(မွေးမြူရေးနို့မတည့်တဲ့ဗမာပြည်ဖွား)
ငယ်ငယ်တုန်းက
ကျောင်းဘောလုံးကွင်းထဲ လာလွှတ်ကျောင်းတဲ့ ဦးအလားပီချေးတို့ပိုင်တဲ့ဆိတ်အုပ်ထဲက
သားသည်အမေဆိတ်မကြီးရဲ့ ပေကျံပွတနေတဲ့နို့အုံကြီးကနေ လက်ခွက်ထဲညှစ်ထည့်ပြီးရော
နို့သီးခေါင်နှုပ်ခမ်းနဲ့တေ့ပြီးရော ဆိတ်နို့အစိမ်းတွေ အငမ်းမရ သောက်ဖူးစို့ဖူးတယ်။
ကညွှတ်ကွင်းဘက်အိမ်မြေးတုန်းက
အဖေကိုဖိုးထောင်နဲ့အမေခတို့ မနက်တိုင်း ညှစ်ညှစ်တိုက်တဲ့နွားနို့အစိမ်းရော
ကျိုတိုက်တဲ့နွားနို့အကျက်ရော တဖူးဖူးမှုတ်သောက်ဖူးတယ်။ မူလတန်းတုန်းက ကျောင်းမှာ
တခါတလေ ကန်တော့လေးနဲ့ထည့်ပေးတဲ့ နို့မှုန့်တွေလည်း မက်မက်စက်စက်လျှက်ဖူးတယ်။
ဖျော်တိုက်တာလည်း တခုတ်တရ သောက်ဘူးတယ်၊ နွေရာသီကျောင်းပိတ်လို့
အမေ့လက်ကဆွေမျိုးနီးစပ်တွေရှိတဲ့ ဗွက်ကြီးရွာ တပတ်ဆယ်ရက်သွားနေလည်း မနက်တိုင်း
ကျွဲနို့နွားနို့အပြင် ကျွဲနို့ခဲတွေ မလိုင်တွေ မြေအိုးလေးနဲ့တည်တဲ့ဒိန်ချဉ်ကို
ထညက်ရေထည့်မွှေပြီးကျွေးတာလည်း မကုန်နိုင်မခမ်းနိုင် စားဖူးတယ်။ အိမ်မှာလည်း
မနက်တိုင်း လမ်းထိပ်က မလှကြီးယောက်ျားအလုပ်လုပ်တဲ့ ဟိန္ဒူအမျိုးသားတွေနို့ဒိုင်ကနေ
အမကြီးသွားသွားဝယ်ပြီး ကျိုကျိုတိုက်တဲနို့လည်း တစိမ်စိမ့် သောက်ဖူးတယ်။ ပြီးတော့
ကျောက်တိုင်တံဆိပ်မလိုင်အပြည့်ပါသောနို့ဆီတို့ ကုလားမခြင်းဆွဲတို့
ဘလူးခရော့စ်တို့ဆိုတဲ့နို့ဆီတွေလည်း အစိမ်းအတိုင်း တထိုင်တည်း တဗူးလုံးကုန်အောင်
ဖေါက်စုပ်ဖူးတယ်။ ပြည်မြို့ကထွက်တဲ့ မြေအိုးလေးထဲသကာရည်စိမ်ထားတဲ့မလိုင်လုံးတွေလည်း
တဝတပြဲ စားဖူးတယ်။ အောင်လံဘက်က ဟိန္ဒူအမျိုးသားတွေနေတဲ့ဆီ
ပဲစဉ်ငုံပဲပွဲစားနောက်လိုက်တုန်းက ပျစ်နှစ်နေအောင်ကျိုပြီး
ကြေးဝါခွက်ကြီးတွေထဲထည့် အိမ်ချက်ကြံသကာ မာမာကြမ်းကြမ်းကြီးတွေနဲ့
