Tuesday, April 9, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂၁)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂၁)
ဘဝ၏ဖြစ်နိုင်ခြေကိုငြင်းပယ်ခြင်း
ယန်းပေါဆာ့တ်၏အလိုအရ လူသားတဦးတွင်အတ္တတခု(ဝါ) အတ္တကောင်တကောင်ရှိနေသည်ဟု ပြောဆို၍ မရပေ။ အကြောင်းမှာ လူတယောက်အတွက် သူပိုင်ဆိုင်သမျှအားလုံးမှာ သူ၏ပြုမူလုပ်ဆောင်ချက်များသာဖြစ်သောကြောင့်ပင်။ သို့ဖြစ်၍ ကိုယ့်အတွက်ကိုယ်ရှိခြင်း (Being­ for­ itself)ဟူသည့် 'သိစိတ်'ကိုအခြေခံဝတ္ထု သဘောတရပ်အနေဖြင့် သတ်မှတ်၍မရနိုင်ခြင်းဖြစ်ပေသည်။ လူဟူသည် ရုပ်ဝတ္ထု ပစ္စည်းမဟုတ်။ အပြုခံအရာဝတ္ထုတခုလည်း မဟုတ်။ သိစိတ်ဖြစ်စဉ်တရပ်သာဖြစ်သည်။ ယင်းသိစိတ်ဟူသည်မှာလည်း အဟုတ်တကယ်ရှိပြီး မြင်တွေ့နိုင်သည့်ဂုဏ်ရည်များနှင့် အဓိပ္ပါယ်သတ်မှတ်ဖော်ဆောင်၍ ရနိုင်ကောင်းသည့်အရာမဟုတ်ပေ။ သိစိတ်တွင် လက်ဆုပ်လက်ကိုင် ပြစရာ အကောင်အထည်ပစ္စည်းဟူ၍ ဘာမှမရှိ။ အာကာသ(Space)တည်းဟူသော နေရာဒေသ အဝှမ်းတရပ်အတွင်း နေရာချထား သတ်မှတ်၍ရနိုင်ကောင်းသည်လည်း မဟုတ်ပေ။ သိစိတ်ကို အရေအတွက်အားဖြင့် ရေတွက်သတ်မှတ်နိုင်သည်မဟုတ်။ အမှန်စင်စစ် သိစိတ်ဟူသည် ထိတွေ့သိမြင်၍ရနိုင်သောအရာ မဟုတ်ပေ။ ဤသို့ဆိုပါလျှင် သိစိတ်၏နောက်ဆုံးလားရာပန်းတိုင်ကားအဘယ်နည်းဟု မေးစရာရှိလာသည်။ ယန်းပေါဆာ့တ်၏အဖြေကား သိစိတ်တည်းဟူသောလူသား၏နောက်ဆုံးပန်းတိုင်မှာ လုံးဝငြင်းပယ်ခြင်းသဘော သာလျှင်ဖြစ်၏။

လူသားတဦး၏ဖြစ်တည်မှုဘဝအတွင်း ဗဟိုအချက်အခြာတွင် မတည်မြဲမှု၊ အစိုးမရမှုသဘောတို့သည် အမြဲတမ်း မသိမသာမထင်မရှား ရှိနေကြ၏။ လူ့လောကတွင် လူတို့သည် တစုံတခုကိုရယူပိုင်ဆိုင်လိုမှုအတွက် အလုပ်အကိုင် အပြုအမူများကိုကြိုးစားလုပ်ကိုင် ဆောင်ရွက် ကြသည်။ သို့ရာတွင် နောက်ဆုံး၌ လူတို့သည် သူ့ဘဝတွင် ဘာမှ ရရှိမသွားကြပေ။ ကိုယ်အပိုင်ဆိုင်ဆုံးဟူသည့် မိမိခန္ဓာကိုယ်ကိုပင် မရနိုင်၊ မပိုင်ဆိုင်နိုင်ကြပေ။ လူ့ဘဝကို အပေါ်ယံကြောအားဖြင့်ကြည့်လျှင် စစ်မှန်။ တည်မြဲ၏။ ပြည့်စုံ၏ဟုထင်စရာဖြစ်ပေသည်။ သို့သော် လူသားတိုင်း၏ဘဝတိုင်းသည် လုံးဝအဓိပ္ပါယ်မဲ့သောအဖြစ်၊ ယုတ္တိကင်းသောအဖြစ်၊ ဘာမဆိုပြောဆိုသတ်မှတ်၍မရသည့်အဖြစ်သို့ ဦးတည် နေသည်သာဖြစ်သည်။ မည်သို့သောလူသားဖြစ်ဖြစ် နောက်ဆုံးတွင် ဘာမှအဓိပ္ပါယ်မရှိသောနတ္တိဘဝအဖြစ် အဆုံးသတ်သွားရသည်သာ ဖြစ်၏။

