(လူလုံးကွဲဖို့ပါခင်ဗျား)
ဒေါ်နယ်ထရမ့်ပ်က လွှတ်တော်ထဲနဲ့ လွှတ်တော်ပြင်ပမှာ မရှိဆင်းရဲသား လက်လုပ်လက်စားတွေအတွက် အရေးဆိုနေကြသူတွေကို “ဆိုရှယ်လစ်တွေအတွက် အမေရိကားမှာနေရာမရှိဘူး“ဆိုပြီး ထိုးနှက်တိုက်ခိုက်ဝါဒဖြန့်လာတာကို ကျနော်တို့သေသေချာချာတော့ သုတေသနလုပ်ကြည့်ဖို့လိုမယ်ထင်တယ်ဗျ။
ခုက Anarchists and Anarchism ကလည်း တကြော့ပြန်လှုပ်ရှားရင်း အဆမတန်ကြီးထွားလာနေတယ်။ အပေါ်ယံကြည့်ရင် ကွန်မြူနစ်/ဆိုရှယ်လစ်နဲ့ မင်းမဲ့ဝါဒဟာ ဆင်သယောင်ယောင်တွေလည်း များပါတယ်။
ကားလ်မာ့က်စ်တို့ လီနင်တို့ပြောတဲ့ အစိုးရဟာတဖြည်းဖြည်းသွေ့ခြောက်ညှိုးလျှော်သွားမယ်။ လူတန်းစားမဲ့လောကရောက်သွားရင် လူတန်းစားမရှိတော့လို့ လူတန်းစားအာဏာကို ကိုယ်စားပြုသူ(အစိုးရ)လည်းမရှိတော့ဘူး ဆိုတာနဲ့ Anarchists တွေပြောတဲ့ “အစိုးရ“ “မင်းစိုးရာဇာ“မလိုဆိုတာနဲ့က အခြေခံကစ ကွဲပြားပါတယ်။ ဒါကို ကျနော်တို့ မြင်ကြသိကြမှာပါ။ (ကိုနေဦးဝေပြုစုတဲ့ ဂန္တဝင်မင်းမဲ့ဝါဒနဲ့ မော်ဒန်မင်းမဲ့ဝါဒစာအုပ်မှာ အတော်လေးရှင်းပြထားတာတွေ့ရမှာပါ)
ဆေးခြောက်ကိစ္စ၊ လိင်တူကိစ္စ၊ ကိုယ်ဝန်ဖျက်ချခွင့်စတာတွေအပါအဝင် တချို့(အခွင့်အရေး လွတ်လပ်ခွင့် လူမှုရေးတရားမျှတမှု စီးပွားရေးအရတန်းတူမှု)စတဲ့လှုပ်ရှားမှုတွေက Anarchists တွေ ဦးဆောင်တာဖြစ်ပါတယ်။ ခု ပြင်သစ်(ဥရောပတလွှားက Yellow Vest အပါအဝင်) တခြားလူတန်းစားမညီမျှမှု ကွာဟမှု လူနေမှုစရိတ်ကြီးမြင့်မှု လုပ်ခလစာ ကျန်းမာရေး လူမှုဖူလုံရေး စတဲ့လှုပ်ရှားမှုတွေဟာ Anarchists တွေ အဓိကလှုပ်ရှားကြတာပါ။ ကောင်းတဲ့ကိစ္စတွေပါ။ ဒါပေမယ့် သတိကြီးကြီးနဲ့ အကန့်အသတ်ထားပြီး ထောက်ခံတန်ထောက်ခံ အားပေးတန်အားပေးလုပ်ရမှာပါ။
