရွယ်ဟု လည်း ခံယူကြပေသည်။ ကမ္တာလောကအထက်တွင်ရစ်ဝဲနေသော ကမ္ဘာလောကကြီး၏ ငြီးငွေ့ဖွယ်ရာများနှင့်လည်း
လုံးဝကင်းပြတ်သော ထာဝရတည်တံ့သည့် ငြိမ့်ညောင်းသောခံစားမှုများကိုခံစားရသည့် တခဏတာကာလကို
ကဗျာဆရာသည် ရရှိခံစားဖွဲ့ဆိုသည်ဟု ဆိုကြသည်။ ဤခံစားမှုသည် တကယ့်အစစ်အမှန်လော၊ လှည့်စားမှုလော၊
အိမ်မက်လော၊ ဘိန်း မူးယစ်ဝေသီခြင်းလော၊ ရိုမန်တစ်ကဗျာဆရာများကမူ ကမ္ဘာလောကနှင့်လုံးဝမဆိုင်သော
ယင်းသို့ခံစားမှုမျိုးကို တမ်းတကြသည်။
နှစ်ဆယ်ရာစုတွင်ရိုမန်တစ်ဝါဒသည်
အမည်တမျိုးဖြင့် ရှင်သန်လာသည်။ ဖြစ်တည်မှုဝါဒဟူသော နံမည်နှင့်ဖြစ်၏။ အခြေခံပြဿနာကမူ
တမျိုးတည်းသာ။ လောက ၂ မျိုးမှာ ဘယ်လောက က စစ်မှန်သလဲ၊ မြင့်မြတ်ထူးခြားသော တန်ခိုးတော်ရှင်တို့၏
ကမ္ဘာလောကလော၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ လူသားများအနေဖြင့် သားကောင်များအဖြစ်၊ အကူညီမဲ့သူများအဖြစ်
အစိုးမရသည့်သဘောဖြင့်ခံစားနေရသော ကမ္ဘာလောကလော။ မည်သည့်အဖြစ်က အမှန်တရားလဲ၊ လူသား၏ ကိုယ်ပိုင်လွတ်လပ်မှုအတွေ့အကြုံလော၊
သို့တည်းမဟုတ် မိမိခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်လောက၏ အကျဉ်းသားဖြစ်ရသောအတွေ့အကြုံလော။
မည်သို့ဆိုစေ
ဖြစ်တည်မှုဝါဒသည် ရိုမန်တစ်ဝါဒကဲ့သို့ အဆိုးမြင်ဝါဒ သိပ်မလွန်ကဲပေ။ အဆိုးအကောင်းကို
လျှစ်လျှူရှူတတ်သည့် ဥပေက္ခာ သဘောက ပိုများပေသည်။ ယင်း ဖြစ်တည်မှုဝါဒခံယူချက်ကို 'လူပုဂ္ဂိုလ်တဦးကို
ဖျက်ဆီး၍ရနိုင်သည်။ သို့သော် သူ့ကို အောင်မြင်ဖို့ မဖြစ်နိုင်' ဟူသော ဟမဲင်းဝေး၏စကားဖြင့်
အနှစ်ချုပ်နိုင်ပါသည်။
အနောက်တိုင်းယဉ်ကျေးမှုတွင်
ဘဝ၏ရည်ရွယ်ချက် အဇ္ဈတ္တလားရာ မှေးမှိန်ကွယ်ပျောက်လာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ နီးပါးမျှရှိပေပြီ။
ဤသို့သောဘဝ၏ အဓိပ္ပါယ်ကင်းမဲ့ခြင်းပြဿနာကို ဒဿနတရပ်အဖြစ် တင်ပြလိုက်သောအခါ ဖြစ်တည်မှုဝါဒဟု
တွင်လာပေသည်။ သို့သော် ယင်း ဖြစ်တည်မှုဝါဒသည် ဖျားနာနေသောအနောက်တိုင်းယဉ်ကျေးမှု၏ ရောဂါလက္ခဏာကိုသာ
သတ်မှတ်ဖော်ပြပေးနိုင်ပေသည်။ ရောဂါ သက်သာရာသက်သာကြောင်း ဆေးချက်ကိုမူ မပေးနိုင်ပေ။
လူ့အဖွဲ့အစည်းသည် အဓိပ္ပါယ်ကင်းမဲ့မှုတည်းဟူသော နိဒါန်းအပေါ်အခြေခံ၍ ရပ်တည်လှုပ်ရှားနိုင်မည်မဟုတ်။
တိကျသောစံနှုန်းများ၊ တန်ဖိုးသတ်မှတ်ချက်များရှိရန်လိုပေသည်။
0 comments:
Post a Comment