ဆာ့တ်သည် သူ၏အသံတိတ်သမ္မတနိုင်ငံတော်တွင် သေခြင်းတရားကိုထည့်သွင်း သရုပ်ဖော်ခဲ့သည်။ ဤစာအုပ်တွင်ပြင်သစ်တို့၏ ဖက်ဆစ် ဂျာမန်တော်လှန်ရေးကာလအတွင်း သေခြင်းတရားသည် လူတို့အတွက် အထူးအဆန်းမဟုတ်တော့သည့်ကိစ္စ၊ ကြုံလေ့ကြုံထရှိသောကိစ္စ ဖြစ်လာကြောင်းကို ထင်မြင်လာစေရန်တင်ပြ၏။ သေခြင်းတရားကို ထိတ်လန့်ကြောက်မက်စရာ ဒုက္ခဘေးဆိုးကြီးအဖြစ် မစဉ်းစားကြနှင့်။ မခံယူကြနှင့်။ သေခြင်းတရားဟူသည် လူသားတဦး၏ဘဝတွင် မုချမသွေ ဆိုက်ရောက်သွားမည့်ခရီးပန်းတိုင်ဖြစ်၏။ လူတိုင်းလူတိုင်း မွေးဖွားကတည်းက ပိုင်ဆိုင်လာရသည့် ကိုယ်ပိုင်ဝေစုဖြစ်သည်။ လူသားတို့အတွက် အမှန်တကယ်အခြေခံလှသည့် အစစ်အမှန်အရှိတရား ကြီးသာဖြစ်သည်ဟု စဉ်းစားခံယူကြရန် ဆာ့တ်က ပြောကြားသည်။

ဂျာမန်ဖြစ်တည်မှုဝါဒီ ဟိုင်ဒေဂါးက လူတို့သည် သေခြင်းတရားနှင့် တချိန်ချိန်တွင်နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြရမည်သာဖြစ်၏။ ဤသဘောကို အစဉ်သဖြင့် တွေးသိထိုက်သည်။ လူ့ဘဝဟူသည် သေခြင်းတရားဖြင့် အချည်နှီးဖြစ်သွားရမည့်သဘောပါတကားဟု တိတိပပခံယူထားဖို့ လိုသည်။ သေခြင်းတည်းဟူသော အချည်းနှီးသဘောအဖြစ် အမှန်တကယ် သိမြင်နားလည်ထားပါက ဤလောက၌ အဘယ်သို့သော ဒုက္ခမျိုးကိုမျှ အရေးကြီးသောအရာဟု ထင်မြင်ကြတော့မည်မဟုတ်။ သေခြင်းတရားသည် ဘဝ၏အမှန်တရားဖြစ်၏။ ဘာမျှ တွေဝေနေစရာ မလို။ ကြောက်ရွံ့နေစရာလည်း မလို။ ကြောက်ရွံ့နောက်တွန့်၍ လွဲဖယ်သွားမည့်အရာလည်း မဟုတ်။ ကြုံရမည့်အရာကို ရင်ဆိုင်ရန်သာရှိ သည်ဟု ခံယူထားရမည်။ ဤသို့ခံယူထားခြင်းဖြင့် မိမိရောက်ရှိဖြစ်တည်လာသည့်လောက၌ လုပ်ဆောင်အပ်သည်များကို လုပ်ဆောင်နိုင်သူ အဖြစ်သို့ ရောက်ရှိလာမည်ဟုဆိုခဲ့သည်။

