ကုန်သွယ်ရေးစစ်စတင်ခြင်း (၁၃)
A မှ Z အယ်ဖာဘက်အော်မြည်သံ
ဂိုဂဲကို ၂ဝဝ၄ ခုနှစ်မှာ
ပထမဆုံးဈေးထုတ် (အိုင်ပီအို - IPO – Initial Public Offering – ဒီစကားလုံးက
စတော့နဲ့စိမ်းတဲ့ ကျနော်တို့အတွက် အရေးကြီးပါတယ်။ ကုမ္ပဏီတခုကို ပုဂ္ဂလိကပိုင်ကနေ
အများပိုင်လုပ်ဖို့ ပထမဆုံးလူထုကိုဈေးဖွင့်တဲ့ဈေးပါ)တဲ့ အချိန်မှာ ကုမ္ပဏီတည်ထောင် သူတွေက
ပြောခဲ့တဲ့စကားတခွန်းရှိတယ်။ အဲဒါက ကျနော်တို့ဂိုဂဲကို ရှေးရိုးစဉ်လာ ကုမ္ပဏီတခုအဖြစ်ရပ်တည်သွားဖို့
မရည်ရွယ်ဘူးဆိုတာပါ။ ဒါပေမယ့် နှစ်တွေသာကြာလာတယ်၊ ဂိုဂဲဟာနည်းပညာအသစ်အဆန်းတွေ
ထပ်တီထွင်လာတာသာရှိပေမယ့် ကုမ္ပဏီအနေနဲ့ကြည့်တော့ ဖွဲ့စည်းပုံနဲ့
အလုပ်လုပ်ပုံတွေဟာ တခြားကုမ္ပဏီတွေနည်းတူ ထူးခြားဆန်းသစ်လာတာတော့မရှိဘူး။ ဂိုဂဲက သူပြောထားတဲ့စကားကို
သတိရပုံ ရှိတယ်။ လွန်ခဲ့တဲ့ ၃နှစ်ကျော် ၂ဝ၁၅ အောက်တိုဘာမှာ ဖွဲ့စည်းပုံကို ပြင်တယ်။
မိခင်ကုမ္ပဏီနာမည်ကို အက္ခရာများ (အယ်ဖာဘက် - Alphabets) လို့နာမည်ပေးပြီး
အဲသည်အောက်မှာ ဂိုဂဲကတခြမ်း အခြားကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံမှုတွေကတခြမ်း
၂ပိုင်းသဘောခြား လိုက်တယ်။ ဂိုဂဲကုမ္ပဏီကိုပူးတွဲတည်ထောင်တဲ့ လာရီပိတ်ခ်ျ (Larry
Page) က အယ်ဖာဘက်ရဲ့ အမှုဆောင်အရာရှိချုပ် စီအီးအို ဖြစ်လာတယ်။
ပြီးခဲ့တဲ့အပတ်ကပြောသလို ဂိုဂဲမှာ
ခရုမ်းဂိုဂဲအချက်အလက်ရှာဖွေစက်(Chrome - Google Search Engine), ဂိုဂဲမြေပုံ
(Google Map), ဂိုဂဲဂိမ်း (Google Play), ဂျီမေး (Gmail), ယူကျူ့ (YouTube) အစရှိတဲ့ တနေ့ကို ၁ဘီလီယံကျော် အရည်အတွက်အသုံးပြုခံရတဲ့ ဝက်ဘ်ဆိုက်တွေရှိနေတယ်။
တခြားဘာတွေများထူးခြား လာတာတွေရှိနိုင်သေးလို့လဲဆိုရင် ဒိမိုင်း (Deep
Mind)၊ ကာလီကို (Calico)၊ ဝေးမို (Waymo)၊ ဗာရီလီ (Verily) အစရှိတဲ့ ကုမ္ပဏီခွဲတွေ
အများကြီးပေါ်လာတယ်။ (တခုစကားခံထားလိုတာက
ကုမ္ပဏီနာမည်တွေကို သူ့နာမည် အတိုင်းခေါ်ဖို့ ကြိုးစားစေချင်တာပါပဲ။ အဖြူမ
ရိုစီဆိုတဲ့နာမည်ကို မြန်မာဆန်အောာင် မနှင်းဆီလို့ လုပ်လို့ရပေမယ့်
ရိုစီလို့ပဲခေါ်သလိုပေါ့)။ ဗာရီလီ ဟာ အယ်ဖာဘက်ရဲ့ သုတေသနကုမ္ပဏီ ဖြစ်တယ်။ အထူးသဖြင့်
ကျန်းမာရေးနဲ့ဇီဝသိပ္ပံ (Healthcare and Life Science) အပေါ်မှာ
လုံးလုံးလျားလျား သုတေသနပြုနေတဲ့ကုမ္ပဏီပါ။ ဥပမာ ဗာရီလီကထုတ်မယ့် မျက်ကပ်မှန်တွေမှာ
တပ်ဆင်သူရဲ့ဂလူးကို့စ် ပါဝင်မှုကို သိနိုင်မယ်။
