(ငွေတွေတောင်
ချိုလာသတဲ့လား)
အနောက်အုပ်စု လူမွေး၊ အစိုးရမွေး၊ မင်းပြောင်းမင်းလွဲတွေဝင်လုပ်တော့
ပိုက်ဆံကိစ္စအတွက် ကမ္ဘာ့ဘဏ်တို့ IMF တို့ပါရတယ်။ တခါ ဒေသအလိုက်ဘဏ်တွေလည်းကလည်း
ကျားဝင်ကန်ပေးရတယ်။ သဘောက အဲ့ဒါတွေကနေတဆင့်သွားရတယ်။ ခုတရုတ်က အစိုးရမွေးတာ မင်းပြောင်းမင်းလွဲဝင်လုပ်တာမဟုတ်ဘဲ
ဘယ်ကောင်မင်းဖြစ်ဖြစ် မင်းဖြစ်နေတဲ့အစိုးရနဲ့ပင်းပြီး စီးပွားရေးထွက်လုပ်တော့
သူ့ငွေနဲ့သူ သူ့လက်သူ့ခြေလုပ်နေတာပါ့လား။ ဘယ်ဘဏ်မှ မပါသေးဘူး။ ကမ္ဘာ့ဘဏ်တို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ကို
ကျော်ခွပြီးလုပ်နေတဲ့သဘောပဲ။
ကမ္ဘာပတ်ပြီး
ချေးလိုက်တွေငွေတွေကလည်း သောက်သောက်လဲပဲ။ ဒီကြားထဲ နိုင်ငံတကာကနံမည်ကြီး
ငွေချေးစာချုပ်ဈေးကွက်ထဲလည်း သူ့ Bonds တွေထုတ်ရောင်းနေတယ်။
ရေရှည်မှာ ဘာဖြစ်မလဲမသိဘူး ခုတော့ တရုတ်ဆီကထွက်တာတဲ့အသပြာကို ငွေချိုလို့ဆိုကြတယ်။
ဒီနေရာမှာတွေးဖို့က Hard Currency
and Soft Currency တို့ Hard Money and Soft Money တို့အကြောင်းပါဘဲ။ ငွေဖြူတို့ ငွေမည်းတို့ ငွေခဝါချတာတို့ကလည်း အဆက်အစပ်အနေနဲ့
တွေးကောင်းပါတယ်။ အဲ့သလို(ငွေကြေး)အသပြာနဲ့ပိုက်ဆံဆိုတာကို သိကြပြီးသားမို့
အကျယ်ချဲ့စရာမလိုပေမယ့် ငွေချို Sweet Currency/Money လို့ သုံးလာကြတာတော့
အသစ်လိုဖြစ်လာနေတယ်။ ထပ်တွေးရမှာက စကားလုံးနောက်ကအနက်ဖြစ်မယ်ထင်ပါတယ်။ ငွေကတော့
ချိုချို ချဉ်ချဉ်၊ ပျော့ပျော့မာမာ၊ ခိုင်ခိုင်နဲ့နဲ့ ငွေပါဘဲ။ တရားဝင်မှုမဝင်မှု
အာမခံမှုမခံမှု၊ စိတ်ချရမှုမချရမှုတွေက နောက်ကအနက်ဖြစ်ပါတယ်။ အခု ငွေချိုကရော။ ကမ္ဘာတဝှမ်းဖြန့်ကျက်လာတယ်
ငွေကြေးဈေးကွက်ထဲ ဝက်ခေါင်းထိုးဝင်လာတယ်ဆိုပေမယ့် Hard Currency လို မာတဲ့ ခိုင်တဲ့ အာမခံချက်ရှိတဲ့ အသပြာမျိုးလားကတော့ ကာလတခုအထိစောင့်ကြည့်ရမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ဘယ်သူ့ဆီကဖြစ်ဖြစ်
ငွေသွားချေးရင်တော့ အတိုးပေးရမှာပါဘဲ။ အတိုးနှုန်းကိစ္စ၊ အကျိုးအမြတ်ကိစ္စတွေကတော့
သေချာစိစစ်တွက်ချက်ရမယ့် အပိုင်းပေါ့လေ။ အလွန်အရေးကြီးတဲ့အပိုင်းလို့ဆိုလည်း
မမှားပါဘူး။ ခက်နေတာက အရင်တုန်းက နိုင်ငံရေးအကြောင်းနောက်ခံတွေနဲ့ ငွေလွယ်လွယ်ထုတ်ချေးကြတဲ့နိုင်ငံကြီးတွေလည်း
တောင်မင်း မြောက်မင်းမကယ်နိုင်တွေဖြစ်၊ မျက်ဖြူဆိုက်နေတုန်း ပေါက်ဖော်ကြီးက ငွေထုပ်ပိုက်ပြီး
ကမ္ဘာပတ်တော့ ချေးမယ့်သူတွေလည်း ရေငတ်တုန်းရေတွင်းထဲကျတဲ့ကိန်းဆိုက်ကြတာပါပဲ။
ရေတွင်းက ဘယ်လောက်နက်မနက် ရေသောက်လို့ဝရင်ပြန်တက်လို့ရမရခနထား ငွေတွင်းဆိုတာကတော့ ဆင်းရဲတဲ့ပြည်တွေအတွက်နက်ပါတယ်။