သေခြင်းတရားနှင့်စပ်လျှဉ်း၍ ယန်းပေါဆာ့တ်က ဤသို့ဖွင့်ဆိုခဲ့၏။ ကျွန်ုပ်တို့သည်သေခြင်းတရား၏ ယုတ္တိမတန်မှု(ဝါ)အဓိပ္ပါယ်မဲ့မှုကို ဦးစွာ အသိအမှတ်ပြုရမည်။ လူသားတိုင်းသည် မည်သည့်အချိန်ဟူ၍ တိတိကျကျသတ်မှတ်မထားသည့် သေဒဏ်ချမှတ်ခံရသူချည်းဖြစ်၏။ လူတဦးစီသည် ယင်းနောက်ဆုံးပြစ်ဒဏ်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြင်ဆင်နေသူဖြစ်၏။ စက်တိုင်ပေါ်တွင်အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ရန်အတွက် ဖြစ်နိုင်သမျှအရာအားလုံးကို အစွမ်းကုန်အားထုတ် ပြုလုပ်ဆောင်ရွက်နေသူဖြစ်သည်။ ထို့ပြင် ကျွန်ုပ်သည် သေခြင်းတရားကို မျှော်လင့်စောင့်စား၍မရနိုင်။ မည်သည့်အချိန်အခါတွင်ဖြစ်ပေါ်မည်ဟူ၍ သတ်သတ်မှတ်မှတ်ဆုံးဖြတ်ပြီးသား အဖြစ်အပျက် ကိုသာ မျှော်လင့်စောင့်စား၍ရနိုင်ကောင်း၏။ သေခြင်းတရားကား မည်သည့်အချိန်တွင်ဖြစ်ပေါ်လာမည်ကို တိတိကျကျသိသောအရာမဟုတ်။ ထို့ကြောင့် သေခြင်းတရားကိုသတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ဆိုက်ရောက်မည့်ရထားတစင်းပမာ သဘောမထား အပ်ပေ။

သေခြင်းတရားသည် အချိန်မမှန်သည့်ရထားပမာ ရောက်လာမည့်အချိန်ကို မသိနိုင်ပေ။ အချိန်စော၍ရောက်လာမည်လား၊ နောက်ကျ၍ ရောက်လာမည်လား၊ သို့တည်းမဟုတ် ပုံမှန်ရောက်လာမည်လား တိတိကျကျမသိနိုင်ပေ။ သို့ဖြစ်၍ သေခြင်းတရားကို အစွဲကြီးတရပ်အနေဖြင့် မျှော်လင့်စောင့်စား မထားအပ်ပေ။ ထို့ပြင် သေခြင်းတရားသည် ဘဝ၏ဖြစ်နိုင်ချေအလားအလာတရပ် မဟုတ်ပေ။ ဘဝ၏ဖြစ်နိုင်ချေအလား အလာအားလုံးကို ငြင်းဆန်ပယ်ဖျက်လိုက်ခြင်းသဘော ဖြစ်၏။ အကယ်၍ ပြင်သစ်စာရေးဆရာကြီး ဘားလ်ဇတ်သည် သူ၏ Les Chouns ဟူသော(ဘဝသရုပ်ဖော်)ဝတ္ထုကို မရေးသားခင်သေဆုံးသွားပါက သူသည် ကာမရာဂနှိုးဆွသည့် ပေါ်ပင် ဆူလွယ်နပ်လွယ်ဝတ္ထုများကိုသာ ရေးသားသည့် အပေါစား စာရေးဆရာတစ်ဦးသာဖြစ်သည်ဟု မှတ်ယူကြပေလိမ့်မည်။ ယခုကဲ့သို့ ပြင်သစ်စာပေသမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်လာမည် မဟုတ်ပေ။ သေခြင်းတရားသည် ဘားလ်ဇတ်၏ ဘဝဖြစ်နိုင်ခြေအလားအလာကို လုံးဝငြင်းဆန်ပယ်ဖျက်လိုက်ပေသည်။

