(စစ်ဆိုတာ တိုက်စားတဲ့လူပဲ
ကြီးပွားတယ်)
နေတိုး နှစ် ၇ဝ ပြည့်ပြီ၊ အဖွဲ့ဝင်နိုင်ငံက ၂၉ နိုင်ငံရှိပြီ၊ ဘုစုခရုနိုင်ငံတွေလည်း
အများကြီး။ ဝေါ်ရှင်တန်မှာ ထိပ်သီးတွေ တွေ့ကြတော့မယ်၊ အာဂျင်တီးနားကို
နေတိုးအဖွဲ့ဝင် ဒါမှမဟုတ် နေတိုးမဟာမိတ်နိုင်ငံလုပ်ချင်လို့ ဆွယ်နေကြတယ်။ ဗင်နီဇွဲလားကိစ္စထိပ်တက်နေတုန်းမို့ဆိုတာထက်
ရေရှည်မှာ တရုတ်ဘက် ယိမ်းသွားမှာစိုးရိမ်မှုက အဓိကအကြောင်းရင်းဖြစ်တယ်။
နေတိုးမှာ ငွေအများဆုံးစိုက်တဲ့
အမေရိကန်တွေက ထုံးစံအတိုင်း နေတိုးစစ်ဦးချုပ်ကိုအဆိုပြုတယ်၊ တချို့စစ်ပွဲတွေကို
ယူအင်န်တို့ နေတိုးတို့ဖယ်ပြီး အမေရိကန်တွေက သူ့လက်သူ့ခြေလုပ်တယ်။ အဲ့ဒီအခါ နေတိုးအဖွဲ့ဝင်တွေက
လက်နက်လည်းမရောင်းရ၊ စစ်ထောက်ပံ့ရေးပစ္စည်းတွေသွင်းဖို့လည်း ကန်ထရိုက်မရတော့
သိတ်မကြည်ဘူး။
နေတိုးခေါင်းစဉ်နဲ့တိုက်တဲ့
စစ်ပွဲတွေအတွက်လက်နက်ကို အမေရိကန်ကုမ္ဗဏီတွေက အများဆုံးရောင်းရတယ်။
စစ်ကန်ထရိုက်တွေကိုတော့ တခြား နိုင်ငံကြီးတွေကို ဝေမျှပေးတတ်တယ်။
နိုင်ငံပိတိညှောက်တောင့်လေးတွေက စစ်ပွဲအတွက်လက်နက်လည်းရောင်းရ စစ်ကန်ထရိုက်တွေလည်း
မရတရ၊ စစ်ပြီးလို့နိုင်တော့ လုယက်လို့ရတာတဲ့ဝေစုကျတော့လည်း နှစ်ပဲတပြား၊ သူတို့နိုင်ငံလေးတွေက
ငယ်ရွယ်သူစစ်သားလေးတွေတော့ စစ်ပွဲတွေမှာသေဖို့ ဒုက္ခိတဖြစ်ဖို့လွှတ်ပေးရတယ်။
သွားအသေခံခိုင်းရတယ်၊ သေခ ကြတော့ (စစ်သားတယောက်ခြင်းသေခနဲ့
အသုဘစရိတ်နည်းနည်းပါးပါးကလွဲလို့) အုပ်စိုးသူတွေအိပ်ထဲ ဘာမှမရောက်ဘူး။ အရင်းရှင်ကြီးတွေ
စို့စို့ပို့ပို့ မရဘူး။ အမေရိကန်စစ်သားသေရင် ရတဲ့ခံစားခွင့်နဲ့လျော်ကြေးတွေက
နိုင်ငံပေါက်စက စစ်သားတွေထက် အဆအများကြီးသာတယ်။ ပေးရတာက အမေရိကန်လူချမ်းသာတွေရဲ့ ကလေးမုန့်ဖိုးလောက်လေးပဲ။
ဒီတော့ လူတွေ ငြိုငြင်လာတယ်။
ဆိုဗီယက်ယူနီယံ(ကွန်မြူနစ်အန္တရာယ်)ကလည်း