တကမ္ဘာလုံးမှာ ခြင်မျိုးတုန်းအောင်လုပ်ဖို့ သုတေသနလုပ်တယ် (ရန်ကုန်မှာခြင်ထောင်
မပါပဲ အိပ်ရချည်သေးရဲ့ဗျာ) အဓိက အကျဆုံးကတော့ ရောဂါတွေကို
မဖြစ်ခင် သိအောင်လုပ်ပြီး အရင်ကုမှာပါ။ အဲဒီကသိထားတဲ့အချက်အလက်တွေကို ၂ဝ၁၃ မှာ စထောင်
လိုက်တဲ့ ကာလီကိုကုမ္ပဏီကအသုံးချမယ်။ ဆေးပညာနဲ့ပါတ်သက်တဲ့ ကရိယာတန်ဆာပလာတွေ၊
စက်တွေနဲ့ ဆေးဝါးတွေကိုထုတ်မယ်။
လတ်တလော ကာလီကို အဓိကထားနေတဲ့ပစ်မှတ်က
ကင်ဆာနဲ့ အယ်ဇိုင်းမား (အသက်ကြီးပြီး မှတ်ဉာဏကျဆင်းပြီး မေ့သွားတဲ့ရောဂါ)
ဒါပေမယ့် မြိုပြတီထွင်ဆန်းသစ်မှုသက်သက်ကိုလုပ်တဲ့
ကုမ္ပဏီနာမည်ကျတော့ Sidewalk
Lab လို့နာမည် ပေးထားတယ်။ ၂ဝ၁၅ မှာ နယူယော့ခ်စီးတီးမှာ စတည်ထောင်တယ်။
လူနေမှု စရိတ်တွေကျဖို့လုပ်မယ်။ သယ်ယူပို့ဆောင်ရေးပိုကောင်းလာဖို့နဲ့ စွမ်းအင်ကို ထိထိ
ရောက်ရောက် အသုံးချဖို့ဆိုတာတွေပါလာမယ်။ ဥပမာ မော်တော်ကားတွေဟာ မောင်းသူမပါရင်
မီးပွိုင့်တွေမှာ ဘယ်လိုရပ်မလဲဆိုတာမျိုး ဖြစ်မှာပေါ့။ မရမ်းကုန်းလမ်းဆုံမှာ
ပိတ်မိနေတဲ့ယဉ်တန်းကြီး လှည်းတန်းရောက်မလာခင် ဘာတွေလုပ်ရမလဲဆိုတာမျိုး စက်တွေက
ဆုံးဖြတ် ပေးပါလိမ့်မယ်။ ဂျီဗွီလို့အတိုကောက်ခေါ်တဲ့ (ဂိုဂဲစွန့်စား၊ Google
Ventures – GV)ဟာ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီပါ။ ဘာမှမလုပ်ဘူး
ကုမ္ပဏီ ၃ဝဝ လောက်မှာ လိုက်ပြီး ရင်းနှီးမြုပ်နှံထားတယ်။ ကုမ္ပဏီတချို့ကိုပြောပါဆိုရင်
အူဘာ (Uber)၊ မြန်မာပြည်နဲ့ အာရှမှာ Grab လို့ နာမည် ကြီးတဲ့ တက္ကစီတွေရှိသလို အမေရိကားမှာ အူဘာ (Uber) ဆိုတာရှိတယ်။ ကင်ဆာသုတေသနမှာ ထိပ်ရောက်နေတဲ့ Flatiron Health ဆိုတာရှိတယ်။ ဒီလိုကုမ္ပဏီတွေမှာ ရင်းထားတယ်။ ရင်းတဲ့ကုမ္ပဏီတွေက လိုင်းစုံတယ်၊
စိုက်ပျိုးရေးကုမ္ပဏီကစလို့ စက်ရုပ်လုပ်တဲ့ ကုမ္ပဏီ ကနေ
စက်မှတ်ဉာဏ်ကုမ္ပဏီတွေအထိရှိတယ်။ ဂိုဂဲစွန့်စားပိုင်ဆိုင်မှုက ၂ဘီလီယံ ကျော်တယ်။
ဂိုဂဲစွန်းစား (GV) လို ဂိုဂဲအရင်း (Google Capital) ဆိုတာရှိပြန်တယ်။
အပြင်မှာခေါ်ကြတော့ ကယ်ပီတယ်ဂျီ CapitalG တဲ့။ ကယ်ပီတယ် ဂျီက
ဂျီဗွီ နဲ့မတူဘူး။ သူက လုံးဝဘဏ္ဍာရေးပိုင်းပဲ။ ပေါက်မယ်ထင်တဲ့ကုမ္ပဏီ အသစ်ကလေးတွေကို အဓိကပစ်မှတ်ထားတယ်။
အဲယားဘီ အင်ဘီ လိုမျိုးပေါ့။ ပြီးတော့ Glassdoor လို အလုပ်ရှာဖွေရေးအေဂျင်စီ။
ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ်စကိုက အွန်လိုင်းဝန်ဆောင်မှု ထောင်နဲ့ချီပေးတဲ့ Thumbtack