စိမ်နြေပြေသောက်ဖူးစားဖူးတယ်။ ကျောက်ဆည်နေတုန်းကလည်း ချက်နို့ဆီရရုံတွေကနေ
ချက်နို့ဆီချည်း ဒီအတိုင်းဝယ်စားဖူးတယ်။ နို့ဂျိုးဆိုတာတွေလည်း ပါးစောင်ထဲ
စေးထန်းတဲ့အထိ မြုံ့ဖူးတယ်။ ကန်ဆေးရည်ဆိုတာတွေလည်း နွားငတ်ရေကျ သောက်ဖူးတယ်။
အညာနို့ခဲချက်လည်း ခေါင်းမဖော်တမ်းလွေးဖူးတယ်။ တခါမှ ဝမ်းသွားတာတို့
ဝမ်းပျက်တာတို့မရှိဘူး။ နို့စိမ်းစိမ်း ကျက်ကျက် ကြိုက်သလောက် သောက် စား
ဘာမှကိုမဖြစ်တာ။
ခု
အမေရကန်ရောက်မှ ဘာဖြစ်တယ်မသိဘူး နို့စိမ်းသောက်သောက် ကျိုပြီးသောက်သောက်
ဖန်ခွက်တခွက်စာလောက်သောက်မိတာနဲ့ ဗိုက်ထဲလေတွေပွသလို တဂွီဂွိမြည် ခနနေတော့ ဝမ်းတွေ
ဒလဟောသွားတော့တာပဲ။ ဒါပေမယ့် တကြိမ်ပဲ။ မသွားခင်ကလည်း ဗိုက်ရစ်တာ
ဗိုက်နာတာမဖြစ်ဘူး။ ဗိုက်ကြီးတော့ ဘလုပ်ဘလုပ်နဲ့နေတာပေါ့။ သွားပြီဆို
ဝမ်းထဲရှိသမျှ အကုန်အစင်သွားလိုက်လို့ ဝမ်းကချောင်ပြီး
နေလို့အတော်ကောင်းသွားတာတော့အမှန်ဘဲ၊ စိတ်ထဲလည်း ဝမ်းသန့်သွားသလို ခံစားရတယ်။
ဝမ်းနည်းနည်းချုပ်ချင်ရင် ဘာ အင်္ဂလိပ်ဝမ်းပျော့ဆေး ဘာဗမာဝမ်းနှုတ်ဆေးမှမလိုဘူး။
နို့တဖန်ခွက်သောက်လိုက်ရုံပဲ။ ၂ နာရီအတွင်း ပြပါလိမ့်မယ် အစွမ်းက။ ကောင်းတော့
အတော်ကောင်းတာ။ ဒါပေမယ့် စိတ်ထဲ တမျိုးဖြစ်တယ်။
ကိုယ်တိုင်လည်း
တနေ့ကို နို့ ၁၂ ဂါလန်လောက်ထွက်တဲ့နို့စားနွားမ အကောင် နှစ်ထောင့်နှစ်ရာမွေးတဲ့နွားခြံမှာအလုပ်
လုပ်ဖူးတော့ သူတို့နွားနို့ ဘယ်လောက်သန့်ကြောင်း ဘက်တီးရီးယား
အပါအဝင်အန္တရာယ်ဖြစ်စေမယ့် ဘာပိုးမွှားမှမပါကြောင်းသိတယ်။
အမေရိကန်နွားခြံတွေကနွားနို့တွေပဲ ဆိုင်တွေပေါ်တင်ရောင်းကြတာ။ ပိုးပါဖို့မပြောနဲ့
နည်းနည်းလေး ညစ်ပတ်နှုန်းပိုတာနဲ့တင် ဆိုင်ရာကလာပြီး နွားခြံကို နို့အထုတ်ပိတ်တယ်။
တွေးသာကြည့် အဲ့သလိုအလုပ်ခံရလို့ကတော့ နို့တွေအကုန်ညှစ်ပြီး