မရှိတော့ဘူး၊ စစ်အေးကလည်း ခေတ်ကုန်ပြီ၊ War on Terrorism ဆိုတာကလည်း
အမေရိကန်နဲ့ နေတိုးထဲက ချမ်းသာနိုင်ငံတွေက လက်နိုင်ခြေနိုင် လုပ်နိုင်တော့
လုယက်လို့ရလာတဲ့ သယံဇာတ၊ ဈေးကွက်ဝေစု၊ နိုင်ငံရေးရှယ်ယာလည်း သူတို့ပဲခွဲယူကြတယ်။
လက်နက်လည်း သူတို့ပဲရောင်းကြတယ်။ စစ်ရိက္ခာအပါအဝင် လိုသမျှစစ်စီးပွားရေး စစ်ကန်ထရိုက်တွေလည်း
သူတို့ပဲယူတယ်။ တိုက်တော့လည်း နည်းပညာသုံးတာ ဗုံးကြဲတာ၊
လေကြောင်းကထိုးနှက်တာများတယ်၊ မြေပြင်တပ်လွှတ်တာက မပြောပလောက်ဘူး။
ဒါပေမယ့် တပ်လွှတ်ရတော့မယ်ဆို
လွှတ်မယ့်တပ်အတွက်တေ့ နေတိုးဝင်နိုင်ငံငယ်လေးတွေဆီက စစ်သားတောင်းတတ်တယ်။
အင်တင်တင်ပေမယ့် ပေးရတာပဲ။ သူတို့လူငယ်လေးတွေ စစ်ပွဲမှာသေဖို့လွှတ်ရတာဘဲ။ ခု
နေတိုးကို ငွေကြေးအရ အမေရိကန်က သိတ်ဦးမဆောင်ချင်တော့ဘူး။ နေတိုးဝင်နိုင်ငံကြီးတွေ “တိုင်းပြည်ကာကွယ်ရးအသုံးစာရိတ်တွေမြှင့်ကြ“လို့ အမေရိကန်က လောဆော်နေတယ်။ တိုင်းပြည်ကာကွယ်ရေးစရိတ်မြှင့်ခိုင်းတာနဲ့အတူ
နေတိုးအဖွဲ့အတွက်လည်း တိုးပြီးထည့်ဝင်ကြပါ တပါတည်း ပါတယ်။ နိုင်ငံငယ်လေးတွေလည်း
ငယ်ပေမယ့် ငယ်တဲ့အလျှောက် ထည့်ဝင်ရတယ်။
သူတို့က ကွန်မြူနစ်ရန်ကြောက်ပြီး အမေရိကန်နဲ့နေတိုးရဲ့
အနုမြူထီးရိပ်အောက်ရော တခြားလုံခြုံရေး၊ စစ်ရေးအကာအကွယ်ပေးမှုတွေရော ရရေးက အဓိက။ ခု
သူတို့ကြောက်လှချည်ရဲ့ဆိုတဲ့ ကွန်မြူနစ်တရုတ်နဲ့ ဖက်လှဲတကင်းလုပ်ရင်း
အကြောက်ရှိန်ပြေလာတာက တကြောင်း နိုင်ငံ့စီးပွားရေးလေးတွေ စည်စည်ပင်ပင်ရှိလာက
တကြောင်း ငွေလိုရင်လှည့်လို့ရတဲ့အနေအထားက တကြောင်းကြောင့် တရုတ်ကွန်မြူတွေဘက် ခြေဦးတွေက
လှည့်သထက် လှည့်လှည့်နေတော့ အမေရိကန်တွေ ခံရခက်နေတယ်။
နေတိုးဝင်(နေတိုးမဟာမိတ်)နိုင်ငံဘုစုခရုတွေဟာ
အမေရိကန်အတွက်တော့ အဆီတဝင်းသဲတရှပ်ရှပ်ဖြစ်နေတယ်။ အဲ့ဒီ နိုင်ငံလေးတွေကို ဆက်ကိုင်မထားနိုင်ရင်