ဤသို့ဖြင့် ယန်းပေါဆာ့တ်သည် သေခြင်းတရားကို လူ့ဘဝ၏ယေဘုယျငြင်းပယ်မှုတရား(Universal Negation) အဖြစ် ရှူမြင်ခဲ့သည်။ ဤသို့ ရှူမြင်သုံးသပ်ရင်း ဆာ့တ်သည် ငြင်းပယ်ဆန့်ကျင်အရှိတရား(ဝါ)မရှိသောအရှိတရားများကို ရှာထွေတွေ့ရှိခဲ့သည်။ ယနေ့ ရူပဗေဒဘာသာတွင် ရုပ်အဖြစ် တည်ရှိမနေသောရုပ်(ဝါ)ဆန့်ကျင်ရုပ်ကို တွေ့ရှိလာပြီး စူးစူးစိုကစိုက်လေ့လာနေကြ၏။ ယနေ့ကမ္ဘာ့စာပေလောကတွင်လည်း ဇာတ်လိုက်မဆန်သောဇာတ်လိုက်(ဝါ) ပတိဇာတ်လိုက်များဖြင့် ရေးဖွဲ့သည့်ဝတ္တုများသည် နေရာယူခဲ့ပြီးဖြစ်ပေသည်။

မျက်မှောက်ခေတ်လူသားတို့သည် လူ့ဘဝ၏အဓိပ္ပါယ်ကင်းမဲ့မှုများ၊ လောက၏အနှစ်သာရမဲ့မှုများ၊ ဗလာချည်းသက်သက်ဖြစ်မှုများကို တွေ့ကြုံ ခံစားကြရ၏။ မိမိဘဝ၏ မလုံခြုံမတည်မြဲမှုကိုလည်း ကိုယ်တွေ့ကြုံကြရသည်။ ထို့ကြောင့် လူသားသည် ဤလောကရှိ မိမိအပါအဝင် အရာရာတိုင်းအပေါ် ယုံကြည်မှုကင်းလာ၏။ သံသယပွားလာကြ၏။ မိမိဘဝအပေါ် အမြဲတမ်းစိုးရိမ်ပူပန်နေရသည့် အဖြစ်သို့ရောက်ကြ ရသည်။ ထို့ကြောင့် မျက်မှောက်ခေတ်လူသားတို့သည် စိုးရိမ်ပူပန်သောခေတ်ထဲတွင် နေထိုင်ကြရသည်ဟုဆိုရပေမည်။ ဤသို့သော လူ့ဘဝ၏အဓိပ္ပါယ်မဲ့မှုသဘောနှင့် မရှိသောတရားအယူအဆများကို သိရှိနားလည်ထားခြင်းမရှိပါက မျက်မှောက်ခေတ်စာပေ၊ ကဗျာများကို နားလည်နိုင်မည်မဟုတ်ပေ။

ဤလောကကြီးထဲတွင် ယခု ရှိမနေဖြစ်မနေသောအရာများ(Things that are not there)(ဝါ) မရှိသောအရှိတရားများဖြင့် ပြည့်လွှမ်း နေသည်ကို တွေ့ရ၏။ ယင်း မရှိသောအရှိတရားများသည် လူ့ဘဝအပေါ် အင်အားကြီးမားစွာဖြင့် လွှမ်းမိုးနေပေသည်။ ယခု ရှိနေသော အရာများထက် လူ့ဘဝအပေါ် ပိုမိုစိုးမိုးထားသည်ကိုလည်း တွေ့နိုင်သည်။ ဥပမာအားဖြင့် အလွန်ချစ်မြတ်နိုးကြသည့်ချစ်သူနှစ်ဦးအကြောင်း စဉ်းစားကြည့်ပါ။ တဦးကသူ့ချစ်သူထံမှတယ်လီဖုန်းခေါ်သံကို စောင်မှေျ့ာ်နေ၏။ တယ်လီဖုန်းသည် နှစ်ဦးသား ချိန်းဆိုသတ်မှတ်ထားသည့် အချိန်တွင် ခေါ်သံမြည်မလာ။ ဤအချိန်တွင် တယ်လီဖုန်းခေါ်မြည်သံနှင့် တယ်လီဖုန်းမခေါ်မြည်သံ နှစ်မျိုးအနက် မည်သည်က စောင့်မျှော် နေသည့်ချစ်သူအပေါ် သြဇာပြုလွှမ်းမိုးထားပါသနည်း။ တယ်လီဖုန်းကလည်း ခုထိမလာဘူးဟူသောအတွေးက သူ့အပေါ်စိုးမိုးထားသည်သာ ဖြစ်၏။