မင်းမဲ့ဝါဒမှာက အဖွဲ့အစည်းမရှိ၊ ဦးဆောင်သူမရှိ၊ နိုင်ငံရေး(အာဏာ)ရည်မှန်းချက်ကမရှိဆိုတော့ တခုခုဆို လက်သည်ရှာရ မျက်စေ့လည်တတ်ပါတယ်။ ဘယ်သူဘယ်ဝါပါ ဘယ်အဖွဲ့အစည်းပါလို့ မယိုးသာပါဘူး။ သူတို့ဟာ နယ်ပယ်တိုင်းနေရာတိုင်းမှာ အလွယ်တကူ စိမ့်ဝင်ထိုးဖေါက်လှုပ်ရှာနိုင်စွမ်းရှိကြပါတယ်။ လူမှုရေး စီးပွားရေး တရားဥပဒေ လူ့အခွင့်အရေး လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့ပုဂ္ဂလိကလွတ်လပ်ခွင့်၊ တကိုယ်ရည်ဧကစာရီကျင့်သုံးပိုင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လူမျိုးရေး ဘာသာရေးခွဲခြားမှုဆန့်ကျင်ရေး စတဲ့ အပြောလည်းကျယ် တကယ်လည်း ပြဿနာပေါင်းစုံတက် တကယ်လည်း အရေးဆိုဖို့လိုအပ်တဲ့နယ်ပယ်တိုင်းမှာ သူတို့ရှိပါတယ်။
အမေရိကန်မှာကျတော့ Anarchist တွေကို ယိုးစွပ်ပြစ်တင်တာမရှိပါဘူး။ Anarchism ဟာ အရင်းရှင်စနစ်ရဲ့ တကယ့်အခြေအမြစ်ကို ဘာအန္တရာယ်မှမရှိ ဘာဒုက္ခမှ မပေးနိုင်မှန်း ကောင်းကောင်းသိတဲ့အပြင် အရင်းရှင်စနစ်အတွက် အထောက်အကူတောင် ပြုတန်သလောက်ပြုတာမို့ တမင့်ကိုလွှတ်ပေးထားပါတယ်။ ဒီမင်းမဲ့ဝါဒီ(ခေါင်းဆောင်)တွေကိုပဲ ရာထူးအာဏာတွေပေးလိုက်ရင် အပြေးအလွှားလက်ခံယူပြိး“အစိုးရ“ “မင်းစိုးရာဇာ“တက်လုပ်ကုန်ကြတာလည်း စပိန်၊ ပြင်သစ်၊ အီတလီစတဲ့နိုင်ငံတွေက ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ စစ်ပြီး နိုင်ငံရေးလောကတွေမှာတွေ့နိုင်ပါတယ်။ လိုအပ်လို့ ကွန်မြူနစ်/ဆိုရှယ်လစ်ကို တိုက်ရတော့မယ်ဆို ဒီလူတွေကိုထုတ်သုံးခဲ့တာချည်းပါဘဲ။
ဒီလူတွေအကြောကို ဓနရှင်လောကသားတွေသိပါတယ်။ မကြောက်ပါဘူး။ သူတို့ကြောက်တာက ကွန်မြူနစ်ဆိုရှယ်လစ်ပါ။
စစ်အေးပြီးသွားတော့ ဆိုဗီယက်(ကွန်မြူနစ်)နဲ့ လှည့်ခြောက်ပြီး အာဏာထိန်းထားဖို့ခက်လာပါတယ်။ ဒီတော့ တချိန်က သူတို့မိတ်ဆွေတွေ မဟာမိတ်တွေဖြစ်ခဲ့တဲ့ အစ္စလာမ်အစွန်းရောက်ဝါဒီတွေနဲ့ လှည့်ခြောက်ပြီး လူတွေကိုထိန်းရပါတယ်။ ဟိုလူတွေကလည်း တကယ့်ကို ခြောက်လှန့်သတ်ဖြတ်တာတွေ လုပ်ပါတယ်။ ဒါကို ပုံကြီးချဲ့ကောင်းနေတုန်း အမွှာမျှော်စင်ပြဿနာတက်ပါတယ်။ ဒီတင် War on Terrorism ဆိုပြီး ရန်သူရှာတွေ့သွားပါတယ်။ လူတွေကိုခြောက်ဖို့ တစ္ဆေရသွားပါတယ်။ အဲ့ဒီတစ္ဆေကိုင်ပြီး လျည့်ချောက်ရင်းက