စသည်ဖြင့်ပေါ့။ နဲနဲစွာလာမယ့်ပုံပေါ်ရင် ကယ်ပီတယ်ဂျီကဝင်ရင်းတယ်။
စီးပွားရေးတွေလားဆိုရင်တော့ ပထဝီနိုင်ငံရေးလိုကိစ္စတွေမှာ ဝင်ပြီးအကြံဉာဏ်ပေးမယ့်
ပဟေဋ္ဌိပုစ္ဆာဆိုတဲ့ ဂျစ်ဆော(Jigsaw) ကုမ္ပဏီကို ၂ဝ၁၆
မှာထောင်တယ်။ ဒီနာမည်နဲ့ကုမ္ပဏီတွေတော့များတယ်။ ဒါပေမယ့် ဂိုဂဲ think tank ကုမ္ပဏီ။ အွန်လိုင်းဆင်ဆာပြဿနာ၊ အစွန်းရောက်အဖွဲ့အစည်း၊ အကြမ်းဘက်
စတာတွေကို အကူအညီပေးတဲ့ကုမ္ပဏီ။ အေအိုင် (AI စက်မှတ်ဉာဏ်)
ချည်းလုံးလုံး ရင်းနှီးမြုပ်နှံတာကတော့ ဒိမိုင်း (DeepMind)၊ အင်္ဂလန်အခြေစိုက် ဒီကုမ္ပဏီကို ၂ဝ၁၄ မှာ ဂိုဂဲက သန်း၆၅ဝ (business
insider ထဲမှာ သန်း၅ဝဝလို့ဆိုတယ်)။ ပေးပြီး ဝယ်လိုက် တယ်။
ဒိမိုင်းကထုတ်တဲ့ ကွန်ပြူတာပရိုဂရမ် အယ်ဖာဂိုး (AlphaGo) က
၂ဝ၁၇ မှာ ဂိုး (ချက်စ်လိုကစားနည်း) ကမ္ဘာ့ချံပီယံကို နိုင်လိုက်တယ်။ အခု အေအိုင်ကစားနည်းပရိုဂရမ်တွေဟာ
အရင်ခေတ်တွေကလို ရှိသမျှအချက်အလက်တွေကို ကွန်ပြူတာထဲ အားလုံး စုသွင်းပြီး ယှဉ်ပြိုင်စေတာမျိုးမဟုတ်ဘူး။
ပရိုဂရမ်ကို ကစားနည်းသက်သက်သင်ပေးလိုက်ပြီး စက်ကို အဆင့်တူ ကစားသမားတွေနဲ့
တဆင့်ချင်းယှဉ်ပြိုင်ပြီး သူ့ဘာသာသူ သင်ယူစေတာဖြစ်တယ်။ ဆိုလိုတာက
ခုခေတ်အေအိုင်ကနေပေါ်လာတဲ့ စက်မှတ်ဉာဏ်ဆိုတာ ဒေတာတွေ သွင်းထားတာတွေထဲက
အကောင်းဆုံးကိုယူသုံးပြီး လုပ်တာမဟုတ်ဘူး။ အဲသလိုသာဆို စက်ဟာ သူ့ကိုပေးထားတဲ့ဒေတာ အချက်အလက်တွေထဲမှာပဲ
ရှင်သန်တွေးတောရမှာ။ အခုသူ့ဘာသူ လေ့လာသင်ယူ တတ်မြောက်လာတာ။ ဒါကအားသာချက်ဖြစ်သလို
အနာဂတ်မှာ ကြောက်စရာကောင်းတဲ့တိုးတက်မှုကို စက်ကရသွားပြီး လူကိုထိန်းချုပ်စေခိုင်း
လာနိုင်မှာပဲဖြစ်တယ်။
လူတွေကို စက်တွေကထိမ်းချုပ်မိပြီး
ကျွန်ပြုတာကိုပြန်တိုက်တဲ့ သိပ္ပံဇာတ်ကားတွေ ရှေ့မှာ အများကြီးထွက်ကောင်းထွက်လာနိုင်တယ်။
ဝေးမို၊ မောင်းသူမဲ့စက်ရုပ်တက္ကစီရဲ့အစနှင့် ထင်ယောင်စစ်မှန်မှုဝေးမို (Waymo) ကတော့
မောင်းသူမဲ့ကားတွေ ထုတ်မယ့်ကုမ္ပဏီဖြစ်တယ်။ သူ့ရဲ့သုတေသန
ဓါတ်ခွဲခန်းကို X လို့ခေါ်ကြတယ်။ ၂ဝ၁၆ ဒီဇင်ဘာမှာ စထောင်တယ်။
စက်နဲ့မိုင်သန်းပေါင်း ခုနှစ်ထောင်ကျော် အစမ်း လေ့ကျင့်ပြီး ၂ဝ၁၅ မှာ လမ်းပေါ်တက်မောင်းတယ်။
သူ့ကို စမ်းမောင်းလို့ရတဲ့ တကယ့်လမ်းတွေပေါ်မှာ မိုင် ၁ဝသန်းလောက် မောင်းကြည့် ပြီးပြီ။
နောက်ဆုံးပေါ် ကားတွေက လက်ကိုင်ဂွေတွေ မပါဘူး။ ၂ဝ၁၈ မှာ သူ့ရဲပ ပထမဆုံး မောင်းသူမဲ့ကားလုပ်ငန်းကို စတယ်လို့ ဆိုတယ်။ ဝေးမိုအကြောင်း
