ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၂ဝ)
(ပြုမူလုပ်ဆောင်လိုမှု စိတ်ဇောဆန္ဒ)
လူသားတဦးသည် လူ့ဘဝတွင် လူပီပီသသစစ်မှန်စွာနေထိုင်မည်ဆိုပါက လူ့ လောကနှင့်ပတ်သက်ပြီး
မလှည့်စားသင့်၊ မလိမ်ညာသင့်ပေ။ ဤကမ္ဘာလောကကြီးသည် ယုတ္တိကင်းသောလောက၊
ထိတ်လန့်ကြောက်ရွံ့စရာကောင်းသောလောကဖြစ်သည်ကို ဘဝင်ကျကျ လက်ခံရမည် သာဖြစ်၏။
ယန်းပေါဆာ့တ်ကဲ့သို့ ထာဝရဘုရားကိုလက်မခံသော ထာဝရဘုရားမဲ့ဖြစ်တည်မှုဝါဒီတို့ကမူ
ဤသဘောကိုလက်ခံကြ၏။ သို့သော် ထာဝရ ဘုရားရှိဖြစ်တည်မှုဝါဒီများအနေနှင့်မူ
ဤသဘောဤအမှန်တရားမှ သွေဖည်သွားကြ၏။ ယင်းတို့အနေနှင့် ဤလူ့လောကကမ္ဘာကြီးသည်
ထိတ်လန့်ကြောက်ရွံ့စရာ ဆင်းရဲဒုက္ခများနှင့် အမြဲတမ်းပြည့်နေသည်မဟုတ်ဟု ခံယူကြသည်။ ထာဝရဘုရားနှင့်
အတူရှိနေသောလူများ၊ နီးစပ်သောလူများ၏ဘဝသည် ထာဝရဘုရားနှင့်ကင်းကွာနေသည့်ဘဝလောက်
ကြောက်ရွံ့ထိတ်လန့်စရာမရှိပေ။ ဆင်းရဲဒုက္ခမရှိပေ။ ဘုရားဝေး၊ တရားဝေး
အကုသိုလ်ဒုစရိုက်ကောင်များတွင်သာ စိုးရိမ်ပူပန်မှုများ၊ ဆင်းရဲဒုက္ခများနှင့်
ပြည့်လွှမ်းနေသည်ဖြစ်၏။ ထာဝရဘုရားနှင့် အတူရှိနေကြသည့်သူတော်စင်များတွင်
ဤသို့သောဆင်းရဲဒုက္ခများမရှိကြဟူ၍လည်း ယုံကြည် လက်ခံကြပေသည်။
ဤသည်ကိုဆာ့တ်က ထာဝရဘုရားရှိဝါဒီတို့သည် လူသားအချင်းချင်းနှိမ့်ချပြီး
အသရေဖျက်သူများသာဖြစ်၏ဟု စွပ်စွဲခဲ့သည်။ဆာ့တ်အတွက်မူ လူသား၏အထက်တွင် ဘာမှမရှိ။
အကယ်၍ လူသား၏အထက်တွင် လူသားထက်မြင့်မြတ်သည့် အရှိတရား(ထာဝရဘုရား)ကို လက်ခံလိုက် ပါက
လူသားသည် ပြဌာန်းခံဘဝ အလိုလိုရောက်သွားပေတော့မည်။ လူ့ဘဝ၏စစ်မှန်မှုသည်လည်း
မည်သည့်အခါမျှ ဖြစ်ပေါ်လာမည် မဟုတ်ဟု ဆာ့တ်က ခံယူထားသည်။
သူ့အလိုအရဆိုလျှင် လူသည် ကိုယ့်ကိုယ်ကိုသာ အားကိုးစရာရှိသည်။
ကိုယ့်လမ်းကိုယ်ထွင်၊ ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်ယူရမည် သာဖြစ်၏။ မိမိမှတပါး
ကိုးကွယ်ရာမရှိ။ မိမိပြင်ပရှိ မည်သည့်အရာကိုမှလည်း အားကိုး၍မရနိုင်။