အရင်းရှင်ကြီးတွေချမ်းဖို့ စစ်ပွဲသွားအသေခံတိုက်ပေးမယ့်
စစ်သားစုဆောင်းရေးလမ်းကြောင်း ချိနဲ့နိုင်တယ်။ ဈေးပေါပေါနဲ့ သေပေးကြတာဆိုလို့
ဒါလေးတွေပဲရှိတာ။ ဒါလေးတွေမွေးပြီး စစ်တိုက်နေရတာဆိုတော့ ဒါလေးတွေကို
လက်လွှတ်လို့ကလည်းမဖြစ်ဘူး။ အန်ကယ်လ်ဆမ် နည်းနည်းတော့ အကျပ်ရိုက်နေတယ်။
ခု နှစ် ၇ဝ
ပွဲမှာ ဘာသံတွေထွက်လာဦးမလဲက စောင့်ကြည့်ရပါလိမ့်မယ်။ မမေ့မလျော့ မပေါ့ဆကြဖို့က
အမေရိကန်ဟာ စီးပွားရေးမှာအရင်ကလို မ “စွာ“တော့ပေမယ့်
စစ်ရေးနဲ့ ဖျက်ဆီးနိုင်စွမ်းမှာတော့ “ထိပ်ဆုံး“ကဆိုတာဘဲဖြစ်တယ်။ ထရမ့်ပ်လက်ထက်မျာ အရင်ကထက် အပြောအဆို နည်းနည်းလည်း
ပိုရမ်းကားလာတယ်။ အထည်ကြီးပျက်ရဲ့သိမ်ငယ်မှုနဲ့ ဟိန်းလားဟောက်လားတွေလုပ်လာတယ်။
ကမ္ဘာကြီးမှာ ဘယ်တုန်းမှမရှိခဲ့ဖူးတဲ့ အနုမြူစစ်ပွဲခြိမ်းခြောက်မှုတွေလည်း ကြီးသထက်ကြီးနေတယ်။
ကမ္ဘာဖျက်လက်နက်ကြီးတွေလည်း လက်နက်နိုင်ငံတော်ကြီးတွေမှာပဲရှိတာ။
ဗမာပြည်မှာလည်း မေမေက တိုင်းပြည်ပတ်ပြီး
ရဲတပ်သားသစ် စုဆောင်းနေတယ်။ မေမေနဲ့အုပ်စိုးသူလူတန်းစားတွေအတွက်
ရခိုင်သွားအသေခံပေးဖို့ ရဲလေးတွေ အသည်းအသန်လိုနေချိန်ကြီး မဟုတ်လား။
စစ်ဆိုတာ တိုက်စားတဲ့လူပဲ ချမ်းသာတယ်။
ချေမှုန်းခိုင်းတဲ့လူနဲ့ ချေမှုန်းနိုင်သူပဲ အာဏာကိုင်နိုင်တယ်။ သူတို့ပဲ
ကောင်းစားကြီးပွားတယ်။ စစ်သားလေးတွေနဲ့ ရဲသားလေးတွေကတော့ ရှေ့တန်းသေ
သေတဲ့နေရာကျင်းတူးမြှုပ်လိုက် လျော်ကြေးပေးလိုက်ရင် ကိစ္စပြတ်တယ်။ အဲ့ဒီလျော်ကြေးက
ပြည်သူတွေဆီက အခွန်ကောက်ပြီးပေးရတာ။ အုပ်စိုးသူလူတန်းစားအိပ်စိုက်တပြားမှ မပါဘူး။
စစ်ကရတဲ့ဝေစု အမြတ်နဲ့ အကျိုးစီးပွား အာဏာသာ သူတို့အချင်းချင်း ခွဲဝေစားသုံးရင်း ချမ်းသာကြကြီးပွားကြတာ။
စစ်ဆိုတာ တိုက်စားတဲ့လူပဲ
ကြီးပွားတာ။
မျိုးမြင့်ချို
ဧပြီ ၄၊ ၂ဝ၁၉
မျိုးမြင့်ချို
ဧပြီ ၄၊ ၂ဝ၁၉
0 comments:
Post a Comment