ဂါလန်ရေသိန်းနဲ့သန်းနဲ့ချီပြီး သွန်ပစ်ရတာ ဘယ်လောက် ဆုံးရှုံူးလိုက်မလဲ။ ပြီးတော့
နွားကအလကားနေတာမဟုတ်ဘူး။ စာားသေးတယ်။ ကျန်းမာရေးက စောင့်ရှောက်ရသေးတယ်။
အလုပ်သမားတွေခန့်ထားရတယ်။ မီးဖိုး ရေဖိုး အအေးအပူစက်ဖိုး စက်ခတွေရှိသေးတယ်။ ဒီတော့
အဲ့လိုတခါဖြစ်လိုက်ရင် နွးခြံသူဌေးတွေ အဆုံးအရှူံးကြီးတယ်။ ပိုဆိုးတာက ငွေထက်
ဂုဏ်သိက္ခာပဲ။ သက်ဆိုင်ရာ နံမည်ပျက်စရာရင်းသွင်ူးလိုက်ရင် သွားပြီ အဲ့ဒီနွားခြံရော
သူနဲ့ဆက်စပ်နေတဲ့ နို့နဲ့နို့ထွက်ပစ္စည်းလုပ်ငန်းတွေရော အိုက်စ်ခရင်မ်းဆိုင်တွေရော
အကုန် ရွတ်သရွတ်ခါပြီး ပတ်လည်ရိုက်ကုန်ကြတာ။ ဆိုတော့ နွားနို့ကိုသန့်နိုင်သမျှ
သူ့ထက်ငါ အသန့်ပြိုင်ကြတယ်။
ပြောချင်တာက
အမေရိကန်နွားနို့တွေသန့်တယ်။ ဘာရောဂါပိုးမွှားမှမပါဘူး။ သောက်လို့
ဝမ်းပျက်ဝမ်းလျှောမဖြစ်ဘူး ကျနော်က ငယ့်ငယ်လေးကတည်းက နို့ကို
ပုံစံမျိုးစုံနဲ့သောက်လာ စို့လာတဲ့ကောင် ဝမ်းလျှောါဝမ်းပျက်ဖို့ဝေးစွ
ဘာဆိုဘာမှမဖြစ်ဖူးဘူး။ ခုကျမှ ဘယ်လိုဖြစ်တယ်မသိဘူး။ ဒီလောက်သန့်ပါတယ်ဆိုတဲ့
အမေရိကန်နို့သောက်ကာမှ ဝမ်းနှုတ်ဆေးစားသလို ဝမ်းသွားတယ်။ ဒါနဲ့ဆရာဝန်ကို
တခါကပြောပြတယ် ငါ အဲ့လိုဖြစ်တယ်ပေါ့။
ဆရာဝန်က
မင်းမိန်းမရော အဲ့လိုဖြစ်လားတဲ့။ စိတ်ထဲ ဆစ်ကနဲ့ဖြစ်သွားတယ်။ ဖြစ်တာက ကိုယ်၊
ပြောတာလည်း ကိုယ်။ သူက မဖြေပဲ မင်းမိန်းမပါအဲ့လိုဖြစ်လားဆိုပြီး ပြန်မေးလို့။
ဒီတော့ မိန်းမက မဖြစ်ဘူး၊ ငါက နို့သောက်ရင် ဝမ်းတောင် နည်းနည်း
ချုပ်တယ်လို့ပြောတယ်။ ဒီတော့ ဆရာဝန်က အမေရိကန်မှာနေတဲ့ စကင်ဒီနေဗီးယန်းနဲ့
အနောက်ဥရောအနွယ်တွေ ခရီးသွားရမယ် လမ်းမှာ ကားပေါ်ကြာမယ်ဆို နို့သောက်သွားတယ်တဲ့။
ဝမ်းမသွားချင်အောင်တဲ့။ ကျနော်က အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲဆိုတော့၊ ဆိုင်တယ်