မည်သည့်စံနှုန်း၊ မည်သည့်အယူအဆ သဘောတရားမျှ မိမိကိုလမ်းညွှန်မှုမပြုနိုင်။
ထို့ကြောင့် လူသည် မိမိကိုယ်မိမိ အားကိုးယုံကြည်ရမည်။ မိမိကိုယ်မိမိ အလေးထားရမည်။
မိမိမှတပါးဖြစ်သော အခြားမည်သည့်သက်ရှိသက်မဲ့အရာတို့က်ို မိမိကဲ့သို့သဘော မထားရ၊
အားမကိုးရ၊ အလေးမထားရ။ လူသည် မိမိကိုယ်တွင်းမှာသာ မိမိအတွက်စွမ်းအားကိုရှာထွေရမည်။
မိမိ လုပ်ရည်ကိုင်ရည်ကိုသာ အားကိုးရမည်။
လူဟူသည် ဖြစ်တည်မှုက စရသည်ဖြစ်၏။ ထို့ကြောင့် လူ့ဘဝဖြစ်တည်မှုတွင်
ကနဦးအစ၌ ဘာမှမရှိပေ။ လူတွင်ဘာမျှမရှိ (Man has nothing)သည့်အတွက် လူသည်
တစုံတခုကိုလုပ်ရမည်။ ပြုမူဆောင်ရွက်ရမည်။ ဤသို့ ပြုမူဆောင်ရွက်ခြင်းဖြင့်
လူ့ဘဝတွင် ဂုဏ်ရည်များ၊ အနှစ်သာရများသည် အမြုတေပမာ စုစည်းထင်ရှားလာပေ၏။ လူ့ဘဝ၏ အဓိပ္ပါယ်ကင်းမဲ့မှုအတွက်အဖြေမှာ
ပြုမူလုပ်ဆောင်ချက်ဖြစ်၏ဟု ဆာ့တ်က ခံယူသည်။ ထို့ကြောင့်လည်း ဆာ့တ်က
"ပြုမူဆောင်ရွက်ခြင်းလောက်စစ်မှန်သောအရှိတရားသည် ဤလောကတွင် မရှိ။
ကျွန်ုပ်တို့ ပြုမူဆောင်ရွက်ကြသည့်အချိန်မှာသာလျှင် ကျွန်ုပ်တို့ဖြစ်တည်ကြသည်။
လူဟူသည် သူ၏အစီအမံဆောင်ရွက်ချက်ကလွဲပြီး ဘာမျှ မဟုတ်ပေ။ သူသည်
သူ့ကိုယ်သူဖြည့်ဆည်းဆောင်ရွက် ပြုလုပ်လိုက်သမျှသာ ဖြစ်တည်၏။ ထို့ကြောင့်
လူ့ဘဝဟူသည် သူ့အပြုအမူများ အညီအညွတ်ပေါင်းစည်းထားခြင်းသာ ဖြစ်ပေသည်"ဟု
ဆိုပေသည်။
၁၇ ရာစု ဂျာမန်တွေးခေါ်ရှင်ကြီး ရှိုပင်န်ဟောင်ဝါက
လူ့ဘဝပြဿနာများကိုဖြေရှင်းရာတွင် အသက်ရှင်သန်လိုမှုစိတ်ဇောဆန္ဒ(Will to live)ကို
အလေးအနက်ထားပြီး အဖြေပေးခဲ့၏။ ဂျာမန်တွေးခေါ်ရှင်ကြီးတဦးဖြစ်သောနစ်ရှေးကမူ
လူ့ဘဝတွင် အာဏာစွမ်းအားရရှိလိုမှုစိတ်ဇောဆန္ဒ (Will to power) သည် အဓိကကျ၏ဟု
ဆိုပေသည်။ ယန်းပေါဆာ့တ်ကမူ ပြုမူလုပ်ဆောင်လိုမှုစိတ်ဇောဆန္ဒ(Will to action)သည် လူ့ဘဝတွင်
အရေးကြီးဆုံးဖြစ်သည်ဟု ဆိုမည်သာဖြစ်သည်။
အစစ်မှန်တရားဟူသည်အဘယ်နည်း ဟူသောမေးခွန်းသည်