ဘဏ္ဍာရေးတိုင်းမ် (Financial Times) ကရေးတဲ့
စက်ရုပ်တက္ကစီဆိုတဲ့ အထူးဆောင်းပါးမှာ ကားထုတ်သူတွေ ဂိုဂဲကို လိုက်နိုင်ပါ့မလားလို့
မေးခွန်းထုတ်လိုက်ပါပြီ။ အမေရိကန်ရဲ့အကြီးဆုံး ရင်းနှီးမြုပ်နှံမှုဘဏ်တွေထဲကတခုဖြစ်တဲ့
မောဂန်စတန်လေက ၂ဝ၁၇ မှာ ဝေးမိုကို ဒေါ်လာဘီလီယံ ၇ဝ တန်ဖိုးဖြတ်ဖို့ ကျိုးစားခဲ့တယ်။
နည်းတဲ့ပိုက်ဆံတော့ မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာမှာရောင်းအားအကောင်း
ဆုံးလို့ဆိုတဲ့ ဘောက်ဝက်ဂွန် ကားကုမ္ပဏီရဲ့တန်ဖိုးနဲ့ အတူတူလောက်ဖြစ်တယ်။
ဒါပေမယ့် မနှစ်က ၂ဝ၁၈မှာ ဝေးမိုရဲ့တန်ဖိုးက ၁၇၅ ဘီလီယံ ဒေါ်လာထိ
တက်လာတယ်။ ဒါပေမယ့် ၂ဝ၁၉ ထဲကို ရောက်လာတော့ ဒေါ်လာ ဘီလီယံ ၂၅ဝ အထိကို ရောက်လာပါပြီ။
ဒါဟာ ဖို့ဒ်၊ ဂျီအမ်၊ ဖီးယက်ခရိုက်စလာ၊ ဟွန်ဒါနဲ့ တက်စလာ ကားကုမ္ပဏီတွေအားလုံးပေါင်းရဲ့
တန်ဖိုးနဲ့ ညီမျှသွားတယ်။ ၂ဝ၁၆ မှာ ထောင်တဲ့ ဝေးမို ဘာလို့ နှစ်ရာချီရှိခဲ့တဲ့ကားကုမ္ပဏီကြီးတွေကို
ကျော်တက်သွားတာလဲလို့မေးရင် နည်းပညာလို့ပဲအဖြေ ထွက်တယ်။
ရှေ့မှာ ဓါတ်ခွဲခန်း အိတ်(စ်) X ကိုပြောခဲ့တယ်။ ကုမ္ပဏီနာမည်အပြည့်အစုံက အိတ်စ်၊ လကမ္ဘာသွားစက်ရုံ (X
: Moonshot factory) လို့ ခေါ်တယ်။ အလိုအလျောက်မောင်းတဲ့
မော်တော်ကားတွေအပြင် ပစ္စည်းတွေပို့မယ့် ဒရုန်း(drone)
တွေ၊ ဂိုဂဲမျက်မှန်တွေ၊ လျှပ်စစ်ဓါတ် ထုတ်မယ့်စွန် (electricity-generating
kites)တွေကိုထုတ်မယ်။ စိတ်ဝင်စားစရာကောင်းတာတွေထဲက တခုကတော့
လေပူပူပေါင်း (Hot Air Balloons) တွေကို လွှတ်တင်ထားပြီး
အဲဒီကနေ အင်တာနက်နဲ့ ချိတ်ဆက်နိုင်အောင်လုပ်ဖို့ဖြစ်တယ်။ ဖဘ က အကီလာဆိုတဲ့
ဒရုန်းတခု တင်ပြီး အင်တာနက်ပေးဖို့ လုပ်တယ်။ သဘောခြင်းအတူတူပါပဲ။
နောက်ဆုံးတခုပြောချင်တာကတော့ အဆင့်မြင့်နည်းပညာနဲ့စီမံကိန်းလို့ နာမည်ပေးထားတဲ့ ATAP
(Advanced Technology and Projects) ဋ္ဌာနခွဲပါ။ စမတ်အဝတ်အထည်တွေ ထုတ်မယ်။
ဝတ်ထားရင်း ဆီးချိုနဲ့ သွေးတိုး၊ နှလုံးခုန်နှုန်းတွေကို အနည်းဆုံးသိရနိုင်မယ်ဆိုတာမျိုးတွေ ဖြစ်လာမယ်။ တကယ်ဖြစ်နေသလိုထင်ရမယ့်
ဇတ်လမ်းတိုရုပ်ရှင်တွေ (Short virtual reality films) ထုတ်မယ်၊
ရေဒါတွေကို အဝေးထိန်းမလိုပဲ ကိုယ်အမူအရာတွေပြပြီး ထိမ်းချုပ်လာနိုင်မယ်ဆိုတယ်။
ခင်ဗျားဟာတွေက မစားရဝခမန်းတွေပါလားဗျာ၊
ဒီနည်းပညာသစ်(New
Technology) တွေရဲ့သက်ရောက်မှုတွေက