နေ သူလူလုပ်ခဲ့တဲ့မသမာမှုတွေ သူကျူးလွန်လိုက်တဲ့ ရက်စက်မှုတွေပါ တပါတည်းပွင့်ကျပြီး တိုင်းပြည်ဖြူကာပြာကာကျသလောက်ဖြစ်သါားပါတယ်။ လူထုဟာ War on Terrorism နွံမှာနစ်သွားပါတယ်။ နွမ်းပါးလိုက်လာပါတယ်။ ကြွေးမြီထူပြောလာပါတယ် အစိုးရဘတ်ဂျတ်တွေ ကြောက်ခမန်းလိလိကြီးလာပါတယ်။ လိုငွေတွေ မတရားပြလာပါတယ်။ လူမှုရေးမညီမျှမှုတွေ မတရားမှုတွေ တင်းကြမ်းဖြစ်လာပါတယ်။ အမေရိကန်ဒီမိုကရေစီ အမေရိကန်နှုန်းစံတန်ဖိုးတွေကို တည့်မတ်ထိန်းကျောင်းထားတဲ့ စည်းစနစ်တွေ ဗရမ်းဗတာနဲ့ ကဖြဲကရုန်းတွေဖြစ်လာပါတယ်။ တနွယ်ငင်တစင်ပါတွေရော ထရမ့်ပ်အစိုးရရဲ့ စနစ်တကျအကွက်ချ ဖန်တီးမှုတွေကြောင့် လူမျိုးရေး ဘာသာရေးစတဲ့ပြဿနာတွေလည်း မီးခိုးမဆုံးမိုးမဆုံးဖြစ်လာပါတယ်။
ဝေါစထရိကိုသိမ်းပိုက်ကြလို လှုပ်ရှားမှုတွေ ၉၉ နဲ့ တစ်တွေဖြစ်လာပါတယ်။ ပြောရရင်အများကြီးပါ။ အဓိက ကတော့ လူမှုရေး စီးပွားရေးမညီမှမှု မတရားမှုအခြေခံပြဿနာတွေပါ။ အရင်းရှင်စနစ်ကမွေးထုတ်ထားတဲ့ အရာတောပါ။ ဒါတွေ ကြီးထွားလာတာပါ။ ဒီတော့ ဒီအရေးတွေမှာ မင်းမဲ့ဝါဒီတွေက နေရာယူဦးဆောင်လာတာပါ။ လှုပ်ရှားမှုတွေ တနံတလျားဖြစ်လာတာပါ။
အမေရိကန်အခြေခံလူတန်းစားတွေဟာ(ဘုမသိဘမသိနဲ့)ကွန်မြူနစ်/ဆိုရှယ်လစ်ဆို အလွန်ကြောက်ပါတယ်။ တချို့တောနယ်တွေမှာ ခုထိ ဆိုဗီယက်က အနုမြူဗုံးလာကြဲမှာကြောက်လို့ ဗုံးခိုကျင်းတွေထဲ တလတခါ ရိက္ခာသစ်ရိက္ခာဟောင်း ဆေးဝါး ရေနဲ့ အနုမြူရန်ကာမျက်နှာဖုံးတွေ ဝယ်စုဝယ်လှောင် ပုံမှန်လဲလှယ်တာတွေလုပ်နေတုန်းလို့ပြောရင် ခင်ဗျား ယုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျနော့် တကယ့်လက်တွေ့မျက်တွေ့ပါ။ ထားပါတော့လေ ဒီအကြောင်း နောက်ကြုံမှသတ်သတ်ပြောပါ့မယ်။