အနောက်တိုင်းဒဿနသမိုင်းတွင် အရေးကြီး၍ အဓိကကျသောမေးခွန်းတရပ် ဖြစ်၏။
ဤမေးခွန်းအတွက်အဖြေကို လွန်ခဲ့သည့်ဘီစီခြောက်ရာစုတွင်ပေါ်ထွန်းခဲ့သော
အနောက်တိုင်းဒဿနဖခင်ကြီး ရှေးဟောင်းဂရိတွေး ခေါ်ရှင် သေးလိစမှအစပြု၍
ယနေ့မျက်မှောက်ခေတ် တွေးခေါ်ရှင်များတိုင်အောင်
အမျိုးမျိုးကွဲပြားခြားနားစွာပေးခဲ့ကြသည်။ အချို့ တွေးခေါ်ရှင်များက
ဤလောကစကြဝဋာကြီး၏ အဆုံးစွန်သောအန္တိမအစစ်အမှန်တရားမှာ ရုပ်ဖြစ်သည်ဟုဆိုကြ၏။
တချို့တွေးခေါ်ရှင်များကမူ နာမ်ဖြစ်သည်ဟုခံယူခဲ့ကြသည်။ သို့ရာတွင်
ပေါဆာ့တ်ကမူ ဤသို့သော ရုပ်၊ နာမ်၊ ဝိဉာဉ် အစရှိသည့် အခြေခံ အစစ်အမှန်အရှိတရားကို
အရေးမထားတော့ပေ။ လူကိုသာ အဓိကထားသည်။ လူသား၏အလုပ်၊ အပြုအမူ၊
ကြိုးပမ်းဆောင်ရွက်ချက်ကိုသာ အရေးထားလေ့လာဆန်းစစ်ပြီး တွေးခေါ်ပေ၏။
၁၉ရာစု နယူတန်ရူပဗေဒတွင် အဆုံးစွန်သာ အစစ်အမှန်အရှိတရားကို
ခွဲခြမ်းစိတ်ဖြာ၍မရနိုင်သည့် ရုပ်အခြေခံဝတ္ထုနှင့်ဖွဲ့စည်းထားသည်။ လူသားဟူသည်မှာ
ဤရုပ်လောကကြီး၏ ကိုယ်ပွားပုံဆောင်ချက်တခုသာဖြစ်သည်ဟု မှတ်ယူခဲ့ကြ၏။
သို့သော် ၂ဝ ရာစုတွင်ပေါ်ထွန်းလာသည့် ရီလေတီဗီတီသီအိုရီတွင်မူ
ရုပ်အခြေခံဝတ္ထုကို လက်မခံတော့ပေ။ ဤလောကကြီးတွင် စွမ်းအင် တရားသာလျှင်အခြေခံဖြစ်သည်ဟု
ယူဆလာပေသည်။ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီးအိုင်းစတိုင်းအလိုအရ ဤကမ္ဘာလောကကြီး တခုလုံးသည်
စဉ်ဆက်မပြတ် လှုပ်ရှားပြောင်းလဲနေသည့် စွမ်းအင်စနစ်ကြီးတရပ် ဖြစ်သည်။ ဤသို့ဖြင့်
ရူပဗေဒပညာတွင် ရုပ်အခြေခံဝတ္ထုကို ငြင်းပယ်ပြီး
စွမ်းအင်တရားကိုပြောင်းလဲလက်ခံလာကြ၏။ ထိုနည်းတူ ဆာ့တ်၏ဖြစ်တည်မှုဝါဒက
အခြေခံဝတ္တုသဘောဆောင်သော အတ္တကိုငြင်းပယ်ပြီး လူသား၏ပြုမူစွမ်းဆောင်ရည်(ဝါအပြုအမူ
စွမ်းအားကိုပြောင်းလဲလက်ခံ ယူဆလာခြင်းဖြစ်၏။ လူသားတိုင်းအတွက်
တကယ်အစစ်အမှန်ရှိနေသည်မှာ သူ၏ပြုမူလုပ်ဆောင်ချက်များသာဖြစ်၏။ သူ၏
စွမ်းဆောင်ရည်(ဝါ)စွမ်းအားသာဖြစ်သည်ဟု ဆာ့တ်က ယူဆသည်။
0 comments:
Post a Comment