ကျုပ်တို့ဆီမှာ ဘယ်လိုဖြစ်လာမလဲ အနှစ်ချုပ်ပြီးပြောစမ်းပါဆိုရင် ကမ္ဘာကြီးကို
ပို့စ်မော်ဒန်အခြေအနေတွေကနေ ဘယ်လိုမှနောက်ပြန်လှည့်လို့ မရအောင် ပြောင်းလိုက်တယ်။
ပြင်ပအခြေအနေတွေအပြင် လူကိုအသစ်ဖြစ်အောင်လုပ်တော့မယ်။ မော်ဒန်တုန်းက အဓိကကိုင်တွယ်တဲ့နယ်ပယ်က
ဘာလဲလို့မေးရင် နေရာ(Space) ပါ။ တိတိကျကျပြောရင် နေရာကို ချုံ့ပစ်လိုက်တာ။
နယူးယော့ခ်နဲ့လန်ဒန်ကြား အကွာအဝေးက နည်းသွား တယ်ထင်ရတယ်။
လေယဉ်ပျံတွေက မြန်လာတာကိုး။ ရန်ကုန်နဲ့မန်းလေး သိပ်မဝေးတော့ဘူး ထင်ရတယ်။
ကားတွေကမြန်လာတယ်၊ လမ်းတွေက ကောင်းလာတယ်။ ပိုပြီးတိကျအောင် ပြောရရင် နေရာ(Space)ကို အချိန်(time)နဲ့ဖျောက်ဖို့ ကြိုးစားတာဟာ မော်ဒန်ပဲ။
ကနေ့ ပို့စ်မော်ဒန်ဟာ နေရာအကြောင်း
သိပ်မပြောတော့ဘူး။ ဈေးကိုမလာနဲ့ အိမ်ကနေပဲပစ္စည်းတွေမှာဖို့ ပြောတော့တယ်။ အချိန်ကုန်
သက်သာလာတယ်။ ဈေးနှုန်းလည်း ချိုလာတယ်။ ဒါပေမယ့် အချိန်ကို တိုသထက်တိုအောင်
လုပ်နေကြဆဲပဲ။ ပို့မော်ဒန်က အချိန် (Time) အကြောင်းပဲ ပြောတော့တယ်။
ပိုပြီးမြန်တဲ့အချိန်အကြောင်းပဲ။ ပြီးတော့ ခန္ဓာကိုယ် လိုက်ပါလှုပ်ရှားဖို့ သိပ်မလိုတော့ဘူး။
ရုပ်ထက် နာမ်အကြောင်း ပိုပြောလာတာဖြစ်တယ်။ နေရာဆိုတာက ကိုင်ကြည့်လို့ရတယ်။
ရုပ်ဆိုတာလည်း ကိုင်ကြည့်လို့ရတယ်။ ဒါပေမယ့် အချိန်နဲ့ နာမ်က
ကိုင်တွယ်လို့မရတော့ဘူး။ ဒါဟာ တကယ့်အစစ်အမှန်ဟုတ်ရဲ့လားလို့ ထင်ယောင်မှားလာတယ်။
ဒါကိုပဲ ဗာကျူရယ်ရီရယ်လတီ (Virtual Reality - ထင်ယောင်စစ်မှန်မှု)
လို့ ဆိုလာကြတာဖြစ်တယ်။
ဖဘထဲမှာ ပုံတင်တဲ့ငါဟာ
အပြင်လောကကငါနဲ့ လုံးလုံးလျားလျမတူဘူးလို့ ယူဆလာကြတဲ့ သဘောပါပဲ။ တနည်းအားဖြင့်
မိမိရဲ့
ကိုယ်ပိုင် သရုပ်သကန်အမှန်ဖြစ်မှု(Identity) ဝေဝါးစေတာပါ။ မြန်မာပြည်မှာ ပြည်သူလူထုရဲ့ရုပ်ပိုင်းဘဝက
မယ်မယ်ရရ တိုးတက်မှု မရှိသေးတဲ့ အချိန်မှာ တကမ္ဘာလုံးမှာ ထင်တိုင်းကျဲနေတဲ့နည်းပညာ ဝင်ရောက်လာတာဟာ
အခြေမခိုင်သေးပဲလေထဲမှာ ပျော်မွေ့ဖို့ ကြိုးစားရသလို ဖြစ်တယ်။ ဒါဟာ ဆင်းရဲချမ်းသာကွာဟမှုနဲ့ တိုက်ရိုက်မဆိုင်တဲ့
လူရဲ့အတွေ့အကြုံအသစ် ဖြစ်တယ်။
အသစ်ဟာအထိုင်မကျမချင်း လူရဲ့ တည်ငြိမ်မှုကို နှဲ့နေမှာဖြစ်တယ်။
ရုပ်ဘဝမကောင်းမွန်တဲ့နိုင်ငံတွေဟာ ဒီအတွေ့အကြုံသစ်ကို အခြေခံကောင်းတဲ့နိုင်ငံတွေလောက် ခံနိုင်ရည်ရှိဖို့မလွယ်ဘူးလို့
ပြောနိုင်မယ်။ ဒါက လူမှုရေးပိုင်းမှာ။
နိုင်ငံရေးပိုင်းကကြည့်ရင် တရုတ်က တချိန်မှာ