ခု လူမှု/စီးပွားမညီမျှမှုမတရားမှုတွေကိုတိုက်ရင်း မင်းမဲ့ဝါဒီတွေ ရှေ့တန်းရောက်လာပါတယ်။ လူတွေ(အခြေခံလူတန်းစားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားလူငယ်တွေ၊ ပညာတတ်တွေ)အတော်ကြီးကို ပါဝင်လှုပ်ရှားလာကြပါတယ်။ အားကောင်းလာပါတယ်။ ဒီတော့ အရင်းကြီးတွေနဲ့ ဓနရှင်ကြီးတွေရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ထရမ့်အစိုးရ အိနြေ္ဒ နည်းနည်းပျက်လာတာပါတယ်။ အာဏာအတွက် ကြောင့်ကြစရာမရှိပေမယ့် အစိုးရအတွက်မျက်နှာပူစရာ အရင်းရှင်ကြီးတွေအတွက် စိတ်လက်မကြည်သာစရာဖြစ်လာပါတယ်။
နိုင်ငံရေးသမားတွေထဲမှာလည်း လက်ဟောင်းထဲက ဘန်းနီဆင်န်းဒါးစ်တို့ လူသစ်တန်းထဲက အလက်ဇန်ဒရီယို အော့က်ကေဆီယိုကော့တက်ဇ်တို့ (တကယ်တမ်းက ဆိုရှယ်လစ်တွေမဟုတ်ကြပေမယ့်) အလွန်ရေပန်းစားလူကြိုက်များလာတဲ့အပြင် လွှတ်တော်တွေမှာ သူတို့တင်တဲ့အဆိုတွေနဲ့ လူထုအကြားသူတို့ အဟောအပြောတွေကလည်း လူအများစုကြီးရဲ့ စိတ်နှလုံးကို သိမ်းကြုံးနိုင်စွမ်းပါတယ်။ ဆိုရှယ်လစ်ဆန်ဆန်အပြောတွေလည်းရှိပါတယ်။
လူဆင်းရဲတွေအပေါ် စိတ်ကောင်းနှလုံးကောင်း စေတနာကောင်းလည်း တကယ်ရှိကြပုံပေါ်ပါတယ်။ အရှိန်တွေလည်း တော်တော်တက်လာ တော်တော်မြင့်လာပါတယ်။ ဒီတော့ ဒီနိုင်ငံရေးသမားတွေကိုရော သူတို့ကိုထောက်ခံနေတဲ့လှုပ်ရှားမှုတွေကိုရော အဲ့ဒီလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါနေတဲ့ မင်းမဲ့ဝါဒီတွေကိုရော ဟန့်ဖို့ အရှိန်တန်ဖို့ ဆက်တိုးမလာဖို့လုပ်ရပါတယ်။ မင်းမဲ့ဝါဒဆန့်ကျင်ပြီး သွားဟန့်ရင် ကိုယ့်အမြီးကိုပြန်နင်းမိမှာ ထရမ့်ပ်ကကောင်းကောင်းသိပါတယ်။ ဒီတော့ လူတကာသည်းခြေကြိုက်(တနည်းပြောရရင် ကြိုက်လုံးပစ်နိုင်ငံရေး Popular Politics)ဖြစ်တဲ့ ကွန်မြူနစ်/ဆိုရှယ်လစ်ဆန့်ကျင်ရေးနဲ့ ပွဲထွက်လာတာပါ။
ဒါကို ကျနော်တို့က အကဲဖြတ်မချော်မိကြဖို့ပါ။ ကျနော်တို့ အလေးအနက်ပြုပြီး အကန့်အသတ်နဲ့သတိကြီးကြီးထားပြီး ထောက်ခံတန်ထောက်ခံ အားပေးတန်အားပေး ဝန်းရံတန်ဝန်းရံကြဖို့ပါ။ ဆိုရှယ်လစ်တေါအားကောင်းလာညပီတို့ ဆိုရှယ်လစ်လှုပ်ရှားမှုတွေ မြင့်တက်ကျယ်ပြန့်လာပြီတို့ စတဲ့အမြင်မျိုးတွေကို ပြန်ဆန်းစစ်ကြဖို့ပါ။
မျိုးမြင့်ချို
ဧပြီ ၇၊ ၂ဝ၁၉

0 comments:
Post a Comment