တနည်းအားဖြင့် ငြင်းဆန်အရှိတရား(ဝါ)မရှိသောအရှိတရားက သူ့ တကိုယ်လုံးအပေါ်ဖိစီးလွှမ်းခြုံထားပေသည်။ လူသားတို့သည် ၂ဝ ရာစု ခေတ်ကို မိမိတို့၏ လှပသောအနာဂတ်အဖြစ် အလွန်မျှော်လင့်ခဲ့ကြသည်။ တည်ငြိမ်ကောင်းမွန်လှသော အဆင့်မြင့်လူ့ယဉ်ကျေးမှု အဖွဲ့အစည်းတရပ် ဖြစ်တည်ပေါ်ထွန်းလာလိမ့်မည်ဟုလည်း မှန်းဆငံ့လင့်ခဲ့ကြသည်။ သို့သော် ၂ဝရာစုတွင် အမှန်တကယ်ဖြစ်ပေါ်လာသည် များကား မျှော်လင့်ချက်တို့နှင့် ဆန့်ကျင်ဘက်များသာဖြစ်၏။ အကန့်သတ်မဲ့အနိုင်ကျင့်ကျွန်ပြုမှုများ၊ ရက်စက်ကြမ်းကြုတ်လှသော အရိုင်းအစိုင်းဝါဒများ၊ လူရိုင်းထက် ထူးကဲဆန်းပြားသည့် သတ်ဖြတ်ညှဉ်းဆဲမှုများကို လူသားတို့သည် ပိုမိုတွေ့ကြုံလာရသည်။ ထို့ကြောင့် လည်း ဤရာစုခေတ်တွင် လူ့ဘဝနှင့်ပတ်သက်၍ ငြင်းပယ်ဆန့်ကျင်ခြင်းသဘောကို အလေးနက်ပြုထားသည့် အတွေးအခေါ်များ၊ အဆိုးမြင် ဒဿနများပေါ်ထွန်းခဲ့သည်မှာ မဆန်းလှပေ။ ယန်းပေါဆာ့တ်၏ဒဿနမှာလည်း ငြင်းပယ်ဆန့်ကျင်ခြင်းသဘောကို အလေးနက်ထားသည့် ဒဿနတရပ်ဖြစ်သည်။ သို့သော် ယင်းဆန့်ကျင်ငြင်းပယ်ခြင်း၏ရည်ရွယ်ချက်မှာ လူ့ဘဝ၏အစစ်အမှန်ဖြစ်တည်မှုအတွက် အားမာန်အပြည့် အဝဖြင့်ရင်ဆိုင်တည်ဆောက်နိုင်ရန် ဖြစ်ပေသည်။ ထို့ကြောင့်လည်း ယန်းပေါဆာ့တ်သည် လွတ်လပ်မှုသဘောကို ငြင်းပယ်ဆန့်ကျင်ခြင်း သဘောဖြင့်စဉ်းစားတင်ပြခြင်းမှာ လူသား၏ကြီးကျယ် ခမ်းနားလှသည့်ဖန်တီးစွမ်းဆောင်နိုင်မှုအားမာန်သဘောကို မီးမောင်းထိုးပြခြင်း ဖြစ်ပေသည်။

0 comments:

Post a Comment