မြစ်ဆုံဆည်လိုမျိုးဆောက်ဖို့ ဖိအားပေးမှာ မဟုတ်တော့ဘူး။ သူ့ရဲ့လေပူပူပေါင်းတွေ ယူနန် နယ်ထဲ လွှတ်တင်ထားပြီး နေပြည်တော်က အင်တာနက်လိုင်းတွေနဲ့
မိုဘိုင်းဖုန်းတွေကို ကြားဖြတ်ဖမ်းယူမယ်။ ထိမ်းချုပ်မယ်။ ဘဏ်တွေက ငွေစာရင်းတွေ
အထုတ်အသွင်းလုပ်လို့ မရတော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ တင့်ကားတွေဝယ်မယ့်အစား နည်းပညာမှာ
ရင်းနှီးမြုပ်နှံ တာဟာ ပိုပြီးကျိုးကြောင်းဆီလျော်လိမ့်မယ်ယူဆတယ်။
(ဒုတိယစစ်အေး၏
စီးပွားရေးစစ်မျက်နှာများ)
၂ဝ၁၉ ဇန္နဝါရီလတုန်းက ပိုလန်က
စတက်တင်(Stettin)
ဆိုတဲ့မြို့မှာ ဟွာဝေးကုမ္ပဏီရဲ့တရုတ်ဝန်ထမ်းတဦးကို
ပိုလန်အာဏာပိုင်တွေက စပိုင်လုပ်တယ်ဆိုပြီး ဖမ်းလိုက်တယ်။ ပြီးတော့ ပိုလန်ကသွားမယ့်
5G ပဉ္စမမျိုးဆက် မိုဘိုင်းဆက်လိုင်းထဲမှာ ဟွာဝေးကို ဖယ်ထုတ်လိုက်
တယ်။ ဒါဟာ အမေရိကန်ဦးဆောင်တဲ့ တရုတ်အကျိုးစီးပွားကိုဟန့်တားတဲ့အစီအစဉ်ထဲကို
ဝင်လိုက်တာပဲလို့ တရုတ်ကဝေဖန်လိုက်တယ်။ စတက်တင်ဆိုတဲ့မြို့ဟာ သမိုင်းလေ့လာတဲ့သူတွေအတွက်တော့ ချာချီရဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ
သံကန့်လန့်ကာမိန့်ခွန်း (iron curtain speech)ကို အမှတ်ရစေပါလိမ့်မယ်။
မြေပုံကို တချက်ကြည့်စေချင်တယ်။ ပိုလန်မြောက်ဘက်ဟာ ဘောလ်တစ်ပင်လယ်ပါ။ စတက်တင်မြို့က ဆိပ်ကမ်းမြို့။ အဲသည် စတက်တင်ကနေ အီတလီမြောက်ပိုင်းစွန်းက
ထရစ်စတီးမြို့(Trieste) အထိ
ကိုမျဉ်းဆွဲရင် ပိုလန်၊ အရှေ့ဘာလင်၊ ချက်၊ သြစတြီးယား၊
ဟန်ဂေရီ၊ ယူဂိုနဲ့ ရူမေးရီးယားတို့ကိုဖြတ်တယ်။ ဒါ ဝက်မင်စတာတက္ကသိုလ်(အမေရိကန်
မစ်ဇူရီပြည်နယ်က) က ၁၉၄၆ မှာ ဝင်စတန်ချာချီကိုပင့်ဖိတ်ပြီး ပို့ချချက်(လက်ချာ)
ပေးခိုင်းတုန်းက ချာချီတင်စားပြောတဲ့ သံကန့်လန့်ကာပါ။ ဆီုဗီယက်နဲ့အမေရိကန်ရဲ့ စစ်အေးအစမှာ ဆိုဗီယက်ခြေကုပ်ယူထားတဲ့ အရှေ့ဥရောပနိုင်ငံတွေကို
ရည်ညွှန်းတာဖြစ်တယ်။
စတက်တင်ဟာ သံကန့်လာကာရဲ့မြောက်ဘက်စွန်းဖြစ်ပြီး တောင်ဘက်စွန်းက ထရစ်စတီးပါ။ (မှတ်ချက်။
ထရစ်စတီးဟာ ခုအီတလီ မြောက်ပိုင်းမှာရှိပေမယ့် ဒုတိယကမ္ဘာစစ်ပြီးမှာ ကုလသမဂ္ဂကထိမ်းချုပ်ထားတဲ့ဒေသဖြစ်ပြီး
မာရှယ်တီးတိုးလက်ထက်က ယူဂိုစလားဗီးယားက ဝင်သိမ်းထားတဲ့မြို့ ဖြစ်တယ်။ ဒါကြောင့်မို့ ချာချီပြောတဲ့အချိန်က အရှေ့ဥရောပထဲမှာ ပါနေတယ်)။ မြေထဲပင်လယ်နဲ့တဆက်တည်းဖြစ်ပြီး အာဒရစ်တစ်ပင်လယ်(Adriatic
sea) ကိုမျက်နှာမူထားတဲ့ အီတလီရဲ့ထရစ်စတီးဆိပ်ကမ်းကို