မင်းတို့အာရှသားတွေ ငါ့လူနာထဲမှာ အများကြီး၊ အားလုံးလိုလို နိုစိမ်းသောက်ရင်
အီးပန်းကြတယ်၊ အဲ့ဒါ လူမျိုးတမျိုးရဲ့ ဘိုးစဉ်ဘောင်ဆက်က စားသောက်ခဲ့တဲ့
အစားအသောက်ပုံစံကြောင့် သူတို့ရဲ့မျိုးရိုးစဉ်ဆက်မှာ ကံမ္မဇီဝသဘော
အစာချေအစာချက်စနစ်က ဖြစ်နေတာ။ အစားအသောက်တွေပြောင်းလိုက်ရုံနဲ့ တော်တော်နဲ့
ပျောက်မသွားဘူး။ မျိုးဆက်နဲ့ချီမှ ခန္ဓာကိုယ်က သူ့ဘာသာပြင်ပေးသွားတယ်။ အခုန
ငါပြောတဲ့လူတွေမပြောနဲ့ မင်းမိန်းမတောင် နို့သောက်ရင် ဝမ်းချုပ်တယ်မဟုတ်လား၊
သူတို့တောင် ဘိုးစဉ်ဘောင်ဆက်နီးနီး ဒီမှာနေလာတာလေတဲ့။ ကျနော်က အဲ့ဒါ
ဘာဖြစ်တာလို့ပြောရမလဲလို့မေးတော့ အလာဂျီသဘော (ဓာတ်မတည့်တာ) လို့ပဲထားလိုက်ပါကွာ၊ မင်းနဲ့
အိမ်မွေးနို့နဲ့ကပြဿနာမရှိပေမယ့် ဒီက မွေးမြူရေးနို့နဲ့ အသားမကျသေးတာပါ။ ဒါကို
အင်္ဂလိပ်လို Lactose
Intolerance လို့ခေါ်တယ်။ အန္တရာယ်မရှိပါဘူး၊ ဘာဆေးမှလည်း
သောက်ဖို့မလိုပါဘူး၊ ဝမ်းသွားပြီးရင် ရေအေးအေးတခွက်သောက်လိုက်၊ ဒါဆို
အစာအိမ်တခုလုံး သန့်ရှင်းသွားတာပေါ့၊ ကျန်းမာရေးနဲ့တောင် ညီညွတ်သေးတယ်၊ အစာအိမ်ထဲက
ကောင်းတဲ့ဗက်တီးရီယား တချို့သေပြီး တချို့ပိုအားကောင်းလာတယ်၊ ကောင်းတဲ့ဘက်
ပိုများပါတယ်၊ ဟန်တောင်ကျသေး ငါတောင် မင်းလိုဖြစ်ချင်တာလို့ပြောပြီး ပြုံးနေတယ်။
အပြန်က လမ်းမှာ
မိန်းမကို နို့သောက်ရင် နင်ဝမ်းချုပ်တာတော့ဟုတ်ပါပြီ
ဝမ်းများများသွားချင်ရောဆိုတော့ ဖိုင်ဘာဆေးလုံးသောက်ရင်သောက်
မသောက်ရင်အသီးအရွက်များများစားတာပေါ့၊ နင်က ငါ့ထက်တောင် ဟန်ကျသေးတယ်၊
နို့သောက်လိုက်တာနြ့ကိစ္စပြတ်တယ် အားတောင်ကျသေးတယ်...တဲ့။
ခက်တော့နေပြီ ဒီ
အိုင်းရစ်ရှ်မနဲ့ နော်ဝေဂျီယာန်လူဖြူဆရာဝန်နဲ့ ကျနော်နဲ့တော့။
မျိုးမြင့်ချို
ဧပြီ ၆၊ ၂ဝ၁၉
0 comments:
Post a Comment