ကြွေးယူကြတာက ပြည်အမည်ခံပြီး အစိုးရဆိုတဲ့လူတွေ၊
ကြွေးတင်တော့ ဘယ်ရှင်ဘုရင်မှ ဆပ်ရတာမဟုတ်ပဲ လူထုက နဖူးကချွေးခြေမကျခံရှာပြီးဆပ်ရတာပါ။
ခေတ်တိုင်း နိုင်ငံတိုင်းမှာ အစိုးရ၊ ရှင်ဘုရင်ဆိုတဲ့ အုပ်စိုးသူလူတန်းစားတွေသာ
ချမ်းသာကြီးပွားကြ ဇိမ်ခံကြဇိမ်ယစ်ကြပေမယ့် ပြည်သူဆိုတဲ့လူထုကတော့ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ကျန်ခဲ့တာချည်းပါဘဲ။
ခုလည်း ပေါက်ဖော်ကြီး ကမ္ဘာလှည့်ပြီး
ငွေချေးလိုက် အပေါင်ဆိုင်ဖွင့်လိုက်လုပ်နေတာပါ။ ကျနော်တို့ ငွေလိုရင်တော့
ချေးရမှာပါပဲ။ ပေါင်တန်တာပေါင် နှံတန်တာနှံကြရမှာပါဘဲ။ ကိုယ့်မှ ငွေမရှိတာကိုး။
မပေါင်ဘူး မနှံဘူး မချေးဘူး အငှားဘူး ဆင်းရဲရင်ဆင်းရဲပေ့စေ
ထမင်းရည်အတူတူမျှသောက်ကြတာပေါ့ဆိုလည်း ထမင်းရည်သောက်နေကြရုံပါဘဲ။
ကိုယ့်ရေကိုယ့်မြေကိုချစ်တာ သဘာဝကျပါတယ်။
အနာဂတ်အတွက် စိုးရိမ်ပူပန်ကြ သောကထားကြတာလည်း ဖြစ်သင့်ပ်ါတယ်။ အကျိုးအမြတ်ဘယ်လောက်ရရ
တိုင်းပြည်အတွက် ဘယ်လောက်ဖြစ်ထွန်းဖြစ်ထွန်း အဲ့ဒါတွေတော့ တစက်မှအထိမခံဘူးဆိုပြီး
အချစ်ကြီးပြမယ်ဆိုရင်တော့ တန်ဖိုးနည်းအိမ်ယာတွေ၊ ဖယောင်းတိုင်မီးလေးတွေနဲ့ ထမင်းတနပ်တလေလျှော့လျှက်စားပြီးနေလည်း
ရတာပါဘဲ။
ကျန်တဲ့ကျိုးသင့်ကြောင်းသင့်တွေအကုန်ဘေးဖယ်ပြီး
ဘယ်နိုင်ငံကလုပ်လို့မို့ ဘာလူမျိုးကလုပ်လို့မို့ ဘယ်စနစ်ကလုပ်လို့မို့ဆိုပြီး နိုင်ငံရေးဇောင်းပေးလွန်းတာ
အမျိုးသားရေးအလံထောင်လွန်းတာဟာ တိုင်းပြည်/လူထုကိုဆင်းရဲတွင်းက ဆွဲမတင်နိုင်ပါဘူး။
အဲ့ဒါမှမရဘူးကွာ တို့ကတော့ ဒါပဲဆိုလည်း ဆင်းရဲသားတို့၏နိုင်ငံတော်ကြီး
တည်ကြတာပေါ့။
တရုတ်၊ ကုလား၊ လူဖြူ၊ လူမည်း၊ လူဝါ၊
လူညိုဆိုတာ အသားအရောင်နဲ့ လူ့အမျိုးပါ။ တရုတ်ဟာ ကွန်မြူနစ်ပါတီအာဏာယူထားပြီး
အရင်းရှင်စနစ်ကို သူ့အမျိုးသားအကျိုးစီးပွားအခြေတည်ပြီး တရုတ်နည်းနဲ့
စီးပွားရေးလုပ်နေတာပါ။ ကျနော်တို့ တရုတ်နဲ့ စီးပွားဘက်ဖြစ်ချင်ရင် ငွေရှိရပါမယ်။
ငွေမရှိတဲ့လူဟာ ဘယ်တော့မှ စီးပွားဘက်မဖြစ်ပါ။ ငွေရှိဖို့ ငွေရှာပါမယ်။ ငွေရှာဖို့ ငွေရမယ့်နေရာ
ရှာရပါမယ်။ ငွေဆိုတာ သူ့အလိုလိုတော့ အခမဲ့ရောက်မလာသလို ဘယ်သူကမှလည်း အလကားမပေးပါ။
တရုတ်ငွေချို Chinese Sweet Currency/Money အပေါ် တခြားတဘက်ကနေ ကျနော်မြင်ကြည့်တာပါ။
တရုတ်ငွေချို Chinese Sweet Currency/Money အပေါ် တခြားတဘက်ကနေ ကျနော်မြင်ကြည့်တာပါ။
မျိုးမြင့်ချို
ဧပြီ ၃၊ ၂ဝ၁၉
ဧပြီ ၃၊ ၂ဝ၁၉
0 comments:
Post a Comment