တရုတ်က နဂါးပတ်ရေကြောင်းပိုးလမ်းမ (BRI) ရဲ့ အစိတ်အပိုင်းတခုအဖြစ် ချဲ့ထွင်ဖို့ကျိုးစားနေပါပြီ။
အာဒရစ်တစ်ပင်လယ်အတိုင်း တောင်ဘက်ကို ဆက်လွှင့်လာရင် မြေထဲပင်လယ်ထဲကို
အဝင်မှာ ဂရိရဲ့ ပိုင်းရားရူစ်(Piaeus) ဆိပ်ကမ်းရှိတယ်။ ပလေတို၊ ဆိုကရေးတီးစ်နဲ့အရစ္စတိုတယ်တို့ စခဲ့တဲ့
အနောက်တိုင်း ဖလော်ဆော်ဖီ မြစ်ဖျားခံရာ ဂရိရဲ့အေသင်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ ပိုင်းရားရူစ်ဆိပ်ကမ်းကို
လက်ရှိစီမံခန့်ခွဲနေတဲ့ကုမ္ပဏီက တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်တဲ့ ကော့စကို(Cosco
– China Ocean Shipping Company) ဖြစ်တယ်။ ဥရောပယူနီယံရဲ့
ကြွေးမြီအထူထပ်ဆုံးနိုင်ငံသားတွေဖြစ်တဲ့ ပလေတိုရဲ့သားမြေးတွေဟာ
ဂရိစ်ရဲ့အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း ပိုင်းရားရူစ်မှာ
ကွန်ဖြူးရှပ်ရဲ့ အဆုံးမရှိတဲ့ခေါက်ဆွဲဝါဝါကို တူနဲ့ဘယ်လို
စားသောက်ရမလဲ သင်ယူတတ်မြောက်ပြီး ဖြစ်နေပုံရပါတယ်။ ဂရိကနေ အီတလီကို တရုတ်ချဲ့ထွင်ဖို့ ကျိုးစားတာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ အီတလီဟာ လက်ရှိယူရိုဇုံမှာ
ငွေကြေးအကျပ်တည်းဆုံးနိုင်ငံတွေထဲကတခု ဖြစ်နေတယ်။ အလယ်အာရှနဲ့ အရှေ့ဥရောပ ဖြစ်တဲ့ ဆိုဗီယက်ရဲ့စစ်အေးခေတ် အခိုင်အမာအခြေစိုက်စခန်းတွေမှာအထိုင်ချရင်း၊
တရုတ်ဟာ အီတလီစီးရီးအေကို အိမ်ကွင်းထဲ ထဲ့သွင်းဖို့ ကျိုးစားလာတဲ့သဘောပါ။
မတ်လ ၂၁ရက်နေ့က အီတလီ၊ ပြင်သစ်နဲ့
မိုနာကို ဥရောပသုံးနိုင်ငံကို ရှီကျင်းပင်က ၆ရက်ကြာ ခရီးထွက်ခဲ့တယ်။ ဒီမှာ ရှီ
အဓိကထားတဲ့ ပစ်မှတ်က ပြင်သစ်ဖြစ်ပုံရတယ်။ ပြင်သစ်ဆိုတာ အီတလီလို
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်တော့မဟုတ်ဘူး။ သူက အီးယူမှာ ဂျာမဏီပြီးရင် ဒုတိယအကြွယ်ဝဆုံးနဲ့
ပါဝါအကြီးဆုံးဖြစ်တယ်။ ပြင်သစ်တောင်ပိုင်းက တူးလူ့စ်မြို့မှာ ရုံးချုပ်ရှိတဲ့ ဥရောပရဲ့ လေယဉ်ဘတ် စကား(Air Bus) ကုမ္ပဏီကနေ တရုတ်က အဲယားဘတ်စ် အစီး ၃ဝဝ မှာလိုက်တယ်။ ရှီချခင်းလိုက်တဲ့
အဲယားဘတ်စ်ဖဲကို ပြင်သစ်သမ္မတ မက်ခရွန်က ကောက်စားလိုက်တဲ့တပြိုင်နက်တည်းမှာပဲ ပါရီမှာလုပ်တဲ့ညစာစားပွဲကို
ဥရောပ အထင်ကရခေါင်းဆောင်၂ဦးကို ဖိတ်ခဲ့တယ်။ ဂျာမန်ချန်ဆယ်လာ အင်ဂျယ်လာမာကယ်လ်(Angela
Markel) နဲ့ အီးယူကော်မရှင်အကြီးအကဲ(EU commission chief)
ယန်းကလော့ ဂျန်ကာ (Jean-Claude Juncker) တို့ပါ။ ဒီတော့ နိုင်ငံရေး အကဲဖြတ်တွေအနေနဲ့ ဒီတွေ့ဆုံပွဲဟာ နောက်လမှာလုပ်မယ့် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲ အကြိုတွေ့ဆုံမှုအဖြစ် ရှုမြင်ကြတယ်။ အမေရိကန်ပထမ(American First)ပေါ်လစီကိုကြွေးကြော်ပြီး ဥရောပ ခေါင်းဆောင်တွေကို မထင်ရင် မထင်သလိုခြိမ်းခြောက်လေ့ရှိတဲ့ထရမ့်ကို
မယုံကြည်ရမှုဟာ မာကယ်လ်၊ မာခရွန် အီးယူတိုက်စစ်အတွဲကို တရုတ်နဲ့
တက်သာဆုတ်သာဖြစ်အောင် ထိမ်းညှိပေးထားဖို့ တွန်းအားပေးသလိုဖြစ်ခဲ့ရတယ်။ မက်ခရွန်နဲ့
မာကယ်လ်ပြောတဲ့ စကားတွေ ဖြစ်တဲ့ “ဥရောပရဲ့ အတွေ့အကြုံနုနယ်တဲ့ကာလဟာကုန်ဆုံးသွားပါပြီ”
“တရုတ်ဟာ စနစ်တကျဆက်ဆံရမယ့် ပြိုင်ဘက်ဖြစ်တယ်” “တရုတ်ဟာ တဘက်မှာ ကုန်သွယ်ဘက်ဖြစ်ပေမယ့် တဘက်မှာ မတူညီတဲ့နိုင်ငံရေးစနစ်နဲ့ရပ်တည်နေတဲ့
ပြိုင်ဘက်လည်း ဖြစ်တယ်” ဆိုတာတွေကိုကြည့်ရင်သိနိုင်တယ်။
နဂါးပတ်လမ်းနဲ့ပါတ်သက်ပြီး G7 မှာ ပထမဆုံး နားလည်မှုသဝဏ်လွှာကို လက်မှတ်ထိုးခဲ့တဲ့ အီတလီ၊
တရုတ်လူချမ်းသာတွေရဲ့ တိုးရစ် အလည်အပတ်လုပ်ငန်းတွေနဲ့ ဟွာဝေးဈေးကွက်ကို
အလဲအထပ်လုပ်ခဲ့တဲ့ မိုနာကို၊ အဲယားဘတ်စ်ဂျက်လေယဉ် အစီးသုံးရာမှာပြီး ပြင်သစ် တွေအကျပ်ရိုက်နေတဲ့
အနောက်အာဖရိက အစွန်းရောက်တိုက်ခိုက်မှုတွေအတွက် ဟွာဝေး 5G ဆက်ကြောင်းကို
သုံးဖို့ဆိုတာတွေကို ချိန်ကြည့်လိုက်ရင် ရှီကျင်းပင်ရဲ့
ဥရောပ ၆ ရက်ခရီးဟာ ဥရောပကို အမေရိကန်သိမ်းသွင်းမှုအောက်ကနေ မသိမသာ
ဆွဲထုတ်နိုင်ခဲ့တဲ့ သဘောအဖြစ်တွေ့မြင်ရတာပဲဖြစ်တယ်။ ငွေက စကားပြောတဲ့သဘောပါပဲ။
ကုန်သွယ်စစ်နဲ့ပတ်သက်ပြီး တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ အမေရိကန်ဒုသမ္မတ
မိုက်ပင့်စ်က တရုတ်ရဲ့နဂါးပတ်လမ်းကို
အကြွေးသံခင်းတမန်ခင်းဆက်ဆံရေး (Debt Diplomacy) လို့မနှစ်က
အောက်တိုဘာမိန့်ခွန်းမှာ ထိုးနှက်ခဲ့တာကို နိုင်ငံတကာအသိုင်းအဝန်းက ဒုတိယသံကန့်လန့်ကာမိန့်ခွန်းလို့
နာမည်ပေးခဲ့တယ်။
ယနေ့ခေတ်ရဲ့စီးပွားရေး နိုင်ငံရေးမှာ အရေးအကြီးဆုံး ရောထွေးလိမ်ယှက်နေတဲ့ ဈေးကွက်၊
နည်းပညာနဲ့ ပထဝီနိုင်ငံရေးအားလုံးကို ကုန်သွယ်စစ်မှာ ပေါင်းစုံတွေ့မြင်ကြရတာဖြစ်တယ်။ ဒုတိယစစ်အေးသစ်ဟာ ဥရောပမြေပေါ် နောက်တဖန် ပြန်ရောက်ရှိလာခဲ့ပြန်ပါပေါ့။
ဒီတခါ အမေရိကန်တွေ့ရတဲ့ပြိုင်ဘက်ဟာ ဆိုဗိယက် ဘယ်တုန်းကမှ
လိုက်မယှဉ်နိုင်ဘူးတဲ့ကြွယ်ဝချမ်းသာမှုနဲ့ နည်းပညာတပ်မက်မှုနဲ့ ဖြစ်တယ်။
Kyaw Zaaw
Khine 2011+ Publishing မှ ကူးယူဖော်ပြပါတယ်
0 comments:
Post a Comment